>Stilwell Road

>


စတီးဝဲလ်လမ်း (Stilwell Road) သို့မဟုတ် လူတွေမသိသေးသည့် သမိုင်း

ဥတ္တရမွန်း (ပြန်လည်ရေးသားသည်)

စက်တင်ဘာ ၂၉၊ ၂၀၀၈

မြန်မာပြည်လမ်းမကြီး (Burma Road) နှင့် လီဒိုလမ်း (Ledo Road) တနည်းအခေါ် စတီးဝဲလ်လမ်း (Stilwell Road) ကို တရုတ်ပြည် ယူနန်ပြည်နယ်မှ ဒုတိယကမ္ဘာစစ်သမိုင်းပညာရှင် ဂျီးစူရာ (Ge Shuya) သည် နှစ်ပေါင်း နှစ်ဆယ်ကျော် သုတေသနပြုခဲ့ပြီး မကြာခင်က လီဒိုလမ်း၏အစ အိန္ဒိယနိုင်ငံရှိ လီဒိုမြို့ကို ရောက်ရှိခဲ့သည်။


“ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး နှစ်ပေါင်း ၆၀ အတွင်း အိန္ဒိယမှာရှိတဲ့ သမိုင်းဝင်အမွေအနှစ်ကို လေ့လာခဲ့တဲ့ တရုတ်လူမျိုး တစ်ယောက်မှ မရှိခဲ့ပါဘူး” ဟု ဂျီးက ပြောပြသည်။ ဂျီးနှင့် China National Geography မဂ္ဂဇင်းမှ သတင်းထောက်တစ်ဦးတို့သည် လီဒိုမြို့သို့ လည်ပတ်ခဲ့သည့် ပထမဆုံးသော တရုတ် လူမျိုး ဖြစ်သည်။


မြန်မာပြည်လမ်းမကြီး သည် ယူနန်ပြည်နယ် ကူမင်းမြို့ မှ မြန်မာနိုင်ငံ လားရှိုးမြို့ အထိ ၁၁၅၄ ကီလိုမီတာ ရှည်လျားပြီး ဂျပန်များ ၀င်ရောက်ကျူးကျော်မှု (၁၉၃၇-၄၅)ကို တွန်းလှန် တိုက်ခိုက်စဉ်က ထောက်ပံ့ရေးအတွက် အသုံးပြုသည့်လမ်းဖြစ်သည်။ တရုတ်ပြည်ဘက်မှ လမ်းအပိုင်းကို လူဦးရေ ၂ သိန်းဖြင့် အချိန် ၁၀လ ကြာ ဖောက်လုပ်ခဲ့သည်။ လမ်းဆောက်လုပ်သည့်ကာလအတွင်း လူ ၂၃၀၀ အသက်ဆုံးရှုံးခဲ့သည်။

စတီးဝဲလ်လမ်းမြင်ကွင်း၂ခု နှင့် ယူနန်ပြည်၊ ထိန်ချုံးမြို့မှ ဂူဗိမာန်များ



၁၉၄၂ တွင် ဂျပန်များ မြန်မာပြည်ကို ကျူးကျော်ပြီး ယင်းလမ်းမကို ဖြတ်တောက်လိုက်သည်။

တဆက်တည်းတွင် အမေရိကန်မဟာမိတ်တပ်ဖွဲ့မှ လီဒိုလမ်းကို စတင်ဖောက်လုပ်ပြီး မြန်မာပြည် မြောက်ပိုင်းရှိ မြန်မာပြည်လမ်းမကြီးအပိုင်းနှင့် ဆက်သွယ်ခဲ့သည်။ စုစုပေါင်း ကီလိုမီတာ ၁၇၃၆ ရှည်လျားသည့် မြန်မာပြည်လမ်းမကြီး နှင့် လီဒိုလမ်း နှစ်ခုတို့ကို ထိုအချိန်က အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဇက်စတီးဝဲလ်(Joseph Stilwell) ကို ဂုဏ်ပြုသောအားဖြင့် စတီးဝဲလ်လမ်းဟု တရုတ်အစိုးရက အမည်ပေးခဲ့သည်။ စတီးဝဲလ်သည် ဒုတိယကမ္ဘာစစ်အတွင်း တရုတ်၊ မြန်မာ၊ အိန္ဒိယ စစ်မျက်နှာရှိ (CBI – China Burma India Theatre) အမေရိကန်စစ်တပ်၏ စစ်ဦးစီးဖြစ်သည်။



ကမ္ဘာစစ်အတွင်း တွေ့ရသော ကချင်တိုင်းရင်းသား ရိန်းဂျားစစ်သည်များ၊ အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဇက်စတီးဝဲလ် နှင့် တရုတ်ဗိုလ်ချုပ် ချန်ကေရှိတ်


မြန်မာပြည်မြောက်ပိုင်းကို ဂျပန်ထံမှ ပြန်လည်သိမ်းယူသည့် (၁၉၄၃-၄၅ နှစ်) တိုက်ပွဲ၌ တရုတ်စစ်သား ၁၅၀၀၀ နှင့် ၂၀၀၀၀ ကြား အသက်ဆုံးရှုံးခဲ့ပြီး ယူနန်ပြည်နယ် အနောက်ပိုင်းကို ပြန်လည်သိမ်းယူရန်အတွက် တရုတ်စစ်သား ၂၀၀၀၀ ကျဆုံးခဲ့သည်။


ဖက်ဆစ်ဂျပန်ကို ဆန့်ကျင်တိုက်ခိုက်သည့်တိုက်ပွဲအတွင်း တရုတ်စစ်သား တစ်သိန်းနီးပါး ကျဆုံးခဲ့ရသည်။

စတီးဝဲလ်လမ်းမကြီး ဖောက်လုပ်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် လွန်ခဲ့သည့် သြဂုတ်လတွင် ဂျီးက ဦးဆောင်၍ တရုတ်ပြည်မှ သတင်းဌာန ၆၀ လောက်မှ သတင်းထောက် ၁၀၀ ကျော်နှင့်အတူ စတီးဝဲလ်လမ်းကို သွားရောက်လည်ပတ်ခဲ့သည်။ သူတို့အသင်းသည် တရုတ်ပြည် ကွမ်ဂျိုး (Guizhou) မှ ကူမင်းနှင့် ထိန်ချုံးကိုဖြတ်ပြီး အချို့မှာ မြန်မာပြည်အတွင်း မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့သည်။ မြန်မာပြည်တွင် စစ်အတွင်းက အမေရိကန်တို့ ချီးမြှင့်သော ငွေကြယ်ပွင့်တံဆိပ် ရရှိခဲ့သည့် မြန်မာသူနာပြု အက်စတာပိုး (Esther Po) နှင့်လည်း တွေ့ဆုံခဲ့သည်။ အက်စတာသည် စစ်အတွင်းက တရုတ်စစ်သားအများအပြားကို ကုသကယ်တင်ပေးခဲ့သည့် သူနာပြုတစ်ဦးဖြစ်သည်။



မြန်မာသူနာပြု အက်စတာပိုး နှင့် မူရင်းဆောင်းပါးရှင်


“ကျနော် အလွန်ပဲ စိတ်ကူးယဉ်ခဲ့တဲ့ စတီးဝဲလမ်းကို တကြိမ်တည်း အစအဆုံးလည်ပတ်ဖို့ဟာ ဒီတခေါက် တကယ်ဖြစ်မြောက်ခဲ့ပါတယ်” ဟု ဂျီးက ပြောပြသည်။


ဂျီးသည် ယူနန်ပြည်နယ်ရှိ ယူနန်နော်မယ်တက္ကသိုလ် (Yunnan Normal University) ၌ သမိုင်းဘာသာ အဓိကဖြင့် ဘွဲ့လွန်ပညာသင်ကြားနေစဉ်က ၁၉၈၄ ခုနှစ် နိုဝင်ဘာတွင် ထိန်ချုံးမြို့ကို လည်ပတ်ခဲ့သည်။ ထိုမြို့၌ မထင်မှတ်ပဲ ပျက်စီးယိုယွင်းနေသော ဂူဗိမာန်များကို တွေ့ရှိခဲ့သည်။ ထိုဂူဗိမာန်များသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ကို ထိန်ချုံးမှ တိုက်ထုတ်သည့် စစ်ပွဲများ၌ ကျဆုံးခဲ့သော တရုတ်နှင့်အမေရိကန်စစ်သား ၈၀၀၀ တို့အား မြုပ်နှံရာဖြစ်ကြောင်း ဂျီးက ရှာဖွေသိရှိခဲ့သည်။ “ကျနော် သိပ်ကိုအံ့သြသွားပြီး တုန်လှုပ်သွားတယ်။ ဂျပန်ကိုတွန်းလှန်ခဲ့တုန်းက ထိန်ချုံးမှာ တရုတ်စစ်သား ထောင်ချီသောင်းချီ အသက်ပေးခဲ့ရတယ်ဆိုတာ ဘယ်စာအုပ်မှာမှ မဖတ်ခဲ့ရဖူးဘူး၊ ဘယ်သူမှလည်း မသိကြဘူး။ ဒါကြောင့် ဒီကိစ္စကို သေချာစုံစမ်းမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်” ဟု ဂျီးက ပြောပြခဲ့သည်။


ဂျီးသည် မြန်မာပြည်လမ်းမကြီးတလျှောက် ဒုတိယကမ္ဘာစစ်မှ အသက်ရှင်ကျန်သူ၊ ကိုယ်တွေ့ကြုံဖူးသူ လူပေါင်း ၁၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့သည်။ သူ၏ သုတေသနပြုလုပ်မှုကြောင့် အမေရိကန်မှ စတီးဝဲလ်၏ မြေး ဂျွန်အီစတာဘရွတ် (John Easterbrook)၊ ဒုတိယကမ္ဘာစစ်အတွင်းမှ Flying Tigers လေယာဉ်မှူးဟောင်း David Lee “Tex” Hill နှင့် Peter Wright တို့နှင့်သာမက ဂျပန်စစ်မှုထမ်းဟောင်းများနှင့်လည်း တွေ့ဆုံခဲ့သည်။


၁၉၉၁ ခုနှစ် နိုဝင်ဘာလ၌ ဂျီးက ဦးဆောင်၍ တရုတ်နှင့် ဂျပန်စစ်မှုထမ်းဟောင်းများ ကူမင်းမြို့တွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲ၌ တရုတ်စစ်မှုထမ်းတစ်ဦး၏ စစ်အတွင်း အတွေ့အကြုံကိုပြောပြရာ ဂျပန်စစ်မှုထမ်းဟောင်းတစ်ဦးက ပွေ့ဖက်ပြီး ထောက်ခံခဲ့သည်။ “တွေ့ဆုံပွဲဟာ နှစ်ဖက်စလုံးအတွက် အလွန်ပဲ စိတ်ထားရ ခက်ခဲတဲ့အချိန်ဖြစ်ပေမယ့်လည်း တရုတ်စစ်မှုထမ်းဟောင်းကြီးက ဟိုတုန်းက ရန်သ်ူဖြစ်ခဲ့တဲ့ ဂျပန်စစ်သားရဲ့ ပခုံးပေါ်မှာ မျက်ရည်ကျတာကို ကျနော်တွေ့ခဲ့ရတယ်” ဟု ဂျီးက ပြောပြသည်။


စတီးဝဲလမ်းသည် ယခုအခါ၌ တရုတ်၊ အမေရိကန်၊ ဂျပန်စစ်မှုထမ်းဟောင်းများ လည်ပတ်သည့်နေရာတစ်ခု ဖြစ်လျက်ရှိသည်။ “လမ်းရဲ့ အစိတ်အပိုင်းတစ်ခုစီ၊ တောတောင် သစ်ပင် သို့မဟုတ် ချောင်းကလေးတစ်ခု အားလုံးတို့ဟာ စစ်အတွင်းက ကြောက်လန့်ဖွယ် ငိုကြွေးဖွယ် အဖြစ်အပျက်တွေကို ပြောပြနေသလို ရှိနေပါတယ်” ဟု ဂျီးက ဆက်လက်ပြောပြခဲ့သည်။


(စက်တင်ဘာ ၂၂၊ ချိုင်းနားဒေးလီး)


Related posts:

  1. >Aung Din – May 10 Road Maps
  2. >U Win Tin rejects SPDC road map

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

U Win Tin - Journalist Articles

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ