>
အာရှတိုက်ရဲ့ ပထမဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်ဟာ လာမယ့်နှစ်ဆန်း ဇန်နဝါရီလ ၂၂ ရက်နေ့မှာ အသက် ၁ဝဝ ပြည့်ပါပြီ။ သူ့ရဲ့ ရာပြည့်မွေးနေ့က သူ့ရဲ့ ‘ဈာပနအရေးအခင်း’ ၃၄ နှစ်ပြည့် နှစ်ပတ်လည်နဲ့ နီးကပ်နေတာလည်း သတင်းတွေမှာ ကြားရလို့ သိပြီးဖြစ်နေမှာပါ။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ နှစ် ၁ဝဝ ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကုလသမဂ္ဂက ဦးသန့်ရဲ့ ရုပ်ပုံနဲ့ တံဆိပ်ခေါင်း ၃ မျိုး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စတင် ထုတ်ဝေမှာဖြစ်ပါတယ်။ မြန်မာပြည်မှာကတော့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် အနီးမှာရှိတဲ့ ဦးသန့်ရဲ့ ဂူဗိမာန်ကိုတောင် လွတ်လွတ်လပ်လပ် သွားရောက် ဂါရဝပြုနိုင်မှာ မဟုတ်ပါဘူး။ လွတ်လပ်ခွင့်မရှိတဲ့ ကျနော်တို့တိုင်းပြည်မှာ သက်ရှိတွေကို မဆိုထားနဲ့ ကွယ်လွန်သူတွေရဲ့ ဂူဗိမာန်တွေတောင် အနှောင်အဖွဲ့တွေ ကြားမှာပဲ ရှိနေတဲ့ သဘောပါပဲ။
ဦးသန့်အကြောင်းကို ပြောကြတဲ့အခါ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်တဲ့အကြောင်း၊ သူ့ရဲ့ဈာပန အရေးအခင်းအကြောင်းတွေကိုသာ ကြားရတတ်ပြီး သူ့ရဲ့ စာပေရေးသားမှုနဲ့ လွတ်လပ်ရေးမရခင်က သူ့အကြောင်းတွေကို သိပ်မသိရပါဘူး။ တကယ်တော့ ဦးသန့်ဟာ အင်္ဂလိပ် မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ ဂန္ထလောက မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆု ရရှိခဲ့သူ ဖြစ်ပါတယ်။ ဦးသန့်ရဲ့ ပထမဆုံးစာမူဟာ အင်္ဂလိပ်လို ရေးသားထားတဲ့ စာမူဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်မှာ ပုံနှိပ် ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ်အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်များကို ရေးသားခဲ့သလို နိုင်ငံရေး ဝေဖန်ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေး ဆိုင်ရာ ဆောင်းပါးတွေကို သီလဝ၊ မောင်သန့်၊ ဦးသန့် ဆိုတဲ့ ကလောင်အမည်တွေနဲ့ ရေးသားခဲ့ပါတယ်။ စာပေ ဝေဖန်ရေး နိုင်ငံရေးဝေဖန်ချက်တွေကို ရေးသားတဲ့အခါ သူ့ရဲ့အယူအဆတွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူအဆတွေကလည်း ခေတ်မီတာကို တွေ့ရပါတယ်။
အောက်စဖို့ဒ်တက္ကသိုလ်က ၂ဝ ရာစုရဲ့ အထင်ကရ ပုဂ္ဂိုလ်များအကြောင်း စုစည်းထုတ်ဝေထားတဲ့ Who’s Who in the 20th Century စာအုပ်မှာ ဦးသန့်ရဲ့အကြောင်း ပါဝင်ပြီး နိုင်ငံတကာအရေးအခင်းများကို မတုန်မလှုပ်ဘဲ တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့သူ ဖြစ်တယ်လို့ အတ္ထုပ္ပတ္တိအကျဉ်း ရဲ့ အစမှာ ဆိုထားပါတယ်။ တကယ်လည်း ဦးသန့်က သူ့လက်ထက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းပေါင်း များစွာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် ကျူးဘား ဒုံးလက်နက်အရေး အခင်း (၁၉၆၂)၊ ကွန်ဂိုအရေးအခင်း (၁၉၆၃)၊ ဆိုက်ပရပ်စ် ပြည်တွင်းစစ် (၁၉၆၄)၊ အိန္ဒိယ-ပါကစ္စတန် ကက်ရှ်မီးယားအရေးအခင်း (၁၉၆၅)၊ အာရပ်-အစ္စရေး ၆ ရက်စစ်ပွဲ (၁၉၆၇)၊ ဗီယက်နမ်စစ် စတဲ့ အရေးအခင်းပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းနိုင်သူ ဖြစ်ပါတယ်။
သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး View From the UN ဆိုတဲ့ စာအုပ်မှာ သူပါဝင်ဖြေရှင်းခဲ့ရတဲ့ အဲဒီအရေးအခင်းတွေအကြောင်း ဦးသန့်က ရေးထားပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါ နိုင်ငံတကာ ခေါင်းဆောင်တွေကို တာဝန်အရ ချဉ်းကပ်တာမျိုးတွေအပြင် အပြန်အလှန် ခင်မင်မှုတွေနဲ့လည်း ချဉ်းကပ်ရတာတွေ ရှိပါတယ်။ ဒီကြားထဲက ထူးခြားတဲ့ တိုက်ဆိုင်မှုတွေ ရှိခဲ့ပုံကိုလည်း ရေးသားထားပါတယ်။ ဗီယက်နမ်စစ်ပွဲ အရေးကိစ္စနဲ့ပတ်သက်လို့ သူ့ရဲ့အတွေ့အကြုံတွေကို ရေးသားတဲ့အထဲမှာ အမေရိကန်သမ္မတ ဂျွန်ဆင်နဲ့ သူနဲ့ တူညီတဲ့အချက်တွေ ရှိပုံကို “သူက ကျနော့်ထက် ၅ လ လောက် ပိုကြီးပေမယ့် သူနဲ့ကျနော် ကောလိပ်ကို တချိန်တည်းရောက်တဲ့အကြောင်း၊ ကျောင်းဆရာဖြစ်တာလည်း တချိန်တည်း လို့ သူက ပြောပြပါတယ်။ ပိုပြီး အံ့သြဖို့ အကောင်းဆုံးအချက်က သူ လက်ထပ်တဲ့နေ့နဲ့ ကျနော် လက်ထပ်တဲ့နေ့ ၁၉၃၄ နိုဝင်ဘာလ ၁၇ ရက် တစ်ရက်တည်း ထပ်တူကျနေပါပဲ။ သူ ကွယ်လွန်တဲ့ ၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ဟာ ကျနော့်ရဲ့ ၆၄ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။ စိတ်မကောင်းဖြစ်ရတဲ့အချက်ကတော့ သမ္မတ ဂျွန်ဆင်ကို သူ့တိုင်းပြည်က ဂုဏ်ပြုသလို ဦးသန့်ကို မြန်မာပြည်သားတွေ ဂုဏ်ပြုခွင့် မရတဲ့အချက်ပါပဲ။
နိုင်ငံတကာမှာ ငြိမ်းချမ်းရေးတွေ ပေါ်ပေါက်ဖို့ ကြိုးပမ်းနေတဲ့ ဦးသန့်ဟာ မြန်မာပြည်က ငြိမ်းချမ်းရေးဖခင်တစ်ဦး ဖြစ်တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုလည်း ကြည်ညိုလေးစားသူ ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် မြန်မာပြည်ကို ရောက်လာတဲ့အခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ ဆရာကြီးက သူမရောက်ခင် ၂ ရက် ဇူလိုင်လ ၂၃ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။ ဒါကြောင့် ဆရာကြီးရဲ့ ဈာပနထားရှိရာ စမ်းချောင်းက ဆရာကြီးနေအိမ်ကို ဇူလိုင်လ ၂၆ ရက်နေ့မှာ သွားရောက်ဂါရဝပြုခဲ့ပါတယ်။ ပြီးတော့ လွမ်းသူ့မှတ်တမ်းမှာ “မြန်မာပြည်သို့ ခေတ္တပြန်ရောက်လာခိုက်တွင် ဆရာကြီးအား နောက်ဆုံးဂါရဝပြုခွင့်ရသဖြင့် ကျေနပ်ပါသည်။ ဆရာကြီး ကောင်းရာသုဂတိ သွားစေရန် ဆုတောင်းရန် လိုမည်မထင်ပါ။ ဆရာကြီး ဘဝ တပါးပြောင်းသွားသည်မှာ မြန်မာနိုင်ငံအဖို့ နေတစ်ဆူ ကွယ်သည်နှင့် တူပါသည်” လို့ ရေးသားခဲ့ပါတယ်။
၁၉၆၆ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ ဦးသန့်ကို နိုင်ငံတကာ ချစ်ကြည်ရေး နားလည်မှု ရရှိရေးကြိုးပမ်းချက်အတွက် နေရူးဆု ပေးအပ်ခဲ့ပြီး ဆုနဲ့အတူ ပါရှိတဲ့ အိန္ဒိယငွေ ရူပီး တစ်သိန်းကို ဦးသန့်က ကုလသမဂ္ဂ နိုင်ငံတကာဆိုင်ရာ ကျောင်းရန်ပုံငွေကို လှူဒါန်းခဲ့ပါတယ်။ မာရှယ်တီးတိုးက ပေးအပ်တဲ့ ယူဂိုဆလဗ်တံခွန်ဘွဲ့တံဆိပ် အပြင် နိုင်ငံတကာက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေါင်း ၁၇ ဘွဲ့ ရရှိခဲ့ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးအပ်ဖို့တောင် လျာထားခြင်း ခံခဲ့ရပါတယ်။ မြန်မာပြည်က ပေးအပ်တဲ့ ဘွဲ့ထူးတွေကတော့ ဝဏ္ဏကျော်ထင်၊ သီရိပျံချီ၊ စည်သူဘွဲ့ နဲ့ မဟာသရေစည်သူဘွဲ့တွေဖြစ်ပြီး အားလုံးက တော်လှန်ရေးကောင်စီ အာဏာမသိမ်းခင် ၁၉၆၂ ခုနှစ်မတိုင်ခင်က ပေးအပ်ခဲ့တာတွေချည်းဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီခေတ်နဲ့ မဆလ ခေတ်တွေမှာတော့ ဘာဆုမှ မပေးအပ်ခဲ့ပါဘူး။ အဲဒီလို ဂုဏ်ပြုတာတွေ မလုပ်တဲ့အပြင် ကမ္ဘာက လေးစား အသိအမှတ်ပြုခြင်း ခံခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ဈာပနကိုတောင် ပြီးစလွယ် တာဝန်ကျေ လုပ်ဖို့တာစူခဲ့တဲ့ မဆလ အစိုးရကို ကျောင်းသားတွေက အံတုတော်လှန်ခဲ့လို့သာ ဒီကနေ့ ရှိနေတဲ့ နေရာမှာ ဦးသန့်ရဲ့ဂူဗိမာန် ရှိနေတာဖြစ်ပါတယ်။ တကယ်လို့များ အဲဒီ ဈာပန အရေးအခင်း မဖြစ်ပေါ်ခဲ့ရင် ဘယ်လိုဖြစ်သွားမယ်ဆိုတာ မစဉ်းစားရဲလောက်အောင်ပါပဲ။
ဦးသန့်နဲ့ပတ်သက်လို့ စာရေးဆရာ တက္ကသိုလ်စိန်တင်ရဲ့‘ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်’ ဆိုတဲ့ စာအုပ်ကလွဲလို့ ဦးသန့်ရဲ့အတ္ထုပ္ပတ္တိ စာအုပ် ပြည့်ပြည့်စုံစုံ မရှိသေးပါဘူး။ ဒါကြောင့် လာမယ့် နှစ်ဆန်းမှာ ကျရောက်မယ့် ဦးသန့်ရဲ့ ရာပြည့်မွေးနေ့မှာ ဦးသန့်ကို ဂုဏ်ပြုတဲ့ အခမ်းအနားတွေ၊ ဦးသန့်ရဲ့ စာပေတွေကို ပြန်လည် ထုတ်ဝေတာတွေ စတဲ့ အမှတ်တရ အစီအစဉ်တွေ မြန်မာပြည်တွင်းမှာ ကျင်းပသူက ကျင်းပလို့၊ ကျင်းပခွင့်လည်း လွတ်လွတ်လပ်လပ် ရရင် ကောင်းလေစွ လို့ တဆက်တည်း စဉ်းစားမိပါတယ်။ ဒါမှသာ မြန်မာကို ကမ္ဘာက သိအောင်လုပ်ခဲ့သူတစ်ဦး ရှိခဲ့တယ်ဆိုတာကို မျိုးဆက်သစ်တွေ သိရှိမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်မှာက ဒီလိုကိစ္စမျိုးတွေ ရှိလာဖို့ဆိုတာ ထီထိုးတာထက်ကို အခွင့်အလမ်း နည်းပါးလှတယ် မဟုတ်ပါလား။ ။
ထိန်လင်း (၉၊ ၁၂၊ ၂ဝဝ၈)
၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။
Related posts:





>မောင်ရစ် - ကဗဵာဆရာ တင္မိုး သိုႚ မြေးနေႚ အမတ်ြတရ
>journal pieces on Jan 23
>Burmese in Singapore
>Ku Mojo- Cartoon
>19th Dec 2010 - MoeMaKa Radio
>Cartoon Win Pe : Critic
>Vote No MTV 02
>staire, Moe Nat Thar

စာဖတ်သူတွေရဲ့အသံ