နောက်ဆုံး ခံတပ်
အိုးဝေမျိုး (ပုရစ်)
ဖေဖော်ဝါရီ ၁၆၊ ၂၀၀၉
တတိယမီးကျည် ပစ်တော့မယ်
သူငယ်ချင်း …
ငါ ရောက်ခဲ့တယ်လေ …
တကယ်တော့
အခန့်မသင့်ရင် ကျွံကျ သွားနိုင်တဲ့
ရေစီးရေလာလည်း အသင့်အတင့်ကောင်းတဲ့
မြောင်းဖုံးတွေပေါ် …
ခင်းထားတဲ့ လမ်းတွေပေါ်
မရဲတရဲ နင်းရတာလည်း
ရင်ခုန်စရာပါပဲ
မြို့ကလေးရေ။
မြို့ကလေးရေ …
သည်ဘက်ခေတ်ရဲ့ အနှစ် နှစ်ဆယ်မှာ
မင်းက ဘယ်နှစ်ယောက်လောက်ကို
မြိုချခဲ့ ပြီးပြီလဲ
မြို့ကို မြိုချလိုက်တဲ့ လူတိုင်းတော့
မပြယ်တိုင်း
မူး မူး သွားခဲ့ပေါ့ …
ဥတုဘောဇနကျမ်း အလိုအရ
မတွက်ချက်မိတဲ့ ငါ့ရာသီဟာ
သာသာယာယာ ကြည်ကြည်လင်လင်
မူးလို့ ဝေလို့
မီးခိုးငွေ့တွေ အူလို့ပေါ့။
စင်္ကြ၀တေးမင်းကို ပစ်ပေါက်လိုက်တဲ့
ဖိနပ်တရံက
ဒေါ်လာ ဆယ်သန်း တန်သတဲ့
နှစ်စဉ်ပေးနိုင်တဲ့
ဆုတံဆိပ်တခု ထူထောင်ဖို့
ငွေ လိုနေသေးတုန်းပဲ …
လောလောဆယ်တော့
ဆယ်စု နှစ်ခုက
ငါ့ကို ကြိတ်ချေ သွားလိုက်တာများ
ငုတ်တုတ်ကြီး ပြားချပ်လို့
ကံတူ အကျိုးပေးတူ မဟုတ်တဲ့
ဘ၀ပဲ ပေးနိုင်သူများနဲ့
ဘ၀ကိုပဲ ရွေးခဲ့သူတွေရဲ့
ဝီကီ ပီးဒိယ (wikipedia) က
ကွဲကွဲပြားပြား ဖြစ်လာတယ်။
မြို့ကလေးရေ
ဘုရားသခင် အတုရဲ့
ခေါင်းနဲ့ ပန်းဟာ
ဆန်းပြားလွန်းပါရဲ့
ပညတ်တော် အတုရဲ့
ဖိတ်တ၀က် စင်တ၀က်
ကတိ က၀တ် အတုတွေ
ဖိုးဝှီး (Four Wheel) ပေါ်မှာ
နေရာ ချ နေရတုန်း
ဖန်ဆင်းမှုတွေရဲ့ သတ္တမမြောက်နေ့မှာပဲ
ကောင်းကင်ဘုံ အတုမှာ
ဘုရားသခင် အသစ်ကတော့
ဒေ၀ါလီ ခံသွားခဲ့တယ်။
ရွှေခေတ်ရဲ့ ဆိုးမွေတွေကိုတော့
ရွှေမချ ချင်ဘူး
တတိယ မီးကျည်* ပစ်တော့မယ်
သူငယ်ချင်း။ ။
(* = ဒုတိယကမ္ဘာစစ်အတွင်းက ဘက်နက်ထိုးတိုက်ပွဲစရန် မီးကျည်ပစ်တာကိုရည်ရွယ်ပါတယ်။)
Related posts:




>The Making of Tuesday Prayers Group - Poem
>Aung San Suu Kyi Met with UN Officials
>Saung Yun La - One Place One Day
>Burmese Regime to setup more Electrical Power Grid to run Nuclear Plant - some speculated
>Hay Man Thazin - Fear and Me in my life ...
26th Feb 2012 - MoeMaKa Radio
>ပဥင်္မူမန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၄)

စာဖတ်သူတွေရဲ့အသံ