>
ပြင်၍ မှားသော အမှားများ
ထိန်လင်း
မတ် ၂၂၊ ၂၀၀၉
အိုင်းရစ်စာရေးဆရာ မောရစ်ကောလစ် (Maurice Collis) ဆိုတာ မြန်မာလူမျိုးတွေ၊ မြန်မာ စာဖတ်ပရိသတ်တွေနဲ့ ရင်းနှီးနေသူဖြစ်ပါတယ်။ သူက ကိုလိုနီခေတ်မှာ မိုးကျရွှေကိုယ်လို့ ခေါ်တဲ့ အိန္ဒိယပဋိညာဉ်ခံ အုပ်ချုပ်ချုပ်ရေးအရာရှိ အိုင်စီအက်စ် တစ်ဦးအဖြစ် မြန်မာပြည်ကို ၁၉၁၂ ခုနှစ်မှာ ရောက်ရှိလာပြီး စစ်ကိုင်း အရေးပိုင်၊ ရန်ကုန်အရေးပိုင်၊ ခရိုင် ရာဇဝတ်တရားသူကြီး စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ အင်္ဂလိပ်အစိုးရရဲ့ ဝန်ထမ်းဖြစ်ပေမယ့် ဥပဒေကို တဖက်စောင်းနင်းမရှိစေဘဲ သမာသမတ်ကျအောင် စီရင်ဆုံးဖြတ်တဲ့အတွက် မြန်မာလူမျိုးတွေရဲ့ လေးစားမှုကို ခံရသူတစ်ဦးလည်းဖြစ်ပါတယ်။
အဲဒီလို အစိုးရအရာရှိကြီးတစ်ဦးဖြစ်ခဲ့တဲ့ မောရစ်ကောလစ်ဟာ တဖက်မှာ စာရေးဆရာအဖြစ် ထင်ရှားပြီး သူရေးတဲ့စာအုပ်တွေထဲမှာ မြန်မာပြည်နဲ့ ပတ်သက်တဲ့ စာအုပ်တွေလည်း ပါဝင်ပါတယ်။ သူ့အတ္ထုပ္ပတ္တိ တစိတ်တပိုင်း ပါဝင်နေတဲ့ Trials in Burma ဆိုတဲ့စာအုပ်ဟာ သူ့ရဲ့ ထင်ရှားတဲ့ စာအုပ်တွေထဲက တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို ၁၉၃၈ ခုနှစ်မှာ ထုတ်ဝေပါတယ်။ ၁၉၃၈ ခုနှစ်ဟာ မြန်မာပြည်မှာ ၁၃ဝဝ ပြည့်အရေးတော်ပုံ ကာလ ဖြစ်ပါတယ်။ အဲဒီထုတ်ဝေတဲ့နှစ်မှာပဲ ဒီစာအုပ်ကို မြန်မာပြည်မှာ မြန်မာဘာသာပြန်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ အဲဒီလို မြန်မာဘာသာကို ပထမဆုံး ပြန်ဆိုသူကတော့ လူထုဒေါ်အမာဖြစ်ပြီး ပထမဆုံး ထုတ်ဝေသူက လူထုဦးလှရဲ့ ကြီးပွားရေးစာအုပ်တိုက်ဖြစ်ပါတယ်။ မြန်မာပြန် စာအုပ်ကို ‘မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ’ ဆိုတဲ့အမည်နဲ့ ထုတ်ဝေခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ စာပေလောက စာအုပ်တိုက်က ဒုတိယအကြိမ်၊ ၂ဝဝ၃ ခုနှစ်မှာ သီဟရတနာ စာပေက တတိယအကြိမ် ထုတ်ဝေခဲ့ပါတယ်။ ဘာသာပြန်စာအုပ်ရဲ့ သက်တမ်းဟာ အခုဆိုရင် နှစ်ပေါင်း ၇ဝ ကျော်ခဲ့ပါပြီ။
ဒီစာအုပ်ကိုပဲ မြန်မာဘာသာ ပြန်ဆိုရေးသားသူတစ်ဦးက ဆရာကျော်အောင် ဖြစ်ပါတယ်။ ဆရာကျော်အောင်က ‘မြန်မာပြည် အတွေ့အကြုံများ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၉၈၃ ခုနှစ်မှာ ပြန်ဆိုရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ကို ၁၉၈၄ ခုနှစ်မှာ စာချစ်သူစာစဉ်က ပထမအကြိမ်၊ ၂ဝဝ၆ ခုနှစ်မှာ ရာပြည့်စာအုပ်တိုက်က ဒုတိယအကြိမ် ထုတ်ဝေခဲ့ပါတယ်။ ဒီလို စာအုပ်ရဲ့ ရာဇဝင်ကို ပြောပြနေတာက လက်ရှိစစ်အစိုးရ စာပေစိစစ်ရေးရဲ့ ကမောက်ကမ နိုင်မှုကို ပြောပြချင်လို့ပါ။
စာပေကင်ပေတိုင်ရုံး လို့ အမည်ပေးထားကြတဲ့ အဲဒီ စာပေစိစစ်ရေးရုံးဟာ မြန်မာ စာပေလောကအတွက် လက်မရွံ့ခုံရုံး လို့ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အထက်ရဲ့ ညွှန်ကြားချက်ကို လိုက်နာလို့ပဲဖြစ်ဖြစ်၊ အထက်ကို မျက်နှာလို မျက်နှာရ လုပ်ချင်လို့ပဲဖြစ်ဖြစ် စာမူတွေမှန်သမျှကို ခုတ်ထစ် ဖြတ်တောက်တာ၊ ဖြုတ်ပစ်တာ၊ ပိတ်ပစ်တာတွေ တချိန်လုံး လုပ်နေတဲ့နေရာ ဖြစ်နေလို့ပါ။ ဒီလို လုပ်တာက အကျင့်ဖြစ်နေတော့ ဝန်ထမ်းတွေက မူ ရှိရှိ မရှိရှိ သူတို့စိတ်ထင်ရာ လုပ်နေတာတွေလည်း တပုံတပင်ကြီးပါ။ နိုင်ငံရေးနဲ့ ငြိရင်လည်း ဖြုတ်၊ သူတို့ နားမလည်ရင်လည်း ဖြုတ်တယ် လို့ ပြောစမှတ်တွင်တဲ့ အထိပါပဲ။ ဒါကို မြန်မာပြည် စာပေလောကသားတိုင်း သိပါတယ်။ စာပေပညာရှင်များ၊ စာပေမြတ်နိုးသူများက ဒီရုံးကြီးနဲ့ ရုံးဝန်ထမ်းတွေကို အောက်ကျို့ဆက်ဆံပြီး စာမူတွေ မြန်မြန် ထုတ်ဝေခွင့် ရရေး၊ အဖြတ်အတောက်နည်းပါးရေးတို့အတွက် ခယ နေရတဲ့အဖြစ်ဟာ တိုင်းပြည်အတွက် ရှက်စရာ ကိစ္စကြီးဖြစ်ပါတယ်။
အားလုံး သိကြတဲ့အတိုင်း လက်ရှိစစ်အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာပြည်က လမ်းတွေ အမည်ပြောင်းတာ၊ တိုင်းပြည် အမည်ပြောင်းတာတွေ လုပ်ပါတယ်။ အများရဲ့ဆန္ဒနဲ့ လုပ်တာမဟုတ်တဲ့အတွက် သူတို့ပြောင်းတဲ့အမည်တွေက အများလက်ခံနိုင်တဲ့ အမည်တွေ ဖြစ်နေရင်တောင် သဘောမတူဘဲ နေခွင့်ရှိပါတယ်။ ဒါကြောင့်လည်း အရင်အခေါ်တွေကိုပဲ ဆက်လက် ပြောဆိုသုံးနှုန်းနေသူတွေ ရှိပါတယ်။ တိုင်းပြည်အမည်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ တရားဝင်အစိုးရက ပြောင်းလဲခေါ်ဆိုထားတာမဟုတ်တော့ ဘယ်လိုပဲ ‘မြန်မာ (Myanmar)’ ပြောင်းပြောင်း ‘ဘားမား (Burma)’ လို့ ဆက်လက် သုံးစွဲနေသူတွေ အများကြီးပါ။ အဲဒီလို ပြောဆိုသုံးနှုန်းရာမှာ ပြောချင်သလို ပြောလို့ရနိုင်ပေမယ့် စာပေ လက်မရွံ့ခုံရုံးကတော့ စစ်အစိုးရအလိုကျ စာလုံးတွေကိုပဲ သုံးနှုန်းစေပါတယ်။ ဒါကြောင့် ဘားမားဆိုရင် ဘယ်ဘားမားဖြစ်ဖြစ် မြန်မာလို့ ပြောင်းစေပါတယ်။ အသစ်ရေးသားတဲ့ စာအုပ်တွေသာမက ပြန်လည်ထုတ်ဝေတဲ့ စာအုပ်တွေမှာပါ ဘားမားအစား မြန်မာလို့ ပြောင်းလဲမှ ထုတ်ဝေခွင့်ရပါတယ်။ ဒါကြောင့် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေးသားတဲ့ Colourful Burma စာအုပ်ကို ပြန်လည်ထုတ်ဝေတော့ Colourful Myanmar လို့ ပြောင်းလဲခဲ့ရပါတယ်။ A wonderland of Burmese Legends စာအုပ်ကို နာမည်ပြောင်းခိုင်းရာမှာတော့ ဆရာမကြီးက ပြန်မထုတ်ရရင် နေပါစေ မပြောင်းဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ခင်ပွန်းဖြစ်သူ ဆရာကြီး ဦးခင်မောင်လတ်က A wonderland of Pagoda Legends လို့ ပြောင်းခဲ့တဲ့အကြောင်း ကဗျာဆရာ မောင်စွမ်းရည်က ပြောပြဖူးပါတယ်။
အင်္ဂလိပ်စာရေးဆရာ မောရစ်ကောလစ်ရဲ့ စာအုပ်နဲ့ပတ်သက်တဲ့ ကမောက်ကမ နိုင်မှုကတော့ ရယ်စရာတောင် ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာပြန်ပြီး တစ်အုပ်လုံး မြန်မာဘာသာနဲ့ ပုံနှိပ်ထားတဲ့ စာအုပ်မှာ မူရင်းစာအုပ်နာမည်ကို ဖော်ပြရတာ မျက်နှာဖုံးနဲ့ ရှေ့ဆုံးစာမျက်နှာ၊ အဲဒီ ၂ နေရာပဲ ရှိပါတယ်။ အဲဒါကိုတောင် ဘားမားအစား မြန်မာလို့ ပြောင်းခိုင်းတဲ့ကိစ္စပါ။ ဘယ်လောက် အတင်းအကျပ် ပြောင်းခိုင်းသလဲတော့ မသိပါဘူး၊ လူထုဒေါ်အမာရဲ့ မြန်မာပြန်စာအုပ် ‘မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ’တတိယအကြိမ်ထုတ် စာအုပ်မှာတော့ Trials in Burma (Myanmar) လို့ ဖော်ပြထားရပြီး ဆရာကျော်အောင်ရဲ့ ‘မြန်မာပြည်အတွေ့အကြုံများ’ ဒုတိယအကြိမ်ထုတ် စာအုပ်မှာတော့ Trials in Myanmar လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ဘားမားဆိုရင် မြန်မာလို့ ပြောင်းရမယ် ဆိုတိုင်း အားလုံးလိုက်ပြောင်းစရာ မလိုဘူးလို့ ထင်ပါတယ်။ အထူးသဖြင့် ဒီလိုကိစ္စမျိုးဆိုရင် မူရင်း စာရေးသူက မြန်မာပြည်ထဲမှာလည်း မဟုတ်၊ စာအုပ်ထုတ်တာကလည်း အခုမှ မဟုတ်၊ ပြီးတော့ စာအုပ်ထုတ်ထားတာလည်း မြန်မာပြည်တစ်ခုတည်းမှာမဟုတ်။ ဒါကိုပြင်လိုက်လို့ ဘာအကျိုးရှိသွားမလဲ ဆိုတာတော့ မစဉ်းစားမိပါ၊ ဝိဝါဒ ကွဲပြားမှု တစုံတရာ ရှိသွားမှာတော့ သေချာပါတယ်။ အထူးသဖြင့် ပြင်ထားတဲ့နာမည်နဲ့ စာအုပ်ရှာတဲ့အခါ အခက်အခဲတွေ့နိုင်ပါတယ်။
ဒီဖြစ်ရပ်မှာ နောက်ထပ် စဉ်းစားမိတာကတော့ မူ သေသေချာချာ မရှိဘဲ လုပ်ချင်ရာ လုပ်တဲ့သဘော ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို သုံးရမယ်လို့ သတ်မှတ်ထားရင် ဒီလိုကလွဲပြီး ဟိုလို သုံးလို့ မရပါဘူး။ ပြင်ရမယ်ဆိုရင် တညီတည်း ပြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမဟုတ်ဘဲ မြန်မာဆိုတဲ့စာလုံးကို တစ်အုပ်မှာ ကွင်းစကွင်းပိတ်နဲ့ ထည့်လို့ရပြီး နောက်တစ်အုပ်ကျတော့ လုံးလုံးလျားလျား ပြင်ခိုင်းတာ တွေ့ရပါတယ်။ ဒီတော့ သတ်သတ်မှတ်မှတ် မူမရှိဘဲ လုပ်ချင်သလို လုပ်နေတဲ့ သဘောဖြစ်နေပါတယ်။
တည်ငြိမ်တဲ့ စနစ်တစ်ခုရဲ့အောက်ကိုမရောက်မချင်း ဒီလို ကမောက်ကမ ဖြစ်မှုတွေက နေရာတိုင်း အချိန်တိုင်း ရှိနေမှာ အသေအချာပါပဲ။ ။
ထိန်လင်း (၉၊ ၂၊ ၂ဝဝ၉)
No related posts.



>100th Anniversary U Thant ( final part)
>Yan Win (Taung Da Gar) – Bagan Cedi myar
>Tu Maung Nyo - More Deadly Tension in Kachin State
>Letter to MoeMaKa
>changing photos of suspected bomber
>Aung Way - Poem
>Maimi - 03

စာဖတ်သူတွေရဲ့အသံ