>
စာပေဇနီးမောင်နှံ သို့မဟုတ် ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်
ထိန်လင်း
မတ် ၁၅၊ ၂၀၀၉
မြန်မာစာပေလောကမှာ တစ်ဦးချင်းထင်ရှားတဲ့ စာရေးဆရာတွေ အများအပြားရှိသလို ဇနီးမောင်နှံ ၂ ဦးစလုံး ထင်ရှားတဲ့ စာပေပညာရှင် မောင်နှံတွေလည်း ရှိပါတယ်။ အဲဒီ စာပေမောင်နှံတွေထဲမှာ စာပေတာဝန်တွေကိုပဲ တစိုက်မတ်မတ် ရေးသားထမ်းဆောင်သူတွေရှိသလို တိုင်းပြည်အတွက် လိုအပ်တဲ့အခါ နိုင်ငံရေးတာဝန်ကိုပါ ထမ်းဆောင်ခဲ့ကြသူများလည်း ပါဝင်ပါတယ်။ စာရေးဆရာ သတင်းစာဆရာ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ကတော့ စာပေတာဝန်အပြင် နိုင်ငံရေးတာဝန်ကိုပါ ထမ်းဆောင်ခဲ့ကြသူများဖြစ်ပါတယ်။
ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ဟာ ဗိုလ်ချုပ်အောင်ဆန်း မွေးတဲ့နှစ် ၁၉၁၅ ခုနှစ်မှာ မွေးဖွားခဲ့ကြသူတွေဖြစ်ပါတယ်။ ဒေါ်ခင်မျိုးချစ်ရဲ့ မွေးနေ့က မေလ ၁ ရက်နေ့ဖြစ်ပြီး ဦးခင်မောင်လတ်က သြဂုတ်လ ၂၄ ရက်နေ့ဖြစ်ပါတယ်။ ဒေါ်ခင်မျိုးချစ်ဟာ မြန်မာအမျိုးသမီးတွေထဲက ရှားရှားပါးပါး သတင်းစာဆရာတစ်ဦး ဖြစ်သလို ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကျောင်းသူ၊ ဂျပန့်ခေတ် စစ်ဝန်ထမ်း စသဖြင့် နိုင်ငံရေးတာဝန်တွေ ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒေါ်ခင်မျိုးချစ်ရဲ့ အမည်ရင်းက ဒေါ်ခင်မြ ဖြစ်ပြီး ‘ခင်မျိုးချစ်’ ဆိုတဲ့ အမည်ကို ၁၉၃၂-၃၃ တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်း၊ ဝသန္တစာစောင်မှာ အယ်ဒီတာအဖွဲ့က ပေးခဲ့ရာက စတင်သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။
ဆရာကြီး ဦးခင်မောင်လတ်ရဲ့ အတ္ထုပ္ပတ္တိမှာတော့ စီအိုင်အေ စုံထောက်ဌာန မြန်မာ-အင်္ဂလိပ် ဘာသာပြန်၊ နိုင်ငံခြားရေးရုံး လက်ထောက်အတွင်းဝန်၊ ပြည်သူ့ရိက္ခာထောက်ပံ့ရေးအဖွဲ့ သတင်းဆက်သွယ်ရေး အရာရှိ၊ လုပ်သားပြည်သူ့နေ့စဉ် အင်္ဂလိပ်သတင်းစာ အယ်ဒီတာချုပ်၊ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ နည်းပြဆရာ၊ လက်ထောက်ကထိက စတဲ့ တာဝန်တွေ ထမ်းဆောင်တယ်လို့ တွေ့ရပါတယ်။ လက်ထောက်ကထိက အဖြစ်ကနေ အလုပ်ထွက်ပြီးနောက်မှာတော့ အင်္ဂလိပ်စာ သင်တန်းတွေ ဖွင့်လှစ်ပြီး ကျောင်းဆရာအဖြစ် ရပ်တည်ခဲ့ပါတယ်။ ဆရာကြီး ဦးခင်မောင်လတ်နဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ဟာ လူငယ်တွေ အင်္ဂလိပ်စာ တတ်စေချင်၊ စာဖတ်ဝါသနာ ပါစေချင်သူများလည်း ဖြစ်ပါတယ်။
ဒေါ်ခင်မျိုးချစ်ဟာ ဂျပန်ခေတ်မှာ စစ်ရုံးချုပ် ဝန်ထမ်းတစ်ဦးဖြစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ပေးအပ်တဲ့ လျှို့ဝှက်တာဝန်ကို ထမ်းဆောင်ခဲ့ပုံအကြောင်း ကဗျာဆရာ မောင်စွမ်းရည်က အခုလို ပြောပြဖူးပါတယ်။
“ဂျပန်ခေတ် ရောက်လာတဲ့အခါကျတော့ သူဟာ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးနုတို့၊ သခင်သန်းထွန်းတို့ရဲ့ ခေါ်ယူပြီးတော့ တာဝန်ပေးပြီးတော့ တော်လှန်ရေးတာဝန်နော် နည်းနည်းနောနော တာဝန်မဟုတ်ပါဘူး။ ဒီတာဝန်ဟာ သိသွားလို့ရှိရင် လျှို့ဝှက်ကိစ္စ ပေါ်ပေါက်သွားလို့ရှိရင် အသက်ပေးရမယ့် တာဝန်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂျပန်ခေတ်မှာ ဂျပန်တွေက ရေဒီယိုနားထောင်တဲ့လူကို သူတို့က စစ်ရှုံးနေတာကိုးဗျ။ ရေဒီယိုနားထောင်သူတွေဟာ စစ်ရှုံးသတင်းတွေ ကြားသွားမှာ စိုးတယ်။ ဒါ့ကြောင့် ရေဒီယို နားမထောင်ရဘူး၊ နားထောင်တဲ့သူကို ‘သေဒဏ်’ တဲ့။ ဗိုလ်ချုပ်အောင်ဆန်းတို့အဖို့မှာလည်း တော်လှန်ရေးလုပ်မှာဆိုတော့ ကမ္ဘာ့စစ်သတင်းတွေ၊ ကမ္ဘာ့နိုင်ငံရေးသတင်းတွေ သိချင်တယ်။ အဲဒီတော့ ဒေါ်ခင်မျိုးချစ်ကို ဒီသတင်းတွေ ယူခိုင်းတယ်။ မီးဖိုချောင်လို အိမ်ကလေးထဲမှာ သွားပြီးတော့ ရေဒီယိုဖွင့် နားထောင်ပြီး လက်နှိပ်စက်နဲ့ သတင်းတွေ ယူရတယ်။ အဲဒီသတင်းတွေကို မူပွားပြီးတော့ လက်ဆွဲခြင်းကလေးထဲမှာ ဖုံးအုပ်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်နုတို့၊ သခင်သန်းထွန်းတို့ဆီကို ပို့ရတယ်။ ခေါင်းဆောင်တွေဆီကို ပို့ရတယ်”
တော်လှန်ရေးကောင်စီ တက်လာပြီး ဦးနေဝင်းက အကူအညီတောင်းတဲ့အတွက် လုပ်သားပြည်သူ့နေ့စဉ် အင်္ဂလိပ်သတင်းစာမှာ ဇနီးမောင်နှံ ၂ ဦးစလုံး အယ်ဒီတာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်၊ ရေးသားခွင့် ရမယ်ဆိုတဲ့အတွက် တိုင်စာ ပေးစာ စတဲ့ ပြည်သူ့အသံတွေ၊ မကျေနပ်ချက်တွေကို ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ ဒါကို အာဏာပိုင်တွေက မကြိုက်တော့ အရေးယူခဲ့ပုံကို ဆရာ မောင်စွမ်းရည်က အခုလို ပြောပြခဲ့ပါတယ်။
“ဒါမျိုးတွေကို အထက်လူကြီးတွေက မကြိုက်ဘူး။ အစိုးရ အပြစ်ပြောတာမျိုးတွေ။ နောက်ဆုံး တဖြည်းဖြည်း ဗိုလ်နေဝင်းလည်း သိလာပြီးတော့ မကြိုက်ဘူး။ မကြိုက်တော့ ဘာခေါ်ပြောလဲ ဆိုတော့ … မခင်မြ မခေါ်ခဲ့နဲ့ ကိုလတ်ရေ ဆိုပြီးတော့ ပြောတယ်။ သူက ‘ကိုလတ်’လို့ ခေါ်တယ်။ လူချင်းက ရင်းနှီးတာကိုး။ သူ့အိမ်မှာ ခေါ်တယ်။ ခေါ်ပြီးတော့ ‘ကိုလတ်ရေ … ကိုလတ်တို့မှာလည်း တိုင်းပြည်အတွက် လုပ်ရတာ ပင်ပန်းလှပြီ’ ပေါ့လေ။ အဲဒီတော့ အနားယူကြရအောင်။ အနားယူမယ်ဆိုရင် ဘယ်လို အနားယူမလဲ ဆိုတော့ နိုင်ငံခြားတိုင်းပြည်တခုခုကို သွားဖို့စဉ်းစားပါ။ အဲဒီမှာ သံအမတ်ကြီးအဖြစ်နဲ့ ခန့်အပ်လိုက်မယ်။ အဲဒီလို သွားပြီးတော့ အနားယူပါ တဲ့။ ဆုချတဲ့သဘော သက်ရောက်တယ်ပေါ့ဗျာ သူ့လေသံကတော့။ တခြား အစိုးရ အမှုထမ်းတွေကတော့ စစ်ဗိုလ်တွေကတော့ ဒီလို အလုပ်မျိုးရလို့ရှိရင် စစ်လည်း မတိုက်ရဘဲ နိုင်ငံခြားမှာ သွားပြီး နိုင်ငံခြားငွေ စု၊ နိုင်ငံခြား အတွေ့အကြုံရ၊ သားသမီးတွေ ကျောင်းထား အဲဒါမျိုးတွေ သိပ်သွားချင်တာပေါ့။ ဆရာကြီး ဦးခင်မောင်လတ်တို့ ဒေါ်ခင်မျိုးချစ်တို့က ဒါမျိုးကို မမက်ဘူးဗျ။ အစိုးရ ရာထူးဆိုတာ သတင်းစာမို့လို့သာ လုပ်တာကိုး။
ဆရာကြီး ဦးခင်မောင်လတ်က ဘာပြန်ပြောသလဲ ဆိုတော့ ‘ဗိုလ်ချုပ်ရေ … ဗိုလ်ချုပ် ဘာပြောတယ်ဆိုတာ ကျနော်တို့ ရိပ်မိပါပြီ၊ သိပါပြီ။ ကျနော်တို့ကို အလိုမရှိတော့ဘူး မို့လား။ ကျနော်တို့ မလုပ်တော့ဘူး။ အလုပ်က ထွက်မယ်၊ အနားယူလိုက်မယ်။ ဒါပေမယ့် ဘယ်နိုင်ငံမှ နိုင်ငံခြား မသွားချင်ပါဘူး။ အစကတည်းက တခြားဟာတွေ မလုပ်ချင်ပါဘူး။ ကျနော်တို့က ကျောင်းဆရာတွေပါ။ ကျနော်တို့က ဆရာအဖြစ်ပဲ ပြန်ပြီးတော့ ကိုယ်ဝါသနာပါရာ အလုပ်ကိုပဲ လုပ်ပါတော့မယ်’ လို့ ပြောလိုက်တယ်”
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း လူထုဘက်က ရပ်တည်ခဲ့တဲ့ စာပေပညာရှင်တွေထဲမှာ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ ပါဝင်ခဲ့ပြီး မဆလ နောက်ဆုံးသမ္မတ ဖြစ်ခဲ့တဲ့ ဒေါက်တာမောင်မောင်လက်ထက် (၁၉၈၈ သြဂုတ်လ ၁၉ မှ စက်တင်ဘာ ၁၈ အတွင်း) မှာ သူတို့ဇနီးမောင်နှံက တိုင်းပြည်အတွက် အကောင်းဆုံး လုပ်ဆောင်ဖို့တိုက်တွန်းထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားခဲ့ပါတယ်။ အဲဒီစာထဲမှာ ဦးနေဝင်းလက်ထက်က လုပ်ပိုင်ခွင့်မရှိလို့ လူထုအပေါ် ဘာမှလုပ်မပေးနိုင်တဲ့အတွက် ညည်းတွားပြောဆိုခဲ့ဖူးတဲ့ ဒေါက်တာမောင်မောင်ရဲ့ စကားကို ပြန်ပြောပြရင်း အခုနေမှာ နိုင်ငံတော်သမ္မတဖြစ်လာပြီဆိုတော့ လုပ်ပိုင်ခွင့် ရှိလာတဲ့အကြောင်း၊ ဒီအချိန်မှာ အရင်က လုပ်ပေးချင်တဲ့ ကောင်းရာမွန်ရာတွေ လုပ်စေချင်ကြောင်း တိုက်တွန်းထားပါတယ်။ ဒါဟာ လုပ်သင့်တဲ့အချိန်မှာ တတ်နိုင်သလောက် ပြည်သူ့တာဝန်ကျေခဲ့တဲ့ ဖြစ်ရပ်ပါ။
၁၉၉၆ ခုနှစ် မတ်လ ၂၇ ရက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းမှာ ပြုလုပ်တဲ့ ‘ဖက်ဆစ်တော်လှန်ရေးနေ့’ အခမ်းအနားကို ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ တက်ရောက်ပြီး ဖက်ဆစ်တော်လှန်ရေးကာလ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။ အဲဒီတုန်းက ဒေါ်ခင်မျိုးချစ်ရဲ့ ကျန်းမာရေးက သိပ်မကောင်းလို့ မတ်တတ်ရပ် စကားမပြောနိုင်ပါဘူး။ ဒါကြောင့် ပက်လက်ကုလားထိုင်မှာ ထိုင်ရင်း အိမ်က အသင့်သွင်းလာတဲ့ ကက်ဆက်ခွေကိုပဲ ဖွင့်ပြခဲ့ပါတယ်။ ဆရာဦးခင်မောင်လတ်ကတော့ ပိုပြီး ကျန်းမာတဲ့ပုံ မြင်ရပြီး ဒုတိယ တက္ကသိုလ်ကျောင်းသားသပိတ်ကာလအတွင်း တွေ့ခဲ့ရတဲ့ ဒေါ်ခင်မျိုးချစ်ရဲ့ သပိတ်မှောက်ကျောင်းသူ ဘဝကိုတောင် ပြောပြခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဲဒီနှစ် ဇွန်လ ၁ ရက်နေ့မှာ ဆရာကြီး ဦးခင်မောင်လတ် ကွယ်လွန်ခဲ့ပါတယ်။ သတင်းစာဆရာ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ကတော့ ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
သာမန်အားဖြင့် နိုင်ငံရေးနဲ့ ကင်းကင်း နေထိုင်လို့ ရပေမယ့် လိုအပ်လာတဲ့အချိန်မှာ နိုင်ငံရေးတာဝန်ကို ထမ်းဆောင်သင့်တယ် ဆိုတဲ့အချက်ကို ဆရာကြီး ဦးခင်မောင်လတ် နဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့က ပြသခဲ့တယ်လို့ ယူဆမိပါတယ်။
မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့်ရရှိပါစေ။ ကျေးဇူးတင်ပါတယ်။
ထိန်လင်း (၁၇၊ ၂၊ ၂ဝဝ၉)
Related posts:





>return of 2007 generation
>U.S. helicopters want to go to refugees
>Ashin Nanika - This too shall pass away # 2
>Daw Suu's speech on 10 Dec
>Google being blocked in Burma by Yatanarpon ISP?
>Maung Swan Yi on 2010 Election & NLD
>ယင်းမာ - ထောက်ခံမဲ ပေးလိုက်ုကပၝ
>Min Thein Kha passed away
>Letter from the Reader - Boke Htine Notes

စာဖတ်သူတွေရဲ့အသံ