>
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အယူခံဝင်ချိန်တွင် အစိုးရရှေ့နေများကလည်း ရှေ့တိုးမည်
မိုးမခအထောက်တော် ၀၀၂
ဒီဇင်ဘာ ၈၊ ၂၀၀၉
အစိုးရရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို တိုးမြှင့်နိုင်ရန်၊ လျော့ပေါ့ခြင်း မပြုနိုင်ရန် ဗဟိုတရားရုံးသို့ ဦးတိုက်လျောက်ထားရန် ကြားနာမည့်ရက် (ဒီဇင်ဘာ ၂၁၊ ၂၀၀၉) မှာ ဒေါ်စု၏ ရှေ့နေများ အယူခံကြားနာမည့်ရက်နှင့် တရက်တည်း ဖြစ်နေကြောင်း အမေရိကန်အခြေစိုက် ယူအက်စ်ကန်ပိန်းအဖွဲ့ ဦးဆောင်သူ (ကို) အောင်ဒင်က ထုတ်ဖော်ပြောဆိုသည်။
မူလအစက သတင်းများတွင် ထွက်ပေါ်နေခဲ့သလို အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖက်ကသာ တရားရုံးတော်သို့ အယူခံလျောက်ထားခြင်း မဟုတ်ကြောင်း၊ အချိန်တပြိုက်နက်တည်း အစိုးရရှေ့နေများကလည်း ချမှတ်ထားသော ပြစ်ဒဏ်ကို မလုံလောက်သေးဟူသော အကြောင်းပြချက်နှင့် ထပ်မံ ပြန်လှန် လျောက်ထားသည်ဟု ကြားသိရကြောင်း၊ ဗဟိုတရားရုံးအနေဖြင့် နှစ်ဖက်စလုံး၏ လျောက်လဲချက်များကို ကြားနာရမည် ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အား အရေးယူမှုများ တိုးမြှင့်ရန် ယခုကတည်းက ကြိုတင်ပြင်ဆင်နေပြီဆိုသည်မှာ ထင်ရှားကြောင်း၊ စစ်အာဏာရှင်များက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွသော အတိုက်အခံအင်အားစုများနှင့် ငြိမ်းချမ်းစွာဖြင့် အတူတကွ တွေ့ဆုံဆွေးနွေး အဖြေရှာမည်ဟူသော မျှော်လင့်ချက်ကို ပြန်လည် သုံးသပ်သင့်ကြောင်း ၎င်းက မိုးမခသို့ ပြောကြားသည်။
ရန်ကုန်မြို့နေ သတင်းစာဆရာကြီးတဦးက ၎င်းအမြင်ကို ပြောကြားရာတွင် ယခုအချိန်အထိ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စစ်အာဏာရှင်တို့ ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အတိုက်အခံဒီမိုကရေစီအင်အားစုများအပေါ် သွေးတိုးစမ်းနေသည့် သဘော ရှိသည်ဟု ထင်ကြောင်း၊ နိုင်ငံတကာက အရှေ့ အနောက် အစိုးရများကိုယ်တိုင်က ၂၀၁၀ ရွေးကောက်ပွဲကို မျှမျှတတ ဖြစ်မြောက်စေချင်သည့် ဖိအားကို ပေးနေကြကြောင်း၊ စစ်အာဏာရှင်များကိုယ်တိုင်က ၎င်းတို့ကိုယ်တိုင် အကြပ်အတည်းဖြစ်မည့်လမ်းကို ရွေးချယ်မည့်အစား ဆင်ခြေများ၊ လုပ်ကြံဖန်တီးမှုများ၊ အတားအဆီးများ ဖန်တီးပြီး ရှောင်လွဲရန် အချိန်ဆွဲရန် ကြိုးစားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
“၂၀၁၀ မှာ ရွေးကောက်ပွဲ ဖြစ်တာ မဖြစ်တာထက် နိုင်ငံတကာက ပိတ်ဆို့အရေးယူတာတွေ ရုပ်သိမ်း၊ နောက်ဆုတ်သွားဖို့က သူတို့အတွက် အရေးပိုကြီးတယ် ထင်ပါတယ်။ အမျိုးသားညီလာခံတို့၊ အခြေခံဥပဒေ ရေးဆွဲတာတို့ကို ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ် ကျော်ကတည်းက လုပ်နေခဲ့တာပဲ။ ပြည်တွင်း ပြည်ပ ပယောဂတွေကြောင့် သူတို့တွေ ကြန့်ကြာတယ်လို့ ပြောချင် ဆင်ခြေပေးချင် ပေးနိုင်တယ်။ ၂၀၁၀ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဥပဒေအကြပ်အတည်းတွေ၊ နိုင်ငံရေးအကြပ်အတည်းတွေ ဖန်တီးလာနိုင်တာက စစ်ဗိုလ်ချုပ်တွေသာ ဖြစ်ပါတယ်။” ဟု အထက်ပါသတင်းအပေါ် မိတ်ဆွေတဦးက မှတ်ချက်ပေးသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အတိုက်အခံပါတီ အင်န်အယ်ဒီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ဇူလိုင်လကတည်းက အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခဲ့ပြီး မကြာခဏဆိုသလို ပြန်လွှတ်ပေးခြင်း၊ အကျယ်ချုပ်ပြန်လည် ချမှတ်ခြင်းများ ပြုခဲ့သည်။ ၂၀၀၃ မေ ၃၀ ဒီပဲယင်းတွင် စစ်အစိုးရလက်ပါးစေများက ဒေါ်စု၊ ဦးတင်ဦးနှင့် ပါတီဝင်များကို အကြမ်းဖက်လုပ်ကြံရန် မအောင်မြင်ခဲ့ပြီးနောက် အကျယ်ချုပ်ဖမ်းဆီးထားခဲ့ရာ ၂၀၀၉ ခုနှစ် ဇူလိုင်တွင် အမေရိကန်သားတဦး နေအိမ်တွင်း ကျုးကျော်ခိုးဝင်ရန် ကြိုးစားသည့်အမှုကို အကြောင်းပြုပြီး သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ကို အကျယ်ချုပ် ၁ နှစ်ခွဲ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ယခု ဒေါ်စု၏ ရှေ့နေများ အယူခံဝင်ရန် ကြိုးပမ်းချက်ကို ဗဟိုတရားရုံးက ကြားနာရန် သဘောတူခဲ့သည်။
Related posts:
- >Zarganar and his college removed from sentence by Electronic Act
- >Burmese Regime stepping up to sentence DASSK amid Pressure
- >K-Cash – Life Sentence on an island with hard labor , RAP Song released for overseas Burmeses
- >Moe Cho Thin – Used to be on the other side of the world …
- >Kaung Kin Pyar – The Lighter Side at Regime Court




>Masoeyein U Kovida gave speech at USF on behalf of Burmese Monks
>အိုလံပစ် သပိတ်ူမန်မာ သပိတ်
>ဴမန္မာဴပည္အႎႀံႚ အ႒ကီးအကဵယ္ပဵက္စီး
>Aung Way - Revolution Spirits - Last Episode (24)
>In Rangoon, Pagoda Festivals & Street Fairs become Unofficial Gambling Spots
>Burmese in London honor Burmese National Leaders and Nationlists
>De Nyein Linn
>treasure of my life, poems from my heart - 24

စာဖတ်သူတွေရဲ့အသံ