>Burmese Monastery in Fort Wayne received tickets from city authority

>

ဖို့ဝိန်းမြို့ ဇေတ၀န်ဘုန်းတော်ကြီးကျောင်းအဆောက်အဦတိုးချဲ့ခြင်း မြို့တော်စည်းမျဉ်းနှင့် ညီညွတ်ရန်လိုဟု ဆို
မိုးမခအထောက်တော် ၀၀၃
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၀
ယခင်အပတ် ကြာသာပတေးနေ့က ဖို့ဝိန်းမြို့ရှိ မြန်မာမိသားစုများကိုးကွယ်ရာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတခုဖြစ်သည့် ဇေတ၀န်ကျောင်း၏ ယာယီတိုးချဲ့ထားသော အဆောက်အဦအချို့ကို မြို့တော်စည်ပင်၏ သတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်းများနှင့် ညီညွတ်ရန် လိုအပ်ချက်များ ရှိသောကြောင့် သတိပေးခြင်း၊ အရေးယူခြင်း ခံထားရသည်ဟု မိုးမခက သတင်းရရှိသည်။
မျက်မြင်တဦး၏ သတင်းပေးချက်အရ ဘုန်းတော်ကြီးကျောင်းမြေအတွင်း ယာယီဆောက်လုပ်ထားသော ဂိုဒေါင်သဖွယ် အဆောက်အဦကို စည်ပင်က ဖျက်သိမ်းလိုက်ပြီး၊ ဘုန်းတော်ကြီးကျောင်းနှင့် တွဲရက် ယာယီဆောက်လုပ်ထားသည့် ဓမ္မာရုံကို လူနေထိုင်ခွင့်မရှိစေရန် တားမြစ်ထားသည့် အရေးယူမှုကို ဆောင်ရွက်ထားသည်ဟု ဆိုသည်။
ဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်သည့် ပရိသတ်တဦး၏ အဆိုအရ – ဘုန်းတော်ကြီးကျောင်းကို ဘာသာရေးအဆောက်အဦနှင့် နေရာအဖြစ် မှတ်ပုံတင်မှုများ ဆောင်ရွက်ရန်၊ ယာယီဆောက်လုပ်ထားသော တိုးချဲ့အဆောက်အဦတို့ကိုလည်း ဥပဒေစည်းမျဉ်းတို့နှင့် ညီညွတ်အောင် ပြုလုပ်ရန်အတွက် ကျောင်းထိုင်သံဃာတော်များနှင့် ဒကာ၊ ဒကာမများက လွန်ခဲ့သည့် နှစ်များကတည်းက ကြိုးစားလျက်ရှိကြောင်း၊ စာရွက်စာတမ်းနှင့် အတိုင်ပင်ခံကြေး၊ စည်ပင်သာယာ၏ အခကြေးငွေများမှာ ဒေါ်လာ သောင်းနှင့်ချီပြီး ကုန်ကျမည်ဖြစ်၍ အစွမ်းကုန် တိုင်ပင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ လွန်ခဲ့သည့် နှစ် ၂၀၀၉ စီးပွားရေး ကျဆင်းမှုများကြောင့် မြန်မာအိမ်ထောင်စုများမှာလည်း စားဝတ်နေရေး အကြပ်အတည်းများဖြင့် ရင်ဆိုင်နေရရာ ဘာသာရေးကိုးကွယ်သူ ဧည့်ပရိသတ်တို့၏ အလှူငွေနှင့် စေတနာဝန်ထမ်းအင်အားဖြင့် ရပ်တည်နေရသော ဘုန်းတော်ကြီးကျောင်းမှာလည်း သတ်မှတ်ထားသောအချိန်အတွင်း ဆောင်ရွက်ရန် အခက်အခဲများရှိခဲ့ကြောင်း၊ ယခုကဲ့သို့ဖြစ်ရပ်မှာ မြန်မာမိသားစုများနှင့် ဘုန်းတော်ကြီးကျောင်းအတွက်သာမက အရေးယူမှုများ ဆောင်ရွက်ရသူတို့အတွက်ပါ မလိုလားအပ်သည့် စိတ်ထိခိုက်ဖွယ်ရာ ကံဆိုးမှုတခု ဖြစ်ကြောင်း မှတ်ချက်ပေး ပြောကြားသည်။
ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဦးကုသလက မိုးမခသို့ ပြောကြားရာတွင် ယခုကဲ့သို့ ဖြစ်ရပ်ကို မြန်မာနှင့် အခြားပရိသတ်များက နားလည်မှု လွဲမှားခြင်းများ မဖြစ်စေလိုကြောင်း၊ မည်သူကမျှလည်း စိတ်အနှောက်အယှက်ဖြစ်ကြရန် မလိုကြောင်း၊ မိမိတို့ကလည်း ဆရာ၊ ဒကာများ စုဝေးတိုင်ပင်လျက် မြို့တော် စည်ပင်နှင့်၎င်း၊ ဥပဒေ စည်းကမ်းဘောင်အတွင်းက၎င်း အကောင်းဆုံး အဆင်ပြေအောင် ကြိုးစား ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တိုင်းတပါးသို့ ပြောင်းရွေ့အခြေချနေထိုင်ကြသူ မြန်မာမိသားစုများ၊ မြန်မာတိုင်းရင်းသားများ၊ ဒုက္ခသည်များအနေနှင့် မိမိတို့ ရောက်ရှိရာ ဒေသများတွင် သက်ဆိုင်ရာဒေသ၏ ထုံးတမ်း၊ စည်းကမ်းဥပဒေ၊ သဘာဝပတ်ဝန်းကျင်တို့နှင့် အဆင်ပြေအောင် ကြိုးစားနေထိုင်ရသည် ဖြစ်ရာ အစဥိးပိုင်းတွင် အခက်အခဲမျိုးစုံ၊ နားလည်မှုလွဲမှားခြင်းများ၊ မတိုက်ဆိုင်မှုများနှင့် ရင်ဆိုင်ကြရလေ့ရှိရာ အားလုံးအတူတကွ လက်တွဲဖြေရှင်း ကူညီရိုင်းပင်းပြီး ဖြတ်ကျော်သွားရန်ဖြစ်ကြောင်း၊ အကုသိုလ်ဖြစ်ရန်မလိုပါကြောင်း အကျယ်တ၀င့် ရှင်းလင်းပြောကြားသည်။
ဖို့ဝိန်းမြို့တွင် အခြေချနေထိုင်သူ ဂီတပညာရှင် မာမာအေးက မိုးမခသို့ ပြောကြားရာတွင် – မြန်မာမိသားစုများနှင့် ဘုန်းတော်ကြီးများ လာမည့် စနေ၊ တနင်္ဂနွေနေ့တွင် စည်းဝေး တိုင်ပင်ကြမည် ဖြစ်ကြောင်း၊ အကောင်းဆုံးဖြစ်အောင် ၀ိုင်းဝန်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း ပြောကြားသည်။
ဖို့ဝိန်းမြို့သည် လွန်ခဲ့သည့် ဆယ်စုနှစ် တခုကျော်ကတည်းက မြန်မာတိုင်းရင်းသားများ၊ မြန်မာနိုင်ငံရေးဒုက္ခသည်များ ပြောင်းရွှေ့အခြေချရန်အတွက် အမေရိကန်အစိုးရနှင့် လူထုက စီစဉ်သတ်မှတ်ခဲ့သော မြို့တခုဖြစ်သည်။ မြန်မာတို့က ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို မိမိတို့ ချွေးနည်းစာများနှင့် စုဆောင်းဖွင့်လှစ်ကြပြီး ဘာသာရေး လူမှုရေး ကိုးကွယ်ဆည်းကပ်ရာ ၊ သာရေး နာရေးများ စုဝေးဆောင်ရွက်ရာ ဌာနများ ထူထောင်လေ့ရှိရာ ဇေတ၀န်ဘုန်းတော်ကြီးကျောင်းမှာ ၁၀ နှစ် တိုင်ခဲ့ပြီ ဟု သိရသည်။ ဖို့ဝိန်းမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ စက်ရုံအလုပ်ရုံများသည် မြန်မာအများစုအတွက် စားဝတ်နေရေးအလုပ်အကိုင်များအတွက် မှီခိုရာရာ ဖြစ်သော်လည်း ၂၀၀၈ ခုနှစ်များကတည်းက စတင်သော စီးပွားရေး အကြပ်အတည်းများကြောင့် မြန်မာမိသားစုများအတွင်း အလုပ်အကိုင်များ ဆုံးရှုံးခြင်း၊ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ဇေတ၀န်ဘုန်းတော်ကြီးကျောင်းသည် လွန်ခဲ့သည်နှစ်များက မြန်မာပွဲတော်များ ကျင်းပပြီး ရန်ပုံငွေများ ရှာဖွေခဲ့သည်။ သီးလေးသီးအငြိမ့်နှင့် လေးဇီးကလပ်စတိတ်ရှိုးတို့ကို မြန်မာမိသားစုများနှင့်အတူ ကျင်းပပေးခဲ့သည်ဟု ဆိုသည်။
(ဓာတ်ပုံများ – ဇေတ၀န်ကျောင်း မြင်ကွင်း၊ ၂၀၀၈ ခုနှစ် သီးလေးသီးအငြိမ့်အဖွဲ့နှင့် မြန်မာမြို့ခံများ၊ ဓာတ်ပုံ ခင်မောင်လေး ကျေးဇူးပြုသည်)

Related posts:

  1. >Burmese in Fort Wayne in solidarity with DASSK
  2. >Burmese in Fort Wayne marked Burma’s Martyrs’ Day
  3. >Fort Wayne Burmese Magazine & Mar Mar Aye’s Birthday
  4. >Burmese Band – Lazy Club to entertain Burmese in Fort Wayne
  5. >Burmese Literary Talk in Fort Wayne associated with Protest against Regime 2010 Election

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ