Shops and Residences at Rangoon River bank to be relocated by the authority

ရန်ကုန်မြို့၏ ကမ်းနားတလျှောက် မြေကွက်များ ဈေးများ ၀န်ထမ်းအိမ်များ
ဖယ်ရှားခံရနိုင်
မိုးမခ အထောက်တော်၊ ရန်ကုန်

ဖေဖေါ်ဝါရီ ၄၊ ၂၀၁၀
 ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၏ ကမ်းနားလမ်းတလျှောက်ရှိ ၀န်ကြီးဌါနပိုင် ဧရိယာများ အတွင်း တည်ဆောက်ထားသည့် ၀န်ထမ်းအိမ်ရာများ၊ ဂိုဒေါင်များ၊ ဈေးများအား ဖယ်ရှားရန် လေ့လာမှုများ ပြုလုပ်နေပြီး သီရိမင်္ဂလာ ကုန်စိမ်းဈေးအား ရွှေ့ပြောင်းမည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်ဟု ကြားသိရသည်။
ဇန်န၀ါရီလကုန်ပိုင်းတွင် ရန်ကုန်မြစ်ကမ်းနား တလျှောက်ရှိ အစိုးရဌါနဆိုင်ရာပိုင် မြေနှင့် အဆောက်အဦများ စာရင်းကို ၀န်ကြီးဌါနအလိုက် ချက်ခြင်း တင်ပြရန် ညွှန်ကြားခဲ့ပြီးနောက် နအဖ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး လိုက်လံကြည့်ရှုခဲ့သည်ဟု ဌါနဆိုင်ရာဝန်ထမ်းများက ပြောဆိုသည်။
အလုံမြို့နယ်ရှိ သစ်တောရေးရာ ၀န်ကြီးဌါနပိုင် ၀န်ထမ်းအိမ်ရာများလည်း ဖယ်ရှားပေးရမည်ဟု သစ်တောဝန်ကြီးဌါနမှ အရာရှိတဦးက ပြောဆိုသည်။ ယခုလိုဆိပ်ကမ်းမြေများကို သိမ်းယူပြီး ပြန်လည်ချထား ပေးမည့်အစီအစဉ်နှင့် ပတ်သက်သည့် တိကျသည့် သတင်းများ မထွက်ပေါ်သေးသော်လည်း သက်ဆိုင်ရာ ဌါနအလိုက်မြေနှင့် အဆောက်အဦးစာရင်းများ ဓါတ်ပုံများကို အလျင်အမြန် စုပြီး အထက်သို့ ပေးအပ်ခဲ့ရသည်ဟု သစ်တောဌါနမှ အရာရှိတဦးက ပြောသည်။
ယခုအစီအစဉ်တွင် အကျုံးဝင်သည့် ဧရိယာမှာ ရန်ကုန်မြစ်မြောက်ဘက်တွင်
ကြည့်မြင်တိုင် စံပြငါးဈေး အထိ တောင်ဘက်တွင် ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်းအထိပါဝင်သည်ဟု သိရှိရသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြစ်ကမ်း နဘေးတွင်တည်ရှိသည့် သီရိမင်္ဂလာ ကုန်စိမ်းဈေးကို သာကေတ ရှုခင်းသာသို့ ရွှေ့ပြောင်းမည်ဆိုသည့် သတင်းများ ထွက်ပေါ်လျက်ရှိပြီး ရန်ကုန်မြို့တော်ဝန် ဗိုလ်ချုပ်အောင်သိန်းလင်းကမူ လောလောဆယ် ပြောင်းရွှေ့ရန် အစီအစဉ်မရှိသေးဟု ယခုရက်ပိုင်းအတွင်း ရှင်းလင်းပြောဆိုခဲ့သည်။ သို့သော် မကြာမီ ပုဂ္ဂလိကလုပ်ပိုင်ခွင့်ပြုမည့် ကုန်သင်္ဘောဆိပ်ကမ်း၊ လောင်စာဆီဖြန့်ဖြူးရေး တို့အတွက် ဆိပ်ကမ်းမြေနေရာများ လိုအပ်နေသည့် အတွက် ယခုလတ်တလော တာဝန်ရှိသူများ မြေနေရာကြည့်ရှုခြင်းသည် အထက်ပါ အချက်များနှင့် ဆက်စပ်နေလိမ့်မည် ဟု ယူဆမှုများ ရှိနေသည်။
နအဖ အာဏာပိုင်များအနေဖြင့် ယခုကဲ့သို့ သတင်းထွက်ပေါ်စ အများက အာရုံစိုက်နေချိန်တွင် မရွှေ့ပြောင်းဟု ပြောဆိုသော်လည်း နောက်ပိုင်း အာရုံစိုက်မှု လျော့နည်းလာသည့် အချိန်တွင် ရုတ်တရက် ပြောင်းရွှေ့ရန် အမိန့်ထုတ်လေ့ရှိသောကြောင့် သီရိမင်္ဂလာဈေးမှ ဈေးရောင်းသူများ အနေဖြင့် စိုးရိမ်မှုများ ရှိနေသည်ဟု ကြားသိရသည်။ ယခုလပိုင်းနှင့် ရက်ပိုင်း အတွင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ခေါင်းစဉ်အောက်တွင် အစိုးရပိုင် စက်ရုံ၊ အလုပ်ရုံ၊ မြေကွက်နှင့် ယခင်က တကြိမ်တခါမျှ လုပ်ကိုင်ခွင့် မပြုခဲ့သည့် လောင်စာဆီကဲ့သို့သော လုပ်ငန်းများအား လုပ်ကိုင် ခွင့်ပေးရန် မြန်ဆန်စွာလုပ်ဆောင်လျက် ရှိသည်ကို တွေ့ရသည်။ ထိုသို့ စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများအား စီးပွားရေး အခွင့်အရေးများ ပေးအပ်နေခြင်းသည် လာမည့် ရွေးကောက်ပွဲတွင် နအဖက ဖွဲ့စည်းမည့် နိုင်ငံရေးပါတီများအား ယခုလုပ်ပိုင်ခွင့်ရ လုပ်ငန်းရှင်များက ငွေကြေးထောက်ပံ့ ပေးရမည့်အချက်နှင့် ချိတ်ဆက်ထားနိုင်သည် ဆိုသည့် ယူဆချက်လည်း လေ့လာသူများအကြားတွင် ထွက်ပေါ်လျက်ရှိသည်။
(ဓာတ်ပုံ – ရန်ကုန်မြစ် အတွင်းမှ မြင်တွေ့ရသည့် ရန်ကုန်မြို့ ကမ်းနားတလျှောက် မြင်ကွင်း၊ (စက်တင်ဘာ ၂၀၀၉))

Related posts:

  1. Zay Hmine – The River Bank Poem
  2. Than Shwe’s grandson – Po La Pyi went on river tour with one model girl – Wut Mon Shwe Yi – sponsered by the authority and local officials
  3. Chinese Fishing Vessel Sank in Rangoon River
  4. Chinese Fishing Vessel Sank in Rangoon River Tipped Over
  5. Some KOK shops and Prostitutes sites closed

Tags: ,

Comments are closed.