>
ဒီလိုအချိန်မျိုးမှာ စကားလုံးတွေနဲ့ ရှုပ်မနေကြဖို့ပဲ လိုတယ် – ဦးဝင်းတင်ပြော
မိုးမခ
ဧပြီ ၂၉၊ ၂၀၁၀
လတ်တလောအခြေအနေမှာ ၂၀၁၀ ရွေးကောက်ပွဲမ၀င်တဲ့ အင်န်အယ်ဒီရဲ့ ရှေ့ရေးအတွက် ပါတီတွင်း ပါတီပ လူအများက စိတ်ဝင်တစားမေးခွန်းထုတ်နေကြချိန်မှာ စိတ်ရှင်းရှင်းနဲ့ ရင်ဆိုင်ကြဖို့သာ လိုအပ်ချက် အဓိကဖြစ်ကြောင်း အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင် ဦးဝင်းတင်က ပြောလိုက်ပါတယ်။
“ပါတီက နိုင်ငံရေးရပ်တည်ချက်ကို မစွန့်လွှတ်ဘူး၊ ပြီးတော့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းတွေ လုပ်မယ်လို့ ပြောလိုက်တယ်။ ဒါကို ပါတီက အလံထောင်ပြီး လူမှုရေးလုပ်ရင် ကန့်ကွက်မယ်တို့ ဘာတို့ ပြောလာတာမျိုးတွေ ဖြစ်လာတယ်။ လက်ရှိ ပါတီရုံးခန်း ငှားထားတဲ့ဆီမှာ အိမ်ရှင်ကို တဖက်လှည့်နဲ့ ခြိမ်းခြောက်တာတွေ လုပ်လာတာတွေ ရှိတယ်။ အိမ်ရှင်က ဘယ်လိုမှ သဘောထားမရှိပေမယ့် ဘေးလူတွေကို တွန့်ဆုတ်စေတာပေါ့။ အိမ်အသိမ်းခံရလိမ့်မယ်တို့၊ စသည်ဖြင့် စကားတွေ ရှုပ်လာတာတွေ ရှိနေတယ်။” လို့ ဆရာဦးဝင်းတင်က သူ့အမြင်ကို ပြောလိုက်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က ပါတီရုံးခန်းကို ပိတ်စရာမလိုဘူး။ အလံကို ကိုယ်တိုင် ချစရာ မလိုဘူးလို့ ပြောထားပြီးပြီ။ လူမှုရေးလုပ်ကြတယ် ဆိုတာကလည်း လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးဆိုတာမှာ လူမှုရေးဆိုတာက သူ့ရဲ့ အစိတ်အပိုင်းတခုဖြစ်တယ် ဆိုတာလည်း ရှင်းပြီးပြီပဲ။
ကျနော်တို့က နိုင်ငံရေးလုပ်မှာပဲ။ ပါတီရုံးခမ်းထဲက အခမ်းအနားတွေ လုပ်နေတာတွေက ထွက်လာပြီးတော့ ပြည်သူကြားက နိုင်ငံရေးအခြေခံ လူမှုရေးလုပ်ငန်းတွေ လုပ်ကြရမယ်။ လူမှုရေးက နိုင်ငံရေးနဲ့ မပတ်သက်ဘဲ ခွဲခြားပြီး သီးသန့် နေလို့ရတယ်။ နိုင်ငံရေးက လူမှုရေးကို ခွဲခြားပြီး မပါဝင် မပတ်သက်ဘဲ နေလို့ မရဘူး။
Social Rights ဆိုတာ နေ့စဉ် လူနေမှုဘ၀ သာရေး၊ နာရေးတွေ၊ လိုအပ်ချက်၊ အားနည်းချက်တွေ ကို ဖြည့်ဆည်းရတာ ဖြစ်တယ်။ ကျနော်တို့ကတော့ Human Rights – လူ့အခွင့်အရေး ကိစ္စတွေကို ဆောင်ရွက်ကြရမှာ ဖြစ်တယ် လို့ မြင်တယ်။ လူမှုရေးပြဿနာတွေတင်သာမက နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းကြဖို့ ဆောင်ရွက်ကြဖို့ ကျနော်တို့ ရှေ့ရှုကြဖို့ ကျနော်တို့က ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ” လို့ ဦးဝင်းတင်က ရှင်းပြပါတယ်။
လတ်တလောမှာ အင်န်အယ်ဒီရဲ့ ရှေ့နေကြီး၊ ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်းက လူမှုရေးလုပ်ကြတဲ့နေရာမှာ ရန်ကုန်မြို့ထဲမှာ ရှုပ်နေတဲ့ ပလတ်စတစ်တွေ ကောက်ကြမယ် ဆိုတာမျိုးကို ပြောခဲ့တာအပေါ်မှာ ကြားရသူတွေအချို့က မေးခွန်းမျိုးစုံ ထောက်လာတာနဲ့ ပတ်သက်ပြီး မေးဖြစ်ပါသေးတယ်။
“ခုချိန်မှာ အားလုံးသော လူတွေက အင်န်အယ်ဒီကို အနီးကပ် အသေးစိတ် စောင့်ကြည့်နေကြတဲ့ အချိန်ဆိုတော့ စကားကို ရှင်းထားမှ တော်ရုံကျပါတယ်။ ပလတ်စတစ်ကောက်မယ်လို့ ပြောလိုက်တာနဲ့ ပလတ်စတစ်ကောက်သမားသက်သက်လို့ မမြင်လိုက်ကြဖို့ လိုပါတယ်။ မင်းကိုနိုင်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေက ၂၀၀၇ စက်တင်ဘာမှာ ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေရတဲ့ ကြီးမားတဲ့ ကုန်ဈေးနှုန်းတွေ ကျဆင်းစေဖို့ လှုပ်ရှားကြတဲ့ နေရာမှာ သူတို့တွေက ခွပ်ဒေါင်းအလံကြီးကို နေရာတကာ လွှင့်ပြီး သွားလာနေတာလဲ မဟုတ်ဘူး။ ကုန်ဈေးနှုန်းကျဆင်းရေးဆိုတာဟာ လူမှုရေး စားဝတ်နေရေးကိစ္စ ဖြစ်တယ်လို့ ပြောနိုင်တယ်။ နိုင်ငံရေးအနှစ်သာရ ပါဝင်နေတယ်ဆိုတာကို လူတွေက သိကြပါတယ်” လို့ ဆရာက ဖြေကြားပါတယ်။
လွန်ခဲ့တဲ့လ မတ် ၂၉ မှာ အင်န်အယ်ဒီရဲ့ တခဲနက် ဆုံးဖြတ်ချက်ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူး၊ ပါတီကို ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအတိုင်း မှတ်ပုံထပ်မတင်ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့ပြီး အခုလို ၁ လ အကြာမှာ အင်န်အယ်ဒီနဲ့ ပါတီဝင်တွေရဲ့ စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှု အလားအလာနဲ့ အနေအထားကို မေးကြည့်ပါသေးတယ်။
“တဖက်က မျိုးစုံပြောကြတာပေါ့ဗျာ။ ယူဂျီတို့၊ အကြမ်းဖက်အဖွဲ့အစည်းတို့ ဒါမျိုးတွေနဲ့ အသံတွေ ပစ်ကြတယ်။ ဥပဒေပြင်ပက အဖွဲ့အစည်းတို့ ဘာညာ ပြောကြတယ်။ ၂၀၀၈ အခြေခံဥပဒေက ပြဌာန်းတဲ့ ဥပဒေတွေကို လက်မခံနိုင်ဘူးလို့ ကျနော်တို့က ပြောထားပြီးတော့ သည်ကိစ္စက ရှင်းပြီးသား ဖြစ်နေပြီ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ အင်န်အယ်ဒီရပ်တည်ချက်တို့ ဖွဲ့စည်းပုံတို့မှာ အထက်ကအောက်ကို စီးဆင်းတဲ့ ပုံစံမျိုးတော့ ရှိတော့မှာ မဟုတ်ဘူး။ အဲသည်အတွက်လည်း စိုးရိမ်နေစရာ မရှိဘူး။ နီးစပ်ရာ အစုအဖွဲ့တွေ၊ နက်ဝပ်တွေနဲ့ ဆက်လုပ်ကြမှာ ဖြစ်တယ်ဆိုတာလည်း ပြောခဲ့ပြီးပါပြီ။ အစုအဖွဲ့တွေ ချိတ်ဆက်ပြီး ဆက်လက် လုပ်ကိုင်ကြမယ်။ နားလည်မှုတွေ ယူကြမယ်။ ကွန်ယက်တွေ ဆက်ကြမယ် ဆိုတာမျိုးကို ရှင်းရှင်းနားလည်ကြဖို့သာ လိုပါတယ်။
စကားလုံးတွေ အချင်းချင်း ရှုပ်ထွေးနေတာမျိုးကို ကျနော်တို့က အချိန်မကုန်နေကြဖို့ အရေးကြီးပါတယ်” လို့ ဆရာက ဖြေကြားပါတယ်။ လာမည့် နာရီပိုင်းအတွင်း အင်န်အယ်ဒီပါတီရုံးတွင် အထူးအစည်းအဝေး ကျင်းပမည် ဖြစ်၍ နောက်မှ ဆက်သွယ် မေးမြန်းပြီး တင်ဆက်ပါဦးမည်။
Related posts:



>ဴမန္မာဴပည္ရႀိရာကို မဵက္ႎႀာမူပၝ အဲဒီအရပ္မႀာ သင္ရဲႛ အိမ် ရြိသည်
>Talk with U Yaza Dama
>Art Works smuggled from Insein Jail from political prisoner students
>Maung Swan Yi - Enforcing the Law
>Than Soe Hlaing - Insein Prison, the potrait of oppression in Burma
>Thailand's army calls for new elections
ကျုပ်တို့နိုင်ငံ ကျုပ်တို့ပြန်မလာရင်
>irrawaddy delta on Apr 1
>စစ်အစိုးရိံငြ့်မပူးပေၝင်းရန် မဵြိးဆက်သစ်လူငယ် တိုက်တနြ်း

စာဖတ်သူတွေရဲ့အသံ