>No More Nargis – told U Win Tin

>

မြန်မာပြည် ရေဒုက္ခ – ဒုတိယနာဂစ်လိုမျိုး မမြင်လိုပါ – အတိုက်အခံခေါင်းဆောင် ဦးဝင်းတင် ပြောကြား
အင်န်အယ်ဒီ ခေါင်းစဉ်ဖြင့်သာ ရပ်တည်ကြမည်၊ မိမိတဦးတည်း သီးခြားလှုပ်ရှားမည် မဟုတ်ဟု ဆို
မိုးမခ
မေ ၁၅၊ ၂၀၁၀
ယမန်နေ့ အင်န်အယ်ဒီပါတီ၏ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နှင့် တွေ့ဆုံခဲ့ရာတွင် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးဌာန လက်ထောက်အတွင်းဝန် ကင်းဘဲခရီးစဉ်အပြီး လက်ရှိအခြေအနေများကို မေးမြန်းခဲ့ပါတယ်။
ဆရာဦးဝင်းတင်က ပြောကြားရာတွင် – မိမိတို့အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ကန့်ကွက်သောအားဖြင့် ပါတီကို ထပ်မံမှတ်ပုံမတင်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအင်အားစုတရပ်အနေဖြင့် တိုင်းပြည်၏ နိုင်ငံရေး၊ လူမှုရေးနှင့် လူထုကို မျက်နှာမူသော အရေးကိစ္စများကို ဆောင်ရွက်သွားမည်အကြောင်းကို အမေရိကန်ကိုယ်စားလှယ်များကို ရှင်းလင်းပြောပြခဲ့ကြောင်း၊ အမေရိကန်ကိုယ်စားလှယ် ကင်းဘဲကလည်း ရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ၊ မ၀င်သည် ဖြစ်စေ အင်န်အယ်ဒီ၏ ရပ်တည်ချက်ကို ၎င်းတို့က လေးစားကြောင်း၊ အသိအမှတ်ပြုကြောင်း၊ နိုင်ငံရေးအင်အားစု (Political Entity) တခုအဖြစ် ဆက်လက် ဆက်ဆံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်တို့ကို ပြန်လည် ပြောပြခဲ့ပါတယ်။
မိုးမခက အမေရိကန်ကိုယ်စားလှယ်များ၏ ခရီးစဉ်အပြီး ပြည်တွင်းနှင့် အင်န်အယ်ဒီပတ်ဝန်းကျင်၊ နိုင်ငံတကာမိသားစုများ ပတ်ဝန်းကျင်၏ တုန့်ပြန်မှုများ၊ အသံများကို ဘယ်သို့ ထင်မြင်ကြောင်း မေးမြန်းခဲ့ပါတယ်။
“အင်န်အယ်ဒီရုံးချုပ်နားမှာတော့ ပုံမှန်ပဲ လူတွေက သွားလာ လည်ပတ်နေသေးတယ်။ တနေ့ချင်းကတော့ အနှောက်အယှက်မတွေ့ရပါဘူး။ သို့သော် ဒါက ဘာမှ သေချာ ပြောလို့ရတယ် အခြေအနေမဟုတ်ဘူး။
ကျနော်တို့ကို ပြောကြတဲ့အထဲမှာ ကင်းဘဲက မြန်မာစစ်အစိုးရရဲ့ သဘောထားကို စိတ်ပျက်မိတယ်လို့ ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေကို Well Informed ဖြစ်တယ်လို့ သူတို့တွေက ပြောကြတယ်။ အကျယ်ချုပ် ကျခံနေရပေမယ့် တိုင်းပြည်အခြေအနေကို ရှင်းရှင်း သဘောပေါက်နားလည်ထားတယ် လို့ ပြောချင်တယ်နဲ့ တူပါတယ်။ နောက်ပြီးတော့ အင်န်အယ်ဒီကနေ ခွဲထွက်ပြီး သွားကြတဲ့သူတွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဖြစ်သလဲဆိုတော့ – UNHAPPY ဖြစ်တယ်။ စိတ်မချမ်းသာဖြစ်ရတယ်လို့ ဆိုတယ်။ ဒီလူတွေက Betray လုပ်သွားတယ် (သစ္စာဖောက်သွားတယ်) လို့ သဘောထားတယ်လို့ ပြောတယ်လို့ ဆိုပါတယ်။”
အဲသည်မှာ မိုးမခမေးတဲ့ အချက်တခုကတော့ – အင်န်အယ်ဒီက ထွက်ခွာသွားပြီး ၂၀၁၀ ရွေးကောက်ပွဲကို သွားရောက်မှတ်ပုံတင်ကြတဲ့ ပါတီရဲ့ အပဲ့အစင်အုပ်စုတွေကို ပြည်တွင်းနဲ့ ပြည်ပက အင်အားတချို့၊ ပုဂ္ဂိုလ်အချို့ကနေပြီး အကြံဉာဏ်များ ပေးခြင်း၊ ငွေကြေး ထောက်ပံ့မှုများ ပေးခြင်းတို့တွေ လုပ်နေကြတယ်၊ ဒါ့အပြင် ဒီမိုကရေစီအရေး အားပေးတဲ့ နိုင်ငံကြီးများရဲ့ စစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားနိုင်စေဖို့၊ ကန့်ကွက်နိုင်စေဖို့ ဖြစ်လာနိုင်တဲ့ အင်န်အယ်ဒီလွန် ပါတီတရပ် ဖြစ်လာအောင် ပြင်ဆင်နေတယ် ဆိုတဲ့ အချက်ကို မေးပါတယ်။
“ အဲဒါမျိုးကိုတော့ ကျနော်တို့ အတိအကျ မသိပါဘူး။” လို့ ဆရာက တိုတိုပဲ ဖြေကြားပါတယ်။
 ဆရာက ယခု မြန်မာပြည်တ၀ှမ်းမှာ ရင်ဆိုင်နေရာတဲ့ ရေဒုက္ခ အရေးကိစ္စများအပေါ်မှာ ဖြေကြားရာမှာ -
“ အခုလိုမျိုး မတိုင်ခင်က နာဂစ်ဒေသတွေမှာ ရေရှိရှိဖို့အတွက် ဦးအုန်းကြိုင်ဦးဆောင်တဲ့ အင်န်အယ်ဒီအလုပ်အဖွဲ့တွေက ဆောင်ရွက်နေကြတာတွေ ရှိပါတယ်။ အခုလို ဖြစ်လာတော့လည်း အဲသည် နေရာဒေသတွေကို အင်န်အယ်ဒီပါတီက အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့တွေ အဆင့်ဆင့် သွားကြတယ်။ ကူကြတယ်။ ဦးအုန်းကြိုင်လည်း အခု အဲဒီကို ဆင်းသွားပြီ ဖြစ်ပါတယ်။ နောက် ကျော်သူတို့ နာရေးကူညီမှုအသင်းကလည်း သွားရောက် ကူညီနေပြီလို့ သိရပါတယ်။
ဒါပေမယ့် – အခုလိုမျိုး လူမှုရေးအကူအညီတွေ ပေးကြတဲ့နေရာမှာ၊ အင်န်အယ်ဒီက သွားတယ်၊ ၀င်တယ် ကြားတာနဲ့ ရိုးရိုး ဒေသခံတွေ၊ လုပ်ငန်းရှင်တွေ၊ လူအများကူညီနေကြတာကို အာဏာပိုင်တွေက စစ်ဆေးတယ်၊ အနှောက်အယှက်ပေးကြတယ်လို့ ကြားရတာတော့ မကောင်းဘူးပေါ့။ သို့သော် အားလုံးက လူမှုရေး ကူညီရေးလုပ်ကြတဲ့နေရာမှာ ခြိမ်းခြောက်မှုတွေကြားက မကြောက်မရွံ့နဲ့ ဆက်လက် လုပ်ဆောင်နေကြတယ် ကြားရတော့ ၀မ်းသာပါတယ်။
အရင်တုံးကဆိုရင် နာဂစ်ကာလတုန်းမှာ အင်န်အယ်ဒီက ဦးအုန်းကြိုင်တို့ အလုပ်အဖွဲ့က သွားပြီး ကယ်ဆယ်ရေး စောင့်ရှောက်ရေးတွေ လုပ်ခဲ့ကြတော့ အဖမ်းအဆီး ခံကြရတယ်။ အဲသလို အဖမ်းခံရသူတွေ အများကြီး ရှိခဲ့တယ်။ ခုချိန်မှာ လူတွေ ရေဘေးဒုက္ခတွေ့ကြချိန်မှာ ကူညီနိုင်တဲ့ စေတနာရှင်တွေက ၀ိုင်းကူကြတဲ့ဆီမှာ အဲသလို ဒုတိယနာဂစ်လိုမျိုး မမြင်လိုပါဘူး။
ဦးအုံးကြိုင်တို့ ပြန်မရောက်လာသေးတော့ ကျနော်က အသေးစိတ် မပြောနိုင်သေးပါဘူး။ ဒါပေမယ့် အင်န်အယ်ဒီက လူမှုရေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်ကြတဲ့နေရာမှာ ရှေ့ကနေပြီး လုပ်ရမှ မဟုတ်ပါဘူး။ အားလုံးနဲ့ အတူတူ၊ ဒေသခံတွေနဲ့ အတူတူ နောက်က လိုက်လုပ်မယ်။ လက်တွဲပြီး လိုက်လုပ်ကြမယ်။ အဲလိုမျိုး ပြောချင်ပါတယ်”
နောက်ဆုံးတခုအနေနဲ့ မိုးမခက မေးတဲ့ ကိစ္စကတော့ လွန်ခဲ့တဲ့ တပတ်ခန့်က ဦးဝင်းတင်ပါဝင်တဲ့ လက်မှတ်ထိုးလှုပ်ရှားမှု (Signature Campaign) တခုနဲ့ တောင်းဆိုချက်တွေ ထုတ်ပြန်တယ် ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ ပါတီရဲ့ ရပ်တည်ချက်တွေကို သွေဖီပြီး ဦးခင်မောင်ဆွေနဲ့ အပေါင်းအပါများက ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်ကြချိန်မှာ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အဲသည်လို ဆောင်ရွက်ချက်ကို ရှုတ်ချတဲ့သဘောထား ပြတဲ့အချိန်မှာ ဦးဝင်းတင်က ပါတီခေါင်းစဉ်နဲ့ အတူမဟုတ်ဘဲ သီးခြား လှုပ်ရှားမှုတွေ လုပ်ဆောင်သည့် သဘောထား ရှိသလားလို့ မေးမြန်းခဲ့ပါတယ်။
“ ကျနော်ကတော့ မြန်မာပြည်နဲ့ ပြည်သူလူထုရဲ့ အရေးကိစ္စမှန်သမျှမှာ၊ တိုင်းပြည်အကျိုးရှိတဲ့ ကိစ္စမှန်သမျှကို ကျနော့်အနေနဲ့ ရပ်တည်ပေးမယ်။ ကူညီမယ်။ ၀ိုင်းဝန်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျနော်အခုဆိုရင် သာရေး နာရေးတွေ ဖိတ်ကြားရင် သွားတယ်။ ရဲဘော်တွေ မိသားစုတွေကို အိမ်တိုင်ရာရောက် သတင်းမေးတယ်။ သို့သော် အင်န်အယ်ဒီပါတီခေါင်းစဉ် အောက်မှာပဲ ကျနော်တို့ အင်န်အယ်ဒီပါတီဝင်တွေအားလုံးက အတူတူ ရပ်တည်ကြမှာ ဖြစ်တယ်။ နိုင်ငံရေးကိစ္စ၊ လူထုနိုင်ငံရေးကို မျက်နှာမူတဲ့ လူမှုရေးကိစ္စတွေ အားလုံးကိုတော့ ကျနော်တဦးတည်း သီးခြားမလုပ်ပါဘူး။ ပါတီနဲ့ လက်တွဲပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ ကျနော်ကို လာပြောကြရင်၊ တိုင်ပင်ကြရင်လည်း ကျနော်က ရိုးရိုးသားသား အမှန်အတိုင်း ပြောဆို တင်ပြသွားမှာ ဖြစ်ပါတယ်။ ကျနော်က ပါတီနဲ့ အတူ ရှေ့မှာဆောင်ရွက်ခဲ့တဲ့ အစဉ်အလာအတိုင်း မသွေဖီဘဲနဲ့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အခုမေးတဲ့ကိစ္စက ကျနော့်ကို လာရောက် အသိပေး တိုင်ပင်ပြီး လုပ်တာ မဟုတ်ပါဘူး။ အဲသလောက် ပြောချင်ပါတယ်။”
လို့ ဆရာဦးဝင်းတင်က ဖြေကြားသွားပါတယ်။

Related posts:

  1. >The Flowers of Nargis – Burmese Poets rasied fund to help Nargis Victims with their Poems
  2. >Burmese Junta taggets triple ten date as their election day – news told
  3. >NLD headquarter should be restranint from holding political activities and receiving non Burmese guest – Daw Suu told U Nyan Win – sources
  4. >Pirated CD DVD market to be cracked down by the city officials – sources told
  5. >Saung Yun La – 2 stops after Nargis

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

MoeMaKa Special - Suu 66 Book

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ