>Rgn journals and a step forward

>

ပြည်တွင်း သတင်းဂျာနယ်များ ခြေတလှမ်းတိုး
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၂၂၊ ၂၀၁၀

လွန်ခဲ့တဲ့ သီတင်းပတ် စခါစကတည်းက ပြည်တွင်းဂျာနယ်တွေက နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းချက်တွေကို ဖေါ်ပြဖို့ စာပေစိစစ်ရေးဆီ တင်ပြခဲ့ကြပါတယ်။ သို့ပေမယ့် ယခုအချိန်ထိတော့ ဘယ်ဂျာနယ်မှ ဖေါ်ပြခွင့် မရခဲ့ကြသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ခေတ်ဂျာနယ်နဲ့ ဗီးနပ်စ်ဂျာနယ် နှစ်စောင်ကို ဒီဇင်ဘာလ ၁၄ ရက် တစ်ရက်ထည်းမှာ တွေ့ဆုံဖြေကြားခဲ့ပြီးနောက် ရက်ပိုင်းမှာ အခြားသတင်းဂျာနယ်များဖြစ်တဲ့ `The Voice´ ၊ `7DAY´နဲ့ ရန်ကုန်တိုင်းမ် ဂျာနယ်တွေကို ထပ်ပြီး လက်ခံ ဖြေကြားခဲ့ပါတယ်။

စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖေါ်ပြခွင့်ပြုမယ်၊ မပြုဘူးဆိုတာကို ပြည်တွင်းဂျာနယ်တွေကို အသိပေးထားခြင်း မရှိပါဘူး။ ဒါကြေကာင့် ပြည်တွင်းဂျာနယ်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ သတင်း၊ သားဖြစ်သူ ရန်ကုန်သို့ အလည်လာရောက်တဲ့ သတင်းတွေ ဖေါ်ပြခွင့်ရခဲ့ကြတဲ့ နောက်မှာ ယခုလို တွေ့ဆုံမေးမြန်းတဲ့ အစီအစဉ်တွေကို ဖေါ်ပြဖို့ လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

သို့ပေမယ့် သားဖြစ်သူပြန်လာတဲ့ သတင်း ဖေါ်ပြပြီး နောက်ပိုင်း သူ့နဲ့ ပတ်သက်တဲ့ သတင်းတွေကို တောက်လျှောက် ပယ်ချနေခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်တွင်းမီဒီယာများမှာ ရေးသားနေတဲ့ အလွတ်သတင်းထောက် တစ်ဦးကတော့ “ပြည်တွင်းက သတင်းသမားတွေ အနေနဲ့ ရွေးကောက်ပွဲ သတင်းတွေ လိုက်ပြီးနောက်၊ ဒေါ်စုလွတ်တဲ့ သတင်းတွေကို စိတ်ဝင်တစားလိုက်ခဲ့ကြတယ်။ အရင်က နိုင်ငံရေး သတင်း ဆိုလို့ အသက်မပါတဲ့ စစ်အစိုးရရဲ့ အခမ်းအနား ကြေညာချက်တွေ လောက်သာ သူတို့ဖေါ်ပြခွင့်ပြုတဲ့ အရေးအသားအတိုင်း ဖေါ်ပြခဲ့ကြရတာ။ အခုလို အသက်ဝင်တဲ့ နိုင်ငံရေး သတင်းမျိုး လိုက်ကြရ၊ ရေးကြရလို့ တက်ကြွနေတာတွေ့ရတယ်။ ဖေါ်ပြခွင့် မရတာကတော့ စိတ်မကောင်းစရာပေါ့´´လို့ ပြောပါတယ်။

အပတ်စဉ်ထုတ် ဂျာနယ်များ၊ လစဉ်ထုတ် မဂ္ဂဇင်းများအပါအ၀င် လုံးချင်းစာအုပ်ထုတ်ဝေမှု အားလုံးကို နာမည်ကျော် စာပေစိစစ်ရေးဌာနကို တင်ပြကြရပြီး ခွင့်ပြုချက်ရမှ ပုံနှိပ်ပြီး ထုတ်ဝေကြရပါတယ်။

စာပေစိစစ်ရေးနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဌာနကို တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး သတင်း၊ အနုပညာရသ စာပေ၊ ဘာသာရေးစာပေများ အထိ စိစစ်ခံနေကြရပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ပြီး မကြာမီ အစိုးရသစ်ကို ဖွဲ့စည်းမှာ ဖြစ်ပေမယ့် စာပေစိစစ်ရေး ဌာနကို ဖျက်သိမ်းမယ့် လက္ခဏာ မတွေ့ရှိရသေးပါဘူး။

Related posts:

  1. >SPDC’s next step
  2. >Tin Maung oO’s second step in Thailand
  3. >Court tells Thailand’s Samak to step down

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

Interview with U Win Tin

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ