>Mar Mar Aye – 362

>

“ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ်” အမှတ်(၃၆၂)
သူငယ်ချင်း ကိုကျော်ညွှန့်
မာမာအေး
ဇန်န၀ါရီ ၉၊ ၂၀၁၁

ဤနေရာတွင် BBC က ထုတ်လွှင့်ခဲ့သည့် မူရင်း အသံလွှင့်ဆောင်းပါးကို နားဆင်နိုင်သည်။


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ နှစ်ထောင့်တစ်ဆယ်ခုနှစ်ရဲ့ နောက်ဆုံးပတ်က မာအေးရဲ့ အစီအစဉ်မှာ ဒီဖက်နှစ် “နှစ်ထောင့် တစ်ဆယ့်တစ်” နှစ်သစ်အကြိုကို ရည်မှန်းပြီးတော့ ‘မေတ္တာစုန်ရေ’ သီချင်းလေးနဲ့ လှမ်းဆုတောင်းခဲ့ပါတယ် ရှင်။ “ကျန်းမာသက်ရှည် အဆင်ပြေကြပါစေ” လို့တောင် အပိုထပ်ဆောင်းလိုက်ပါသေးရော။

မနှစ်ကပဲ မြန်မာနှစ်ဆန်း (၁)ရက်မှာ ဆုတောင်းသီချင်းလေးတပုဒ် ‘မင်္ဂလာအမိ မြန်မာပြည်’ကို အင်တာနက်မှာ တင်ပေးထုတ်လွှင့်ခဲ့ပါတယ်။ မာအေးရဲ့ သောတရှင်များက သီချင်းသစ်တွေ ကြားချင်တယ် ဆိုလို့ပါ။ ကိုယ်တိုင်ကျဲနေရတာက ဂီတစာဆို မရှိလို့ပါ။ ကိုယ့်နိုင်ငံမှာတုန်းကတော့ ကိုယ့်ဆီ သီချင်းတွေ ပို့ကြတဲ့အခါ လိုတာ တွေ့ရင် ဖြည့်လိုက်ပါလို့ စိတ်ချစွာ အပ်နှံထားကြတာကိုး။ သီချင်းတိုက်ကြည့်တဲ့အခါ လိုတယ် ထင်ရင် ပြင်ဆင် ဖြည့်ဆည်း ပေးရတော့တာပေါ့။ ဒီအတွေ့အကြုံကို ပြန်လှန်တွေး ကြံဖန်ရေးတော့ မာအေးဖေါင်ဒေးရှင်းကလေးရဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်လေ။ ပံ့ပိုးပေးတဲ့ LA က မိတ်ဆွေတွေနဲ့ နှစ်ထောင့် တစ်ဆယ် ဥရောပ ခရီးစဉ်မှာ ဆုံရတဲ့ ‘ဒိန်းမတ်နိုင်ငံ’ရောက် မိတ်ဆွေတချို့ကလည်း ဝမ်းသာမှာပါ။ ချစ်ဆွေတို့ကို လက်ဆောင်ပေးစရာကလည်း မာအေးမှာ ဂီတပဲ ရှိတာဘဲ။ တခဏလေး ရွှေရင်အေးကောင်းပါရဲ့။

သီချင်းအဓိပ္ပါယ်ကလည်း ရှင်းစရာမှ မလိုဘဲ။ ရိုးရိုးလေးပါ။ ကိုယ်ကပေးတဲ့ အကြင်နာ မေတ္တာမျိုးနဲ့ ကူရင်လှူရင် တူသောအကျိုးရမယ်လို့ ပြောတာပေါ့ရှင်။ တလောက ဧရာဝတီမှာ သီချင်းတပုဒ် တင်လိုက်တာ တွေ့ပေမယ့် မာအေး မတတ်နိုင်လိုက်ဖူးမို့လား။ ကိုယ်တိုင်ကလည်း လက်သင်လောက် ရှိသေးတာ၊ ဘယ်ရေးဝံ့ပါ့မလဲ။ စုလေးအတွက်ဆို တသက်လုံးတည်စေမယ့် စာမျိုး အသံမျိုး အဓိပ္ပါယ်မျိုးနဲ့ ပြည့်စုံမှ ဖြစ်မှာမို့လို့ပါရှင်။ ရေးဖြစ်ပြီးရော၊ ဆိုဖြစ်ပြီးရော၊ ဘုံးပေါလအော ဖြစ်လာရင် ကိုယ်တင်ချင်တဲ့ပုဂ္ဂိုလ် အမှတ်လျော့မှာကိုလည်း တွက်ရပါသေးတယ်။ နောင်မှပေါ့နော်။

မာအေးရဲ့ ဒီနှစ် နှစ်သစ်အတွက် သီချင်းကလေးရဲ့ တီးလုံးကို ကျော်ကျော်နိုင်က တကိုယ်တော် တီးခတ် ဖန်တီးပေးပါတယ်။ ဒီတခါတော့ စတူဒီယို ငှားပြီး အသံသွင်းခဲ့တာပါ။ အာရှသား လာအိုလေးတယောက် ဦးစီးတဲ့ “Q DEE2 Ent.” ခေါ်တဲ့ အသံသွင်းခန်းမှာ “Dennis Watson”ဆိုတဲ့ အမေရိကန်လူမည်းလေးက အသံဖမ်းပေးပါတယ်။ ဒီလူငယ် ဂီတဝါသနာရှင်လေးတွေဟာ မာအေးတို့ အမေရိကန် ရွာကလေးရဲ့ တောင်ပိုင်းက မာအေး ဝမ်းမနာသား ဗမာလူငယ်များနဲ့ အပေါင်းအသင်းတွေ တဲ့၊ မာအေးသားတော်မောင်တွေ အလှော်ကောင်းလို့ အသံသွင်းလုပ်ငန်း ထောင်ကြတာဆိုပဲ။ မာအေးသီချင်းတွေ အများကြီး ဆိုခဲ့တာကအစ သိနေကြပြီး၊ ခေါ်တာလည်း “မာမား” တဲ့၊ အမေပါဘဲလေ။

အရင်တပါတ်က နှစ်သစ်ကူးမယ့်အခါမို့ ရာသီစာသီချင်းလေး ကြားဖြတ်တင်ပေးလိုက်ရတယ်။ သူငယ်ချင်း ကိုကျော်ညွှန့်အကြောင်း ပြောနေရင်းမို့လား . . ။ ပြန်ဆက်သွားဦးမှ ဖြစ်မယ်။ ဂီတကောင်စီကိစ္စတွေ ကူကြရင်း သူငယ်ချင်းအုပ်စုထဲ သူပါလာတာပါ။ လူက ခပ်ညှက်ညှက် သေးသေးရှည်ရှည်နဲ့ တခါမှ ဝလာတာကို မရှိဘူး။ သူတထူးကို သိပ်ကူညီတတ်တဲ့ ကိစ္စကြောင့် ဒုက္ခတွေ ရယူ၊ မအေးချမ်းတဲ့သူ အဖြစ်နဲ့ အုပ်စုထဲက ပျောက်ပျောက် သွားတတ်လို့ မဆက်ခဲ့ရဘူး။ တွေ့စကတော့ သူဟာ မူလတန်းကျောင်းဆရာလေးမို့ ကျောင်းဆရာ၊ ကျောင်းဆရာနဲ့ ခေါ်ကြတာပါပဲ။ “အုန်းစက်ပါ ဘုန်းလင်္ကျာဝယ်၊ ကိုယ့်အမျိုးချစ်သူမို့ပါ၊ ချစ်သူ့ကိုယ်စား၊ ပပဝင်း” စတဲ့ သီချင်းတွေဟာ သူ့အောင်မြင်တဲ့ သီချင်းတွေပေါ့။ မိုးအဖွဲ့ကို တည်ထောင်ထားတာမို့ ဆိုတာရော ရေးတာပါ အများကြီး ရှိပါတယ်။ မာအေးအတွက် သူရေးထားတဲ့ သီချင်းတပုဒ်လည်း ရှိခဲ့ဖူးပါတယ်။ ဒီသီချင်းကြောင့် သူ့ကို စိတ်ကောက်ခဲ့တာ ပြောပြချင်လို့ နားထောင်ကြည့်စမ်းပါဦး။

“ချစ်သူ့ပြောသံ”
ရေး . . . ကိုကျော်ညွှန့်


မိုးမြေသိမ့်သိမ့် . . . အော် ရင်မှာ ငြိမ့်ပါဘိ . . ကြားရလေသည့် ချစ်သူရဲ့ စကားသံတွေ . . . . .
နွေလဲအဆုံး၊ မိုးလဲအဆုံးတိုင်၊ ဆောင်းမှာ မမုန်းနိုင်၊ မောင်ဖျာ့ . ၊ နှမငယ် အနေခက် ပါဘိ၊ ချွေသက်နှုတ်တော်ဖျားက ချစ်စကားလှစ်ကြား ချစ်အားတော်မူနိုင်၊ စမ်းရေစီးသံလိုလို၊ စောင်းသံညှိသံလိုလို၊ နားဝမှာ ချိုလှပါရဲ့ ချစ်သူစကား . . . နားဝယ်လျှံသည့်တိုင် . . . . .
ပြာလဲ့လဲ့ မိုးကောင်းကင်ထက်၊ ဝိုင်းဝိုင်းစက်စက် လဝန်းထွက်သည့် ညများကို၊ ရင်မှ သတိတရ မမေ့ပါနိုင်၊ ချစ်တဲ့သက်ဝေညှာခိုင်၊ ချစ်တဲ့အကြောင်း ထောင်သောင်းမက မိုးမှ ငွေကြယ်ပွင့်တွေအလား များပြားလွန်းသည့်ပမာ ချစ်စကားတိုင်၊ မယ့်ကေသာဦးမှာ သူလေ သဇင်ပန်းတွေ တယုတယ ပန်ပေးတာများ . . အသဲများ အေးလှပါသည်။ ကြင်သူသက်မှူး အချစ်ဦး . . . ၊ မေ့နိုင်ဘူး ကမ္ဘာမြေဆုံးသည့်တိုင် . . . . .
ငွေလရောင်နဲ့ ကုမုဒြာ ပေါင်းပါမှ ပွင့်မြတ်ချပ်လွှာ ပွင့်လာနိုင် . . . ၊ မေနဲ့ မောင့်ဘဝ သည်နှယ်သည်သို့သာ၊ မေတ္တာသဘော သစ္စာနှောလို့ ချစ်ခြင်းခိုင်၊ မောင့်မေတ္တာ လရောင်ရိပ် ချွေးသိပ် အပန်းဖြေနိုင်၊ အေးရိပ်စခန်းမြေတိုင် . . ၊ အစဉ်ဘဝ သစ္စာမပြယ်ပါနိုင်၊ ကြင်သမျှ အချစ်မှာ ကုဋေကုဋာတိုင်၊ ရင်မှ မေတ္တာစွေကာ ခွဲမရပါနိုင် . . . သဲမြညှာခိုင် . . . . .


The Best Friends Library

No related posts.

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

MoeMaKa Special - Suu 66 Book

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ