>Dr Maung Ba Chit – The Truth

>

မှန်
ဒေါက်တာ မောင်ဘချစ်
မေ ၁၁၊ ၂၀၁၁
မှန်တိုင်းလည်း မကောင်းဘူး။

မှန်တိုင်း ဘယ်ကောင်းမလဲဗျ၊ သေနတ်မှန်ရင် သေတာပဲမဟုတ်လား။

တခုတော့ရှိတာပေါ့။ အဲဒီသေနတ်ဟာ သူများကိုမှန်လား ကိုယ့်ကိုယ်ကိုယ် မှန်သလားဆိုတာပါပဲ။
မကြာသေးမီက အိုစမာဘင်လာဒင် ‘မှန်’ သွားသည်။ သေနတ်မှန်ပြီး သေတာပေါ့။ သူ့အဖြစ်က ဆိုးသည်။ ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံဝမ်းသာကြပေမယ့် မောင်ဘချစ်တို့ဆီမှာတော့ ဝမ်းနည်းသူတွေ ရှိဟန်တူသည်။
ဒါကို သတင်းအနေနဲ့မယူဆလို့လား မသိပါဘူး။ မြန်မာသတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံတို့မှာ ဒီသတင်းကို မထည့်ပါဘူး။ (အီးမှန်သွားဟန် တူသည်) မြန်မာသတင်းအဖွဲ့ (စာပေစာနယ်ဇင်းအဖွဲ့) တွေကလည်း ပါကစ္စတန်ကို သွားလေ့ရှိသည်။ ဘယ်လို ဆက်စပ်တယ်တော့ မသိပါဘူး။
တခုတော့ ရှိသည်။ ပါကစ္စတန်က ရင်းနှီးမြှုပ်နှံသူတွေ အရှေ့အလယ်ပိုင်းက ရင်းနှီးမြှုပ်နှံသူတို့သည် ပြည်တွင်းက မွတ်ဆလင်တွေနဲ့ ပေါင်းလုပ်နေကြသည်။ သူတို့ရဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေဖြစ်သည့် Shine တို့၊ Naing တို့ဆိုတာ ဗိုလ်ချုပ် တဝက်၊ အယ်ကိုင်းဒါး တဝက် လို့တောင် ဆိုနေကြသည်။

ဒါဟာ စစ်တပ်ကို အဲလေ … စစ်ဗိုလ်ချုပ်တွေကို သွားပုတ်လေလွင့် ပြောတာဖြစ်မှာပါလို့ မောင်ဘချစ် ယုံကြည်သည်။
သူတို့စီးပွားရေးလုပ်တာ အတော်ဝါသနာပါဟန် တူသည်။ (ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်) စဉ်းစားကြည့်လေ။ စားအုံးဆီကို ကုမ္ပဏီ ၁၃ ခုက အင်ပို့ဒ်လိုင်စင် ရသတဲ့။သူတို့နဲ့ဆိုင်သူတွေချည်းပါပဲ။ ဖဆပလ အစိုးရလက်ထက်က အင်ပို့ဒ်လိုင်စင် ရောင်းစားတာကို ကြားဖူးမှာပါ။ နိုင်ငံရေးသမားနဲ့ ဆက်နွှယ်တဲ့သူတွေဟာ သူတို့ရထားတဲ့ လိုင်စင်တွေကိုရောင်းစားပြီး ကားဝယ်၊ တိုက်ဆောက်ကြသတဲ့။ ခုတော့ အင်ပို့ဒ်လိုင်စင် ဘာရောင်းစားစရာလိုလဲ။ ရောင်းမစားပါဘူး။ ပေါင်းစားကြပါသည်။
ကြံ့ဖွတ်၊ ဇေကမ္ဘာ၊ ဦးပိုင် စသည့် အဖွဲ့အစည်းများသည် စားအုံးဆီ လိုင်စင်တွေကို ရသည်။
ကြံဖွတ်သည် ယခင်က လူမှုရေးအဖွဲ့။ ယခု နိုင်ငံရေးအဖွဲ့။
ဇေကမ္ဘာကတော့ ယခင် စီးပွားရေး၊ ဆောက်လုပ်ရေး လုပ်သည်။ ယခု နိုင်ငံရေးသမား ဒေါက်တာခင်ရွှေပါ။ စားလို့ရသမျှ အကုန်စားသည်။
ဦးပိုင်က စစ်တပ်။
သူတို့က စီးပွားရေး လုပ်တာလား၊ နိုင်ငံရေး လုပ်တာလား။ ဒါမှမဟုတ် ဘာလုပ်တာလဲ။
မောင်ဘချစ်တော့ တော်တော်လေး အံ့သြသွားသည်။ ဦးပိုင်ဆိုတာ ပြည်သူပိုင် အဆောက်အဦတွေကို ခပ်တည်တည်နှင့် သိမ်းယူသည်။ သူတို့က စစ်တပ်ပါ။ စစ်တပ်ဆိုတာ ပြည်သူက ဖွဲ့ပေးထားတာလေ။ သူက ပြည်သူပေးတဲ့လစာကို ယူတယ်။ ပြည်သူကျွေးတဲ့ထမင်းကို စားတယ်။ ပြီးတော့ ဘာလို့ ပြည်သူကို လည်ပင်းညှစ်တာလဲ။
ဦးနေဝင်းလက်ထက်က ဆီစာအုပ် ဆိုပြီး ဖြစ်ခဲ့သည်။ ဆီစာအုပ်ကို သာမာန်အားဖြင့် ဆီထုတ်ခွင့် စာအုပ်တခုဟုသာယူဆရင် မှားပေမည်။ ၎င်းသည် တန်ဖိုးရှိသောအရာတခု ဖြစ်ခဲ့သည်။ ရောင်းစားလို့ ရသည်။ ပေါင်စားလို့ ရသည်။ စစ်တပ်၏ပထွေးကြီး ဗိုလ်ချုပ်နေဝင်း အဲဒီလောက်တောင် တော်သည်။
ဆီတပိဿာ (ကျွန်တော်မှတ်မိသလောက် ၂ ကျပ်ခွဲ) ကနေ ယနေ့ ဆီတပိဿာ ၄,၀၀၀ ကျော် ဖြစ်လာသည်။ တန်ဖိုးရှိအောင်လုပ်နိုင်စွမ်း အံ့မခမ်းပင်ဖြစ်သည်။
“ဆီ တပိဿာ ၄,၀၀၀ ဗျ” လို့ ဗိုလ်ချုပ် ဦးပိုင်ကိုပြောတော့ သူက မဲ့သည်။
“ဟာဗျာ၊ စာအုန်းဆီက ၂,၀၀၀ ကျော်ပဲလေ။ ခင်ဗျားတို့ ဘာလို့ မစားတာလဲ”
“ခင်ဗျား ‘ဆီ’ က ဆပ်ပြာချက်တဲ့ grade ဆို”
“ဟာဗျာ၊ ဒီဆီက ကော်လက်စထရော မရှိဘူး။ နိုင်ငံခြားမှာ မုန့်ဖုတ်တဲ့နေရာမှာ သုံးတယ်”
“ဒါဆို ခင်ဗျားတို့ကော ဒီဆီကို စားလား”
“ဟာဗျာ၊ ကျုပ်တို့က အပေါစားဆီတွေ မစားဘူး။ နိုင်ငံခြားကတင်သွင်းတဲ့ နေကြာဆီတို့၊ သံလွင်ဆီတို့ပဲ စားတာ ဟဲ … ဟဲ”
“ဘာလို့ ဒီကဈေးကြီးတဲ့ မြေပဲဆီတို့၊ ဖွဲနုဆီတို့ကို မစားတာလဲ”
“ဒီမှာ ခင်ဗျားကို ပြောရဦးမယ်။ အဲဒီဆီတွေအားလုံးက စားအုန်းဆီတွေ ရောတာဗျ”
“ဟင် …၊ ခင်ဗျား ဘယ်လိုသိလဲ”
“ကျုပ်တို့ပဲ ရောင်းပေးနေတာ။ ဥပမာ မကွေးက စားအုန်းဆီ ပိဿာ ၁၀၀ ဝယ်တယ်။ ရန်ကုန်ကနေ မကွေးကို အဲဒီဆီပေပါတွေ သယ်သွားတယ်။ နောက် မကွေးကနေ ဒီ ဆီပီပါ ၁၀၀ ပြန်လာတယ်”
“ဒီအတိုင်း ပြန်လာလား”
“ဟာဗျာ၊ ခင်ဗျားကလည်း အ,လိုက်တာ။ ရောတာပေါ့ဗျာ၊ အနံ့ထည့် အရောင်ထည့်ရသေးတယ်”
“စားအုန်းဆီ အကောင်းစားက အဖြူဆို”
“ဟုတ်တယ်လေ။ အဆံ Kernel ကနေထုတ်ရင်တော့ အဖြူကိုရတာပေါ့။ ခုဟာက အခွံရော ဘာရော ထည့်ကြိတ်ထားတာဗျ”
“အန္တရာယ် မရှိဘူးလား”
“ခင်ဗျား မြန်မာတိုင်းမ်တို့လို ဂျာနယ်တွေ မဖတ်ကြည့်ဘူးလား။ အထဲမှာ ရေးထားတယ်။ စားအုန်းဆီ ဘာမှအန္တရာယ် မရှိပါဘူးတဲ့။ စာလေးဘာလေးလည်း ဖတ်ပါဦး မောင်ဘချစ်ရာ”
စာဖတ်ဖို့ပြောလေ့ရှိတဲ့ မောင်ဘချစ်သည် ဦးပိုင် ငတိနဲ့တွေ့မှပဲ ‘ကျွတ်စကီး’ ပြသွားသည်။
“ခုဆို သွေးတိုးရောဂါဖြစ်သူတွေ များနေပြီဗျ”
“ဒါ ကမ္ဘာ့အဆင့် မီလာလို့ပေါ့ဗျာ။ ကျုပ်တို့က ဆေးတွေ သွင်းပေးထားတယ်။ အမြတ်နည်းနည်းပဲ ယူတယ်။ ဟဲ … ဟဲ … နောက် ပုဂ္ဂလိကဆေးရုံတွေကိုလည်း ကိရိယာတွေ တင်ပို့ရောင်းချပေးတယ်။ ပြည်သူတွေ ကျန်းမားရေးကို ဂရုစိုက်ပါတယ်”
မောင်ဘချစ် ကျော်ဟိန်းကို သတိရသွားသည်။ တခေတ်က မင်းသားကျော်ဟိန်းက ပြည်လုံးချမ်းသာ ဆိုသည့် ဆေးလိပ်ခုံကိုထောင်တယ်။ ပြည်သူတွေက ထောက်ခံ အားပေးပါတယ်။
‘ကျော်ဟိန်း ချမ်းသာ၊ ပြည်လုံး ချောင်းဆိုး’ ဟု ကျော်ကြားခဲ့ပါသည်။
ခုလည်း သူတို့က အဆင့်မမီ စားအုန်းဆီတွေကို တင်သွင်းကြသည်။ ‘ဗိုလ်ချုပ်ချမ်းသာ၊ ပြည်လုံးသွေးတိုး’ အဖြစ် ဆိုက်ပေတော့မည်။
လောလောဆယ် ပုဂ္ဂလိကဓာတ်ဆီဆိုင်တွေက ဓာတ်ဆီတွေကို ကားတွေ တန်းစီထုတ်သည်။ ၃ ရက် ၆ ဂါလံ ပေးသည်။
‘မရေး ၂၀၀၀၊ မတူ ၃,၀၀၀ ၊ မပါ ၄,၀၀၀ ပေးကြရသည်။
စာအုပ်တွင် မရေး ပါက ၂,၀၀၀ ပေးရသည်၊ (နောက်တဆိုင် ထပ်ထုတ်နိုင်သည်)
စာအုပ်က နံပါတ်နဲ့မတူပါက ၃,၀၀၀ ပေးရသည်။
စာအုပ် မပါလည်း ထည့်လို့ရသည်။ သူ့ကျတော့ ၄,၀၀၀ ပေးရသည်။
ဆိုင်က ပုဂ္ဂလိကပဲ။ သူလုပ်ချင်တာကို လုပ်သည်။ ဓာတ်ဆီအရောင်း စာရေး (စာရေးမများ) ခိုးယူတာလည်း မဟုတ်။ လာဘ်စားတာလည်း မဟုတ်တော့ သူ့ကိုအရေးယူဖို့ ဥပဒေလည်းမရှိပါဘူး။ ပိုင်ရှင်ကိုယ်တိုင်က ဘောက်ဆာ (Boxer) နှင့် ထုတ်ရောင်းသည်။ (Boxer ဆိုသည်မှာ ဂါလံ ၁,၅၀၀ ဆန့်သော ကားကြီးဖြစ်သည်) ကားတစီး ၄၅ သိန်းထိ မြတ်နိုင်သည်။ ဒေါ်လာ ၅,၀၀၀ ပေါ့။
ဒီမိုကရေစီလမ်းကြောင်းကို သူတို့ဘယ်လိုသွားကြမလဲ။ စဉ်းစားပါ။
နိဂုံး
အိုစမာဘင်လာဒင်က ၁၀ နှစ်ခန့် ရှောင်နေပါသည်။
နောက်တော့ မှန်သွားပါသည်။
စစ်အစိုးအရ နှစ် ၅၀ ခန့် ရှောင်နေပါသည်။
ဒီအတိုင်းတော့ မနေပါ။ ဒီမိုကရေစီလမ်းကြောင်းကို ရောက်ပြီပဲ။
မှန်ကို မှန်ရပေမည်။ ။

Related posts:

  1. >Ye Yint Thet Zwe – When Truth goes South
  2. >Tu Maung Nyo – See the truth with true eyes
  3. >Dr Maung Ba Chit – The Crime

Comments are closed.