>
နာရေး ဆင်ဆာ
ကျော်သူ
မေ ၁၆၊ ၂၀၁၁
မြန်မာ့ရုပ်ရှင်ဆင်ဆာ (သို့မဟုတ်) (ရုပ်ရှင်၊ ဂီတ၊ စာပေ၊ သဘင်၊ ပန်းချီ၊ ပန်းပု) စိစစ်ရေး အဖွဲ့ဟု ဆိုရာ၌ မြန်မာပြည်သူလူထုအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော လျှပ်ပေါ်လော်လီ ဝတ်စားဆင်ယင်မှု၊ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေမည့်ဝတ်ဆင်မှု၊ ယုတ်ရင်းကြမ်းတမ်းသော ပြောဆိုမှု၊ အမိအဖ/သားသမီး မိသားစုများကြည့်ရှုရန် မသင့်လျော်သော ပြကွက်များ၊ အမှုအရာများ၊ ကြောက်မက်ဖွယ်ရာ ရက်စက်မှုပြကွက်များ၊ ဘာသာသာသနာကို ထိခိုက်စော်ကားမှု ဖြစ်ပေါ်သော အပြုအမူ၊ အသုံးအနှုန်း၊ အပြောအဆိုများ၊ အမျိုးသားရေးကို ထိခိုက်စေမည့်ပြကွက်၊ ပြောဆိုအမူအရာများ၊ အမျိုးသားရေးကို လှုံ့ဆော်/ပုန်ကန်မှုကိုဖြစ်စေသော ပြကွက်များ … စသည် စသည်တို့ကို အများပြည်သူတို့အား မပြသသင့်၍ ပိတ်ပင်တားဆီး ကန့်သတ်သတိပေးရသော အဖွဲ့အစည်းတရပ်ဖြစ်ကြောင်းဟု ကျွန်တော် နားလည်မိပါသည်။
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)
ဘဘ ဦးသုခ မျိုးစေ့ချပေးခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)
အများပြည်သူတို့ကို (အခမဲ့) ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)
လူသားချင်းစာနာစိတ်ထား၍ ကူညီပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏
လှုပ်ရှားပေးဆပ်မှုများ၊ ကူညီဆောင်ရွက်ပေးမှုများပါရှိသော ဗီဒီယို (DVD) အချပ်များကို (ကန့်သတ်) ဟု ရေးသားရိုက်နှိပ်ကာ အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့ကို ကျေးဇူးတင်သည့်အနေဖြင့်၎င်း၊ မုဒိတာပွားများနိုင်ရန်၎င်း၊ မြန်မာ့ယဉ်ကျေးမှု ဘာသာသာသနာကို ဦးထိပ်ထား၍၎င်း၊ လူငယ်များ လူမှုရေးလုပ်ငန်းများ၊ လူသားချင်းစာနာစိတ်များ မွေးဖွားပေါ်ပေါက်လာစေရန်၎င်း ရည်ရွယ်ကာ အလှူရှင်များအတွက် (အခမဲ့) လှူဒါန်းမှုကို လုပ်ဆောင်ခဲ့ပါသည်။ ဗီဒီယိုဈေးကွက်အတွင်းသို့၎င်း၊ အများပြည်သူတို့အား၎င်း အခကြေးငွေဖြင့် ရောင်းချခြင်း လုံးဝ မပြုခဲ့ချေ။ ဤနည်းဖြင့်လည်း အလှူငွေ ရှာခဲ့ခြင်းလည်း လုံးဝ (လုံးဝ) မဟုတ်ခဲ့ချေ။ စီးပွားရေးလုပ်ငန်းတရပ်အနေဖြင့်လည်း ပြုလုပ်ခဲ့ခြင်းမရှိ။
ဂီတပညာရှင်များကလည်း မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ မုဒိတာတို့ဖြင့် လူမှုရေးလုပ်ငန်းဖြစ်သော အများပြည်သူတို့အား ဖေးမကူညီပေးသော ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် သီဆိုတီးခတ် ကုသိုလ်ယူပေးဆပ်ခဲ့ခြင်းဖြစ်သည်။ လူမှုရေး ဂီတအဆိုတော်များ၏ သီချင်းသံစဉ်တို့ဖြင့် ကျွန်တော်တို့၏ ပေးဆပ်ခဲ့သော၊ လူသားချင်း စာနာစိတ်မွေးသည့် လေးနက်သောလုပ်ရပ်များ၊ ဗြဟ္မစိုရ်တရား ၄ ပါးကို လက်ကိုင်ပြု၍ ပေးဆပ်မှုမှတ်တမ်းပုံရိပ်များဖြင့် ပုံဖော်ပြသပေးခြင်းသာ ဖြစ်သည်။ ကျွန်တော်တို့နည်းတူ (ကန့်သတ်)အဖြစ် အများပြည်သူတို့ လက်ဝယ်သို့ ဝေငှဖြန့်ဖြူး ထုတ်ဝေနေသော UN အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းအဖွဲ့များ၊ NGO အဖွဲ့များ၊ ဆရာတော်ကြီးများ၏ (ဓမ္မဒါန) တရားတော်အခွေများလည်း များစွာရှိခဲ့ပါသည်။
ယခုမူ … ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လှုပ်ရှားပေးဆပ်မှုများ၊ ကူညီ ဆောင်ရွက်ပေးဆပ်မှုများဖြစ်သည့် ဗီဒီယို (DVD) အချပ်၊ MTV အချပ်တို့အား ဆင်ဆာတင်ရမည်တဲ့ ဗျာ။
နာရေး (သေခြင်းတရား)များကို မပြသသင့်၍လား။
ဒိဋ္ဌိအယူဝါဒများကို မဖယ်ရှားချင်၍လား။
သံဝေဂများ မရစေချင်၍လား။
လူသားချင်းစာနာစိတ်များ မပေါ်ပေါက်စေချင်၍လား။
လူမှုရေးသမားများ မပေါ်ပေါက်စေချင်၍လား … ဟူ၍ တွေးမိတော့သည်။
“မသေရာအမှန် မြတ်နိဗ္ဗာန်”ကို ရောက်နေကြပြီလား ဟူ၍ မေးခွန်းထုတ်လိုက်ချင်ပါရဲ့။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ မြန်မာ့သူရဲကောင်းကြီးများဖြစ်ကြသော အဘမှိုင်း၊ ဆရာစံ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့် စသည့် အာဇာနည်ကြီးများ မသေဆုံးကြသေးပါ၊ ရှင်သန်နေဆဲ ဟု အားတက်တရော အတွေးစဝင်မိတော့သည်။
ကျွန်တော်တို့သည် ကိုယ့်လမ်း … ကိုယ်သွား
ကိုယ့်အလုပ် … ကိုယ်လုပ်
ကိုယ့်တာဝန် … ကိုယ်ကျေ
ကိုယ့်သီလ … ကိုယ်လုံ
ကိုယ့်သမိုင်း … ကိုယ်ရေးနေကြသည့် လူမှုရေးသမား (စစ်စစ်) များသာဖြစ်သည်။
ကျွန်တော်တို့သည် ဆင်းရဲသော မိသားစုဝင်များ၏ နာရေးအတွက်လည်း သင်္ဂြိုဟ်ပေးသည်။
ကျွန်တော်တို့သည် ချမ်းသာသော မိသားစုဝင်များ၏ နာရေးအတွက်လည်း သင်္ဂြိုဟ်ပေးသည်။
ကျွန်တော်တို့သည် နိုင်ငံရေးမိသားစုဝင်များ၏ နာရေးအတွက်လည်း သင်္ဂြိုဟ်ပေးသည်။
ကျွန်တော်တို့သည် ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင်များ၏ နာရေးအတွက်လည်း သင်္ဂြိုဟ်ပေးသည်။
ကျွန်တော်တို့သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေးတို့၏ နာရေးကိစ္စများကို “သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသင့်သည်” ဟူသော ဆောင်ပုဒ်အတိုင်း လူသားချင်းစာနာစိတ်ကို လူသားပီသစွာ ပေးဆပ်နေသော အမျိုးကောင်းသား/သမီးများဖြစ်သည်။ ကျပ်တည်းမှု၊ မွန်းကျပ်မှုများကို နာကျည်းမှု၊ ကလဲ့စားချေမှုတို့ဖြင့် ဖြေရှင်းပေးသော အဖွဲ့အစည်း မဟုတ်။ အမိနိုင်ငံတော်ကို ပုန်ကန်ကြမည့်သူများ မဟုတ်။ နိုင်ငံတော်အာဏာကို လုယူကြမည့် သူများလည်း မဟုတ်။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော မြတ်ဗုဒ္ဒ၏ ဗြဟ္မစိုရ်တရား ၄ ပါးတို့အား လက်ကိုင်ပြုကာ သံသရာထဲ ကျင်လည်ကြကုန်သော လူသားများအား မိမိတို့ တတ်စွမ်းသရွေ့ နိုင်သလောက် နိုင်ငံတော်အား ပံ့ပိုးဖေးမပေးမှုများကိုသာ လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။
ကျွန်တော် စဉ်းစားမိပြန်သည်။
“အော် … ငါ့ဘဝနှယ် … ကမ္ဘာမြေပြင်ကို ရောက်တုန်းရောက်ခိုက်၊ ဘဝပေး အခြေအနေကြောင့် ရုပ်ရှင်သရုပ်ဆောင် အနုပညာနယ်ပယ်ထဲကို ရောက်ခဲ့တယ်။ အဲဒီမှာ ဆင်ဆာအဖွဲ့ရဲ့ ဖြတ်တောက်မှု၊ ပိတ်ပင်မှု၊ သတိပေးမှု၊ တားမြစ်မှုတို့ကို ကြုံခဲ့ရတယ်။ ခုလည်း … မြန်မာ့ရုပ်ရှင်လောကကနေပြီး အပြီးပိုင်ထွက်ခွာပြီး လူသားအကျိုးပြုလုပ်ငန်းကို ပေးဆပ်ပြန်တော့လည်း ဒီဆင်ဆာအဖွဲ့ရဲ့ တားမြစ်မှု၊ ဖြတ်တောက်မှုတို့ကို ကြုံရပြန်ပါကလား” ဟု။
အတ္တနယ်မှာလည်း ဖြတ်၊ ပရနယ်ပယ်မှာလည်း ဖြတ်ခံရတဲ့ငါ … ။
“အေးလေ … အရင့်အရင်ဘဝတွေတုန်းက ငါကသူတို့ကို ဘာတွေများ သတိပေး၊ တားမြစ်၊ ဖြတ်တောက်၊ ပိတ်ဆို့မှုဆိုတာတွေ လုပ်ခဲ့သလဲ” လို့။
“ဝဋ်ဆိုတာ လည်တတ်တယ်” ဟုသာ အရှုံးပေးရတော့မလို။ သို့သော် “ကိုယ်ပြုသောကံ ပဲ့တင်သံ … ကိုယ့်ထံပြန်လည်ဦးမည်” ဖြစ်တော့သည်။
ကျော်သူ
(မြန်မာ့ရုပ်ရှင်လုပ်ငန်း ဆင်ဆာအဖွဲ့အစည်းအဝေးမှ ပဲ့တင်သံပြန်ကြားမှု၊ ၁၄.၅.၂၀၁၁ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး၊ ပြန်/ဆက်အရာရှိ၊ ဥပဒေအရာရှိ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ ခေါ်ယူသတိပေးမှုတို့ကို ပြန်လည်သုံးသပ်ခြင်းများနှင့်အတူ ညအချိန်တွင် အိပ်မက်တခုမက်ခြင်းသာ ဖြစ်တော့သည်။)
Related posts:





>Burmese Poet rasied funds for Nargis Victims with Poems
>Saung Yun La - December Poem
>5th Nov 2008 - MoeMaKa Wednesday Weekly
>Aung Tha Nge's poem - 12
>Maung Yit - First 4 Months in USA - conflict and confusion - left & right
>World News in Variety and Brief
>Burmese in Australia protest against Regime's 2010 Election
>Thiatsar Ni - Article
>Art NGO founded to do social support service at 3 year Nargis

စာဖတ်သူတွေရဲ့အသံ