>Maung Yit – Moments at Al Jazeera US Form part 1

>

အယ်ဂျာဇီးယားဖိုရမ်မှာ ခဏတာ – အပိုင်း ၁
မောင်ရစ်
မေ ၂၁၊ ၂၀၁၁
မေလ ၁၆၊ ၁၇ မှာ ၀ါရှင်တန်ဒီစီက သတင်းပြတိုက် (Newseum) မှာ အယ်ဂျာဇီးယားဖိုရမ် ဆွေးနွေးပွဲ ကျင်းပတယ်။ ၁၆ ရက်က ညစာစားပွဲ၊ ၁၇ ရက်က ဆွေးနွေးပွဲ။ ညနေခင်း နိဂုံးချူပ်မှာ အယ်ဂျာဇီးယားရဲ့ အမေရိကန်ပိုင်းအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်တဲ့ Stream မှာ မြန်မာ့အင်တာနက်အရေးကို မြန်မာပြည်က အဖိနှိပ်ခံ ကိုယ်ထူကိုယ်ထ သတင်းစာနယ်ဇင်းသမားများ ကိုယ်စား၊ ဘလော့ဂါများကိုယ်စား တက်ရောက် ဆွေးနွေးခွင့်ရပါတယ်။
မြန်မာပြည်က အဖိနှိပ်ခံ၊ အဖမ်းဆီးခံ သတင်းသမားတွေ၊ ဘလော့ဂါတွေကို လက်လှမ်းမမီတဲ့အတွက် အမေရိကန်ပြည်ရောက် မိုးမခမီဒီယာသတင်းနဲ့ ဘလော့ နွားကျောင်းသားတဦးအဖြစ် မောင်ရစ် ဆိုတဲ့ အကောင် တက်ရောက်ခွင့်ရတဲ့အတွက် မြန်မာပြည်အတွက် ဂုဏ်ယူမိသော်လည်း မြန်မာပြည်ကြီးကတော့ ဒီလိုပွဲမျူိးမှာ တောက်တိုမယ်ရ ယောင်ခြောက်ဆယ် မောင်ရစ် ပွဲတက်လာတာကိုတော့ ဂုဏ်ယူကြမယ် မထင်ပါဘူး။ ဆိုတော့လည်း “အားနာခဲ့ကြောင်း ပြောပါလေ” ဆိုပြီးပဲ မြန်မာပြည်သူများကို မောင်ရစ် တောင်းပန်လိုက်ပါတယ်။
အဓိက သည်ဆောင်းပါးကို ရေးရတာက မြန်မာပြည်က အဖိနှိပ်ခံ သတင်းသမားတွေ၊ ဘလော့ဂါတွေ ကိုယ်စား ပွဲတက်တဲ့သူဆိုတော့ ပွဲကပြန်လာတဲ့အခါမှာ ကိုယ်စားပြုသူ ပရိသတ်ကို အဖိနှိပ်ခံ သတင်းသမားတွေကို ပြန်ပြီး သတင်းပို့ တင်ပြဖို့ ကျနော့်မှာ တာဝန်ရှိတာပေါ့ခင်ဗျာ။ ဘယ်နှယ့် ငါတို့ကိုယ်စား ပွဲသွားတက်ပြီးတော့ ဘာမှလဲ ပြန်မပြောပြဘူး ဆိုရင် ကျနော် မောင်ရစ် တာဝန်မကျေရာ ကြတာပေါ့။ ဒါကြောင့် အစီရင်ခံစာကို ပရိတ်သတ်ထံ မြန်မာပြည်ကြီးထံ ပြန်လည် တင်ပြပြီး ရေးလိုက်ရတာ ဖြစ်ပါတယ် ခင်ဗျား။
ကြီးကျယ်သော (လေတပ်) ရေဒီယိုသတင်းဌာနကြီးများ၊ အမေရိကန်ပြည်ကြီးရဲ့ ဒီမိုကရေစီရေး ရှေ့တန်းစစ်မျက်နှာ ၀ါရှင်တန်ဒီစီ ဆိုတာကို ၂ ခါလား ရောက်ဖူးသူ အမေရိကန်ပြည် အနောက်ခြမ်း ပစိဖိတ်ပင်လယ်၊ ဆန်ဖရန်ဘေးဧရိယာက ဘေးရောက်နေသူ ခြေသလုံးအိမ်တိုင် မိုးမခမီဒီယာက လေလွင့်သူ မောင်ရစ်အတွက်ကတော့ မျက်စိသူငယ် နားသူငယ်ပါပဲ။ မြန်မာပြည်အရေးကို အကျယ်လောင်ဆုံး ဟစ်ကြွေးပြီး အမေရိကန်တွေကြား သွေးလေ ခြောက်ခြားအောင် ထိုးဖောက်မွှေနောက်ပစ်လိုက်မဟဲ့လို့ မောင်းတင်သူ မောင်ရစ်ဟာ ၀ါရှုင်တန်ဒီစီက လေစိမ်းတွေကြားမှာ ချောင်းတဟွတ်ဟွတ်နဲ့ မျက်နှာမွဲ အသံပြာ တောသားတဦးမျှသာ ဖြစ်ပါတယ်။ သို့သော်လည်း မောင်ရစ် တတ်သမျှ မှတ်သမျှနဲ့ လေ့လာကြည့်ရှု မှတ်သားမိသမျှ အယ်လဂျာဇီးယား ဖိုရမ်မှာ တခဏတာကို ပြန်လည် အစီရင်ခံသွားမှာ ဖြစ်ပါတယ်။
အယ်ဂျာဇီးယားသတင်းဌာနဟာ ၂၀၁၁ မှာ လေအကျယ်ဆုံး၊ သြဇာအထက်ဆုံး အရှေ့အလယ်ပိုင်း သတင်းဌာန ဖြစ်လာတယ်။ ကာတာနိုင်ငံမှာ အခြေချပြီး အာရပ်သူကြွယ်တွေရဲ့ ဓနနဲ့ စာနယ်ဇင်း ရုပ်သံမျက်နှာစာအပေါ် တင်လာသူ အာရပ်သတင်းဌာနဟာ အရှေ့ အနောက်က ဒေါင်ဒေါင်မြည် သတင်းသမားတွေ၊ ပညာရှင်တွေကို ၀ယ်ယူ၊ ငှားယမ်း ခန့်ထားပြီးတော့ အယ်ဂျာဇီးယားအင်္ဂလိပ်ပိုင်းကို ၂၁ ရာစု နိုင်း အီလဲဗင်းအလွန်မှာမှ အထူး စိုက်ထုတ် မတည် ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် အဲသည်က ကာတာနိုင်ငံက ထူထောင်သူ ဒါရိုက်တာချုပ် ၀ါဒါခန်ဖာ ဟာ အနောက်စာစောင်များအဆိုအရ ကမ္ဘာပေါ်မှာ သြဇာအရှိဆုံးသူ ဖြစ်တယ်တဲ့။ သူတို့ရဲ့ စာနယ်ဇင်းသြဇာကြောင့် ကမ္ဘာကြီးက လည်နေရသလိုတောင် ဖြစ်နေပြီလို့ ပြောပါတယ်။
ဘာကြောင့်ဆိုရသလဲဆိုတော့ အခု ၂၀၁၁ အာရပ်နွေဦး လှုပ်ရှားမှုလို့ ဆိုရမယ့် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းက ပြည်သူတွေရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေဟာ တူနီးရှားကနေစတင်ပြီး အခု ဆီရီးယားအထိက ထကြွလှုပ်ရှား အရှိန်ရနေပြီ။ အီဂျစ်တို့ အာဏာရှင်လက်အောက်က လွတ်မြောက်ပြီးနောက် ဘာရိမ်း၊ လစ်ဗျား၊ ယီမင် နဲ့ ဆီရီးယားတို့မှာ ပြည်သူတွေက လွတ်လပ်ရေးတေးကို ဟစ်ကြွေးနေကြပြီ။ အဲသည်နိုင်ငံတွေမှာ အစိုးရသတင်းဌာနတွေ၊ အနောက်သတင်းဌာနတွေထက် ကျော်လွန်ပြီးတော့ အယ်ဂျာဇီးယားသတင်းဌာနက ပြည်သူတွေရဲ့ အသံနဲ့ လှုပ်ရှားမှုတွေကို မပြတ်သတင်းပို့နေနိုင်ပြီ ဖြစ်ပါတယ်။ အင်တာနက်သူပုန်တွေနဲ့ ပြည်သူ့စာနယ်ဇင်းသမားတွေကလည်း အယ်ဂျာဇီးယားကို အားကိုးပြီးတော့ သတင်းတွေကို ကမ္ဘာအနှံ့ တင်ပို့နေနိုင်တာကြောင့် အယ်ဂျာဇီးယားတို့ ကျယ်မယ် ဆိုလည်း ကျယ်သင့်၊ ကျယ်လောက်ကြောင်းပါ။
(မြန်မာပြည်တွင်းမှာလည်း သူတို့လက် သူတို့ခြေနဲ့ သတင်းတွေ၊ အရုပ်တွေ၊ ဓာတ်ပုံတွေကို ရယူ တင်ဆက် သတင်းပို့နိုင်ခဲ့တာကလည်း အခုထိ သက်သေရှိတယ်။ ၂၀၀၇ ရွှေဝါရောင် ကတည်းက သက်သေရှိပါတယ်နော်။ စကားချပ်)
ယခု အာရပ်နွေဦး လှုပ်ရှားမှုမှာ ပြည်သူတွေရဲ့ ဒီမိုကရေစီတော်လှန်ရေးကို အပြတ်ဘက်လိုက်ပြီး သတင်းတင်ပြသူ၊ အာရပ်နဲ့ အာဖရိကတိုင်းပြည်များက အာဏာရှင်များကို အပြတ်ကျောခိုင်းလိုက်ပြီး ဝေဖန်ပြစ်တင်သူ အယ်ဂျာဇီးယားသတင်းဌာနဟာ ဒီနှစ် ၂၀၁၁ မေလ ၁၆။၁၇ ဖိုရမ်ကို ရည်ရွယ်ချက် ရှိရှိ၊ နည်းဗျူဟာမျိုးစုံ ခင်းပြီး ကျင်းပလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်မှာ သြဇာရှိသော သတင်းသမားများ၊ နိုင်ငံရေးသမားများ၊ အာဏာလက်ရှိများကို ဖိတ်ခေါ်ပြီးတော့ ဖိုရမ်ကို ကျင်းပပြီး သူတို့ရဲ့ အာဘော်တွေကို ရွှေနားတော်သွင်း၊ စည်းရုံးခြင်းကို လုပ်တာ ဖြစ်ပါတယ်။
ဒါဟာ ဘာကို တိုက်ဆိုင်ပြီး လုပ်တာလဲ ဆိုတော့ ဒီနေ့ မေ ၁၉၊ ကြာသာပတေးနေ့မှာ အမေရိကန်သမ္မတကြီး အိုဘားမားက အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ပေါ်လစီမိန့်ခွန်း မပြောကြားခင် ကြိုတင်ပြီး ဒီဖိုရမ်ကနေ သူတို့ရဲ့ ပေါ်လစီမူဝါဒတွေကို ထုတ်ပြန် မိတ်ဆက် မျက်စပစ်ကြတာ ဖြစ်ပါတယ်။
မေလ ၁၆ ရက် ညစာစားပွဲမှာ ၀ါရှင်တန်ဒီစီက စာနယ်ဇင်း ဘိုးအေများ၊ ဘုစုခရုများ၊ ဆပ်ကော့လပ်ကော့များ အစုံ တက်ကြပါတယ်။ ကာတာက လာတဲ့ ဒါရိုက်တာကြီး ၀ါဒါခမ်ဖာကို အမေရိကန်အယ်ဂျာဇီးယားက ဒါရိုက်တာက မိတ်ဆက်ပေးပါတယ်။ ထူးထူးခြားခြား တက်ရောက်သူ ၂ ဦးကတော့ အမေရိကန်နိုင်ငံရေးပြိုင်ဖက် ပါတီ ၂ ခုက ထိပ်သီးတွေ ဖြစ်ပါတယ်။ အောက်လွှတ်တော်လူနည်းစု ခေါင်းဆောင် နန်စီပလိုစီ (ဒီမိုကရက်) နဲ့ အထက်လွှတ်တော်အမတ်မင်း ဂျွန်မက်ကိန်း (ရစ်ပတ်ဘလီကင်) တို့ ဖြစ်ကြပါတယ်။
အယ်ဂျာဇီးယားက အမေရိကန်ပြည်ရဲ့ နှစ်ဖက်သော နိုင်ငံရေးခေါင်းဆောင် ၂ ဦးကို ပင့်ဖိတ်ပြီး သူတို့ အမေရိကန်ဖိုရမ်ကို မိတ်ဆက်ညစာစားပွဲနဲ့ ဖွင့်လှစ်ကြရာမှာ နှစ်ဖက်သော ပြိုင်ဖက်နိုင်ငံရေးသြဇာရှိသူတွေကို တင်သွင်းတဲ့ အဆိုက ရှင်းရှင်းလေးပဲ ဖြစ်ပါတယ်။
အယ်ဂျာဇီးယားသည် အားနည်းသူပြည်သူတွေဖက်က လူသားဆန်စွာ ရပ်တည်တဲ့ သတင်းစာအလုပ်ကို လုပ်တဲ့ဌာန ဖြစ်တယ်။ မှားတဲ့ဘက်၊ အကြမ်းဖက်တဲ့ ဘက်၊ မတရားတဲ့ဘက်ကို မလိုက်ခဲ့ဘူး။ ယခု အာရပ်နွေဦး ဆိုတဲ့ အာရပ်နဲ့ အာဖရိကပြည်သူတွေရဲ့ အကြမ်းမဖက်သော ဒီမိုကရေစီအရေးတော်ပုံမှာ အစွမ်းကုန် လူထုနဲ့ အတူ ရပ်တည် သတင်းပေးပို့ခဲ့တာ သက်သေပဲ။ အယ်ဂျာဇီးယားသည် အာရပ်၊ အာဖရိကပြည်သူတွေနဲ့ ထပ်တူ အမေရိကန်ရဲ့ မိတ်ဆွေတွေ ဖြစ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အယ်ဂျာဇီးယားကို မိတ်ဆွေအဖြစ် အမေရိကန်နိုင်ငံရေးသမားတွေက လက်ခံသင့်ပြီ ဆိုတာကို ပြောလိုက်တာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာကတော့ အယ်ဂျာဇီးယားရဲ့ ရပ်တည်ချက် သမိုင်းအပေါ် အနောက်အုပ်စုက ရှုမြင်ပုံဖြစ်ပါတယ်။ ဒါရိုက်တာ ၀ါဒါက ဒါကို ဗြောင်ထုတ်ပြောပါတယ်။ ပထမ ခေတ်ဦးပိုင်းက ငါတို့ကို မင်းတို့က မွတ်ဆလင် ဘာသာရေးဝါဒဖြန့်တွေလို့ သဘောထားတယ်။ နောက် ဒုတိယပိုင်းကျတော့ အကြမ်းဖက်သမားတွေ အစွန်းရောက်တွေလို့ တံဆိပ်ကပ်တယ်။ နိုင်းအီလဲဗင်းကျော်တော့ ငါတို့တွေကို အိုစာမာနဲ့ အယ်ကိုင်ဒါလက်ကိုင်တုတ်တွေအဖြစ် သတ်မှတ်ခဲ့ပြန်တယ်။ အခု မျက်မှောက်ခေတ် အာရပ်နွေဦးလှုပ်ရှားမှုမှာ ငါတို့ကို မင်းတို့က ပြောလာပြန်တယ်။ အာရပ်နဲ့ အာဖရိကပြည်သူတွေနဲ့ ပြင်ပကမ္ဘာအတွက် ဒီမိုကရေစီရေးလှုပ်ရှားမှု သတင်းတွေ အမြန်ဆုံး အမှန်ဆုံး ပေးပို့ဆောင်ရွက်နေသူ … တဲ့။ အဲသည်အချိန် တပြိုင်နက်တည်းမှာပဲ အာရပ်နဲ့ အာဖရိက အာဏာရှင်တွေကတော့ အယ်ဂျာဇီးယားကို အပုတ်ချလိုက်ကြပြီ။ အမေရိကန်ရဲ့ သူလျူို၊ သစ္စာဖောက် သတင်းဌာနဖြစ်သွားပြီ … တဲ့။
သူက ဆက်ပြောပါတယ်။ သူတို့သတင်းဌာနနဲ့ အာရပ်၊ အာဖရိကပြည်သူတွေဟာ သူတို့ ဆန္ဒတွေ သဘောထားတွေကို တလျောက်လုံး ထုတ်ဖော်ခဲ့တာ ဖြစ်တယ်။ သူတို့ပြည်သူတွေကို အကြမ်းဖက်သမားတွေ၊ ဘာသာရေးအစွန်းရောက်တွေ၊ အသေခံဗုံးခွဲသူတွေ၊ စစ်မက်လိုလားသူတွေလို့ ကမ္ဘာကြီးက သတ်မှတ်ခြင်းကို ခံခဲ့ရတယ်။ သို့သော် အာရပ်နွေဦး ဒီမိုကရေစီအရေးတော်ပုံမှာ အာရပ်နဲ့ အာဖရိကအာဏာရှင်တွေကို တော်လှန်တဲ့ ပြည်သူတွေဟာ ဘယ်လိုမျိုး တော်လှန်ခဲ့သလဲ ပြန်ကြည့်လိုက်ပါဦး … တဲ့။ လက်နက်မဲ့ အကြမ်းမဖက် ဆန္ဒပြကန့်ကွက်ပွဲတွေနဲ့ အစိုးရတွေကို ဖြုတ်ချဖို့ ကြိုးစားခဲ့ကြတာပါ တဲ့။ အာရပ်ပြည်သူ အာဖရိပြည်သူတွေဟာ အကြမ်းဖက်နည်းတွေနဲ့ အာဏာရှင်တွေကို လက်တုန့်မပြန်ခဲ့တာကို သေချာ မြင်အောင် ကြည့်ကြပါ … တဲ့။
ဒါကြောင့် ယခင်လွန်ခဲ့တဲ့ အနှစ် ၅၀၊ ၆၀ က အဲသည် အာဏာရှင်မျိုးဆက်တွေကို အနောက်အုပ်စုကပဲ ကိုယ်ကျိုးကြည့် ပေါ်လစီတွေနဲ့ အာရပ်၊ အာဖရိကပြည်တွေမှာ အသက်သွင်းခဲ့တယ်။ အဲသည် အာဏာရှင်တွေက ပြည်သူတွေကို ဖိနှိပ် သတ်ဖြတ်ချိန်မှာလည်း ကိုယ်ကျိုးကြည့်ပေါ်လစီနဲ့ လူထုကို ကျောခိုင်းခဲ့ကြတယ်။ အခု ပြည်သူတွေက လမ်းပေါ်ထွက်ပြီး အာဏာရှင်တွေကို လူထုနည်းနဲ့ ဖြုတ်ချနေချိန်ရောက်နေချိန်မှာ အမေရိကန်နဲ့ အနောက်အုပ်စုတွေက တကမ္ဘာလုံးက ပြည်သူတွေ တခဲနက်တောင်းဆို ဟစ်ကြွေးနေတဲ့ ငြိမ်းချမ်းရေး၊ အကြမ်းမဖက် ဒီမိုကရေစီတော်လှန်ရေး တေးသံတွေကို နားပင်းချင်ယောင်ဆောင်ပြီး မိတ်ဆွေဟောင်း အာဏာရှင်မျူိုးဆက်တွေကို ဖက်တွယ်နေကြဦးမှာလားလို့ အယ်ဂျာဇီးယားက မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။
 
ဒီတခါလည်း မင်းတို့တတွေက လက်နက်မဲ့တဲ့ အကြမ်းမဖက်တဲ့ အာရပ်နဲ့ အာဖရိကပြည်သူတွေရဲ့ မျက်နှာကို မကြည့်ဘဲ မျက်နှာလွှဲ ခဲပစ် လုပ်ကြဦးမယ် ဆိုရင်တော့ သူတို့ပထ၀ီဒေသမှာ ဒီမိုကရေစီလင်းရောင်ခြည် ဒီတခါလည်း ထွန်းလင်းတောက်ပခွင့် ဆုံးရှုံးကြရလိမ့်မယ်လို့ သူက ထောက်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီတချိန်တော်လှန်ရေးမှာ အမေရိကန်တို့ သွေးကြောင်၊ သဘောထားအမြင်မှောင်နေကြမယ်သာ ဆိုရင် အာရပ်နဲ့ အာဖရိကပြည်သူတွေဆီမှာ အာဏာရှင် အမှောင်တိုက်၊ အကြမ်းဖက်အစွန်းရောက်တို့ရဲ့ အမှောင်တိုက်ကြီး ပြန်လည် ကျရောက်ပြီး ငြိမ်းချမ်းရေး ဆိပ်သုဉ်းမှုဟာ နောင် အနှစ် ၅၀ – ၁၀၀ ကျော် ပြန်လှည့်လာပါတော့မယ် တဲ့။
အယ်ဂျာဇီးယားက အခု သည်ဖိုရမ်ကနေပြီး ပေးလိုက်တဲ့ မက်ဆိခ်ျကတော့ ငါတို့ဟာ ဒီမိုကရေစီမိတ်ဆွေတွေဖြစ်တယ်။ အာရပ်နဲ့ အာဖရိကပြည်သူတွေသည် ဒီမိုကရေစီလိုလားသူ မိတ်ဆွေတွေဖြစ်တယ်။ ဒါကို သမိုင်းမှာ သက်သေပြနေပြီ ဖြစ်တယ်။ အသင် အမေရိကန်သမ္မတကြီး အိုဘားမားနဲ့တကွ နှစ်ဖက်သော ပြိုင်ဖက်နိုင်ငံရေးပါတီများ သင့်တော်မှန်ကန်သော လမ်းကို ရွေးချယ်ရပ်တည်ပြီး မိတ်ဆွေ ဖွဲ့ကြပါ။ အမေရိကန်ပြည်နှင့်တကွ ကမ္ဘာကြီး ငြိမ်းချမ်းမယ် လို့ ဆိုလိုက်တာဖြစ်ပါတယ်။
ခုကဲ့သို့ အကြောင်းကြောင်းသော အကြောင်းများကြောင့် ယမန်နေ့ မေ ၁၉ အိမ်ဖြူတော်က အိုဘားမား မိန့်ခွန်းမှာ အရှေ့အလယ်ပိုင်း နိုင်ငံခြားရေး ပေါ်လစီကို ကြေညာချက် ထုတ်ရာမှာ အာရပ်နဲ့ အာဖရိကပြည်က အာဏာရှင်တွေ အာဏာရှင်အစိုးရတွေ ဒီမိုကရေစီကို ဖော်ဆောင်ကြဖို့၊ လမ်းမဖော်နိုင်ရင် လမ်းဘေးကို ဆင်းပေးကြဖို့ ထင်ထင်ရှားရှားကြီး ပြောလိုက်တာ ဖြစ်ပါတယ် ခင်ဗျား။
ကဲ … စာရှည်သွားပြီ။ နောက်နေ့မှ ဆက်ရေးဦးမည်။ အယ်ဂျာဇီးယားရဲ့ အမေရိကန်ပြည်အပေါ် ကျနေတဲ့ မျက်စိနဲ့ ခြေလှမ်းများအကြောင်း၊ ပလိုစီနဲ့ မက်ကိန်းတို့ရဲ့ တုန့်ပြန်ချက်တွေအပေါ် မောင်ရစ်၏ နှစ်ပြား တပဲ အမြင်ကလေးတွေပေါ့။          ။
(သည်စာမူကို အခန်းဆက်ရေးပြီး စာအုပ်တွေ ဘာတွေ ထုတ်မှာ မဟုတ်ပါ။ ၂ရက်လောက် တွေ့ရတာကို ရေးတာဆိုတော့ နောက်တပုဒ်ဆို ပြီးပါပြီ ခင်ဗျား။)

Moe Cab in Hawaii

Related posts:

  1. >Khin Hnin Lwin – Burmese D-Form Service goes off line
  2. >Photos of Burmese Buddhist Monks at the conference to form the Solidarity Front
  3. >Suu becomes national leader to hold 2nd Pin Lon Conference to form true federal union of Burma

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

U Win Tin - Journalist Articles

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခလမ်းညွှန် အင်တာနက်စာမျက်နှာများ

မိုးမခ လစဉ် စာမူများ