>
စက်တင်ဘာ ၃၊ ၂၀၁၁
ပုံအား ဤနေရာမှယူပါသည်။
အိမ်ကိုသတိရတာ၊ မွေးရပ်ဇာတိမြေကိုလွမ်းဆွတ်ကြတာ လူ့ပကတိစိတ်တစ်ခုပါ။ ငယ်စဉ်ကလေးဘဝကတည်းက လွှမ်းမိုးခဲ့သော သက် ရောက်ပုံသွင်းခဲ့သော ဇာတိမြေပတ်ဝန်းကျင်၏ အရောင်၊ အရိပ်၊ ရနံ့ တို့ကို မည်သူမျှ ဖျောက်ဖျက်ပစ်နိုင်စွမ်းမည်ဟုမထင်ပါ။ မည်မျှပင် အစွဲကင်းပါသည်ဟု ပြောဆိုနေသူပင်ဖြစ်ပါစေ ဇာတိစွဲ၊ မြို့စွဲ၊ ရွာစွဲကလေးတော့ ရှိမြဲပင်။ ရေမြေတော တောင်၊ ဆွေမျိုးသားချင်း၊ ရပ်ဓလေ့၊ ရွာဓလေ့၊ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ ထိုအရာများဖြင့် ဖွဲ့ဆိုခြယ်မှုန်းထင်ဟပ်ထားသော စာ၊ ကဗျာ၊ တေးသီချင်းများ၏ အရိပ်မှ အဘယ်သူတစ်ဦးတစ်ယောက်သည် ထွက်ပြေးလွတ်မြောက်နိုင်ပါမည်နည်း။
ခါနွေဆန်းတော့ လွမ်းမိတယ်ဆိုသလိုပဲ။ တူးပို့သံမြူး ပိတောက်ဖူးတဲ့ လတန်ခူးကို ရောက်ပြီဆိုရင်ဖြင့် ပုန်းခိုနေသော အိမ်လွမ်းဝေဒနာသည် ခုန်ပေါက်ပေါ်ထွက်လာစမြဲ။ မွေးရပ်ဇာတိမြေကိုလွမ်းဆွတ်သတိရလာကြရစမြဲဖြစ်သည်။
လူမှန်လျှင် အိမ်ကိုသတိရမည်။ မွေးရပ်ဇာတိမြေကိုလွမ်းဆွတ်သတိရကြပေလိမ့်မည်။ ယင်းသည်လူ့သဘာဝ။ အိမ်လွမ်းစိတ်၊ ဇာတိလွမ်း သောစိတ်သည် လူ့နှလုံးသားမှလာသော ဝေဒနာတစ်ရပ်၊ သမားတော်တို့ ဆေးချက်ပေးနိုင်စွမ်းမရှိသေးသော ရှုပ်ထွေးသောရောဂါဗေဒတစ် ခုဖြစ်သည်။
သို့သော်လည်း ဘာကြောင့်များ ချိမြသောအိမ်၊ နွေးထွေးသောဇာတိမြေကို ကျောခိုင်းပြီး စိမ်းကားသောခြေလှမ်းကျဲကြီးတွေနဲ့ တစိမ်းနယ်၊ တစိမ်းကမ္ဘာသို့ ထွက်ခွာသွားကြရတာလဲ။ ထွက်ခွာနေကြရတာလဲ။
“လွမ်းရေးထက် ဝမ်းရေး” ခက်တယ်ဆိုတဲ့ စကားရှိတယ်မဟုတ်လား။
စိမ်းကားကျောခိုင်းလျှောက်လှမ်းသွားခဲ့ကြသော ခြေလှမ်းစိမ်းတွေရဲ့နောက်ကွယ်မှာ ခိုင်လုံတဲ့အကြောင်းတရားကိုယ်စီရှိပါသည်။ များစွာ သော အကြောင်းတရားတွေအနက် စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေးတို့ဟာ အဓိကကျတဲ့ အကြောင်းအချက်တွေ အဖြစ်ပါဝင်နေပါလိမ့်မည်။
ကျွန်တော်တို့မြန်မာနိုင်ငံအတွက် ယနေ့ခေတ်သည် လက်ရှိအစိုးရ သဘောတွေ့မနောခွေ့ပြီး အပြောကြီး ပြောနေတဲ့ “ ခေတ်အဆက်ဆက် ဘယ်အစိုးရလက်ထက်မှာမှ” မရှိဖူးတဲ့၊ မဖြစ်ဖူးတဲ့ ဖြစ်စဉ်တွေဖြစ်ရပ်တွေ ပေါ်ပေါက်ဖြစ်ပွားနေတဲ့အခါသမယ ဖြစ်ပါသည်။
“ခေတ်အဆက်ဆက် ဘယ်အစိုးရလက်ထက်မှာမှ မထွက်ခွာဖူးတဲ့အရေအတွက်ပမာဏနဲ့ လူငယ်လူရွယ်တွေ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံ ရပ်ခြားသို့ ထွက်ခွာနေတဲ့ခေတ်”
“ခေတ်အဆက်ဆက် ဘယ်အစိုးရလက်ထက်မှာမှ မရှိဖူးတဲ့ပမာဏနဲ့ နိုင်ငံရေးသမားတွေကို ထောင်သွင်းအကျဉ်းချခံထားတဲ့ခေတ်”
“ခေတ်အဆက်ဆက် ဘယ်အစိုးရလက်ထက်မှာမှ မချမှတ်ခဲ့ဖူးတဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နေတဲ့ခေတ်”
“ခေတ်အဆက်ဆက် ဘယ်အစိုးရလက်ထက်မှာမှ မရှိဖူးတဲ့ပမာဏနဲ့ အရက်ဆိုင်တွေတိုးများနေတဲ့ခေတ်”
“ခေတ်အဆက်ဆက် ဘယ်အစိုးရလက်ထက်မှာမှ မကြားဖူးတဲ့ ကိန်းဂဏန်းပမာဏတွေ နဲ့ အုပ်စိုးသူလူတစ်စု အချမ်းသာကြီးချမ်းသာနေတဲ့ ခေတ်” ဖြစ်ပါတယ်။
နှစ်လိုပျော်မွေ့ဖွယ်ကောင်းတဲ့ရွှေပြည်ကြီးမှာ ရေကြည်လည်းနောက်၊ မြက်လည်းခြောက်လို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံရပ်ခြားသို့ ထွက် ကြသူတွေဟာ ပမာဏအများဆုံးဖြစ်ပါလိမ့်မည်။ ရောက်တဲ့နိုင်ငံမှာ ရရာအလုပ်ကို ခွေးတိုးဝက်ဝင်လုပ်ကြရသည်။ ရသမျှလစာ လုပ်ခငွေ ကိုစုဆောင်းပြီး ကျန်ရစ်သူများထံပြန်ပို့ကြရသည်။ ဤသည်ကပင် ယနေ့ကာလ၏ အဓိကအသက်မွေးမှုလို ဖြစ်လာနေသည်။
သို့ဖြင့်လူငယ်လူရွယ်လုံမငယ်များသည် တစ်ပိုင်းတစ်စပညာကလေးဖြင့် ရေလမ်း၊ ကုန်းလမ်း၊ တောင်ကျော်လမ်း၊ အပေါ်လမ်း၊ အောက် လမ်း စတဲ့နည်းလမ်းပေါင်းစုံဖြင့် ရေခြားမြေခြားသို့ ထွက်ခွာနေကြဆဲဖြစ်သည်။
အချို့လည်း လှော်ရင်း ပျံရင်း လမ်းခရီးမှာပင် ရေတိမ်နစ်ကြသည်။ ထိပ်လန့်ဖွယ်ကြေကွဲဖွယ်ဇာတ်လမ်းမျိုးစုံဖြင့် ပြည့်နှက်နေသောခရီးစဉ် လည်းဖြစ်သည်။ သို့သော်လည်း သွားမြဲလာမြဲ၊ ထွက်ခွာမြဲဖြစ်သည်။ အချို့ ရည်မှန်းသည့်နေရာသို့ ရောက်သွားကြသည်။ သို့သော်လည်း မျှော်လင့်မထားသောအဖြစ်ဆိုးတွေကို ရင်စည်းခံကြရတာတွေရှိသည်။ ဘယ်သူ့ဘယ်သူ့ကိုမှ မကယ်တင်နိုင်သည့်ဘဝ။ အနိုင်ကျင့် စော် ကားမှု၊ ကျေးကျွန်သဖွယ်ပိတ်လှောင်ခိုင်းစေမှု၊ သားမယားပြုကျင့်ခံရမှု၊ လက်လွှဲရောင်းစားခံရမှု စတဲ့မတရားမှုပေါင်းစုံကို ခံကြရသည်။ အချို့မှာ ပြန်မလာစတမ်း လုံးဝပျောက်ဆုံးသွားကြသည်။ အနည်းစုပြန်ပေါ်လာသူများမှာလည်း ရင်နင့်စရာ ထိတ်လန့်စရာ ဖြစ်ရပ်ကိုယ်စီနှင့် ဖြစ်သည်။ အချို့မှာကား ကုရာနတ္တိဆေးမရှိသောရောဂါဖြင့် အိမ်ပြန်ခက်သည့်ဝေဒနာကို လွယ်ပိုးထားခဲ့ကြရသည်။
မပြန်နိုင်သည့်အကြောင်းရင်းများအနက် ဇာတိမြေမှာ ရသည့်လုပ်ခလစာနှင့် တစိမ်းတို့နိုင်ငံမှာရသည့်လစာလုပ်ခက မိုးနဲ့မြေလို ကွာချင် တိုင်းကွာလွန်းလှသည်။ သို့ဖြင့် ဇာတိမြေမှာကျန်ခဲ့သော မိအိုဖအို၊ မှီခိုသူတွေရဲ့ မျက်နှာတွေကိုသာ ရဲရဲကြည့်ပြီး တစိမ်းကမ္ဘာတွင် ကြုံသမျှ ဒုက္ခတွေကို သူတို့ချိုမြိန်ခဲ့ကြရခြင်းဖြစ်သည်။
ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းထဲက လူငယ်လူရွယ်လုံမငယ် အများစုတို့သည် ထိုခရီးကြမ်းကြီးကို စွန့်စားခရီးနှင်ခဲ့ကြရခြင်းဖြစ်သည်။ ထိုပြည်နယ် ထိုတိုင်းများရှိ ကျေးရွာများတွင် “နို့စို့နှင့် ဒုတ်ထောက်” သာ ကျန်တော့သည်။ အလုပ်လုပ်နိုင်သူတိုင်း ပြည်ပထွက်ခွာနေကြသည်။
အများစုဖြစ်တဲ့ ကျေးလက်နေပြည်သူလူထု ၇၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေနေပါတယ်ဆိုတာကို သမ္မတကြီးကိုယ်တိုင် ဝန်ခံခဲ့တယ် မဟုတ်ပါလား။
ဒါကြောင့် ဒီလိုလက်တွေ့ဖြစ်ရပ်တွေကိုသတိပြုကြရမှာပါ။ တာဝန်ရှိသူတွေက တာဝန်မဲ့စကားကိုမပြောသင့်ပါဘူး။ တာဝန်ရှိသူများသည် တာဝန်ယူကြမည်။ တာဝန်ခံကြရမည်။
သို့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော်အစည်းဝေးမှာ “မိမိနိုင်ငံကိုအကျိုးမပြုဘဲ အခြားပြည်ပ နိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေခြင်းမှာ အဓိကအားဖြင့် တစ်ဦးချင်း၏မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ပေါ်တွင်သာ အခြေခံသည်ကို သိရှိနိုင်ပါကြောင်း” ဆိုပြီး တိုင်းချစ်ပြည်ချစ်စိတ်မရှိလေဟန် တာဝန်မဲ့ဖြေကြားပြောဆိုသွားသည်ကို ကြားလိုက်ရပါသည်။
သိန်းသန်းချီပြီး လုပ်အားထုတ်နိုင်တဲ့လူငယ်လူရွယ်တွေ အလုံးအရင်းနဲ့ပြည်ပထွက်ခွာနေကြခြင်းမှာ တစ်ဦးစီရဲ့မျိုးချစ်စိတ် တိုင်းချစ်ပြည် ချစ်စိတ်မရှိမှုကြောင့်ဟုဆိုလျှင် ထိုကိစ္စသည် တိုင်းပြည်နဲ့အစိုးရက အလေးထားဆန်းစစ်အဖြေရှာကြရမည့် ကိစ္စကြီးဖြစ်သည်။ ရရှိလာ သည့် လုပ်ခလစာအပေါ် ဝင်ငွေခွန်မပျက် မကွက်ကောက်ခံနေသည်။
ထို့အပြင် “မည်သည့်တရားမဝင်သွားရောက်မှုမျိုးကိုမဆို တရားဥပဒေအရအရေးယူအပြစ်ပေးနိုင်” တယ်ဆိုတဲ့ ဤသို့ တာဝန်မဲ့လှသော စကားကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် လွှတ်တော်တွင်ပြောကြားခဲ့သည်။ အုပ်စိုးနေသူများ သည်ကျိကျိ တက်ချမ်း သာနေကြပြီး ၇၀ ရာခိုင်နှုန်းသော အများစုပြည်သူလူထုကြီး ဆင်းရဲမွဲတေရသည့်အကြောင်းရင်းကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလေ့လာသိရှိထားဖို့လိုပါသည်။
ပြည်တွင်းမှာယုံကြည်ချက်အရ အကျဉ်းချခံနေကြရသူ (နိုင်ငံရေးအကျဉ်းသား) တွေရှိသလို၊ ယုံကြည်ချက်အရ နိုင်ငံရေးအရ အဝေးရောက် နေကြရသူတွေလည်း ရှိနေပါသည်။
ပြည်ထောင်စုတရားသူကြီးချုပ်ကိုယ်တိုင်က “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (နိုင်ငံရေးအကျဉ်းသား) မရှိဘဲ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ကျခံရသူများသာရှိကြောင်း” ပြောနေသည်။ နိုင်ငံရေးပြဿနာကို မဖြေရှင်းလျှင် မည်သူအိမ်ပြန်လာမည်နည်း။
မိမိယုံကြည်ချက်နှင့်မိမိနိုင်ငံရေးကို မည်သူက အလွယ်တကူ စွန့်လွှတ်ပါမည်နည်း။
အဘယ်သူတစ်ဦးတစ်ယောက်သည် မိမိရဲ့ “နိုင်ငံရေးယုံကြည်ချက်သိင်္ဂီရွှေခွက်” ကို “လွတ်ငြိမ်းချမ်းသာခွင့်ပဲကြီးလှော်” နှင့် လဲလိမ့်မည်ဟု မထင်ပါ။ တစ်ဦးပြန်ချင်သူတွေရှိပါသည်။ သူတို့ကို မည်သူကမျှမတားမြစ်ပါ။ မိမိအကဲဖြတ်မှု၊ မိမိရွေးချယ်မှု၊ မိမိဆုံးဖြတ်ချက်နဲ့သာ လုပ် ဆောင်ကြရမည့်ကိစ္စဖြစ်သည်။
“ပြည်ပရောက်မြန်မာနိုင်ငံသားပညာရှင်” ဆိုသည်ကလည်း များများစားစားရှိလှသည်မဟုတ်ပါ။ တကယ်တန်း ပညာတတ်သူပညာရှင်များ သည် အခြေအနေကိုခြုံငုံလေ့လာနိုင်စွမ်း၊ အကဲဖြတ်နိုင်စွမ်းရှိသူများဖြစ်ပါသည်။ သင့်/မသင့်ကို ချင့်ချိန်နိုင်စွမ်းရှိသူများသာဖြစ်ပါသည်။ အတုနဲ့အစစ်၊ အနှစ်နဲ့အကာကို ခွဲခြားနိုင်စွမ်းရှိသူများဖြစ်ပါသည်။ မြင်းမရှိတဲ့အရပ်မှာ မြည်းကို မြင်းထင်နေသူတွေနဲ့ မြည်းတွေကိုယ်တိုင်က သူတို့ကိုယ်သူတို့ မြင်းလို့ထင်နေသူတွေအတွက်တော့ ပြောမပြတတ်ပါ။
သာယာလှတဲ့ အမိမြန်မာနိုင်ငံကြီးအပေါ်မှာ စစ်အာဏာရှင်စနစ် အရိပ်မည်းကြီးဖုံးအုပ်နေခဲ့တာ ရာစုနှစ်ဝက်ခန့်ရှိခဲ့ပါပြီ။ ဒီကနေ့အထိလည်း အဲဒီတိမ်တိုက်မည်းကြီးအရိပ်ထိုးနေဆဲ၊ အရိပ်မိုးနေဆဲဖြစ်သည်။ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” သည် အဆိုပါ တိမ်တိုက်မည်းကြီးပင်ဖြစ် ပါသည်။ ထိုတိမ်တိုက်မည်းကြီးကို အခြေခံအားဖြင့်ဖယ်ရှားပြစ်နိုင်သည့်တစ်နေ့တွင် ကျွန်တော်တို့အားလုံး လွတ်လပ်စွာပြန်လည်ဆုံ ဆည်းနိုင်ကြလိမ့်မည်ဟု ထင်ပါသည်။ မျှော်လင့်ယုံကြည်ပါသည်။
ရုရှစာရေးဆရာကြီး အီလျာအာရင်ဘတ်က “သူဟာ ပြင်သစ်ပေါင်မုန့်ကိုစားပြီး ရုရှပြည်ကြီးကို လွမ်းနေသူပါ” လို့ ရေးတာဖတ်ရသည်။ ကျွန်တော်တို့လည်း ပေါင်မုန့်၊ ဟမ်ဘာဂါ၊ ဆူရှီး၊ ကွတ်တီယိုတို့ကိုစားရင်း အမိမြန်မာပြည်ကြီးကို လွမ်းဆွတ်နေကြသူများဖြစ်ပါသည်။
Related posts:


>Cartoon Saw Ngo – Politicians in Burma Parliament (2)
>Saffron Monks - Interview -
>Cartoon Aw Pi Kye - Saving our Earth and Environment - Cartoon Series 10
>Buremse and Japan in Kawaski joined together to "signature campaign"
>9th Oct 2011 - MoeMaKa Radio
>GW 4 Years
>film festival awards go to wellknown short films
>The Voice journal on Jan 3rd
>Ashin Pyinnar Nanda - Articles
>Pan Thu Nge - Wisdom and Mindfulness for Suu

စာဖတ်သူတွေရဲ့အသံ