>
အောင်ဝေး
နိုဝင်ဘာ ၅၊ ၂၀၁၁
(ဒီတပတ်မှာ-၁၉၇၀ပြည့်နှစ်၊ အမျိုးသားနေ့ ရွှေရတုသဘင်မှာ၊ ဦးနေ၀င်း ပြောခဲ့တဲ့ စကားတခွန်းနဲ့၊ ၁၉၈၈- ရှစ်လေးလုံး အရေးတော်ပုံတုန်းက ၀န်ကြီးချုပ်ဦးနု ပြောခဲ့တဲ့ စကားတခွန်းတို့ကို ဆက်စပ် တင်ပြထားပါတယ်)
အားလုံး မင်္ဂလာပါ။
ဟိုးလွန်ခဲ့တဲ့ အနှစ်(၄၀) တရံရောတုန်းကလို့ပဲ ဆိုပါတော့။ ၁၉၇၀ပြည့်နှစ်ထဲမှာ၊ အမျိုးသားနေ့ ရွှေရတုသဘင်ကြီးကို တခမ်းတနား ဆင်ယင်ကျင်းပခဲ့ကြပါတယ်။ အဲဒီတုန်းက မဆလအစိုးရ လက်ထက်ပေါ့ ။
အဲဒီအမျိုးသားနေ့ ပရိသတ်ဗိုလ်ပုံ အလယ်မှာ၊ ဦးနေ၀င်း တဖြစ်လဲ၊ ဗိုလ်ချုပ်ကြီးနေ၀င်း ပြောခဲ့တဲ့ စကားတခွန်း မှတ်မိကြပါဦးမယ်။ “နာစရာရှိရင်၊ လွမ်းစရာနဲ့ဖြေ” တဲ့။ ဦးနေ၀င်းက သူနဲ့ ပုလဲနံပမသင့်လို့ အတိုက်အခံဖြစ်နေတဲ့ နိုင်ငံရေးအင်အားစုတွေကိုပဲ ရည်ညွှန်းချင်တာလား၊ ဒါမှမဟုတ် မြန်မာစကားမှာ ဆိုရိုးရှိလို့ လွယ်လွယ်ပဲ ပြောခဲ့လေသလား။
အဲဒီအချိန်တုန်းက၊ အဲဒီလို ဗိုလ်ချုပ်ကြီးနေ၀င်း ပြောလိုက်တဲ့ဟာက၊ ပြောလိုက်တဲ့သူအဖို့တော့ လွယ်လွယ်လေးပါပဲ။ ဘာမှဟုတ်ချင်မှ ဟုတ်ပေမဲ့၊ ကြားခဲ့ရ၊ နားထောင်ခဲ့ရတဲ့ ပုဂ္ဂိုလ်များ အဖို့တော့ (တနည်းအားဖြင့် ဦးနေ၀င်းအကြောင်း ကောင်းကောင်း သိထားတဲ့လူကြီးတွေ ဆိုရင်) နာကျင်ခံခက် ဖြစ်စရာလို့တောင် ထင်ရပါတယ်။ ဦးနေ၀င်း ပြောလိုက်ပုံများ “နာစရာရှိရင် လွမ်းစရာနဲ့ဖြေကြပါ” တဲ့။
အဲဒီအချိန်က ကျနော်တို့ အရွယ်ကလည်း၊ အထက်တန်းကျောင်းသား အရွယ်ပဲ ရှိသေးတာ ဆိုတော့၊ ဒီစကားရဲ့ အတိမ်အနက်ကို၊ ဘယ် ဒီတုန်းက ဟုတ္တိပတ္တိ နားလည်ခဲ့ကြဦးမှာတုံး။ နောင် နည်းနည်းလေးကြီးလာ၊ တက္ကသိုလ်လည်း ရောက်လာလို့၊ စာတွေပေတွေလည်း ဖတ်လာတော့မှ၊ ဦးနေ၀င်းပြောခဲ့တဲ့ စကားကို သေချာဂန၊ အနုလုံပဋိလုံ ဝေဖန်ပိုင်းခြား သုံးသပ်နိုင်လာတာပါ။
ကျနော်တို့ တိုင်းပြည်မှာ ဦးနေ၀င်းကြောင့် နစ်နာခဲ့ရတဲ့သူတွေ အများကြီး ရှိပါတယ်။ သခင်နိုင်ငံရေးသမားကြီးတွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေ၊ တက္ကသိုလ် ပညာရှင်ကြီးတွေ၊ တပ်မှူးဟောင်းကြီးတွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ အမြောက်အမြားဟာ၊ ထောင်ထဲရောက်သူရောက်၊ အသက်ပျောက်သူပျောက်၊ ဘ၀ ပျက်လောက်အောင်ကို နစ်နာခဲ့ရတာပါ။
ဦးနေ၀င်းဟာ ခေတ္တခဏ အာဏာယူပါတယ် ဆိုတဲ့ ၁၉၅၈-၅၉ အိမ်စောင့်အစိုးရအချိန်ကလေးမှာတောင်၊ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ၊ ကျောင်းသားတွေကို၊ ကိုကိုးကျွန်း အကျဉ်းထောင် ပို့ပစ်ခဲ့သေးတာပါ။ ဒါကပထမအကြိမ်ပါ။ ဒုတိယ အကြိမ်က၊ မဆလ အစိုးရ လက်ထက် ၁၉၆၉-၇၀၊ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ၊ ကျောင်းသားတွေကို၊ ကိုကိုးကျွန်း ပို့ခဲ့ပြန်တာပါပဲ။
ဆိုကြရင်တော့၊ အဲဒီလို ဦးနေ၀င်းက ၁၉၇၀ ပြည့်နှစ်ပေါ့ လေ၊ တန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့၊ အမျိုးသားနေ့ ရွှေရတုအခါသမယမှာ “နာစရာရှိရင်၊ လွမ်းစရာနဲ့ဖြေကြပါ” လို့ ပြောလိုက်တဲ့စကားကို၊ သူနှိပ်စက်လို့ (ဦးနေ၀င်းနှိပ်စက်လို့) ကိုကိုးကျွန်းကို အရှင်လတ်လတ် အပို့ခံရတဲ့သူတွေများ ကြားသွားရင်၊ ဘယ်လိုများ နေကြမှာပါလိမ့်။
“နာစရာရှိရင်၊ လွမ်းစရာနဲ့ဖြေ” တဲ့။ ဒီစကားက အပြောလွယ်သလောက်၊ လက်တွေ့ ကျင့်ကြံရတဲ့နေရာမှာတော့၊ အတော့်ကို ခက်ခဲလိမ့်မယ်လို့ ထင်မိပါရဲ့ ။ ဖြေဖို့ဆိုတာက ဖြေဆည်ရာက ဘယ်မှာလဲ။ စကားကြုံလို့ ကဗျာလေး တပုဒ် အမှတ်ရမိတာ ဖြတ်ပြောပရစေ။ “အဆုံးမရှိအောင် ကျယ်ဝန်းတဲ့ အမှားတွေထဲ၊ တိမ်တွေက လှလိုက်တာ၊ ကိုယ့်မှာတရားနဲ့ဖြေနေရတယ်” ဆိုတဲ့၊ ဇာတ်မင်းသားကြီး မောင်သိန်းဇော်ရဲ့ “ရှုမျှော်ခင်း” ကဗျာထဲကလို၊ ကျနော်တို့အဖို့က၊ တရားနဲ့ဖြေလို့ရမယ့် အနေအထားလည်း မဟုတ်ပြန်ဘူးလေ။
ကောင်းပါပြီ။ နာစရာရှိတာ လွမ်းစရာနဲ့ဖြေပါပြီတဲ့။ ဆိုပါတော့၊ ဦးနေ၀င်းကြောင့်နစ်နာခဲ့ရ၊ နာကျင်ခဲ့ရတဲ့သူတွေ၊ ဦးနေ၀င်းအပေါ် စိတ်နာခဲ့ကြ၊ နှလုံးနာခဲ့ကြတဲ့သူတွေ၊ အဲဒီအနာတွေ၊ အနာတွေကိုဖြေဖို့ ဆိုတာ၊ ဦးနေ၀င်းမှာကလွမ်းစရာကော ရှိလို့လား။ ဦးနေ၀င်းဆီမှာ ကျနော်တို့ လွမ်းလောက်တဲ့ အလွမ်းတွေ တွေ့ မိပါသလား။ ကျနော်တို့ ပြည်သူတွေ လွမ်းကျန်နေရစ်အောင် ဦးနေ၀င်း ဘာတွေလုပ်ပြခဲ့ဖူးလို့လဲ။
ဒီတော့ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ အသံတွေကြားမှာ၊ နာစရာရှိရင် လွမ်းစရာနဲ့ ဖြေဖို့ ဆိုတာ၊ တော်တော်တော့ သဘောထားကြီးမှဖြစ်မယ်။ နည်းနည်းလည်း အချိန်ယူရလိမ့်မယ်။ ဒီလိုဖြစ်မယ် ထင်မိပါရဲ့ ။ ကျနော်တို့လူမျိုး ဆိုတာ၊ ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့သူတွေ မဟုတ်ပါဘူး။ ခွင့်မလွှတ်တတ်တဲ့၊ အာဃာတကြီးတဲ့လူမျိုး မဟုတ်ပါဘူး။
ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းတုန်းက ဘကြီးနု(၀န်ကြီးချုပ်ဦးနု)က“ချေ နှစ် ချေ” ဆိုပြီး လူထုကို ပြောခဲ့တယ်။ လက်စားမချေပါနဲ့၊ သင်ပုန်းချေကြပါတဲ့။ ကျနော်တို့ဟာ ယဉ်ကျေးတဲ့လူမျိုး အနေနဲ့၊ လူကြိးသူမ ဆိုဆုံးမစကားကို နားထောင်ချင်ကြပါတယ်။ သို့သော်- ကျနော်တို့မှာ သင်ပုန်းချေနိုင်တဲ့ အခွင့်အရေး မရှိသေးပါဘူး။ သင်ပုန်းချေနိုင်တဲ့ အခြေအနေကိုလည်း ကျနော်တို့ မရောက်ရှိသေးပါဘူး။
ခု လောလောဆယ် အထိတော့၊ ကျနော်တို့ဟာ စိတ်ရော ကိုယ်ရော ချေမှုန်းခံနေရတုန်းပဲလို့ ခံစားနေရဆဲပါ။ ကိုမင်းကိုနိုင်တို့၊ ဦးခွန်ထွန်းဦးတို့ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး မလွတ်မြောက်သေးပါ။ တိုင်းရင်းသား နယ်မြေတွေမှာ ဖြစ်ပွားနေတဲ့စစ်မီးတွေ မငြိမ်းသေးပါ။
အကယ်၍များ၊ သမ္မတကြီးဦးသိန်းစိန် အစိုးရအနေနဲ့ သဘောထားကြီးတယ် ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ အမြန် ပြန်လွှတ်ပေးလိုက်ပါ။ တိုင်းရင်းသားတွေကို တိုက်ခိုက်နေတဲ့ စစ်ပွဲတွေ အမြန်ရပ်စဲလိုက်ပါ။ ဒါဟာ လွမ်းစရာ မကောင်းဘူးလား။
အဲဒီအခါ ပြည်သူတွေက နာစရာရှိတာတချို့ ကို ဖြေနိုင်ကြလိမ့်မယ် လို့ ထင်ပါတယ်။
နားဆင်တဲ့ အတွက် ကျေးဇူးပါ။ ။
အောင်ဝေး
အောက်တိုဘာ ၂၄-၂၀၁၁။
Related posts:



>Than Win Hlaing - Poem for SUU
>Tu Maung Nyo - See the truth with true eyes
>Thakhin Phoe Hla Gyi
>Phyu Phuy Thin – Contemporary politics from youth perspective (23)
>Burma to build cyclone shelters in 500 villages
>Mr. Creator - Suu Tu Pyu
>Ashin Nanika - Living Forever Tree
>Saung Luu - 8888 Poem
>၀င်းဖေ - ကဗဵာဆရာတင်မိုး ခေၞ ဘဂဵမ်း

စာဖတ်သူတွေရဲ့အသံ