>
AFP သတင်းဌာန
နိုဝင်ဘာ ၂၇၊ ၂၀၁၁
ဦးသန်းရွှေသည် အုပ်ချုပ်ရေးရာထူးတွင် မရှိတော့ကြောင်း မြန်မာ ထိပ်တန်း ခေါင်းဆောင်တဦးက သောကြာနေ့တွင်ပြောလိုက်သည်။
“ဗိုလ်ချုပ်မှူးကြီးက အမှန်တကယ် အနားယူပါပြီ” ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့ သောကြာနေ့တွင် သတင်းထောက်များကို ပြောသည်။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆယ်စုနှစ် ၂ ခုကြာ ဖိနှိပ်၊ အကျဉ်းချခဲ့ပြီးနောက် ဦးသန်းရွှေက မြန်မာစစ်တပ် အကြီးအကဲအဖြစ်မှ အနားယူလိုက်သည်။
ပြီးခဲ့သည့် မတ်လက စစ်ကောင်စီကို ဖျက်သိမ်းလိုက်သည်။ ထိုအချိန်မှစပြီး အစိုးရသတင်းစာမျက်နှာဖုံးတွင် ဖော်ပြခံရလေ့ရှိသော ဗိုလ်ချုပ်မှူးကြီးကို မတွေ့မြင်ရတော့ခြင်းဖြစ်သည်။
ကြာသပတေးနေ့ထုတ် သတင်းစာများတွင် ရန်ကုန်မြို့ရောက် မြတ်စွယ်တော်အတွက် ဦးသန်းရွှေ အလှူအတန်းလုပ်ကြောင်း ဖော်ပြထားသည်။ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ့အမည်ကို သတင်းစာတွင် တွေ့ရခြင်းဖြစ်သည်။
သူကိုယ်တိုင် မြတ်စွယ်တော်ကို သွားရောက် ဖူးမျှော်ခြင်းဖြစ်ကြောင်း သတင်းစာတွင် ရေးထားခြင်းမရှိသည့်အပြင် သူ၏ ဓာတ်ပုံလည်း ပါဝင်ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရ ပေါ်ပေါက်လာသော်လည်း မထင်မရှား နေထိုင်နေသည့် ဦးသန်းရွှေက လက်ရှိအစိုးရကို ချုပ်ကိုင်ထားဆဲဖြစ်သည်ဟု အများအပြားက ယူဆနေကြသည်။
သူရဦးရွှေမန်းကမူ အသက် ၇၈ နှစ် ရှိပြီဖြစ်သည့် ဦးသန်းရွှေသည်
စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီတွင်ပင် “အမှန်တကယ်” ပါဝင် ပတ်သက်ခြင်း မရှိတော့ဟု ဆိုသည်။ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲတွင် မဲအများဆုံး ရခဲ့သည်။
“ထပ်ပြီး ရှင်းရှင်း ပြောရရင် ဗိုလ်ချုပ်မှူးကြီးက ပါတီမှာရော၊ အစိုးရအဖွဲ့မှာရော၊ ကျနော်တို့ လွှတ်တော်မှာရော အမှန်တကယ် ပါဝင် ပတ်သက်ခြင်း မရှိတော့ပါဘူး” ဟု သူက ပြောသည်။
ဦးသန်းရွှေသည် ရွေးကောက်ပွဲအပြီးတွင် အစိုးရအပေါ် တစုံတရာ သြဇာလွှမ်းမိုးမှု ရှိနေသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။
ဦးသန်းရွှေသည် ရာထူးမှ အနားယူပါက အန္တရာယ်ရှိပုံကို သိရှိထားပြီးဖြစ်သည်။ သူက ယခင်အာဏာရှင်ဟောင်း ဦးနေ၀င်းကို ၂၀၀၂ ခုနှစ်က နေအိမ်အကျယ်ချုပ်ချခဲ့သည်။ ဦးနေ၀င်းမိသားစုဝင်တို့အား စစ်အစိုးရကို ဖြုတ်ချမှုဖြင့် အရေးယူအပြီး ထိုသို့ အကျယ်ချုပ်ချလိုက်ခြင်းဖြစ်သည်။
(AFP သတင်းကို မိုးမခက ဘာသာပြန်သည်။)
Related posts:

.jpg)


>With Only Loves - Poem by 5 Poets
>Peace Proposal in vein - signle by Regime by Tu Maung Nyo
>Thet Mon Myint and a minor accident
>women in ffssyangon
>gov's compensation for flood victim
>why Burma Prisoners’ Day?
>Local Burmese Journals reaching out to outlawed exile groups
>Myo Myint Cho - The Road of The Rose
>20th March 2011 - MoeMaKa Radio
စာဖတ်သူတွေရဲ့အသံ