မိုးမခအထောက်တော် အမှတ် ဝ၁ဝ
ဒီဇင်ဘာ ၅၊ ၂ဝ၁၁
တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက မြန်မာပြည်သို့ လာရောက်ပြီး ဘုရားဖူးလိုသည်ဟု ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးနှင့် အိန္ဒိယနိုင်ငံ တွေ့ဆုံစဉ် လျှောက်ထားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်တပတ် အင်္ဂါနေ့က နယူးဒေလီတွင် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ အစည်းအဝေးတွင် ယင်းသို့ လျှောက်ထားခြင်းဖြစ်ကြောင်း သီတဂူစတားဘလော့တွင် ရေးသားထားသည်။
ဒလိုင်လားမားက “ကမ္ဘာ အလွန်ကျော်ကြားသည့် ရွှေတိဂုံစေတီတော်ကြီးကိုလည်း လာရောက် ဖူးမျှော်ချင်ပါသည်ဟု မိန့်ကြားတော်မူသည်” ဟု ထိုဘလော့တွင် ရေးထားသည်။
ဝါဆိုဆရာတော်ကြီးက “ဖိတ်ကြားလို့ ဖြစ်သည့်အခါ ဖိတ်ကြားပါမည်၊ လာရောက်ဖူးမျှော်ဖို့ သင့်လျော်သည့်အခါ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လှည့်ပါ” ဟု ပြန်လည် မိန့်ကြားခဲ့သည်ဟု ဆိုသည်။
မြန်မာတို့ ၀ိနည်း စည်းကမ်း ကောင်းကြောင်း၊ ပိဋကတ်စာပေ တတ်ကျွမ်းကြောင်း ကြားသိရသဖြင့် အလွန် လေးစားချစ်ခင်ပါသည်။ မြန်မာသံဃာများကိုလည်း နောက်ထပ်ဖူးတွေ့ချင်ပါသည်ဟု သက်တော် ၈၅ နှစ် ရှိပြီ ဖြစ်သည့် တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ အစည်းအဝေးသို့ မြန်မာပြည်မှ သက်တော် ၉၆ နှစ်ရှိပြီဖြစ်သော ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး နှင့် နိုင်ငံကျော် သီတဂူဆရာတော် ဦးဉာဏိဿရ အပါအ၀င် သံဃာများ၊ လူပုဂ္ဂိုလ်များ သွားရောက်ခဲ့ကြသည်။
ပြီးခဲ့သည့် လကုန်ပိုင်းက ၃ ရက်ကြာ ကျင်းပသည့် အစည်းအဝေးသို့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ ဂျပန် အပါအ၀င် နိုင်ငံ ၄၆ ခုမှ သံဃာများ၊ ပညာရှင်များ၊ လေ့လာသူများ တက်ရောက်ကြသည်။
ဒလိုင်လားမားသည် တရုတ်အစိုးရ၏ ရန်ကြောင့် တိဘက်ဒေသတွင် သီတင်းသုံးနိုင်ခြင်း မရှိဘဲ ပြည်ပနိုင်ငံများတွင်သာ လှည့်လည်သွားလာ သီတင်းသုံးနေရသည်။
နိုင်ငံအများအပြားကလည်း တရုတ်အစိုးရနှင့် ဆက်ဆံရေးပျက်မည်ကို စိုးရိမ်သဖြင့် ခွဲထွက်သူဟု တရုတ်အစိုးရက သတ်မှတ်ထားသော ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားကို ပြည်ဝင်ခွင့် ပေးခြင်းမရှိပေ။
အောက်တိုဘာလက နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒက်စမွန်တူးတူး၏ မွေးနေ့ပွဲသို့ ပြည်ဝင်ခွင့်မရသဖြင့် ဒလိုင်လားမား တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ မွေးနေ့ရှင် ဒက်စမွန်တူးတူးက ဗီဇာထုတ်မပေးခဲ့သည့် တောင်အာဖရိကအစိုးရသည် ယခင် အာဏာရှင် လူဖြူအစိုးရထက် ဆိုးရွာသည်ဟု အပြင်းအထန် ကန့်ကွက်ခဲ့သည်။
တောင်အာဖရိကအစိုးရက တရုတ်အစိုးရ ဒေါသထွက် ငြိုငြင်မည်ကို စိုးရိမ်သည့်အတွက် ဗီဇာထုတ်မပေးခြင်းဖြစ်သည်ဟု သိရသည်။ ယခင်က ဗီဇာ ၃ ကြိမ် ထုတ်ပေးခဲ့ခြင်းမှာ “တရုတ်တနိုင်ငံတည်းမူဝါဒ” ကို လက်ခံခြင်းမပြုသေးသောကြောင့် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒလိုင်လားမားဖူးလိုသည့် ရွှေတိဂုံဘုရားတည်ရှိရာ မြန်မာနိုင်ငံ၏ အစိုးရသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အလွန် ကောင်းမွန်လျက်ရှိသည်။
Related posts:



>May 5th - Journals Digest Headlines
>Cartoon Win Pe : too impatient
>ဘယ်သူတြေ ဘာမဵား ဘလော့ဂ်နေသလဲ -ိံစ်ြသစ်ကူိးိုံင်ငံသား
>Citizen of Burma (San Francisco) will join with community to celebrate Kahtina Pwe in Metta Nanda Monastery Event
>Martyrs Day Songs
>Ku Mojo - Cartoon
>မိုးမခ ရဲႚ ေရဒီယိုခဵစ္သူမဵား ဆစ္ဒနီ
စာဖတ်သူတွေရဲ့အသံ