>Open Letter to NLD from a Burmese commoner

>

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့သာမန်ဗမာနိုင်ငံသားတဦးရဲ့ အိတ်ဖွင့်ပေးစာ

ငြိမ်းချမ်းအေး၊ဒီဇင်ဘာ ၈၊ ၂၀၁၁
ချစ်စွာသောမိုးမခ
ကျွန်တော်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အိတ်ဖွင့်ပေးစာကို မိုးမခ အင်တာနက်စာမျက်နှာမှာ ဖြစ်နိုင်ရင် ဖော်ပြပေးစေ လိုပါတယ်ခင်ဗျား။ မိုးမခမီဒီယာ ရဲ့ မူဝါဒနဲ့ မကိုက်လို့ ဖော်ပြမပေးနိုင်ရင်လဲ ကိစ္စမရှိပါခင်ဗျား။
အစဉ်အမြဲအားပေးလျက်
ငြိမ်းချမ်းအေး
ဘရစ်စဘိန်းမြို့၊
သြစတြေးလျ နိုင်ငံ။

မှ/
ငြိမ်းချမ်းအေး
သာမန် ဗမာနိုင်ငံသား တစ်ဦး၊
ဘရစ်စဘိန်းမြို့၊
သြစတြေးလျ နိုင်ငံ။
ရက်စွဲ- ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်။
သို့/
ဒေါ်အောင်ဆန်းစုကြည်
အထွေထွေအတွင်းရေးမှုး၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း၊
ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
အကြောင်းအရာ။         ။ ဗမာနိုင်ငံသားတစ်ဦးအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ တင်ပြချက်၊ အိတ်ဖွင့်ပေးစာ။

ချစ်ခင်လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခင်ဗျား..။

ကျွန်တော်ယခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုတင်ပြချင်တဲ့ အကြောင်းအရာတွေက ယခင်ကတည်းက တင်ပြချင်နေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်ခင်ဗျား။ လတ်တလောရေးဖြစ်ရတဲ့ အကြောင်းကတော့ ခုလေးတင် ကချင်ပြည်နယ်မှာ နေတဲ့ သူငယ်ချင်း(အွန်လိုင်းသူငယ်ချင်းမဟုတ်)ဆီက စာရလို့ဖြစ်ပါတယ်။ စာထဲမှာလက်ရှိ ပြည်တွင်းစစ်ရဲ့ လူတွေအပေါ်ထိခိုက်မှုကို အဓိက စိတ်ခံစားမှုအသားပေးပြီးရေးထားတယ်။ စာဖတ်ပြီးတော့ စစ်ပွဲကြားမှာ နေရတဲ့ သူတို့ရဲ့ ဘဝကို ပိုပြီးစာနာ နားလည်းလာမိတယ်။ စစ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာတခုတည်း ဖျက်ဆီးနိုင်တာ မဟုတ်ဘူး။စစ်ကြောင့်ရတဲ့ စိတ်ဓတ်ပိုင်းဆိုင်ရာ ဖျက်ဆီးခံရမှု၊ စိတ်ဒဏ်ရာ အနာတရ(Psychological Trauma) က ပိုဆိုးတယ်လို့ ထင်မိတယ်။ ရုပ်ဝထ္တုပစ္စည်းဖျက်ဆီးခံရတာက ပြန်တည်ဆောက်ရင်ခဏပဲကြာတာ၊ စိတ်ဒဏ်ရာက ရေရှည်ကုစားရတာ၊ ကလေးတွေဆိုရင် ပျောက်ဖို့တောင်မလွယ်ဘူးလို့ ယူဆမိတယ်။ ရာစုနှစ်တွေချီပြီ စစ်ပွဲကြားမှာနေခဲ့ရတဲ့၊ ခုချိန်ထိလည်းနေ နေရတဲ့ လူတွေ(ကလေး/လူကြီး)ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို စိတ်ကူးနဲ့တောင်တွေးမကြည့်ရဲပါဘူး ခင်ဗျား။
သူငယ်ချင်းက ပြောတယ်…မနေ့တစ်နေ့ကပဲအစိုးရတပ် သူတို့မြို့က နတ်စင်မှာ နတ်ပြပြီး KIA ကို အပြတ်တွယ်မယ်ဆိုပြီးတက်သွားတယ်တဲ့..။ ကချင်ပြည်နယ်က လူတွေကတော့  ဒေါ်အောင်ဆန်းစုကြည်ကို မျှော်နေကြသတဲ့..။
ခုချိန်မှာ လေကိုသာ ရေလိုသုံးပြီး တစ်ပြည်လုံး(တစ်ကမ္ဘာလုံးလို့လဲပြောလို့ရတယ်) မှာ လုပ်သမျှတင့်တယ်နေတဲ့ ကြတ်ပြေးက စစ်တပိုင်း အစိုးရကိုတော့ ဘာမှအပြစ်မပြောလိုဘူး။ အစကတည်းက စေတနာမှန်လိမ့်မယ်လို့လဲ မယူဆခဲ့ဘူး။  တခါတလေ ပျဉ်ဖိုးနားမလည်ဘဲနဲ့(ကန်တော့ပါရဲ့) အရူးချီးပန်းပြောတဲ့ စကားတွေကို ဒီတခါတော့ အဟုတ်ပြောတာနေမှာပဲလို့ ဟုတ်လိမ့်နိုးနိုးစိတ်နဲ့ယုံမိဒါတော့ရှိတယ်။ ဒါလည်း  ပြောတိုင်းမဟုတ်ခဲ့ရင် ဒီလူတွ အမြဲတမ်း အပြောတစ်မျိုး၊အလုပ်တစ်မျိုးနဲ့ဟာ၊ မင်းကသွားယုံတာ မင်းအပြစ်ပဲဆိုပြီး ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ပြီးဖြေသိမ့်လိုက်တယ်။ 
နောက်ဆုံး နားကြားပြင်း မတရားကတ်လာရင်လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အပြစ်တင်ဝေဖန်၊ ဒါမှမဟုတ်..ယုတ်စွအဆုံး (နားနဲ့မနာဖဝါးနဲ့နာပါ ခင်ဗျား။)  ဆဲရေးတိုင်းထွာပြီး ကိုယ့်ဒေါသကို ဖြေလိုက်တယ်။  ဖြေလို့ရတယ်။ဒီ့ထက်မပိုဘူး။ ကျွန်တော် ပြောချင်တာက သူတို့ကို အစထဲက ချစ်ခင်လေးစားယုံကြည်မှု မရှိတော့စိတ်ထဲမှာ ဘာမှ မခံစားရဘူး၊ ခံစားချက် မရှိဘူး၊ ဥပက္ခာပြု နိုင်တယ်။  အင်္ဂလိပ်လိုဆိုရင်”To me, they are hopeless already.” ပေါ့။
ဒါပေမဲ့… (ဒီ..’ဒါပေမဲ့’ က တော်တော်အရေးကြီးတဲ့’ဒါပေမဲ့’ ပါ ခင်ဗျား။)
ကိုယ်အစကတည်းက ချစ်တဲ့၊ လေးစားတဲ့၊ယုံကြည်တဲ့၊ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုတော့ အဲ့ဒီလို ဥပက္ခာ မပြုနိုင်ဘူး။ လုပ်ချင်ရာ လုပ်ဟေ့.. ဆိုပြီး ပေလျာကံမထားနိုင်ဘူး။ ခံစားမှုမရှိနိုင်၊ ဥပက္ခာပြုနိုင်တဲ့ အခြေအနေ ဖြစ်သွားမှာကို မကြည့်ရက်၊မမြင်ရက်၊ မကြားရက်လို့ ဒီအိတ်ဖွင့်ပေးစာ ရေးရခြင်း ဖြစ်ပါတယ် ခင်ဗျား။  ချစ်နေတုန်းပဲအမုန်းစကား ဆိုချင်ပါတယ်၊ ဆိုပါရစေ…ခင်ဗျား။
“ရွှေဂုံတိုင် ကြေညာစာတမ်း၊ ဒုတိယပင်လုံ၊ ကိုယ်စွမ်၊ ဥာဏ်စွမ်းရှိသလောက် တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေးရအောင်ကြိုးစားပါ့မယ် ဆိုတဲ့ ကတိ” စတဲ့..စတဲ့.. ပြည်သူလူထုကို ကတိပေးခဲ့တဲ့  စကားတွေကိုတော့ချစ်ခင်လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မမေ့စေချင်ဘူးခင်ဗျာ့။ ဖြစ်အောင်လုပ်နေတယ်(ဒါမှမဟုတ်) လုပ်မယ်လို့လဲ ခုချိန်အထိ ယုံကြည်နေပါတယ် ခင်ဗျား။
၉၀ ရွေးကောက်ပွဲရလဒ်ကို စွန့်ပြီး ခုပါတီမှတ်ပုံပြန်တင်တာ၊ ရွေးကောက်ပွဲ ဝင်တာကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်စရာ မရှိပါ။ကျွန်တော့် အမြင်အရ ဒီဆုံဖြတ်ချက်က စံနှုန်းတွေနဲ့ ကြည့်ရင် လက်ခံချင်စရာ မရှိပေမဲ့၊ပကတိအခြေအနေအရ အလုပ်သင့်ဆုံးလမ်းဆိုတာ လက်ခံပါတယ်။ ‘Pragmatic thinking’ ကလက်တွေ့ဘဝမှာ’Normative thinking’ ထက်ပိုပြီး ထိရောက်တယ်၊ အမှန်တရားတော့ ဟုတ်ချင်မှ၊ ဟုတ်မယ်၊ ဒါပေမဲ့လက်တွေ့ အလုပ်ဖြစ်တယ်၊ ဆိုတာကို ရင်နာနာနဲ့ လက်ခံထားတဲ့ ကျွန်တော့်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အခုသွားမယ်ဆိုပြီး ရွေးလိုက်တဲ့လမ်းကို ထောက်ခံပါတယ်။ တိုင်းပြည်အတွက် အကျိုးပိုများလာစေမယ်လို့လည်းယုံကြည်မျှော်လင့်မိပါတယ် ခင်ဗျား။
၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်နိုင်ခဲ့လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က တရားဝင်တောင်းပန်ခဲ့တာကိုလည်း ကျွန်တော်တစ်ဦးတည်းသဘောထားအနေနဲ့၊၉၀ ရွေးကောက်ပွဲမှာ အသက်မပြည့်လို့ မဲမပေးခဲ့ရတဲ့ သူတစ်ယောက်အနေနဲ့၊ နှစ်(၂၀) ကျော်စစ်အစိုးရရဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှု၊ ပရိယာယ်ေ၀၀ုစ်၊ ဥာဏ်များမှုဒဏ်ကို ကြံကြံခံရင်ဆိုင်ခဲ့ရတဲ့ဒေါ်အောင်ဆန်းစုကြည် နဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ အခြေအနေကို စာနာနားလည်ပေးနိုင်တဲ့သူတစ်ယောက်နေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တောင်းပန်တာကို လက်ခံပါတယ်၊ ကျေနပ်ပါတယ်။အပြစ်တင်စရာ မရှိပါ ခင်ဗျား။ (တခြား တစ်ကယ်မဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေရဲ့ သဘောထားတော့မသိပါ။)
နောက်တစ်ခု တင်ပြချင်တဲ့ အကြောင်းအရာကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်တွေ နဲ့ လုပ်နည်းလုပ်ဟန်တွေပါ။ ကျွန်တော်အမြင်အရ ထုတ်ပြန်ကြေညာချက် ထုတ်ရုံသက်သက်နဲ့တော့ ခေါင်းမာတဲ့၊ သူတို့သွားချင်တဲ့လမ်းကိုအများစုရဲ့ ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ သူတို့ရဲ့ အကျိုးစီးပွား၊လုံခြုံမှုကို ဦးစားပေးပြီးစနစ်တကျ ပုံဖော်ဆောင်ရွက်နေတဲ့၊ အင်အားကြီးမာနေပြီဖြစ်တဲ့ စစ်တပိုင်းအစိုးရရဲ့ ပကတိသဘောထားကို ပြောင်လဲနိုင်လိမ့်လို့ မယူဆမိပါ ခင်ဗျား။
ထုတ်ပြန်ကြေညာချက်တွေရဲ့ နောက်မှာ သင့်တော်တဲ့အရေးယူမှုတွေ ဆောင်ရွက်ရမယ်လို့ ထင်မြင်မိပါတယ်။ ဥပမာ- နိုင်ငံရေး အကျဉ်းသားတွေ ခြွင်းချက်မရှိအကုန်လွတ်ပေးရမယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး အချိန်ကာလတခုအတွင်းမှာ အစိုးရဘက်က အပြည့်အဝပူးပေါင်းဆောင်ရွက်မှု မရှိရင် ပိုပြီးထိရောက်တဲ့၊ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု(follow-up action) အနောက်က လိုက်ဖို့လိုတယ်လို့ ထင်မြင်မိပါတယ် ခင်ဗျား။ လက်မှတ်ရေးထိုးတောင်းဆိုမှုနောက်က လိုက်ခဲ့ပေမဲ့ အလုပ်မဖြစ်တာ လက်ရှိထောင်ထဲမှာရှိနေဆဲ ပုဂ္ဂိုလ်တွေက သက်သေပါ။ပိုမိုထိရောက်တဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေခံ အကြမ်းမဖက်ရေး လမ်းစဉ်ကိုမထိခိုက်တဲ့၊ လှုပ်ရှားမှုတွေ လုပ်နိုင်ပါသေးတယ် ခင်ဗျား။
ဥပမာ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်ပြီးတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုအစည်းအဝေးတွေ ခေါ်၊ လူထုဆန္ဒဖော်ထုတ်ပွဲတွေ လုပ်ပြီးပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေး အကျဉ်းသားလွတ်ပေးရေး စတဲ့ တိုင်းပြည်မှာ အရေးယူဆောင်ရွက်ဖို့အရေးတကြီးလိုအပ်နေတဲ့ ပြသာနာတွေကို အလျင်အမြန် ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုနိုင်ပါသေးတယ်လို့ထင်မြင်မိပါတယ် ခင်ဗျား။
ကျွန်တော့်အမြင်ကို အားနာဝမ်းနည်းစွာနဲ့ပွင့်ပွင့်လင်းလင်းတင်ပြရရင် လွန်ခဲ့တဲ့အနှစ် (၂၀) ကျော်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ကြေညာချက်တွေ၊ ကုလသမဂ္ဂရဲ့ ဗမာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ အရေးယူဆုံးဖြတ်ချက်တွေ(resolution statements)၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေရဲ့ထိရောက်တဲ့ အလုပ်မပါဘဲ ဗမာပြည်အတွက်စိုးရိမ်မိပါတယ်ဆိုတဲ့ နားဝင်ချိုတဲ့ စကားသက်သက်တွေဟာယခင်စစ်အစိုးရအပေါ် လက်ဆုပ်လက်ကိုင်ပြလို့ရနိုင်အောင် ထိရောက်မှုမရှိခဲ့ပါ ခင်ဗျား။
ယခင်စစ်အစိုးရရဲ့ အထိုက်အသင့် ပြုပြင်ပြောင်းလဲခဲ့မှုတွေ(ဥပမာ – (၁၅) နှစ်နီးပါး အချိန်ဆွဲလာတဲ့ အခြေခံ ဥပဒေကို အဆုံးသတ်ရေးဆွဲခြင်း၊ ရွေးကောက်ပွဲကျင်းပပေးခြင်း၊နအဖ အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် မှ အရပ်သားအစိုးရသစ် သမ္မတဦးသိန်းစိန်ထံသို့တိုင်းပြည်အာဏာ လွှဲပြောင်းခြင်း၊ လွတ်တော်ခေါ်ယူပေးခြင်း စတာတွေ..)၊ ယခင်စစ်အစိုးရ လက်ထက်တုန်းကသေနပ်ခါးကြားထိုးပြီး “ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်”၊”တပ်မတော်သာအမိ၊ တပ်မတော်သာအဖ” စတဲ့ စကားတွေကို ပြောပြီး ပြည်သူကို အမိန့်ပေးပုံစံနဲ့ဖိနှိပ်အုပ်ချုပ်ခဲ့ပြီး ယခု အစိုးရသစ်မှာလဲပါလာတဲ့ အငြိမ်းစား ဗိုလ်ချုပ်ဟောင်းကြီးတွေအရင်တုန်းက လေသံတောင်မကြားရဲဘဲ ခုမှ လျာတစ်ယားယားနဲ့ တွင်တွင်ပြောနေတဲ့ “လူ့အခွင့်အရးတွေ၊ဒီမိုကရေစီတွေ၊ ပြည်သူလူထု ဆန္ဒကို လေးစားရမယ်၊ အမိန့်ပေးအုပ်ချုပ်လို့မရဘူး စတဲ့..စကားအလှတွေပြောင်းပြောပြီးအနှစ်မပါတဲ့ စစ်မိုကရေစီ (Militarized Democracy) တရားရေလည်ဟောနေတာတွေ၊ စတဲ့..ပြောင်းလဲမှုလို့အကောင်းမြင်ခေါ်ချင်ရင်ခေါ်လို့ရတဲ့ အပေါ်ယံပြောင်လဲမှုတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အတိုက်အခံ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ (၈၈ မျိုးဆက်ကျောင်းသားများ အပါ)ရဲ့ နှစ် (၂၀) ကျော် မဆုတ်မနစ် ပေးဆပ်မှု၊ နိုင်ငံတကာဖိအား စတဲ့ အကြောင်းတွေကြောင့်လို့ပြောရင် လက်ခံပင်မဲ့၊ (ကျွန်တော့်အမြင်အရ) ပြည်သူလူထုအင်အား (People Power) ကို ကြောက်လို့ဆိုတဲ့ အကြောင်းက အဓိကကျတယ်လို ထင်မြင်မိပါတယ် ခင်ဗျား။
ကြတ်ပြေးကို ပြောင်းပြီး အစိုးရရုံးဆိုက်ရခြင်းကိုက ယတြာကြောင့်ဆိုတာထက် လူထုအုံကြွမှုဖြစ်ရင် အစိုးရယန္တယားမပျက်အောင် ကြိုတင်ကာကွယ်သွားတာပါလို့ယူဆပါတယ် ခင်ဗျား။ အတိုချုပ်ပြောရရင် ယခုပြောင်းလဲတိုးတက်မှုတွေဟာ လက်ငင်းအကြောင်း(Immediate Cause) ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ရဲ့ အကျိုးဆက် နှင့် ယခင်စစ်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အာဏာရှင်တွေ ကမ္ဘာ့သမိုင်းအဆက်ဆက်ဆိုးရွားခဲ့တဲ့ဘဝနိဂုံးသမိုင်းသင်ခန်းစာကို လိမ္မာပါးနပ်စွာသင်ယူပြီး ကျွမ်းကျင်စွာ (သူ့အကျိုးအတွက်/ပြည်သူ့အကျိုးမပါ)လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုလို့ သုံးသပ်ပါတယ် ခင်ဗျား။
နောက်တစ်ခု ထပ်မံတင်ပြချင်တာက စိတ်ရှည်သည်းခံမှုပါ။တချို့ ပုဂ္ဂိုလ်တွေပြောသလို လက်ရှိအစိုးရဲ့ တိုးတက်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီးခဏလေး စိတ်ရှည်သည်းခံစောင့်ကြည့်ပေးဖို့ ပြောတဲ့ အယူအဆပါ။ (ဒီအယူအဆဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ သဘောထားလို့ မဆိုလိုပါ၊ အကြောင်းအရာ ဆက်စပ်နေလို့ တင်ပြရခြင်း ဖြစ်ပါတယ်။)ကျွန်တော်အနေနဲ့ လက်ရှိအစိုးရရဲ့ ယခင်နဲ့ မတူတဲ့ လုပ်ရပ်တချို့၊ အပြောင်းအလဲတချို့ကိုအသိအမှတ်ပြုပါတယ်။ ရှေ့မှာလည်း ဆက်လက်ပြုပြင်ပြောင်လဲ သွားလိမ့်မယ် ဆိုပြီး ယုံကြည်စိတ်ချတဲ့စိတ်၊အကောင်မြင်တဲ့စိတ်နဲ့ နေနိုင်ပါတယ်။
ခက်ထန်ကြမ်းတမ်းမှုတွေရဲ့ အဝေးမှာရှိနေတဲ့ကျွန်တော်လိုလူအနေနဲ့ အစိုးရရဲ့ တစ်ဆင့်ခြင်း ပြောင်းလဲနေပါတယ် ဆိုတဲ့ ဖြစ်စဉ်ကို စိတ်ရှည်သည်းခံစောင့်ကြည့်ပေးဖို့ကိစ္စက မခက်ခဲပါဘူး။
ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်းလို စစ်ပွဲကြားမှာနေနေရတဲ့၊ စစ်ရဲ့ အနိဌာရုံ တွေကို နေ့စဉ် မြင်တွေ့ပြီး လက်တွေ့ ခံစားနေရတဲ့ လူတွေ၊ ထောင်ထဲမှာအပြစ်မရှိဘဲ နှစ်ရှည်လများ သွားနေရပြီး ဒုက္ခ၊သုက္ခမျိုးစုံ ခံစားနေရတဲ့ လူတွေ (သူတို့ရဲ့မိသားစုတွေ အပါအဝင်)၊ လူမှုဒုက္ခမျိုးစုံခံစားနေရတဲ့  အခြေခံ ပြည်သူလူထုတွေ၊…စတဲ့ခက်ထန်ကြမ်းတမ်းလွန်းတဲ့ ဘဝကို နေ့စဉ်နဲ့အမျှရင်ဆိုင် နေရတဲ့လူတွေကတော့ ကျွန်တော့်လိုစိတ်ရှည်သည်းခံစောင့်ကြည့်ပေးဖို့ အများကြီးခက်ခဲမယ်လို့ ထင်မိပါတယ် ခင်ဗျား။
စိတ်ရှည်သည်းခံမှုနဲ့ အတူတွဲလျက် တင်ပြချင်တာကတော့’အပြောင်းအလဲ’ ရဲ့ တကယ့် အဓိပ္ပါယ်ပါ။ ကျွန်တော်အပါအဝင် ဘယ်သူမှ မငြင်းနိုင်တာက လက်ရှိဗမာပြည်မှာအပြောင်းအလဲတွေ ဆက်တိုက်ဖြစ်နေတယ် ဆိုတာပါပဲ။
ဒါပေမဲ့ ကျွန်တော်လိုချင်တဲ့ (ဒါမှမဟုတ်ကျွန်တော် ဆိုလိုချင်တဲ့) အပြောင်းအလဲက အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းကြီးများရဲ့အတွင်းသဘောထားပြောင်းလဲခြင်းပါ။ ဒီနေ့ တိုးတက်တဲ့ခြေလှမ်းအနေနဲ့ ကိုမင်းကိုနိုင်ကိုလွှတ်ပေးမယ်၊ မနက်ဖြန် ကိုမင်းကိုနိုင်က အစိုးရရဲ့ မူဝါဒတစ်ခုခုကို ဝေဖန်မယ်၊ သဘက်ခါကိုမင်းကိုနိုင် ပြန်ဖမ်းပြီး ထောင်ထဲ နှစ် (၂၀) လောက်ထည့်ထားမယ်။ အဲ့ဒီလိုဆိုရင် စစ်မှန်တဲ့တကယ့်အပြောင်းအလဲလို့ ပြောလို့မရပါ။
သူတို့ဟာ အပြောင်းအလဲကို ဦးတည်နေပြီလို့တောင်ပြောမရပါ။ “We are beginning to see the beginning of change” လို့လည်း(ကျွန်တော်တစ်ဦးတည်း အမြင်အရ) မယူဆနိုင်ပါ ခင်ဗျား။
‘အပြောင်းအလဲ’ ရဲ့ တကယ့် အဓိတ်ပါယ်အစစ်အမှန်က လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ တန်းတူအခွင့်အရေး တွေပေါ်မှာအခြေခံတဲ့၊ လူအများစုရဲ့ သဘောထားဆန္ဒကို အဓိကထား ဦးစားပေး ဆုံးဖြတ်တဲ့ စနစ်ဖြစ်ပေမဲ့လူနည်းစုရဲ့ အမြင်သဘောထား၊ ရပိုင်ခွင့်တွေကို လေးစားအသိအမှတ် ပြုတဲ့၊ စည်းကမ်းပြည့်ဝသောအပါအဝင် မည်သည့် နာမဝိသေသန မှမပါရှိတဲ့ ဒီမိုကရေစီရဲ့ ပြည့်ဝတဲ့အနှစ်သာရ (Virtuesof Democracy) အပေါ် စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေရဲ့ သဘောထားလက်ခံမှုနဲ့ လက်ခံပြီးနောက်တကယ် ယုံကြည်ကျင့်ကြံအားထုတ်သွားမယ်ဆိုတဲ့ ခိုင်မာထက်သန်တဲ့စိတ်၊ ဒီမိုကရေစီ အမြစ်တွယ်ရှင်သန်ခိုင်မာမှ၊ တနည်းအားဖြင့် “Democratic Consolidation” ရှိမှ ဒို့တိုင်းပြည်ကြီးပွာတိုးတက်ပြီး၊ နိုင်ငံတကာမှာ အောက်တန်းနောက်တန်းရောက်နေတဲ့ ဘဝက လွတ်ပြီး လူရာဝင်လာမယ်လို့မုချယုံကြည်တဲ့စိတ်၊ စတဲ့ အခြေခံပကတိစိတ် အပြောင်းအလဲ (Mindset Change) ဖြစ်မှသာ စစ်မှန်တဲ့ပြောင်းလဲမှုလို့ ယူဆနိုင်မှာပါ ခင်ဗျား။
နောက်ဆုံးတစ်ခု တင်ပြချင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လုပ်ဆောင်နေတဲ့လူမှုရေးလုပ်ငန်းတွေအပေါ် ကျွန်တော့်ရဲ့ သဘောထားပါ ခင်ဗျား။ ဗမာပြည်လို ဆင်းရဲမွဲတေမှုကရောဂါတစ်ခုသဖွယ် အမြစ်တွယ်နေတဲ့ တိုင်းပြည်မှာ လူမှုရေးလုပ်ငန်းလုပ်တာဟာ ဝမ်းသာအားရကြိုဆိုထောက်ခံရမယ့် ကိစ္စဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် (၂၀) နီးပါး အခက်အခဲအမျိုးမျိုးကြားကစဉ်ဆက်မပြတ် လူမှုရေးလုပ်ငန်းတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါဝင်မှုကိုချီးမွမ်းဝမ်းမြောက် သာဓုအကြီမ်ကြီမ်ခေါ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအကြီမ်နေအိမ် အကျယ်ချုပ်က လွတ်လာပြီး နောက်ပိုင်း လူမှုရေးကွန်ရက်၊ ပညာရေးကွန်ရက်တွေဖွဲ့စည်းပြီးပညာရေး၊ လူမှုရေး လုပ်ငန်း တွေကို  ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခဲ့တာဟာမှတ်တမ်းတင်လောက်တဲ့ အောင်မြင်မှုတစ်ခုပါ ခင်ဗျား။
ခုလည်း တိုင်းရင်းသားများ ပညာရေးရံပုံငွေအတွက် အနုပညာရှင်တွေပူးပေါင်းပြီး ဂီတပွဲတွေလုပ်မယ်ဆိုတာ သိရတော့ ဝမ်းသာကြည်နူးရပါတယ်။ ဒီလိုလုပ်ငန်းတွေရဲ့ အတွင်းသား(အနှစ်) ရည်မှန်းချက်လို့ ကျွန်တော်ယူဆတဲ့ ဒီမိုကရေစီအဆောက်အအုံမှာမရှိမဖြစ်လိုအပ်တဲ့ လူထုအခြေပြု လူမှုရေး အဖွဲ့အစည်းတွေ(Community BasedOrganizations) ဖွဲ့စည်းနိုင်မှု၊ အဲ့ဒီလို အဖွဲ့အစည်းတွေမှာ ပြည်သူလူထုပိုမို ပါဝင်လာစေရန်လေ့ကျင့်ပေးမှု စတဲ့ ဒီမိုကရေစီလူမှုပတ်ဝန်းကျင်နဲ့ ထိုက်တန်တဲ့ အလေ့အကျင့်တွေကို ပြည်သူလူထုကျင့်နိုင်အောင် အများသိပြီးဖြစ်တဲ့ အနုပညာရှင်တွေ (Celebrities)ရဲ့ အကူအညီယူပြီး ဆောင်ရွက်နေတဲ့၊ဆောင်ရွက်မဲ့ လုပ်ငန်းစဉ်တွေကို အပြည့်အဝ ထောက်ခံပါတယ် ခင်ဗျား။
ဒါပေမဲ့ လူမှုရေးလုပ်ငန်းတွေကို ဇောင်းပေးလုပ်နေရုံနဲ့ဗမာပြည်ရဲ့ ပင်မ ပြသာနာဟာ ပျောက်မသွား၊ လျော့မသွားနိုင်ပါဘူး ခင်ဗျား။  ဆင်းရဲသားတွေကိုအတိုးမဲ့ငွေချေးပေးတာကောင်းပါတယ်၊ ဒါပေမဲ့ ဆင်းရဲသားတွေအပါအဝင် လူတန်းစားအားလုံးအခွင့်အရေးတန်းတူပေးတဲ့ လွတ်လပ်မျှတတဲ့ စီးပွားရေးစနစ်တစ်ခုကို အာမခံချက် ပေးတဲ့ နိုင်ငံရေးစနစ်တစ်ခုကို အမြန်ဆုံး ထူထောင်ပေးနိုင်ခြင်းက တိုင်းပြည်အတွက် ရေရှည်ပိုကောင်းမှာ ဖြစ်ပါတယ်။
မိချောင်းမင်း ရေခင်းပြသလို ဖြစ်ရင်ခွင့်လွှတ်စေချင်ပါတယ်။ရောဂါဝေဒနာသည်တစ်ဦး ရောဂါကြောင့် နာကျင်ခံစားနေရတာကို အနာပျောက်ဆေး (Painkiller) သက်သက်ပေးလို့ခဏတာပဲ နာကျင်မှုသက်သာစေမှာပါ။ အနာပျောက်ဆေးနဲ့အတူ  ပင်မရောဂါကို ကုစားနိုင်တဲ့ဆေးပါတွဲပေးမှ ဝေဒနာသည် အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်ရရင် ဆင်းရဲခြင်း၊ စာမတတ်ခြင်၊အကျင့်ပျက်ခြင်း စတဲ့ ဗမာပြည်မှာ ဖြစ်နေတဲ့ ရောဂါရဲ့ အဆွယ်အပွား တွေကို ကုပါ၊ ပိုပြီးအဓိကကျတဲ့ ပင်မရေသောက်မြစ် ရောဂါဖြစ်တဲ့ နိုင်ငံရေးပြသာနာ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ယခုထက်ပိုမို အလေးထား ဦးဆောင်တိုက်ပွဲဝင်ပြီး အမြန်ဆုံး ဖြေရှင်းပေးစေလိုပါတယ်ခင်ဗျား။
အထူးသဖြင့် တိုင်းရင်းသားကိစ္စ၊ နိုင်ငံရေးအကျဉ်းသား ကိစ္စတွေကို ဒီထက်ပိုပြီ ရှေ့ဆောင်ဦးရွက်ပြု တိုက်ပွဲဝင်စေချင်ပါတယ် ခင်ဗျား။
ဒေါ်အောင်ဆန်းစုကြည်လို (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို) မျက်စိကြီး၊ နားကြီး၊ ဥာဏ်ပညာ အမြော်အမြင်ကြီး၊ အကျင့်သီလ ပြီးပြည့်စုံတဲ့ လူပုဂ္ဂိုလ်တစ်ယောက်(အဖွဲ့အစည်းတစ်ရပ်) အနေနဲ့ ကျွန်တော်အထက်မှာ တင်ပြခဲ့တဲ့ လက်ရှိဖြစ်ပျက်နေတဲ့ပကတိခြေအနေတွေ၊ အကြောင်းအရာတွေ၊ သာမန်ပြည်သူလူထုရဲ့ စိတ်ခံစားမှုတွေကို ကျွန်တော့်ထက်ပိုမိုသိရှိပြီး မှန်မှန်ကန်ကန် ဝေဖန်ပိုင်းခြားသုံးသပ်ပြီး အသင့်လျော်ဆုံး လုပ်ငန်းစဉ်တွေချမှတ်၊ရှေ့ဆက်လုပ်ဆိုင်နိုင်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ် ခင်ဗျား။
ယခုအိတ်ဖွင့်ပေးစာကိုလည်း ဝေဖန်စာလို့မယူဆစေလိုပါ ခင်ဗျား။ ဆရာကြီးလေသံ ပါသွားခဲ့ရင်လည်း မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တာလို့သဘောထားစေလိုပါတယ်။ ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဝေဖန်ပြစ်တင်ပြီး နာမည်ကြီးချင်တဲ့ နိုင်ငံရေး သမားလည်းမဟုတ်ပါ ခင်ဗျား။ ရေခြားမြေခြားမှာဘဝရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်နေတဲ့ သာမန် လူငယ်တစ်ယောက်ရဲ့ ခံစားချက်ကို တင်ပြတာသာဖြစ်ပါတယ် ခင်ဗျား။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဘဘ ဦးအောင်ရွှေ၊ ဒုဥက္ကဌ ဘဘ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး အမေ ဒေါ်အောင်ဆန်းစုကြည်၊ဗဟိုအလုပ်အမှုဆောင် ဘဘ ဦးဝင်းတင် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူကြီး၊လူငယ်အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ တိုင်းပြည်တာဝန်တွေကို ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျား။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်းဘဘ ဦးလွင် မနေ့ညက ကွယ်လွန်အနိစ္စ ရောက်သွားကြောင်း သိရလို့ မိသားစုနဲ့ ထပ်တူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထပ်တူ ဝမ်းနည်းကြေကွဲ ရပါကြောင်း တပါတည်း ပြောလိုပါတယ် ခင်ဗျား။
အစဉ်အမြဲ လေးစားချစ်ခင်လျက်
ငြိမ်းချမ်းအေး
(၇-၁၂-၂၀၁၁)

Related posts:

  1. >Khaing Mar Kyaw Zaw – Letter from a commoner
  2. >Washington DC Metro Burmese Community submit open letter to Bamaw Sayadaw
  3. >open letter of Burma’s HR commission
  4. >Tu Maung Nyo – On Suu’s 28th Open Letter
  5. >Tu Maung Nyo – Open Letter to Than Htut Aung

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

MoeMaKa Special - Suu 66 Book

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ