>Testimonial of Nay Win Aung (1996) came out on ABSDF (South) Conspiracy

>

အေဘီမြောက်ပိုင်းလုပ်ကြံမှုများရဲ့နောက်ဆက် အေဘီတောင်ပိုင်းအရေးအခင်းအကြောင်း – မတရားဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရသူရဲဘော်နေ၀င်းအောင်၏ ၁၉၉၆ ခုနှစ်ထုတ်ဖော်ချက် အပြည့်အစုံ ထွက်ရှိ
မိုးမခ ဇန်န၀ါရီ ၂၇၊ ၂၀၁၂
(မိုးမခ၏ မိတ်ဆက်စကား -
လွန်ခဲ့သည့်လက ပူးတွဲပါစာ အစိတ်အပိုင်းတခုကိုအင်တာနက်ပေါ်တွင် လက်ခံရရှိခဲ့သည်။ အဆိုပါ မိတ္တူတွင် စာမျက်နှာအချို့ပျောက်ဆုံးနေသည့်အတွက် အေဘီတောင်ပိုင်း အရေးအခင်းတွင် ကိုယ်တိုင်ဖမ်းဆီးနှိပ်စက်ခံခဲ့ရသူ ကာယကံရှင်တဦးဖြစ်သည့် ကိုနေ၀င်းအောင် (လက်ရှိဆန်ဖရန်ဘေးဧရိယာအနီးတွင် နေထိုင်သူ) ကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းက သူ ၁၉၉၆ခုနှစ် နှစ်ဆန်းက ကိုယ်တိုင်လက်ရေးဖြင့် ထိုစဉ်က အေဘီစစ်ကော်မရှင်သို့တင်ပြသော အစီရင်ခံစာ အပြည့်အစုံကို ပြန်လည် ရှာဖွေနေကြောင်း၊ မိတ်ဆွေရင်းများကရှာဖွေပြီး ကွန်ပျူတာ စာစီပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
လာမည့် ၂၀၁၂ ဖေဖော်ဝါရီလ ၁၂ရက်နေ့သည် မြန်မာပြည်၏ ကျောင်းသားတပ်မတော် (ABSDF) ၏ မြောက်ပိုင်းနယ်မြေအတွင်းကျောင်းသားလူငယ် အများအပြားကို စစ်ထောက်လှမ်းရေးများအဖြစ် လူတစုကမတရားစွပ်စွဲပြီး ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသော ဖြစ်ရပ်၏ အနှစ် ၂၀ပတ်လည်နေ့ ဖြစ်သည်။ ထိုဖြစ်ရပ်ဆိုး၏ နောက်ဆက်တွဲ ကျောင်းသားတပ်မတော် (ABSDF) ၏တောင်ပိုင်းနယ်မြေအတွင်းတွင်လည်း ကျောင်းသားလူငယ်အချို့ကို အလားတူဖမ်းဆီးနှိပ်စက်စီရင်မှုများ ဖြစ်ပွားခဲ့သည်။ ကိုနေ၀င်းအောင်သည်အဆိုပါအရေးအခင်းမှ သေကံမရောက် သက်မပျောက်ဘဲ လွတ်မြောက်ထွက်ပြေးလာသူ တဦးဖြစ်သည်။
အထက်ပါ အရေးအခင်းများ၊လုပ်ကြံမှုများတွင် သေကံမရောက် သက်မပျောက် ကျန်ရစ်သူများသည် မြန်မာပြည်တွင်းနှင့်မြန်မာပြည်ပတွင်ပါ သက်ရှိထင်ရှား ရှိနေဆဲဖြစ်သည်။ ၁၉၈၈ အရေးတော်ပုံကြီးတွင်၎င်းတို့နှင့် အတူတကွလက်တွဲဖြတ်သန်းခဲ့ကြသူ မိတ်ဆွေရဲဘော်များ ကိုယ်တိုင်ကလည်းအဆိုပါ ဖြစ်ရပ်ကြီးအကြောင်းကိုလည်း သိရှိထားခဲ့ကြပြီး ဖြစ်သည်။ ယခုအချိန်တွင်ကာယကံရှင်များက ထုတ်ဖော်ပြောဆိုသည် မဆိုသည်ဖြစ်စေ၊ အဆိုပါသမိုင်းဖြစ်ရပ်ဆိုးကြီးကို သင်ခန်းစာယူနိုင်ရန်၊ မတရားဖမ်းဆီးလုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသော အာဇာနည်ကျောင်းသားလူငယ်များ၏သမိုင်းမော်ကွန်းအစစ်အမှန်ကို တင်ကျန်ရစ်စေရန် ၎င်းတို့၏မိတ်ဆွေရဲဘော်များအနေနှင့် ၈၈ အရေးတော်ပုံ၏ တပ်သားများအနေနှင့်ဖြစ်ရပ်မှန်များကို ထုတ်ဖော်ပြောဆိုကြရန် ဆက်လက်အချိန်ဆွဲနေရန် မလိုအပ်တော့ဟုမိမိတို့ ယူဆသည်။
ပူးတွဲပါ စာတွင် ဖော်ပြထားသည့်အေဘီအတွင်းရေးမှူး ကိုမျိုးဝင်းမှာ လက်ရှိ အေဘီ ဒုဥက္ကဋ္ဌ၊ အေဘီဥက္ကဋ္ဌကိုနိုင်အောင်မှာ လက်ရှိ FDB အတွင်းရေးမှူး အဖြစ် ထမ်းဆောင်နေကြသည်။
စာအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်သည်။)
စစ်ကော်မရှင်
မ.က.ဒ.တ(ဗဟို)                                         
၁၉၉၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်
အကြောင်းအရာ။       ။ စစ်ကော်မရှင်၏ အမှားများကို ၀န်ခံပြင်ဆင်နိုင်ရန် အသိပေးခြင်း။ အထက်ပါ ကိစ္စနှင့်ပတ်သက်၍ ဖေါ်ပြပါ အချက်အလက်များကို အသိပေးသည်။
၁။ ရဲဘော်နေ၀င်းအောင် (ကပ-၂၁၇။ ၂၀၉) သည် တပ်ရင်း (၂၀၉)သံလွင်စခန်း မကဒတ တပ်ဖွဲ့ဝင် တဦး ဖြစ်သည်။
 ၂။ မကဒတ ဗဟို၏ တာဝန်ပေးချက်အရ NCGUB ပြန်ကြားရေးဝန်ကြီးဌါနတွင် ညွှန်ကြားရေးမှုးအဖြစ် ၁၉၉၁ ဖေဖေါ်ဝါရီလမှ ၁၉၉၁ စက်တင်ဘာလ အထိတာဝန်ထမ်းခဲ့သည်။
 ၃။ မကဒတ တတိယအကြိမ် ညီလာခံမှ (၁၉၉၁)မှ မကဒတဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီရွေးချယ် တင်မြှောက်ခြင်းခံရသော ဗဟိုဦးဆောင်ကော်မတီဝင် တဦးဖြစ်သည်။
 ၄။ မကဒတ( မပ)၏ န၀တ သူသျှို ဖြစ်ကြောင်းအကြောင်းကြားစာအရ ကိုစိုးလင်း (မပ)ကို ဖမ်းဆီးရာတွင် ဗဟိုဦးဆောင်ကော်မတီ၏တာဝန်ပေးမှုအရ မိမိကိုယ်တိုင် ဖမ်းဆီးခဲ့သည်။
 ၅။ ဗဟိုဦးဆောင်ကော်မတီ၏ တာဝန်ပေးချက်အရ ၁၉၉၁အောက်တိုဘာလမှ ၁၉၉၂ ဧပြီလအထိ KNU တပ်မဟာ( ၆)နယ်မြေရှိ မကဒတ တပ်ရင်းများဖွဲ့စည်းရေး စည်းရုံးရေးတာဝန် တပ်မဟာ(၄)နယ်မြေ မကဒတ တပ်ရင်းများ ဖွဲ့စည်းစည်းရုံးရေးတာဝန် မာနယ်ပလော (ထီပါဝီကြိုး) ခံစစ်တွင်း စည်းရုံးရေးတာဝန် ပြည်တွင်းU.G လုပ်ငန်းအတွက် ဆက်သွယ်ဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သည်။
၆။ ၁၉၉၂ ဧပြီ(၂၀)တွင် ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး(မာနယ်ပုလော) လုပ်နေစဉ် အစည်းအဝေးခန်းအတွင်း၌ အခြား C.E.C များ ရှေ့မှာပင်အတွင်းရေးမှုး(၂) လှဌေးက သေနတ်ထောက် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဖြေရှင်းခွင့်မေးမြန်းခွင့် လုံးဝမပြု ခေါင်းအ၀တ်စွပ်၍ သင်တန်းကျောင်း အချုပ်ပို့ချုပ်နှောင်ခဲ့သည်။
 ရ။ ကျော်ကျော်(အပု-ကချင်)မှ ထိုစဉ်က ၀တ်ဆင်ထားသောမကဒတ ကျောင်းသားတပ်မတော် လက်မောင်း ရင်ဘတ် တံဆိပ်များကို ဒါးဖြင့် ဆွဲဖြဲဖြတ်ထုတ်ခဲ့သည်။
 ၈။ လှဌေး(ကချင်မှ ကိုယ်စားလှယ်)။ကျော်ကျော်(အပု-ကချင်)။ ခင်မောင်ဆွေ(မိချမ်း) တို့ပါဝင်သော စစ်ကြောရေးအဖွဲ့ဆိုသူတို့က မိမိကို သူသျှိုဖြစ်၍ စကရက ဖမ်းကြောင်းပြောသည်။ မိမိက မဟုတ်မှန်ကြောင်းအဖွဲ့အစည်းနှင့် တော်လှန်ရေး အကျိုးစီးပွားမထိခိုက် စေလိုကြောင်း မကဒတ တပ်ဖွဲ့ဝင်တဦးဖြစ်၍ အမှန်တရားကို လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။
၉။ မိမိအား ညလုံးပေါက် စစ်မေး၍ နေ့ဖက်တွင်လည်းအိပ်မရအောင် ပြုခြင်း ထမင်းတနပ်နှင့် ရေ ၁ ဗူးသာ ပေးခြင်း စိတ်ဓါတ်ကျအောင်ပြုမူဆက်ဆံခြင်းများ ပြုလာခဲ့သည်။
 ၁၀။ ၁၉၉၂ ဧပြီ (၂၀)မှ မေ (၃)ရက်အထိကိုယ်ရေးဖြစ်စဉ်နှင့် လှုပ်ရှားမှုများ (ပြည်တွင်း။ တော်လှန်ရေးနယ်မြေ) ကို ညစဉ် ၈နာရီမှ မနက် ၄ နာရီကျော်အထိ စစ်မေးကြသည်။ မိမိက န၀တ သူလျှို မဟုတ်ကြောင်း မကဒတတာဝန်ကို ဆောင်ရွက်ရာတွင် နိုင်ငံရေးအတွေးအခေါ် မမှန်ခြင်း မကဒတ မူဝါဒအားချိုးဖျက်ခြင်း လုပ်ဟန်မှားယွင်းခြင်း ကိုယ်ကျင့်တရားဖေါက်ပြန်ခြင်းလုံးဝမရှိကြောင်းကို အခိုင်အမာပြောခဲ့သည်။
 ၁၁။ သို့သော် စစ်ကြောရေး အဖွဲ့ ဆိုသူတို့က မေ(၄)ရက်နေ့မှ စကာ မိမိကို န၀တ သူလျှိုဖြစ် ကြောင်း ရိုက်နက် ညှင်းဆဲ၍ ၀န်ခံခိုင်းသည်။
(၁) အမည်ဝှက်
(၂) ကိုယ်ပိုင်အမှတ်
(၃) ရာထူး အဆင့်
(၄) တာဝန်
(၅) အဖွဲ့အစည်း အမည်- စသော မေးခွန်း (၅)ခု ကို သာထပ်တလဲလဲ မေးပြီး မေလ (၅)ရက်မှ (၁၃)ရက်အထိ ညလုံးပေါက် နေ့စဉ် ရိုက်နက် ညှင်းဆဲထိုးကြိတ် ကန်ကြောက် ခဲ့ကြသည်။ နေ့ဖက်တွင်မြေကျင်းထဲ၌ ချုပ်ပြီး အစားနှင့်ရေမပေးပဲ ထားခဲ့သည်။
၁၂။ မိမိက မဟုတ်မှန် စွပ်စွဲ မှုကို လုံးဝငြင်းဆိုပြီးမကဒတ တပ်ဖွဲ့ဝင်တဦးရထိုက်သော ဖွဲစည်းပုံပါ အကာကွယ်ကို တောင်းဆိုသဖြင့် ထုတ်တွင်ကြိုးဆွဲ၍ ရိုက်နက် ကန် ထိုးကြိတ်ကြခြင်း ပလပ်စတစ်အိပ်ခေါင်းစွပ်ကာ စစ်ခြင်းသံချွန်ဖြင့် ထိုးဆွခြင်း ရေလောင်းရေနစ်၍ စစ်ခြင်း ညို့တကျည်းကိုဒုတ်ဖြင့်လှိမ့်ခြင်း စသည့် ညှင်းပမ်းနှိပ်စက်မှု မျိုးစုံကို နေ့ရောညပါ လူမဆန်စွာပြုခဲ့ ကြသည်။ အကြိမ်ကြိမ် သတိမေ့သွားသည် အထိ ညှင်းပမ်းခဲ့ကြသည်။
၁၃။ တဖန် လျှပ်စစ်မီးထိုး၍ စစ်ခြင်း လိင်အင်္ဂါအားအချိုရည်သုတ်၍ ကရင်နီ ပုရွတ်ဆိပ်များ ကိုက်ခိုင်းခြင်း တောက်တဲ့အားကိုက်ခိုင်းခြင်း စအို၌ ဒုတ်ထိုး၍ စစ်ခြင်း အ၀တ်အစားမဲ့ထား၍ လိင်အင်္ဂါများကိုထိုးဆွ၍ နှိပ်စက်ညှင်းပမ်းခြင်း များပြုခဲ့သည်။
၁၄။ အတွင်းရေးမှုး မျိုးဝင်း လာရောက်ကြည့်ရှု့ စစ်ဆေးစဉ် မိမိက မိမိသည်သူလျှို မဟုတ် မကဒတ တပ်ဖွဲ့ဝင် ရဲဘော်တဦးဖြစ်ကြောင်း စစ်ကော်မရှင်အနေဖြင့်မှားယွင်းစွာ လုပ်ဆောင်နေပြီဖြစ်ကြောင်း မကဒတ တပ်ဖွဲ့ဝင် တဦးအနေဖြင့် မကဒတဖွဲ့စည်းပုံနှင့်အညီ ရသင့်သော ကာကွယ်စောင့်ရှောက်မှု ရထိုက်ကြောင်း ယခုပြုမူပုံမှာလူ့အခွင့်အရေးနှင့် လူ့ ဂုဏ်သိက္ခာကို ထိခိုက်စေလှသည့် ညှင်းပန်းနှိပ်စက်မှုသက်သက်သာဖြစ်ကြောင်း တော်လှန်ရေး အကျိုးစီးပွားကို မထိခိုက်စေလိုကြောင်း တင်ပြခဲ့သည်။သို့သော် မျိုးဝင်းက ပို၍ ရက်စက်ရိုင်းပြစွာ နေ့ရောညပါ ရိုက်နက်ညှဉ်းဆဲမှုများပြုကာ မရရအောင် ၀န်ခံခိုင်းစေခဲ့သည်။
 ၁၅။ တဖက်မှလဲ မိမိ၏ ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဖူးအားဖမ်းဆီးထားကြောင်း မိမိဝန်မခံလျှင် သူမ၏ လုံခြုံရေးကို တာဝန်မယူ သူမကိုပါညှဉ်းဆဲနှိပ်စက်မည် ဖြစ်ကြောင်း(မုဒိန်း ကျင့်မည် ဖြစ်ကြောင်း)လှဌေးနှင့်ကျော်ကျော်တို့က ပြောခဲ့သည်။ အထူးသဖြင့် မြောက်ပိုင်းမှ တိုက်ပိတ်မိန်းမ ခင်ဆွေဦးနန်းအောင်ထွေးကြည် နှင့် နို့လှန်ပြရသော ရဲမေလေး တဦး တို့၏ အဖြစ်ကို သာဓကပြကာခြိမ်းခြောက်ခဲ့ကြသည်။ အမျိုးသမီးတဦး၏ အော်ဟစ် ညှဉ်းညူသံများဖြင့်လည်း စိတ်ဓါတ်ကျအောင်ညှဉ်းပမ်းခဲ့သည်။
 ၁၆။ နှိပ်စက်ညှဉ်းပမ်းမှုများကို မိမိကိုယ် မိမိမယုံကြည်နိုင်လောက်အောင် တောင်ခံကာ အမှန်အတိုင်းရပ်တည်ခဲ့သော်လည်း ငှက်ဖျားနှင့်ဝမ်းကိုက်ရောဂါ ထပ်ဆင့် ဖြစ်လာပြီး လက်ခြေ လုံးဝ မလှုပ်နိုင်သည့် အခြေအနေ ဖြစ်လာရာန၀တ သူလျှို ဖြစ်ပါသည်ဟု စစ်ကော်မရှင် (စစ်ကြောရေးအဖွဲ့)၏ အလိုကျ ၀န်ခံခဲ့ရသည်။
 ၁၇။ အတွင်းရေးမှုး (၂) လှဌေး အရက်မူး၍ ရဲဘော်ငယ်တဥိးခေါ်လာကာ (တက္ကသိုလ်ဆရာ ရိုက်ဖူးတယ်ရှိအောင်ရိုက် ဟု ဆိုကာထိုးကြိတ်ရိုက်နက်ခိုင်း ဒါးဖြင့် ထိုးဆွခိုင်းခြင်း မြေကြီးကျင်း တူးခိုင်းပြီးသေနတ်ဖြင့် ချော်ပစ်ခြင်း။ မြေတွင် ကြိုးတုတ် ဒရွတ်ဆွဲ၍ ရိုက်ခြင်း များထပ်မံပြုခဲ့သည်။
 ၁၈။ ကျော်ကျော်( ဒု ဥက္ကဌ) ကိုအောင်ထူး၊ဒေါက်တာမြင့်ချို၊ ကိုမောင်ဒီ စိုင်းမြင့်သူ(၂၀၉) ကိုမောင်မောင်ကြီးကိုမောင်မောင်တိတ် မသက်သက်လွင် ကိုထွန်းမြတ်သူ တို့သည် သူလျှိုများ ဖြစ်ကြောင်းမိမိ၏ လူများ ဖြစ်ကြောင်း ရိုက်နက်ဝန်ခံခိုင်းခဲ့သည်။ မိမိမှ မဟုတ်ဟုငြင်းပယ်ခဲ့သည်။
 ၁၉။ ကိုဝင်းနိုင်ဦး ကိုကိုဦး ကိုနေမျိုးကိုဌေးအောင်( ကုလားလေး) ကိုဌေးနိုင်( ABSDF -မိုးသီးဇွန် အဖွဲ့) တို့သည်လည်းသူလျှိုများဖြစ်ကြောင်း မိမိလူများ ဖြစ်ကြောင်း ရိုက်နက်ဝန်ခံ ခိုင်းခဲ့သည်။
 ၂၀။ မကဒတ တွင်းရှိ လုပ်သားကောလိပ်ကျောင်းသားများဖြစ်သော မောင်မောင်ကြီး သက်တင်ဦး လှဌေး မောင်မောင်ထွန်းနှင့်သိန်းထိုက်ဦး (R.I.T) ကိုအေးကို (လူ့ဘောင်သစ်) တို့သည်လည်း မိမိ၏ လူ (န၀တသူလျှိုများ) ဖြစ်ကြောင်း ရိုက်နက်ပြီး ၀န်ခံခိုင်းခဲ့သည်။ မိမိက မဟုတ်သည့် အတွက်ဝန်မခံ ငြင်းပယ်ခဲ့သည်။
 ၂၁။ တဖန် တပ်ရင်း (၂၀၉)မှ မိမိရဲဘော်များ ဖြစ်သောကိုအောင်နိုင် ကိုတင်အောင်ဝင်း ကိုမင်းသိမ်းကို ဥာဏ်ထွန်း ကိုတင်မျိုး ကိုအောင်သူတို့သည် မိမိလက်အောက်ခံ သူလျှို များဖြစ်ကြောင်း ရိုက်နက် ၍ ၀န်ခံခိုင်းသည်။
 ၂၂။ အထူးသဖြင့် မိမိကျမ်းမာရေး (၀မ်းကိုက်။ခြေလက်သေ)စဉ် စစ်မေးသော ကိုအောင်သူ။ ကိုဌေးနိုင်တို့သည် န၀တ သူလျှိုများ ဟု ဆိုကာအပြင်းအထန် နှိပ်စက်၍ ပြောခိုင်း ၀န်ခံခိုင်းသဖြင့် ၀န်ခံခဲ့ရသည်။
၂၃။ မိမိ၏ ၀န်ခံချက်ကို စစ်ကြောရေး အဖွဲ့၏ စိတ်တိုင်းကျရေးသား၍ လက်မှတ်ထိုး ၀န်ခံပေးခဲ့ ရသည်။
 ၂၄။ မကဒတ ဗဟိုစစ်ကော်မရှင် စစ်ကြောရေးအဖွဲ့ဆိုသူတို့၏ စစ်ဆေးပုံမှာ နိမိတ်ပြ မေးခွန်းများဖြင့် လိုချင် ဖြစ်စေချင်သည်ကိုရိုက်နက် ညှဉ်းဆဲကာ ၀န်ခံခိုင်းခြင်းပင် ဖြစ်သည်။ မိမိ၏ လူသား ဂုဏ်သိက္ခာအခွင့်အရေးကို ရက်စက်စွာ ချိုးဖျက်ယုံ သာမက မိမိတပ်ရင်း (၂၀၉)၏ ဂုဏ်သိက္ခာ ဇနီးမိဘ၊ ဆွေမျိုး တို့၏ ဂုဏ်သိက္ခာ ကိုပါ ထိခိုက်စေရန် ” စိတ်ဓါတ်ကို ရိုက်ချိုးပစ်ရမည်” ဟု အတွင်းရေးမှုး မျိုးဝင်း(ထားဝယ်) တွင်း(၂)လှဌေး(ကချင်) တို့ကညွှန်ကြား လုပ်ဆောင်ခဲ့ကြသည်။
 ၂၅။ ပြောစေလိုသော စကားများကို ကြိုတင် သိစေ၍ပြောခိုင်းပြီး ဗွီဒီယိုရိုက်ကူးကာ ပြစ်ဒါဏ်မချ တရားမစီရင်မီကပင် ၀ါဒဖြန့် ခဲ့သည်။
 ၂၆။ ရေးစေလိုသော အချက်အလက်များကို ရေးခိုင်းပြီးဒေါင်းအိုးဝေ စာစောင်၌ ထည့်သွင်းကာ ပြစ်ဒါဏ်မချ တရားမစီရင်မီကပင် ၀ါဒဖြန့် ခဲ့သည်။
 ၂၇။ မဟာမိတ်ခေါင်းဆောင်ကြီးများ N.G.O များရှေ့တွင် ၀န်ခံရန် ခြိမ်းခြောက်ခိုင်းပြီး ဗွီဒီယို ရိုက်ယူကာ ၀ါဒဖြန့်ခဲ့သည်။
 ၂၈။ ဗွီဒီယိုရိုက် စာရေး ၀န်ခံပြောကြားခိုင်းရာတွင်စိတ်တိုင်းမကျလျှင် အမူအရာပျက်လျှင် စကားလုံးမှားလျှင်ပင်ထပ်မံရိုက်နက်ညှဉ်းဆဲခြင်း အစားနှင့် ရေဖြတ်ပြီး ခြိမ်းခြောက်ခြင်းများပြုခဲ့ကြသည်။
 ၂၉။ မကဒတ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်စွာလူ့အခွင့်အရေး တပ်ဖွဲ့ဝင် အခွင့်အရေးများကို လုံးဝ လျစ်လျူရှု၍ ရိုပ်ပိုင်းစိတ်ပိုင်း အမျိုးမျိုး လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်ပြီး ၁ နှစ်ကျော်ချုပ်နှောင်ထားစဉ် တရားမျှတစွာ ခုခံချေပခွင့် စစ်ကော်မရှင်တွင် မပါသော C.E.C/CCများနှင့် တွေ့ခွင့် လုံးဝ မပြုခဲ့ အတွင်းရေးမှုး မျိုးဝင်းနှင့် လှဌေး မှ “ဒီကောင်တွေ လင်မယားက လူချစ်လူခင် များတယ် ပေးတွေ့ပေးရင် ငါတို့ဖက် သေနတ်ပြောင်းလှည့်လာမယ်” ဟုပင် ထုတ်ပြော ခဲ့သည်။
၃၀။ မိမိက တောင်းဆိုခဲ့သော C.E.C ဒေါက်တာမြင့်ချို၊တပ်ရင်း(၂၀၉) ဥက္ကဌ ကိုစိုင်းမြင့်သူ ၊ တပ်ရင်းမှုး ကိုသိန်းဆန်း ၊ ဒုရင်းမှုးကိုမောင်ဦးတို့ နှင့်လည်း လုံးဝ တွေ့ခွင့် မပြုခဲ့ပဲ တောင်းဆို၍ ရိုက်နက်မှုနှင့်ထိုသူများသည် မိမိလူများ ဟုတ်/မဟုတ် ဟူသည့် ညှဉ်းဆဲ နှိပ်စက် ၀န်ခံခိုင်းမှုသာရခဲ့သည်။
၃၁။ ရုံးတင်စစ်ရာတွင်လည်း ကြိုတင် အသိပေးခြင်းလုံးဝမရှိဘဲ ရုံးမထုတ်ခင် တရက်အလို၌  ဥက္ကဌ နိုင်အောင် (လက်ရှိ FDB အဖွဲ့၏အထွေထွေအတွင်းရေးမှူး၊ မိုးမခက သည်စာကြောင်းကို ဖြည့်စွက်ထားသည်) ရောက်လာကာ”ရုံးတင်မည် ပြောခိုင်းထားသည့် အတိုင်း မပြောဘဲ ရုတ်ရုတ်ရက်ရက်လုပ်လျှင်ခုံရုံး ဖျက်၍ နှိပ်စက်ကာ သတ်မည် အလောင်းပင် လူစဉ်မမှီဖြစ်စေမည် ဟုခြိမ်းခြောက်ပြီး နောက်နေ့ ရုံးထုတ်ခဲ့သည်။
 ၃၂။ မကဒတ ဖွဲ့စည်းပုံ ဥပဒေနှင့် မညီ တရားဥပဒေနှင့်မညီသော တရားစီရင်ရေး အဖွဲ့  တရားစီရင်ရေး နည်းလမ်း အချိန်တိုအတွင်း လုံးဝခုခံချေပခွင့် အကာကွယ်ရယူခွင့် မပြုဘဲ တဖက်သတ် စစ်ဆေးကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၀)နှစ် ချခဲ့သည်။
 ၃၃။ သို့သော် အပြစ်မချခင် ကပင် အလုပ်ကြမ်းအမျိုးမျိုး ကို ခိုင်းစေခြင်း အစာ ရေ ဖြတ်၍ မြေတိုက် ခွေးအိမ် အချုပ်များဖြင့်ကြပ်တည်းစွာ ချုပ်နှောင် ညှဉ်းပမ်း အပြစ်ပေးခဲ့ပြီး ဖြစ်နေသည်။
 ၃၄။ ညီလာခံများ (အရေးပေါ်/စတုတ္ထညီလာခံ) အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း အယူခံခွင့် ဖြေရှင်းတင်ပြခွင့် ပြစ်ဒဏ်လျှော့ခြင်းများလုံးဝမပြုဘဲ ၃နှစ်နှင့် ၈ လကျော် ချုပ်နှောင်ထားရာတွင် လူသားတယောက် သုံးပန်းတဦးအဖြစ်ပင် မဆက်ဆံ ခိုင်းစေ ဥာဉ်းဆဲခြင်း ဂုဏ်သိက္ခာ ချိုးဖဲ့ဖျက်ဆီးခြင်းများပြုခဲ့သည်။
 ၃၅။ ဇနီး ဒေါ်ရင်ရင်ဖူးအား အများအမြင် (တပ်တွင်းနှင့်N.G.O) ကောင်းစေရန်သာ တွေ့စေပြီး အမျိုးမျိုး ဂုဏ်သိက္ခာ ထိပါးစေရန်ထိုးနှက်ခဲ့သည်။ ပေးပို့သော အစားအစာ အသုံးအဆောင်များကိုလဲ (မဆလ)န၀တအကျဉ်းထောင်များထက် ဆိုးဝါး ယုတ်မာစွာ ဖြတ်စား လပ်စားလုပ်ခဲ့ကြသည်။
 ၃၆။ ၃ နှစ် ၈ လကျော် ချုပ်နှောင်ထားရာတွင် တနေရာထဲ၌မဟုတ်ပဲ (၇)နေရာ (ထိုင်း နယ်မြေ အပါအ၀င်)ချုပ်နှောင်ခဲ့ရာ မိမိမှ အမှန်တရားနှင့်သမိုင်းမှန်ကို ယုံကြည်၍ ထွက်ပြေးခြင်း မပြုဘဲ ရင်ဆိုင်နေခဲ့သည်။ သို့သော်ပြောင်းရွေ့ ချုပ်နှောင်ရန်နှင့် ပြောင်းရွေ့စဉ် ထွက်ပြေး၍ ပစ်သတ်လိုက်ရ ဟူသည့်စီမံဆောင်ရွက်မှုမျိုး လုပ်ဆောင်လာသည်ကို တွေ့ရသည်။ မကဒတ အဖွဲ့အစည်းကိုယုံကြည်သော်လည်း စစ်ကော်မရှင် အတွင်း၌ မူမမှန်မှုများ ရှိနေသည်ကို တိကျစွာ(အထောက်အထား) နှင့်တကွ သိလာခဲ့သည်။ မကဒတ တော်လှန်ရေး အကျိုးစီးပွားကိုဖျက်ဆီးနေပြီး အဆုံးသတ်ပြိုကွဲသည် အထိ(သမိုင်းနှင့်ချီ၍) လုပ်ဆောင်သွားမည့် န၀တသူလျှို အစစ်အမှန်များ ရှိနေကြောင်း အခိုင်အမာ သိရှိသည်ကို ဖော်ထုတ်ပြနိုင်ရန်၂၄.၁၁.၉၅ တွင် အချုပ်မှ ခိုးဖေါက် ထွက်မြောက်ခဲ့သည်။ အချုပ်အားဖြင့်အသိပေးလိုသည်မှာ
(က) မိမိသည် စစ်မှန်သော မကဒတ တပ်ဖွဲ့ဝင်ရဲဘော်တဦးဖြစ်သည်ဟု ယနေ့တိုင် ခံယူထားသည်။
(ခ) စစ်ကော်မရှင်သည် မကဒတ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်ဆန့်ကျင်စွာ တော်လှန်ရေး ထိခိုက် နစ်နာစေသည့် ပုဂ္ဂိုလ်ရေး အမှားအတွေးအခေါ်အမှား  လုပ်ဟန်မှားများကို ပြုခဲ့သည်။
(ဂ) စစ်ကော်မရှင်၏ မှားယွင်းမှုသည် န၀တ၏ အလိုကျဖြစ်နေယုံမက သန့်စင်မွန်မြတ်သော မကဒတ ၏ သမိုင်းဂုဏ်ရောင်ကို အမဲကွက် စွန်းစေသည်။
(ဃ) စစ်ကော်မရှင်သည် လူ့အခွင့်အရေး ၊ လူ့ဂုဏ်သိက္ခာကိုအခြေခံမှ ဖေါက်ဖျက်ကာ ညဉ်းပမ်း နှိပ်စက် သတ်ဖြတ်မှု များစွာ ပြုခဲ့သည်။
(င) မကဒတ ခေါင်းဆောင်မှုပိုင်းတွင် မူမမှန်မှုများရှိနေပြီး စစ်အုပ်စု န၀တ သူလျှို အစစ်အမှန် တို့၏ ထိုးဖေါက် ချုပ်ကိုင် လှုပ်ရှားမှုများဧကန်ရှိနေသည်။
(စ) မကဒတ တွင်း မမှန်မကန် မတရားမှုများကို ဖြစ်ပေါ်စေပြီးတော်လှန်ရေး လမ်းကြောင်းမှ သွေဖီစေရန် မတည်မငြိမ်ဖြစ် ပြိုကွဲ အမြစ်ပြုတ်စေရန်လုပ်ဆောင်နေသူတို့ အကာကွယ်ကောင်း အုပ်စုကောင်း ဖြင့် စနစ်တကျ ရှိနေသည်။ ကိုအသိပေးပါသည်။
         မိမိ အနေဖြင့် အမှန်တရားနှင့် သမိုင်းကို လုံးဝ ယုံကြည်သည်။ မိမိတဦးတည်းအကျိုးစီးပွားထိခိုက် ဘ၀ကျိုးကြေခဲ့မှု့ကို ဖြေသိမ့်နိုင်သည်။ ဤသို့သောစစ်ကော်မရှင်၏ မှားယွင်း ကျူးလွန် ဆောင်ရွက်မှုများသည် မွန်မြတ်သော အစဉ်အလာ ရှိသည့်မကဒတ အဖွဲ့အစည်းတွင် တာဝန်မရှိဘဲ မိုက်မဲညံ့ဖျင်းစွာ ဆောင်ရွက်ခဲ့သောခေါင်းဆောင်မှု အပိုင်းနှင့် စနစ်တကျယုတ်မာစွာ စီစဉ် ဆောက်ရွက်ခဲ့သောပုန်းကွယ်နေသည့် န၀တ သူလျှိုစစ်စစ်များ၌သာ တာဝန်ရှိသည်ဟု သတ်မှတ်သည်။
         သို့ဖြစ်ရာ လက်ရှိ မကဒတ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် မှားယွင်းဆောင်ရွက်ခဲ့မှုများကို စုံစမ်းလေ့လာ ဖေါ်ထုတ် ၀န်ခံကာ မကဒတတွင်း မူမမှန်မှု့ရှိနေခြင်းကို ပူးပေါင်း ဖေါ်ထုတ် ဆောင်ရွက်ခြင်းဖြင့် မကဒတ၏ မွန်မြတ်သည့်သမိုင်းစဉ်၌ စွန်းထင်းစေသည့် အမဲကွက် များကို ဖျက်နိုင်ရန် တော်လှန်ရေး ခရီးမှန်ကန်ခိုင်မာ လုံခြုံစွာ ဆက်နိုင်ရန အသိပေးပါသည်။ 
         - မိမိအနေဖြင့် မကဒတ ရဲဘော်တဦး အဖြစ် ခံယူ၍ ပူးပေါင်း ဆောင်ရွက်ရန် ရှိကြောင်း
နေ၀င်းအောင်
မ-က-ဒ-တ
 မိတ္တူ
-လုပ်သားကောလိပ် ကျောင်းသားများ။
-မ-က-ဒ-တ (ရုံးခွဲများ)
-လက်ခံ။

Mudita Shwe Kyaung

Related posts:

  1. >Burmese Lawyer U Aung Thein – Last testimonial before sentenced
  2. >Ye Yint Thet Zwe – When Truth goes South
  3. >Ottara Moon – South East Asia 2008
  4. >Magic World Cup Burmese snake seized in South Africa
  5. >ABSDF

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

Interview with U Win Tin

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခလမ်းညွှန် အင်တာနက်စာမျက်နှာများ

မိုးမခ လစဉ် စာမူများ