မောင်းချင်ဦးဟဲ့ ပါရမီတက္ကစီ

ရွှေရိုး
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂

တချို့က ပြောကြတယ်။ ပါရမီက ရွှေထွက်တယ်ဆိုပဲ။ ဘာလဲ မိန်းမဆီက ရွှေတွေထွက်သွားတာလားလို့ မေးလိုက်ချင်ပါတယ်။ ပါရမီတက္ကစီ မောင်းချင်ရင်တော့ စပေါ်ငွေ လာထား ၁၅ သိန်း၊ လစာက ၄ သိန်း။ အရင်က စပေါ်ငွေကို အရစ်ကျပေးရတယ်။ အခုတော့ မဟုတ်တော့ တပေါင်းတည်း ပေးရတယ်။ အရစ်ကျစနစ်ဆိုတာ ပထမလ ၃ သိန်း၊ ဒုတိယ နှစ်သိန်း၊ နောက်လ ၃ သိန်း၊ နောက် ၂ သိန်းနဲ့ ၆ လပြည့်အောင် မြဝတီဘဏ်မှာသွင်းရတယ်။ လစာကလည်း အရင်က ၃သိန်း။ နောက်တော့ ဈေးတက်သွားပြီး ၄ သိန်း ဖြစ်သွားရော။

ကားကိုတော့ မနက် ၅ နာရီမှာ စထုတ်ရပြီး ည ၇ နာရီမှာ သိမ်းရတယ်။ ၇ နာရီကျော်လို့က လာထား ၂၀၀၀ ပဲ၊ ၇ နာရီ ၅ မိနစ်တောင် အစွန်းမခံဘူး။ အဲ ၈ နာရီကျော်ရင် နောက်ထပ် ၁၀၀၀ ပေးရမယ်။ ၉ နာရီကျော်ရင် ၂၀၀၀၀ ကောက် ပါသေးတယ်။ စုစုပေါင်း နောက်ကျကြေး ၅၀၀၀ ပေါ့။

ပါရမီမောင်းချင်ရင် ယူနီဖောင်းဝတ်ရမယ်။ ကားမောင်းနှင့် စိတ်ပိုင်းဆိုင်ရာ သင်တန်းတက်ရမယ်။ တရုတ် အင်္ဂလိပ် စပီကင်ကိုလဲ မတက် မနေရ။ ဒါဘာနဲ့ အစည်းအဝေးကိုလည်း တက်ရတယ်။ ယာဉ်စစ်တဲ့နေ့ဆိုရင် ညနေ ၃ နာရီကထဲက ကားကိုသန့်ရှင်းရေးလုပ်ပြီး အစစ် ခံရမယ် ၆ နာရီမှ ပြန်လွှတ်တယ်။

ပါရမီကားများက အပေါ်ယံအမြင်ကတော့ရှယ်ပဲ။ အတွင်းအင်ဂျင်ပိုင်းက အကျထဲကိုရောက်နေကာ လမ်းများပိတ်ဆို့မှုကြောင့် ဝင်ငွေ ထင် သလောက် မရကြ။ တစ်ပတ်မှာ ၃ ရက်လောက်က ကားပျက်ရင် အကြွေးတင်လာပြီမှတ်။ အချိန်လဲကုန်၊ ပစ္စည်းဖိုးလဲ ထည့်ရ၊ ဝပ်ရှော့ ဆရာဆီ ကားပြင်ခလဲ အကြွေးအထားခဲ့ရပေါင်း များလှပြီ။ အကြွေးပေါ် အကြွေးထပ်၊ ဖုန်းလာရင် မကိုင်ရဲ၊ အိမ်ရှင်မများကလည်း ချွတ် ရောင်း ပေါင်နှံရနဲ့ တော်တော့ကို ဒုက္ခများရပါတယ်။ တက္ကစီမောင်းတဲ့ ပိုက်လော့တွေအားလုံးလည်း စိတ်ညစ်နေကြတယ်။ စစ်မှုထမ်း ဟောင်းများ သက်သာချောင်ချိရေးတဲ့။ အခုတော့ မသက်သာ မချောင်ချိရေးဖြစ်နေပါပြီ။

ကျွန်တော်တို့လို လက်ရှိမောင်းတဲ့ ကားသမားများနောက်မှာ အကူယာဉ်မောင်းဆိုတာလည်း ရှိသေးတယ်။ အကူယာဉ်မောင်းဆိုတာ ပါရမီ မောင်းချင်လွန်းလို့ ၁၀သိန်းပေးပြီး စောင့်နေရသူတွေပါ။ အထက်က ဗိုလ်ချုပ် (ငြိမ်း) တွေကတော့ ပါရမီယာဉ်မောင်းများကို ရွှေထွက်တယ် လို့ မြင်နေကြမှာပါပဲ၊ အဲ အခုတောင် ကြိုတင်လစာ ၄ သိန်းကို လဝက်ထဲက တောင်းနေပါပြီ။ မပေးနိုင်ရင် သော့သိမ်းထားတယ်၊ ပိုက်ဆံ ပေးမှ သော့ပြန်ပေးတယ်။ မမောင်းနိုင်တော့ပဲ ကားပြန်အပ်ရင် စပေါ်ငွေ ၁၅ သိန်းကို ၇ သိန်းသာ အရင်ပေးပြီး ကျန် ၈ သိန်းကို ၂ လ စောင့်ရမယ်။ ဒါကလည်း ဒီကားကို တစ်ခြားလူ (အကူယာဉ်မောင်း) ကို မောင်းခိုင်းပြီး ရတဲ့ငွေနဲ့ပေးမှာပါ။ အော်…ဦးပိုင်ဆိုတဲ့အတိုင်း ဦး ပိုင်ပါပဲဗျာ။

တစ်ချို့က မောင်းချင်လွန်းလို့ အာရကေ (ပွဲစားခ) ၅ သိန်းပေးရမလား၊ ၁၀သိန်းပေးရမလား၊ ဘယ်လိုလိုင်းဝင်ရမလဲ စုံစမ်းနေကြလေရဲ့။ အံ့ရော။ ပါရမီမောင်းလို့ ရွှေထွက်တယ်ဆိုတာ တကယ်မောင်းကြည့်မှ မင်္ဂလာဦးကရတဲ့ စိန်နားကပ်တောင် အတိုးမသတ်နိုင်လို့ အပေါင် ဆိုင်မှာ ဆုံးရောဗျာ…ဟဲ ဟဲ။

ပါရမီ ပိုက်လော့များ ၁၀ ဦးမှာ ၈ ဦးက အကြွေးနဲ့ ပြန်အမ်းချင်နေကြပြီ။ မောင်းချင်သူများ အမြန်ဆက်သွယ်ကြပါ။

မှတ်ချက်။ ။ ဒါတောင် စီအမ်ဂျီနဲ့ မောင်းနေရလို့။

No related posts.

2 Responses to မောင်းချင်ဦးဟဲ့ ပါရမီတက္ကစီ

  1. မောင်ကောင်း on February 19, 2012 at 2:47 pm

    ဟဲဟဲ ကားမောင်းတာတောင် အဲ့ဒီလောက် အရင်းအနှီးလိုတယ်ဆိုရင်တော့ ကိုယ်ပိုင်ကားဝယ်စီးဖို့ ဆိုတဲ့ ကိစ္စက သိပ်လွယ်မှာမဟုတ်ဘူးနော် တစ်ချို့တွေကြတော့လဲ ဘယ်ကရတဲ့ပိုက်ဆံနဲ့ ကားတွေတစ်စီးပြီး တစ်စီး ထည်လဲစီးနေကြသလဲဆိုတာကိုတော့ အားလုံးသိပါတယ်နော် တက္ကစီ ဒရိုင်ဘာတစ်ယောက်မှ သိန်း20လောက်ရှိတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံက တော်တော်ချမ်းသာတာပဲနော်။

  2. yarhuborn on February 19, 2012 at 3:49 pm

    tell me who to contact to get UMEHL taxi with free of 500,000 kyats. there are thousands of people who r waiting for that taxi. because, within a day time, they can earn 30000 to 50000. very happy to hear that news . so please feel free to announce the contact phone no, if u think this news is true.

မိုးမခမှာ ကြော်ငြာပါ

U Win Tin - Journalist Articles

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ