ထိုင်းနှင့် အမေရိကန်တို့ နှစ်စဉ် ပြုလုပ်နေသည့် နာမည်ကျော် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံက ပါဝင်လိုကြောင်း သတင်းများ ထွက်ပေါ်နေသည်။
သို့သော်လည်း ရွှေမြွေဟောက်တွင် မြန်မာစစ်သားများကို လက်ခံနိုင်ဖွယ်ရှိဦးမည်မဟုတ်ဟု Global Post အွန်လိုင်းသတင်းဌာနက ကြာသပတေးနေ့တွင် သုံးသပ်လိုက်သည်။
“နိုင်ငံတကာ အကဲခတ်တို့ကမူ မြန်မာစစ်တပ်ကို ရာဇ၀တ်မှုကျူးလွန်သူအဖြစ် မြင်နေကြဆဲဖြစ်သည်၊ အမေရိကန်တပ်များသည် လုပ်အားပေးခိုင်းခြင်း၊ တိုင်းရင်းသားကျေးရွာများကို ပစ်ခတ်ခြင်း၊ ဆန္ဒပြသူများကို ပစ်ခတ်ခြင်းတို့ဖြင့် နာမည်ကြီးနေသည့် မြန်မာစစ်တပ်နှင့် လက်တွဲဆောင်ရွက်ရေးဆိုသည်မှာ မဖြစ်နိုင်ပေ” ဟု ရေးသားထားသည်။
မြန်မာအစိုးရကမူ ရွှေမြွေဟောက် နှင့် ပတ်သက်ပြီး တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
အနာဂတ် စစ်ရေးလေ့ကျင့်မှုများတွင် လေ့လာသူအဖြစ် ပါဝင်လိုသည်ဟု မြန်မာတို့က ပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း အမေရိကန်က ဖိတ်ခေါ်ခြင်း မရှိသေးကြောင်း ထိုင်းအရာရှိတဦးကို ကိုးကားပြီး ကျိုဒိုသတင်းတပုဒ်တွင် ရေးသားထားသည်။
“မြန်မာပြည်က နိုင်ငံတကာကို ၀င်ဆံ့ချင်နေတာ” ဟု ထို ထိုင်းအရာရှိက ဆိုသည်။
လေ့လာသူအဖြစ် ပါဝင်ခွင့်ရရေးအတွက် အချိန်ယူရမည်ဆိုသည်ကို မြန်မာနိုင်ငံက နားလည်ကြောင်းကိုလည်း ထိုအရာရှိက ကျိုဒိုသတင်းဌာနကို ပြောခဲ့သည်။
ဤအတောအတွင်း ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ပြုလုပ်နေသော ထိုင်း-အမေရိကန် စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံတချို့မှ တပ်သားများအပြင် တောင်ကိုရီးယားတပ်ဖွဲ့ဝင်များလည်း ပါဝင် ဆင်နွှဲနေကြသည်ဟု ထိုင်းနိုင်ငံမှ လာသော သတင်းများက ဆိုသည်။
ဒေသတွင်း အကြီးဆုံး စစ်ရေးလှုပ်ရှားမှုဖြစ်သော ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားတပ်များ ပထမဆုံးအကြိမ် ပူးပေါင်း ပါဝင်ခြင်း ဖြစ်သည်။
ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုများတွင် လူမှုရေးအကူအညီများ၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရေး အစီအစဉ်များနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များလည်း ပါဝင်သည်။
၁၀ ရက်ကြာ ပြုလုပ်မည့် ယခုနှစ် လေ့ကျင့်မှုသည် လာမည့် ၁၇ ရက်နေ့တွင် အဆုံးသတ်မည် ဟု သိရသည်။
လေ့ကျင့်မှုတွင် အမေရိကန်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားတို့မှ စစ်သား တသောင်းကျော် ပါဝင်နေသည်။
နိုင်ငံ ၂၀ မှ လေ့လာသူများလည်း တက်ရောက် အကဲခတ်နေကြသည်။
ဤစစ်ဆင်ရေးသည် အမေရိကန်၏ စစ်အင်အားကို တရုတ်နိုင်ငံတခါးဝသို့ ဖြန့်ချခြင်းအဖြစ် တရုတ်ပြည်သူတချို့နှင့် အကဲခတ်တချို့က ယူဆနေကြသည်ဟု တရုတ်အစိုးရ ဆင်ဟွာသတင်းဌာနက စစ်ဆင်ရေး တရားဝင် စတင်ပြီး နောက်တနေ့တွင် ရေးသားလိုက်သည်။
တောင်တရုတ်ပင်လယ်နယ်နိမိတ် သတ်မှတ်ချက်နှင့်ပတ်သက်ပြီး တရုတ်အစိုးရနှင့် အငြင်းပွားနေသော နိုင်ငံများ၊ ၎င်းတို့ကို ထောက်ခံသော နိုင်ငံများ ဤစစ်ဆင်ရေးတွင် ပါဝင်နေသည်ဟု အကဲခတ်တဦး၏ သုံးသပ်ချက်ကို သတင်းတွင် တွေ့ရသည်။
ဤစစ်ဆင်ရေးသည် “ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်မှု” ဖြစ်သည် ဟူသော ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၏ စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲ ပြောဆိုချက်ကိုလည်း သတင်းတွင် ကိုးကား ဖော်ပြထားသည်။
ကမ်းတက်စစ်ဆင်ရေး၊ တောတွင်းစစ်ဆင်ရေး၊ နှူကလီးယား နှင့် ဖျက်အားပြင်းလက်နက်သင်တန်းတို့လည်း ပါဝင်နေသည်ဟု အမေရိကန် နှင့် ထိုင်းတို့၏ ထုတ်ပြန်ချက်များကို ကိုးကား ထောက်ပြထားသည်။
Related posts:













ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ - အပိုင်း (၂)
>News & Media
>ကိုကီးပေၞ - ဟင့်အင်း ...ေူဖဘူး၊ေူဖဘူး
>Junta's under pressure, allowing diplomats and reporters to trial again
>Pann Thee (Thee Lay Thee) - Jokes of Life - 1
>မိုးကုပ်စက်ဝိုင်း - မနြ်ုးကပ်နေသူတိုႛအတကြ်ူပက်လုံးမဵား
>ူမန်မာဟစ်ဟော့ ပြဲတော် မတ် ၂ က ကဵင်းပခဲ့
>Mya Aye
>Maung Maung One Article for Daw Su - 1

စာဖတ်သူတွေရဲ့အသံ