ABSDF in 1992

ABSDF မြောက်ပိုင်းမှာ ၁၉၉၂ ခုနှစ်က ဘာတွေဖြစ်ခဲ့သလဲ

RFA

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၂

၁၉၉၂ ခု ဖေဖော်ရီ ၁၂ ရက်က ကချင်ပြည်နယ် ပါချောင်ဒေသမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်း အဖွဲ့ဝင်တချို့ကို စစ်အစိုးရက စေလွှတ်လိုက်တဲ့ ထောက်လှမ်းရေး သူလျှိုတွေအဖြစ် စွပ်စွဲပြီး ညှဉ်းပန်းသတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အနှစ် ၂၀ ကြာပြီးနောက်မှာ အဲဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင်ဟောင်းတချို့ရဲ့ တောင်းဆိုသံတွေနဲ့အတူ ဝေဖန်ကန့်ကွက်သံတွေ၊ ထောက်ခံ ပြောဆိုမှုတွေကို ယခုတလော အင်တာနက် စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်လောင်လောင် တွေ့မြင်နေရပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ABSDF မြောက်ပိုင်းမှာ ဖမ်းဆီး နှိပ်စက်ခံခဲ့ရသူနှစ်ဦးရဲ့ပြောကြားချက်တွေနဲ့ အဲဒီအချိန်က ABSDF ကို ဦးဆောင်ခဲ့သူတွေ လက်ရှိခေါင်းဆောင်တွေရဲ့ သဘောထားတွေကို အာအက်ဖ်အေ အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုံစမ်မေးမြန်းပြီး တင်ဆက်ထားပါတယ်။

—————————————————————————————————————

ABSDF မြောက်ပိုင်းမှာ ၁၉၉၂ ခုနှစ်က ဘာတွေဖြစ်ခဲ့သလဲ။

RFA စုံစမ်မေးမြန်းချက်များ ။

၁၄ ရက် ဇန်နဝါရီ ၂၀၁၂။

၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တလကျော်အကြာ နိုဝင်ဘာလထဲမှာ ABSDF လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကို ထိုင်းမြန်မာ နယ်စပ်တနေရာမှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ABSDF ကျောင်းသားတပ်မတော်ဟာ သမိုင်းတကွေ့မှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတခုလည်း ရှိခဲ့ပါတယ်။

အဲဒါကတော့ ၁၉၉၂ ခု အစောပိုင်းကာလ ABSDF မြောက်ပိုင်းတပ်အတွင်း စစ်အစိုးရရဲ့ ထောက်လှမ်းရေး သူလျှိုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကျောင်းသူကျောင်းသား အများအပြားကို ဖမ်းဆီးသတ်ဖြတ် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အခုဆိုရင် အနှစ် ၂၀ ရှိလာခဲ့ပါပြီ။

အဲဒီတုန်းက ဖြစ်ရပ်မှာ ထောက်လှမ်းရေးပါဆိုပြီး ဖမ်းဆီးနှိပ်စက်ခံရပြီး အသက်မသေဘဲ ပြန်လွတ်လာသူ တစ်ဦးကတော့ အခုအခါ သြစတေးလျှ နိုင်ငံမှာ နေထိုင်သူ မနန်းအောင်ထွေးကြည်ပါ။

မနန်းအောင်ထွေးကြည်- “ကျမကို လက်ကို ဒါးနဲ့မွှန်းတယ်၊ မျက်နာကို မီးနဲ့ရှို့တယ်၊ သူတို့က အီလက်ထရစ်ရှော့ကို ကျမကို ၂ လုံးပေးတယ်။ ခြေမနဲ့ ခြေညှိုးကြားထဲမှာတခုနဲ့ နောက်တယောက်ကနေပြီးတော့မှ နားသယ်စပ်ပေါ့ နောက်တလုံးထပ်ပေးတယ်။ ဒီရှော့ကို ပေးလိုက်တော့ ကျမက မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး အသက်က ရှုလို့ ကျပ်နေပြီး အဲဒီမှာ ကျမက ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဆိုတော့ သူတို့က ရပ်ပေးလိုက်တယ်။ ဆိုတော့ အသက်ရှုခွင့် ရတယ်။ ပြီးတော့မှ ကျမ ထောက်လှမ်းရေးလုံးဝ မဟုတ်ပါဘူးဆိုတော့ ကျမ ရင်ညွန့်ကို သူတို့ စစ်ဖိနပ်နဲ့ ဆောင့်ဆောင့်ကန်တယ်။ အီလက်ထရစ်ရှော့ကို ပြန်ပြန်ပေးတယ်။ အဲဒီတော့ နောက်ဆုံးတော့ တချက်တော့ သတိလစ်သွားတယ်။ မြေကြီးပေါ်မှာ လဲနေတာပေါ့။ အဲဒီအချိန်မှာမှ ကျမ တခွန်းကြားလိုက်တာက တယောက်က ဒီကောင်မက ဒု-ဗိုလ်ပေါ့လေ NIB ကလွတ်ထားတဲ့ ဒု-ဗိုလ်တဲ့ ကျမ ကြားလိုက်တယ်။ အဲဒီကတည်းက ကျမ နားလည်လိုက်ပြီ။ ငါ ဒီလိုမှ မပြောရင်တော့ ငါ သေတော့မှာပဲလို့။ ဆိုပြီးတော့မှ နောက်တနေ့တော့ သံချောင်းက ရောက်လာတယ် ။”မငယ် ..နင်ခေါင်းမမာနဲ့ ။နင်ပြောလိုက်ရင် နင့်ကိုမသတ်ဘူး၊ နင်မပြောလို့ရှိရင် နှိပ်စက်ရင်းနဲ့ နင်သေသွားလိမ့်မယ်။” ကျမကို အဲဒီလို ပြောပြီးတော့ စစ်ကြောရေးပြန်ဝင်တယ်။

သန်းဇော်နဲ့ ဇော်ဇော်မင်းတို့ ဆက်ပြီးတော့ နှိပ်စက်တယ်၊ နောက်ဆုံးတော့ နှိပ်စက်တဲ့ဒဏ်တွေ ကျမ မခံနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ ကျမ ထောက်လှမ်းရေးပါလို့ ပြောမှ သူတို့ အနှိပ်စက်ကို ရပ်ပေးတယ်။

နောက် ကျမတို့ မိန်းခလေး အင်္ဂါထဲမှာ တခုခုကို ဝှက်ထားနိုင်တယ် ဆိုပြီးတော့ ကျမတို့ မိန်းခလေးအင်္ဂါကိုပါ စစ်တယ်။

ခင်ချိုဦးရယ်၊ ကျမရယ်၊ နန်းစောရယ် ၃ ယောက်စလုံး ခံရတယ်။ နောက် ကိုထွန်းအောင်ကျော်ကို အကြီးအကျယ် နှိပ်စက်တယ်၊

လက်ဝါးကပ်တိုင်မှာ လက်ကို သံချောင်းထိုးပြီးတော့မှ လုပ်ထားတာကို ကျမ ဘာဖြစ်လို့ သိလဲဆိုတော့ ကျမကိုယ်တိုင် လက်ဝါးကပ်တိုင်ကို တင်ခံရတယ်။ ကိုအပ်စိုက်ဆိုရင်တော့ တော်တော်ကြမ်းတယ်၊ မီးတွေနဲ့လည်း ရှို့တယ်၊ သူ့ဖင်ခေါင်းနဲ့ ပါးစပ်ကို ဝါယာကြိုးထည့်ပြီးတော့မှ အီလက်ထရစ်ရှော့ပေးတယ်။ ပြီးတော့မှ သူ့ရဲ့ ယောက်ကျားတံဆာကိုလည်း အဲဒီလိုပဲ ငါးမျှားချိတ်တွေနဲ့ချိတ်။ ယောက်ကျားတံဆာ တခုလုံးလည်း ကျေမွနေပြီ သူတို့ ဒါးတွေနဲ့ မွှန်းထားတာ။ မသေခင်ကို သူ့ဆီက အပုပ်နံ့က ထွက်နေပြီ။ နောက်တော့ ဆေးလည်း ကုသလို့ မရတော့ဘူး သေသွားတယ်။ ဆိုတော့ အများကြီးပဲ သူတို့နှိပ်စက်တာ လူမဆန်အောင်ကို နှိပ်စက်တာ။”

၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ တရက်တည်းမှာပဲ ကျောင်းသားရဲဘော် ၁၅ ဦးကို တကြိမ်တည်း ကွပ်မျက်ခဲ့ပါတယ်။ မနန်းအောင်ထွေးကြည် ပြောပြတာက- “ခင်ချိုဦးကို မသတ်ခင်မှာ မျိုးဝင်းကနေပြီးတော့မှ

ကဲ ငါ့ကောင်တွေ မဖျော်ဖြေရတာ ကြာပြီတဲ့ ခင်ချိုဦးကို မုဒိန်းကျင့်ခိုင်းတယ်။ အဲဒီမှာ သံချောင်း ခေါ် မြင့်စိုးကနေပြီးတော့မှ” ဟေ့ကောင်တွေ.. ဒါမျိုးတော့ မလုပ်နဲ့ကွ”လို့ လှမ်းတားတယ် ။မုဒိန်းမကျင့်ခိုင်းဘူး။ အဲဒီတော့ မျိုးဝင်းကနေပြီးတော့မှ ဆက်ပြီးတော့မှ ”အဲဒါဆိုလို့ရှိရင်လည်း တကိုယ်လုံးချွတ် ”ဆိုပြီးတော့မှ တကိုယ်လုံး ချွတ်လိုက်ရတယ်။ အဲဒီမှာမှ ခင်ချိုဦးက ”CS တဲ့ ..ကျမကို သေနတ်နဲ့ပဲ ပစ်ပေးပါ..” လို့ ပြောလိုက်လို့ သံချောင်းက သေနတ်နဲ့ ပစ်ပေးလိုက်တယ်။ ဌေးမြင့်ဝင်းကလည်း ”သူ့ကို သေနတ်နဲ့ ပစ်ပေးဖို့” ပြောလို့

သံချောင်းက သေနတ်နဲ့ ပစ်ပေးတယ်။

ဒါ့အတွက်ကြောင့် ကျမတို့က သေနတ်သံကို ၂ ချက် ကြားလိုက်ရတယ်။ ကျန်တဲ့ ၁၃ ယောက်ကတော့

မျိုးဝင်းနဲ့ လှဆိုင်းနဲ့က လည်ပင်းတွေကို ဒါးနဲ့ခုတ်သတ်တယ်လို့ ပြောတယ်။ မျက်မြင် ကိုယ်တွေ့ ရဲဘော်တယောက်က ပြောတာပါ။”

နောက်ထပ် အဖမ်းဆီးခံရသူ တစ်ဦးကတော့ မသင်းသင်းညီပါ။

သူဟာ တန်ပြန်ထောက်လှမ်းရေးအဖြစ် ခိုင်းစေခံခဲ့ရတယ်လို့ ပြောပြပါတယ်- “အစ်မကိုကျတော့ မျိုးဝင်းကခေါ်တယ်လေ၊ ဒီထဲမှာရှိတဲ့ အခု ဖမ်းထားတဲ့ သူတွေကိုပေါ့နော် ဘယ်သူက ထောက်လှမ်းရေးအစစ် ဖြစ်တယ်ဆိုတာကို ဖေါ်ပေးပေါ့နော်။ သူ့အနေနဲ့ ပြန်ထည့်ထားပေးတာ။ ထည့်ထားပေးတော့ အစ်မက သူ့စကားနားထောင်ပြီးတော့ အထဲထဲမှာ နေတယ်။ နောက်ကျတော့ နေရင်းနေရင်းနဲ့ တယောက်မှလည်း အဲဒီလိုမျိုးပေါ့နော် ထောက်လှမ်းရေးလည်း မဖြစ်နိုင်ဘူးပေါ့နော်။ သူ့ကို ပြောပြတယ် ကျနော် အခု မြင်သလောက် ပြောရရင်လို့ အားလုံးက ကျောင်းသားတွေချည်းပဲလို့၊ ဘယ်သူမှ ထောက်လှမ်းရေး မဟုတ်ဘူးလို့၊ အထင်လွှဲနေကြပြီလို့ ပြောပြတယ်လေ။ အဲဒါကို သူကလည်း လက်မခံဘူး။ မဟုတ်ဘူး ရှိတယ်၊ ရှိကိုရှိတယ်။ အဲဒါကတော့ လိုချင်တဲ့ပုံစံကတော့ ရမှာမဟုတ်ဘူးလို့ ညီမကို အဲဒီလိုမျိုး ထည့်ထားရင်တော့လို့။”

သူတို့စိတ်တိုင်းကျ ဖြစ်မလာတဲ့အခါ မသင်းသင်းညီကိုလည်း ဖမ်းဆီးနှိပ်စက်ပြီး ညှဉ်းပန်းခဲ့တယ်လို့ ဆိုပါတယ်- “စစ်တဲ့အခါကျတော့ ထောက်လှမ်းရေးဆိုပြီးတော့မှ စစ်တဲ့လူတွေအတိုင်းပဲ သူတို့က မညှာမတာပဲ နှိပ်စက်တာပေါ့နော်။ ကျင်စက်ကို ရင်ဘတ်ထဲ ထည့်ပြီးတော့မှ တို့တာ။ တို့ပြီးတော့ မေးတာ။ ကျမကတော့ ကိုမျိုးဝင်းကို ပြောတယ်လေ အဲဒီလိုကြီးတော့ ကျနော် ဒဏ်မခံနိုင်တော့ဘူး ကျနော့်ကိုတော့ အမြန်ပြန်လွှတ်ပေးပါ၊ မဟုတ်ရင်လည်း သတ်ရင်လည်း သတ်လို့ ကျနော် ဆက်မလုပ်နိုင်ဘူးပေါ့။ ကျနော် ပြောတယ် အဲဒီကျမှ သူတို့ဟာသူတို့ ဘယ်လို စဉ်းစားပြီး ကျနော်ကတော့ မိန်းခလေး ၅ ယောက်ထဲမှာ အစောဆုံး ပြန်လွတ်သွားတာပေါ့။”

ဒီကိစ္စဘယ်သူတွေမှာ အဓိက တာဝန်အရှိဆုံးလဲလို့ မသင်းသင်းညီကို RFA က မေးမြန်းကြည့်ပါတယ်-

“ကျနော်တို့ မြောက်ပိုင်းအနေနဲ့ပဲ ပြောမယ်ဆိုရင်တော့ မျိုးဝင်းရယ်၊ သံချောင်းရယ်၊ အောင်နိုင်ရယ်၊ အဲဒီ ဗဟိုကော်မတီမှာ တာဝန်ယူထားတဲ့ သူတွေ အားလုံးတာဝန်ရှိတယ်။ ကျနော်တို့ မြောက်ပိုင်းအနေနဲ့ ပြောတာပေါ့နော်။”

တဆက်တည်းမှာပဲ ဒီလုပ်ရပ်အတွက် အဓိက ဘယ်သူတွေမှာ တာဝန်ရှိပါသလဲလို့ မနန်းအောင်ထွေးကြည်ကိုလည်း RFA က ထပ်မေးကြည့်ပ့ါတယ်- “အဲဒီထဲမှာ တာဝန်ရှိတဲ့လူတွေကတော့ အရင်တုန်းကတော့ အထွေထွေအတွင်းရေးမှူး ရော်နယ်အောင်နိုင် ခေါ် အောင်နိုင်ပေါ့၊ နောက်ပိုင်းမှာ ABSDF northern Burma အနေနဲ့ သူ ယူလိုက်တယ်၊ ထွန်းအောင်ကျော်ကို ဖမ်းပြီးတော့ သူက ဥက္ကဋ္ဌဖြစ်သွားတယ်။ နောက် မျိုးဝင်း(နမ့်စော်လော်) ဆိုတာက သေဆုံးသွားပြီ။ နောက် သံချောင်း ခေါ် မြင့်စိုး ဆိုတာက အခု သက်ဆိုင်ရာတွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရပြီးတော့ ပြစ်ဒဏ်ကျခံနေရတယ်။ သာယာဝတီထောင်မှာ သူ့ကို ချထားတယ်ရှင့်။

နောက်တယောက်ကတော့ ကျမတို့ကို ဖမ်းဆီးတုန်းက မျိုးဝင်းရဲ့ နောက်ကနေ အကြံပေးနေတဲ့ ထောက်လှမ်းရေး တာဝန်ခံ သန်းဇော် (မန္တလေး) ဆိုတာ အခု မြို့ထဲမှာ လွတ်လွတ်လပ်လပ် ရှိတယ်။ နောက် ကျောင်းသား ထောက်လှမ်းရေးကပဲ တပ်ကြပ်ဇော်ဇော်မင်း ဆိုတာ မြို့ပေါ်မှာ ရှိနေတယ်။ နောက် အခုလောလောဆယ် ABSDF မြောက်ပိုင်းမှာ ရှိနေသေးတဲ့ လှဆိုင်းဆိုတဲ့ ကချင် အမျိုးသားပေါ့ ..

သူကိုယ်တိုင်လည်း ကျောင်းသားကို ခေါင်းဖြတ်သတ် ခဲ့တယ်။”

ABSDF ရဲ့ မြောက်ပိုင်းတပ်မှာ အခုလို ဖြစ်နေချိန် ထိုင်း-မြန်မာနယ်စပ်က ABSDF ဗဟိုမှာတော့ ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ ABSDF အုပ်စုနဲ့ ကိုမိုးသီးဇွန် ဦးဆောင်တဲ့ ABSDF အုပ်စု ဆိုပြီး ၂ ခြမ်းကွဲနေချိန်လည်း ဖြစ်ပါတယ်။

ကိုမိုးသီးဇွန်က- “ကျနော်တို့ ၁၉၉၁ လောက်မှာ ABSDF ညီလာခံလုပ်တယ်၊ ညီလာခံ ၂ လ လောက်ကြာတယ်၊ ညီလာခံထဲမှာ ပြဿနာတွေတက်တယ်။ နောက် ကွဲသွားတယ်။ ကွဲသွားပြီးတဲ့နောက်ပိုင်းမှာ ABSDF (မိုးသီးဇွန်) နဲ့ ABSDF (ကိုနိုင်အောင်) ဆိုပြီးတော့ တပ်ပေါင်းစုမှာ အဲဒီလို ခေါ်ကြပါတယ်။ သို့သော်ငြားလည်း မြောက်ပိုင်းသည် ကိုနိုင်အောင် ဗဟိုရဲ့ ဦးဆောင်မှုအောက်မှာ ရောက်သွားတယ်။ အဲဒီတော့ ဖြစ်သွားတဲ့ ဖြစ်ရပ်တွေ အကုန်လုံးက ABSDF (နိုင်) ပေါ့လေ ကိုနိုင်အောင်တို့အဖွဲ့က ဖြစ်သွားတာ။ ကျနော်တို့ အနေနဲ့ တိုက်ရိုက်စွပ်ဖက်လို့ မရတော့ဘူး။ Spy ဆိုပြီးတော့ စွပ်စွဲပြီးတော့ ဖမ်းခဲ့တော့ အဲဒါ ကျနော်တို့လည်း မသိဘူး။ ဘယ်ဟာ အမှန်အမှားဆိုတာ။ ဒါပေမဲ့ ထောက်လှမ်းရေးတွေ ဖြစ်နေတယ် ဆိုတာတောင်မှ မသတ်ပါနဲ့ သူတို့ကို လွှတ်လိုက်ပါ ဆိုပြီးတော့ ကျနော်တို့က KIO ပေါ့ အဲဒီတုန်းက KIO ရဲ့ စက်သွယ်ရေးစက်ကတဆင့် တောထဲကနေ ကျနော်က လှမ်းပြီး ပို့လိုက်ပါတယ်။ ဒါပေမဲ့ သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေ အဲဒီလို ဖြစ်နေတယ်လို့ ကျနော်တို့ ကြားလာတယ်။ ကြားလာတဲ့အတွက် ကျနော်တို့က စာထုတ်ပြီးတော့ ကန့်ကွက်တယ် ၁၉၉၂ ခုနှစ် မတ်လ ပိုင်းလောက် ဖြစ်မယ်။ ကျနော်တို့မှာ စာတွေရှိတယ်။ အဲဒီတော့ ဒီလုပ်ရပ်ကို တားဆီးပေးဖို့ ဆိုတဲ့ဟာတွေ ပါပါတယ်။ အခုဟာကကျတော့ ဘယ်လို ဖြစ်လာလဲဆိုတော့ ABSDF ဗဟို မိုးသီးဇွန်က ဥက္ကဋ္ဌ လုပ်တဲ့အချိန် သူကပဲ အမိန့်ပေးလိုက်သလိုလို တချို့ အင်တာနတ် Facebook တွေမှာလည်း ရေးတာတွေ ကျနော်တို့ တွေ့ရတယ်။ ဒါကတော့ နိုင်ငံရေးအရ သက်သက်လုပ်ကြံတာလို့ ကျနော် ပြောချင်တယ်။”

ABSDF မြောက်ပိုင်း ဖြစ်ရပ်ကို ကိုမိုးသီးဇွန် သုံးသပ်တာကတော့- “ဥပမာပေါ့ ကိုထွန်းအောင်ကျော်နဲ့ ပတ်သက်လို့ ကိုမောင်မောင်ကြွယ်တို့၊ နောက်တခါ ထိန်လင်းတို့ပေါ့ဗျာ နောက် ကျနော်တို့ သိတဲ့လူတွေလည်း ပါသွားတာကိုး။ အဲဒီတော့ အဲဒီကာလက ကျနော်တို့ ဒီဘက်က ယူဆတာကတော့ မိုးသီးဇွန်ကို ထောက်ခံတဲ့အဖွဲ့ကို နိုင်အောင်ကို ထောက်ခံတဲ့အဖွဲ့က သတ်လိုက်တယ်လို့ပဲ ကျနော်တို့ သုံးသပ်ထားတာ။ တချိန်တုန်းက ဗကပမှာ ဖြုတ်ထုတ်သတ်တွေ ဖြစ်ခဲ့ဖူးတယ်။ အဓိကကတော့ ရန်သူက ဝင်ပြီးတော့ သွေးထိုးလှုံ့ဆော်တယ်လို့လည်း ကျနော် သုံးသပ်ပါတယ်။ ဒီလူတွေက အတွေ့အကြုံနည်းတာရယ်၊ သမိုင်းကို မလေ့လာတာပေါ့လေ အဲဒီအပေါ်မှာ သူတို့ မှန်မှန်ကန်ကန် သိမ်သိမ်မွေ့မွေ့ မဆုံးဖြတ်နိုင်တာတွေ ဖြစ်သွားတယ်ပေါ့ဗျာ။”

ABSDF ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်တဲ့ ဒေါက်တာနိုင်အောင်ကတော့ မကြာခင်မှာ သူ့အနေနဲ့ ရှင်းလင်းချက် တစ်စောင် ထုတ်ပြန်ဖို့ရှိပြီး အခုလောလောဆယ် သူ ပြောပြနိုင်တာကတော့- “ကျနော့် တစ်ယောက်တည်းအနေနဲ့ ရှင်းလင်းချက်ပေါ့ အဲဒီလိုမျိုးလေး ထွက်ဖို့ရှိတယ်။ အလုပ်ရှုပ်နေတော့ အဲဒီဟာလေးကို ကျနော် ရေးဖို့ကိစ္စ လက်စ မသတ်နိုင်ဘူး ဖြစ်နေတယ်။ လူတွေက အချက်အလက်တွေ မှားပြောနေကြချိန်၊ ထင်ရာမြင်ရာ ပြောနေတာတွေလေ။ ဥပမာ တချို့ဆို ပြောတာရှိတယ် ကျနော် ရောက်သွားပြီးတော့ အမိန့်ပေးပြီး သတ်လိုက်တာတို့၊ ဘာတို့ ညာတို့လေ။ အဲဒီလိုမျိုး လွဲတာတွေ အများကြီး ရှိတယ်ဗျာ။ တခုလုံးအနေနဲ့ ပြောရရင် ဗဟိုမှာ တာဝန်ရှိသလားဆိုရင် ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့က ဖြစ်ပြီးတော့မှ ကျနော်တို့က သိရတာ။ အဲဒီအချိန်တုန်းက ကိုယ့်မှာ ကွဲနေတဲ့အချိန်၊ မာနယ်ပလော ထိုးစစ်နဲ့၊ နောက် စားဝတ်နေရေးနဲ့ ပြီးတဲ့အခါကျတော့ ကျနော်တို့ ကိုယ်စားလှယ်တစ်ယောက် ပို့လိုက်တယ်။ အဲဒီ ကိုယ်စားလှယ်က ပြန်မလာသေးဘူး။ သူတို့ အဒီကိစ္စတွေ နေရှင်းသတင်းစာထဲမှာ ဂျင်ဒီက ရေးလို့ ပါလာတော့မှ ကျနော်က သိပြီးတော့မှ ကျနော်က ကမန်းကတန်း လိုက်သွားရတာ အဲဒီလိုမျိုး ဟာမျိုးတွေလေ။ ဗဟိုအနေနဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အခါကျတော့ ကျနော် တာဝန်ယူရတယ်ဆိုပေမဲ့ မြောက်ပိုင်းကိုလည်း ကျနော်တို့က ပိုင်တာမဟုတ်ဘူး။ အမိန့်ပေးလို့လည်း ရတာလည်း မဟုတ်ဘူးဗျာ။ ဆိုတော့ အဲဒီအချိန်မှာမှ စပြီးတော့ ABSDF ကို တည်ဆောက်နေရတဲ့အချိန်ကိုး။ ရိုးရိုးလေးပဲပေါ့ဗျာ ။ ဒီလောက် များတဲ့လူတွေ Spy ဆိုတာ ဖြစ်မှာ မဖြစ်နိုင်တာကြီးကို။ ဆိုတော့ ကျနော်တို့ရဲ့ ဦးတည်ချက်က တခုပဲရှိတယ် ။အဲဒီလို ဖမ်းထားတဲ့လူတွေကို ထပ်မသတ်ဖို့၊ နောက် လွှတ်ပေးဖို့ပေါ့။ အဲဒါ မြောက်ပိုင်းနဲ့ ညှိုတဲ့အခါကျတော့ သူတို့က မိဘတွေကို တနေ့နေ့ တချိန်ချိန် ပြန်အပ်ပြီးတော့ လွှတ်မယ် ဆိုတဲ့ ဥစ္စာမျိုး ကျနော်တို့ ဒါပဲ လုပ်ပေးလို့ ရတာကိုး။ တနေ့နေ့ကျရင်တော့ ဒီကိစ္စတွေကို ရှင်းရမှာပဲဆိုတာမျိုး အားလုံးက ဗဟိုက ခံယူထားတယ်။ သူတို့ကိုလည်း ကျနော်တို့ ပြောပြတယ်။ မြောက်ပိုင်းက တာဝန်ရှိတဲ့လူတွေ။”

ရန်ကုန်မြို့မှာ လက်ရှိနေထိုင်သူ မသင်းသင်းညီကတော့- “ကျနော်တို့က ဒီသေသွားတဲ့၊ အသတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ အားလုံးဟာ ထောက်လှမ်းရေးမဟုတ်ဘဲနဲ့ အသတ်ခံရတာကိုပဲ အားလုံးကို သိစေချင်တာပေါ့။ သူတို့ကိုလည်း သူတို့ မှားခဲ့တယ် ဆိုတဲ့ဟာကို ဝန်ခံစေချင်တာ ဒီတခုတည်းပဲ ရှိပါတယ်။ ယုံကြည်ချက်နဲ့ ထွက်သွားကြတဲ့ သူတွေအားလုံးက ထောက်လှမ်းရေးပါဆိုပြီး အသတ်ခံလိုက်ရတယ်ဆိုတာ သမိုင်းမှာ ကျန်ခဲ့တာကို မလိုချင်ဘူး။ သမိုင်းအမှန်ကိုပဲ လိုချင်တာပါ။”

လက်ရှိ ABSDF ဥက္ကဋ္ဌ ကိုသံခဲကတော့ ဒီ မြောက်ပိုင်း သတ်ဖြတ်မှုအတွက် တစုံတရာ ဝေဖန်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ABSDF လက်ရှိ ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်း ပြောပြတာက- “ABSDF မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ပေါ့နော် အမှန်တရားနဲ့ တရားမျှတမှု ဖြစ်စေဖို့အတွက်ကို နစ်နာခဲ့တဲ့သူတွေအတွက်လည်းပဲ ကျနော်တို့ တစုံတရာ ပြန်လည်ပြီးတော့ အဖြေရှာပေးနိုင်ဖို့ အတွက်ကို ကျနော်တို့ ကော်မတီတရပ်ကို ဖွဲ့စည်းပြီး တာဝန်ပေးခဲ့ပါတယ်။”

ABSDF မြောက်ပိုင်း ဖြစ်ရပ်မှာ အသတ်ခံရသူတွေ၊ ညှဉ်းပန်းနှိပ်စက်ရင်း သေဆုံးသွားသူတွေအတွက် ကျန်ရစ်သူ မိသားစုတွေနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက ဒီရက်ပိုင်းတွေအတွင်း ဝမ်းနည်းဖွယ် အနှစ် ၂၀ ပြည့် အခမ်းအနားတွေ ကျင်းပကာ ကောင်းမှုကုသိုလ်တွေ ပြုကြတာလည်း သိမြင်ရကြောင်းပါခင်ဗျာ။

(တွေ့ဆုံမေးမြန်းသူ=ကိုဥာဏ်ဝင်းအောင်)

———————————-

ဆက်သွယ်မေးမြန်းချက်နားဆင်ရန်

အသံဖိုင်ရယူရန်

http://www.rfa.org/burmese/interview/absdf-north-02142012105231.html

—————————————

မူရင်း – http://www.facebook.com/notes/%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%B1%E1%80%9D%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%98%E1%80%AC%E1%80%B8%E1%80%99%E1%80%AC%E1%80%B8/%E1%80%A1%E1%80%85%E1%80%AF%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%B9-%E1%80%A1%E1%80%BB%E1%80%95%E1%80%B6%E1%80%B3%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%B9-%E1%80%B1%E1%80%81%E1%80%AB%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%96%E1%80%90%E1%80%B9%E1%80%9E%E1%80%90%E1%80%B9%E1%80%99%E1%80%BD%E1%80%B3-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%81%E1%80%B2%E1%80%B7%E1%80%B1%E1%80%9E%E1%80%AC-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84/10150571499735735

Related posts:

  1. >ABSDF
  2. >ABSDF former CEC ko Ne La passed away
  3. >20th Anniversary of ABSDF North Massacre
  4. >Testimonial of Nay Win Aung (1996) came out on ABSDF (South) Conspiracy
  5. >ABSDF Chairman in SF Bay Area

6 Responses to ABSDF in 1992

  1.့hlaingtun on February 19, 2012 at 10:43 pm

    အမှန်တရားအတွက် တရားခံတွေကို လက်ရှိရောက်ရှိရာနိုင်ငံတွေက ရုံးတင်စစ်ဆေးအရေးယူဆောင်ရွက်နိုင်ဖို. လှုံဆော်ကြရမယ်………..ဒါဟာလူသားတွေမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝဏ်ပြစ်မူဖြစ်တယ်

  2. လမင်း on February 20, 2012 at 5:06 am

    သြော်…နိုင်ငံရေးသမားတွေရဲ့ဘဝဟာအတော်သနားစရာ, စိတ်ပျက်စရာပါဘဲ။ အချင်းချင်းကကွပ်တာခံရလိုက်,စစ်အစိုးရကကွပ်တာခံရလိုက်နဲ့ဘဲ လုံးပါးပါးပြီးဘဝဆုံးကြရတယ်။

  3. မောင်လူအေး on February 20, 2012 at 11:16 am

    ခင်ညွန့်အကုန်သိရမယ်။သူ.ကိုဖမ်းပြီးစစ်ကြ။

  4. yamahta on February 21, 2012 at 6:44 pm

    yamahta 21-2-2012

    မောင်လူအေးရဲ့ အဆိုကိုထောက်ခံပါတယ်။ ဒီအကြောင်းတွေကို သူသိကိုသိရမယ်။ ခင်ညွန့်ထဲ့ထားတဲ့ ထောက်လှမ်းရေးတွေက ပူးသတ်သွားတာပဲဖြစ်ရမယ်။ ခင်ညွန့်ကို ဖမ်းပြီးစစ်ဖို့ ၀ိုင်းဝန်းတောင်းဆိုကြပါ။

  5. myanmar pyithar on February 21, 2012 at 7:21 pm

    Ronald Aung Naing
    If you are human, you should commit suicide now.
    If not, every soul that you killed will curse you until your next life because they are not spy planted by Junta (it’s crystal clear now)
    Why keep mum, say something. Try to show you are righteous person by commit suicide.
    Shame on you.
    Dr Ng Aung, Moe Thee, say something, do something to show people that you all are true people’s politician. Otherwise, your history will go down the drain

  6. Guillotine on March 3, 2012 at 9:03 pm

    ယခုအချိန်မှာတော့ လူသတ်ခံခဲ့ရသူတွေနဲ့ ၊ လူသတ်သမားတွေ ( ရိုးရိုးလူသတ်သမား မဟုတ်ပါ ။ ကမ္ဘာ့အကြမ်းတမ်းဆုံး ဖက်ဆစ်ဝါဒထက် ဆယ်ပြန်ဆိုးတဲ့ ၊ ဘယ်လိုအမည်နာမ တပ်ရမှန်းမသိနိုင်တဲ့ဝါဒကို ကျင့်သုံးကြသူများ ) ကို ဖဘရဲ့ ကျေးဇူးကြောင့်ဘဲ ကွဲကွဲပြားပြားသိခဲ့ပါပြီ ။ လူတစ်ယောက်ဟာ တစ်ဘ၀တစ်ခါသေမျိုးချည်းပါ ။ဘာအတွက်သေကြရလဲ ၊ သေကြရတဲ့ပုံသဏ္ဍာန်တော့ ကွဲပြားကြမပေါ့ ။ ခံယူချက်ကို ယုံယုံကြည်ကြည်လက်ခံသူများ ၊ မိမိကိုယ်မိမိ ဘာလုပ်ခဲ့သလဲလို့ လိပ်ပြာမလုံဖြစ်နေသူများ ၊ နောင်တ ကိုအကောင်းဆုံးဘယ်လိုဖြေရှင်းမလဲလို့ တွေဝေနေသူများ ၊ ကိုယ့်ကိုကိုယ် မလိမ်မညာဘဲယောင်္ကျားကောင်းပီပီ သမိုင်းကိုအမှန်ချစ်ခဲ့ပါ ။ ထပ်ပြောပါရစေ ။ လူဆိုတာသေမျိုးချည်းပါဘဲ ။ တစ်ခါဘဲသေကြပါ ။ အကြိမ်ကြိမ်အခါခါ သေနေရတဲ့ ရှင်လျက်နဲ့ဘ၀ကြီးက စိတ်ပျက်ဖို့ကောင်းပါတယ် ။

မိုးမခမှာ ကြော်ငြာပါ

MoeMaKa Special - Suu 66 Book

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ