Cho Tu Zaw – ဒီအကြောင်း မရေးချင်ဘူး

ဒီအကြောင်း မရေးချင်ဘူး

ချိုတူးဇော်၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၂

 မြောက်ပိုင်းကျောင်းသားကိစ္စ ၀င်မရေးလို့ ဆိုပြီး မိတ်ဆွေတယောက်က လာပြောတယ်…

 ဘာရေးရမှာလဲ ဗျာ။ ကျနော်ထောင်ထဲရောက်နေတုန်း ရုံးထုတ်တဲ့အချိန် အချုပ်ခန်းဘေးကိုလာ နှုတ်ဆက်သွားတဲ့ကိုရဲလင်း၊ ကျနော်တို့မရှိတုန်း ရုံးခန်းကို အပိုင်စီးတာကွ ဆိုပြီးတက်နေခဲ့တဲ့ စမ်းချောင်းအခသက ဘိုဘိုလေး၊ နောက် ညီနောင်ပါတီဖြစ်တဲ့ မန္တလေးအနကလ က ကိုစိုးလင်း၊ နောက် အောင်နိုင်…။ ဒီလူတွေ အတူထွက်သွားကြတယ်။ တယောက်က ဥက္ကဋ္ဌ လုပ်တဲ့အချိန်မှာ ကျန်တဲ့လူတွေကို ထောက်လှမ်းရေးလို့စွတ်စွဲပြီး ရက်ရက်စက်စက် မကြားဝံ့မနာသာတွေ ကျူးလွန်ခဲ့တယ်။

ကျနော်က ကျန်ခဲ့ရတဲ့ လူဆိုတော့ဘာမှ မပြောနိုင်ဘူး။ ဒါပေမယ့်ဒီကိစ္စတွေ ကို  ဖေါ်ထုတ်ဖို့လိုတယ်ဆိုတာ တဖွဖွ ပြောခဲ့တယ်။ ပြည်တွင်းမှာလည်းကိုစိုးလင်းတို့ ဘိုဘိုတို့ဟာ ရင်းရင်းနှီးနှီး ဆိုတော့  အကုန်သိထားတယ်။ နောက်ဆုံး လွမ်းစိမ့် ကိုအတူကြည့်ရင်း  ဘိုဘိုလေးက အသစ်တွေအဟောင်းပြန်ဖြစ်ပြီး ကိုထွန်းအောင်ကျော်အသတ်ခံရတဲ့အကြောင်းကို ပြန်ပြောပြီး လဘက်ရည်ဆိုင်မှာ ချုံးပွဲ ချ ငိုခဲ့တယ်။ တောထဲကပြန်ရောက်ကတည်းက ကိုရဲလင်း နဲ့ ကျနော် ၂ ခါ လောက်ပဲဆုံတယ်။

 “တွေ့စရာလည်း မရှိတာဗျာ…မတွေ့တာပဲ ကောင်းပါတယ် ”  လို့ ကျနော်တို့ အချင်းချင်းမတွေ့ကြဘူး။ ဘာမှ တယောက်ကိုတယောက်နာကြည်းစရာမရှိပဲ မတွေ့ချင်ကြဘူး။ ၀င်မပါချင်လို့မပါတာ လို့ ပြောတာ တကယ်ပြောတာဗျာ။

ကိုအောင်မိုးဝင်းနဲ့တွေ့တဲ့ အချိန်မှာ  သူပြင်ဆင်ထားတာတွေ နားထောင်ပြီး ၀မ်းသာအားရ တိုက်တွန်းခဲ့တယ်။ သူက စမတ် ဖြစ်တယ်၊ အချက်ကျကျ လုပ်သွားတာပါပဲ။ တိုက်တွန်းခဲ့တာပါပဲ။ ဒါပေမယ့် ကိုယ်တိုင်တော့ ဘယ်က ဘယ်လိုစရမှန်း မသိအောင် ပဲ။ ကာယကံရှင်လား ဆိုတော့မဟုတ်၊ ကိုယ်တိုင်ဂဃဏန လည်းမသိဘူး။ နောက် ကျနော် နားမထောင်နိုင်၊ မဖတ်နိုင်ဘူး။ ပျော့ညံ့တယ် ပဲ ဆိုဆို စိတ်နှလုံးဆင်းရဲလွန်းလို့ဗျာ။

ရွှေဝါရောင် တော်လှန်ရေးကာလမှာ မနီလာသိန်းက သူ့သမီးလေး အကြောင်းပြောရင်း အင်တာဗျူးမှာငိုတော့ မန်းလေးက ကိုတင်သစ်တို့၊ ခု ကဗျာဆရာ ဒုဥက္ကဋ္ဌ ကိုစစ်တို့ရှေ့ မျက်ရည်မထိန်းနိုင်ကျခဲ့ရတယ်။ ကျနော့်ကို ညံ့တယ်ပဲဆိုဆို၊ ဒီလိုကိစ္စမျိုးတွေ ၀င် ကိုမပါချင်ဘူး။ နောက် ဒီကိစ္စတွေကြားတိုင်း၊  ဘေးနားက ကျည်တွေတရွှီရွှီအဖြတ်သွား ခံရတာမျိုး အသည်းတယားယား၊ ကျောတအေးအေး ပါ။ တကယ်ဆို အဲဒီတုန်းက ကျနော့်လည်းကံဖယ်လို့။ တကယ်လို့များပါသွားခဲ့ရင် သေရောပေါ့။ ဒီလိုပါးစပ်၊ ဒီလိုပြောတတ်၊ ရေးတတ်ပုံမျိုးနဲ့။

ကိုရဲလင်း က ကံကိုပါတာဗျ။ မြိတ်သပိတ်စခန်းထဲမှာတုန်းကလည်း နှစ်ယောက်ထဲ ရန်ကုန်သား။ သပိတ်စခန်းထဲ က လူမိုက်ခေါင်းဆောင်တယောက်နဲ့ညိပြီး အဲဒီ လူမိုက်ခေါင်းဆောင်က အစည်းအဝေးပွဲမှာ သူလည်း ရှုံးရော၊ အောက်ဆင်း သူ့တပည့်လုံခြုံရေးတွေကို ခေါ်ပါးရိုက်၊ ပြီးတော့ မင်းတို့အသုံးမကျဘူး ကျောင်းပေါ်မှာ ထောက်လှမ်းရေးတွေ ရောက်နေပြီ လို့ ပြောခဲ့တယ်။ သပိတ်စခန်းတခုလုံးဗျာ..ခေါင်းစည်းအနီတွေနဲ့၊ လှံတွေ၊ မှိန်းတွေနဲ့၊ မြိတ်မှာဆိုတော့ သေနတ် တွေ လက်ပစ်ဗုံးတွေတောင် ရှိတယ် ဆိုပဲ။ အဲဒီတုန်းကလည်း မနည်းရှင်းခဲ့ရတယ်။ ကံကောင်းလို့ ခေါင်းဖြတ်မခံရတယ်။  ကျနော်တို့ ၈၈၈၈ မတိုင်မီ ပင်လယ်ထဲက ရွာတွေလျှောက်သွားခဲ့ စည်းရုံးရေးဆင်းခဲ့တုန်းက ရွာကလူတွေ သပိတ်စခန်းထဲရှိနေ၊ ၀ိုင်းအာမခံပေးပေလို့သာပေါ့။

အဲဒီလူမိုက်ခေါင်းဆောင်ဟာ ညစ်ပတ်တဲ့စိတ်နဲ့ အဲဒီလိုလုပ်ခဲ့သလိုပဲ၊ ၈၈ ထဲမှာ ဒီလို၊ အဲဒီလို ညစ်ပတ်တဲ့စိတ်ရှိတဲ့ ကျောင်းသားခေါင်းဆောင်တချို့ပါလာတယ်။ ဒီလိုလူတွေကြောင့် ဒီလို မကြားဝံ့မနာသာ ဖြစ်ရပ်တွေဟာ ဖြစ်ခဲ့ရတယ် လို့ကျနော်တော့ယူဆပါတယ်။

အဲဒီကတည်းက ကိုရဲလင်းကို ကျနော် အကြိမ်ကြိမ်သတိတွေ ပေးခဲ့ဖူးတယ်။ ကိုရဲ ကို မေးကြည့်ပါ။

ပါတီနိုင်ငံရေးကာလတလျှောက်မှာလည်း ရွေးကောက်ပွဲလုံးဝမ၀င်ပါဘူး လို့ ကြွေးကြော်လုပ်နေ သည့်တိုင် အမျိုးမျိုးညစ်ညစ်ပတ်ပတ် လုပ်တာကိုင်တာတွေ၊ တိုက်တာတွေရှိခဲ့တယ်။ တိုင်းရင်းသား ကျောင်းသား လူငယ်ပါတီတွေနဲ့ ညီညွတ်ရေးတွေ ပျက်ခဲ့ရဘူးတယ်။ ဘယ်သူဘယ်ဝါလို့တော့ နာမည်တပ်မပြောချင်တော့ဘူး။

ပြောရရင် ခုချိန်မှာလည်း ဒီလူတွေ ပြည်တွင်းနိုင်ငံရေးလောကကို ပြန်ဝင်ဖို့ပြင်ဆင်နေတယ်၊ ကြိုးစားနေတယ် လို့ ကျနော်မြင်မိတယ်။ အာဏာရှင်အုပ်စုက သူတို့ကိုပြန်အသုံးချနိုင်တယ်။ လက်ဝါးချင်းရိုက် လက်သပ်မွေးနိုင်တယ်။ ဒီတော့ သတိထားဖို့ပဲ ပြောချင်ပါတယ်။ အာဏာရှင်က ဒါကို ၀င်ပြီး အသုံးချမှာပဲ စိုးရိမ်တယ်။

ကိုယ့်ဘက်ကအမြတ်ထွက်မယ့် နိုင်ငံရေး အတိုး  တခုခုယူနိုင်ရင် ကောင်းမလား စဉ်းစားမိတယ်။ အဲဒီ ရဲဘော်တွေဟာ နစ်နာခဲ့သလို၊ နိုင်ငံရေးစင်ပေါ်ကနေ ကန်ထုတ်ခံခဲ့ရသလိုပဲ။ ခုချိန်မှာ သူတို့ဦးဆောင်လှုပ်ရှားနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတခုခုပေါ်လာနိုင်မလား စဉ်းစားမိပါတယ်။ ငြိမ်းချမ်းရေးအတွက်ပေါ့။ အဲဒီ နစ်နာခဲ့တဲ့ ရဲဘော်တွေ နစ်နာထားတာနဲ့အမျှ တန်တဲ့ သမိုင်းအမြတ်တခု  ထွက်စေချင်တယ်။

 ကိုရဲလင်းတို့ကိုသူတို့အမေပြန်သွားခေါ်တော့ အောင်နိုင်က မထိတထိနဲ့  “အောင်ဇော်မင်း ကိုလည်းပြောလိုက်စမ်းပါ၊ သိပ်သတိရတယ် လို့”  လို့ပြောလိုက်သတဲ့။ သဘောကတော့ ကျနော့်ပါ စွပ်စွဲချင်တာပေါ့လေ။ ခု ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာရေးတော့ ရော်နယ်လ်အောင်နိုင် လို့နာမည်တပ်ထားတဲ့ အောင်နိုင် ကျနော့်ကို မိတ်ဆွေလာဖွဲ့တယ်။ ကျနော် သူ မိတ်ဆွေဖွဲ့တာ လက်မခံခဲ့ဘူး။ သူ ဒီစာဖတ်ဖြစ်ရင်သိဖို့ပြောမယ်။

ဇော်ရဲဝင်း ထောင်ထဲက သယ်လာလို့ ၀ဲတွေကူးကြတဲ့ကြားက ဆောင်းတွင်း ကြမ်းပြင်မှာ စောင်လုခြုံပြီး အတူအိပ်ခဲ့ကြ၊ စားစရာမရှိလို့ဆန်ပြုတ်သောက်ကြ၊ ဆေးပေါ့လိပ်တိုဖင်စီခံကို လုသောက်ကြကတည်းက သူငယ်ချင်း ရဲဘော် ဆိုတာ ဖွဲ့ခဲ့ကြပြီးပြီ။ တယောက်ကို တယောက် အသက်ပေးပေါင်းတယ် ဆိုတာ ကာကွယ်ဖို့၊  သတ်ပစ်ဖို့မဟုတ်ဘူး။ ခင်ဗျားနဲ့ကျနော် ဒီတသက် ဘယ်တော့မှ မိတ်ဆွေ ပြန်ဖြစ်နိုင်စရာအကြောင်းမရှိတော့ဘူး ဆိုတာပါဘဲ။

 နာတယ်ဗျာ၊ ဒီအကြောင်းတွေ သိပ်မရေးချင်ဘူး။ ။

Moe Cab in Hawaii

No related posts.

Tags:

4 Responses to Cho Tu Zaw – ဒီအကြောင်း မရေးချင်ဘူး

  1. ohnmar on February 15, 2012 at 9:51 am

    အောင်နိုင်ဆိုတဲ့သူယခုထက်တိုင်အိပ်ကောင်းစားကောင်းနဲ့ကောင်းကောင်းမွန်မွန်ရှိနေတာကိုကအံ့သြ
    စရာပါဘဲ။မိုးသီးဇွန်လည်းအတူတူပါဘဲ။စစ်အစိုးရသတင်းစာရှင်းလင်းပွဲတုံးကအချုပ်ခန်းပုံတွေကိုပါ
    ပြနိုင်တာဟာသူတို့ရိုက်ပို့လို့ဘဲပေါ့။အချုပ်ထဲကလူကဘယ်လိုလုပ်ရိုက်နိုင်မှာတုံး။ဦးသန်းရွှေ။ဦးခင်ညွန့်
    တို့နဲ့အတူတူဒီလူတွေကိုဒီမိုကရေစီိနိုင်ငံတော်ကြီးဖြစ်ရင်ကမ္ဘာ့စစ်ခုံရုံးကိုပို့သင့်တယ်။

  2. taygwa on February 15, 2012 at 1:31 pm

    မိုးသီးဇွန်..နိုင်အောင် အောင်နိုင် အားလုံး ကောင်းစားနေတုန်း..လူလည်ကြီးသားသမီးတွေ ပီပီ..နားလှည့် ပါးရိုက်နေကြတုန်း…အထောက်အထားပိုပြီး ခိုင်မာလာနေတာတောင် လိမ်ကောင်းတုန်း..မြန်မာပြည် အတွက်လို့ အော်ကြတုန်း ရွံမုန်း အော့နှလုံးနာစရာကောင်းလိုက်ပါဘိ…ဘာမှ မဆိုင်ပေမယ့် ခံရကြည့်ရတာ ခက်လို့ပါ

  3. ko kyel linn on February 16, 2012 at 2:52 am

    Yes..Now pointed fingers each other..In reality,,,,i really admire and respect MIN KO NAING ;KOKO GYI;JIMMY;MIN ZAY YAR AND ALL 88 Generation group…They are good groups and clean groups…THEY Sacrificed their life for the country..

  4. Mon on February 16, 2012 at 12:20 pm

    Why these people like Aung Naing and Naing Aung are at large??? Where is JUSTICE for Ko Tun Aung Kyaw and other students who sarcrifced their life for Burma and its people, not for their torture and brutal killings for their personal interests and benefits. So far, up to date, they are still doing well, and those who were brutally murdered for 20 years… Is it fair???? Condemned and shamed on them for their inhumane work which is equivalent to MI Myethmant Tin Oo and Khin Nyunt’s???

မိုးမခမှာ ကြော်ငြာပါ

Interview with U Win Tin

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ