Interview with U Win Tin – လူထုရဲ့ နိုင်ငံရေး ရေချိန်

ဦးဝင်းတင်နဲ့ မေးခွန်းများ – ပြည်ထောင်စု၊ လူထုရဲ့ နိုင်ငံရေးရေချိန်နဲ့ ရွေးကောက်ပွဲသို့ သွားရာလမ်း

မိုးမခ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၂

အင်တာဗျူး အပိုင်း ၂၊ လူထုရဲ့ နိုင်ငံရေး ရေချိန်

 ပြည်ထောင်စုနေ့ နှစ်ပတ်လည်နဲ့တဆက်တည်း မေးချင်တာကတော့ တိုင်းရင်းသားမြန်မာပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေးနိုးကြားမှု ရေချိန်ဟာ တက်ကြွအားကောင်းနေပြီလို့ ပြောကြတယ်။ မြင့်မားလာတယ်။ အဆိုးမြင်စိတ်တွေထက် အကောင်းမြင်တဲ့စိတ်တွေနဲ့ အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုတွေ လှုံ့ဆော်မှုတွေကို မြင်တွေ့နေရတယ်လို့ ပြောနိုင်ပါသလား ခင်ဗျာ။

ကျနော် အရင်တပတ်က မန္တလေးကို ခရီးသွားခဲ့တယ်။ အယင်ကဆို တလျောက်လုံးမှာ ကျနော်က ရန်ကုန်နိုင်ငံရေးမှာ နစ်နေတယ်။ အဖွဲ့ချုပ်နိုင်ငံရေးလှုပ်ရှားမှုထဲမှာ နစ်နေတယ်လို့ ပြောရမယ်ဗျာ။ အခုနောက်ပိုင်းမှာမှ အဖွဲ့ချုပ်ရဲ့အာဘော် ပါတီစာစောင်လေး ထုတ်ဝေတဲ့ဆီမှာ ပြန်ကြားရေးအဖွဲ့သားတွေနဲ့ ၀ိုင်းပြီးလုပ်ကို်င်ဖြစ်တဲ့ဆီမှာမှ ပြည်သူတွေရဲ့ အသံတွေ၊ အမြင်တွေ၊ သဘောထားတွေ ပိုကြားလာရတယ်လို့ ပြောရမယ်။

နောက်တော့ ကျနော် မန္တလေးကို အများနည်းတူ ဘတ်စကားနဲ့ ခရီးသွားဖြစ်တယ်။ အဲသည်မှာ မန္တလေးမှာ ဒီချုပ် လုပ်ငန်းတွေ၊ ဒီချုပ်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖြစ်တယ်။ အခြား ဆရာတော် သံဃာတော်တွေ၊ အနုပညာရှင်တွေ၊ စာနယ်ဇင်းတွေ၊ လုပ်ငန်း နယ်ပယ်အသီးသီးက လူတွေ အခြေအနေတွေနဲ့ တွေ့ဆုံ ရင်းနှီးပြောဆို ရတာတွေ ရှိခဲ့တယ်။ မန္တလေးကို အခြေပြုပြီး စစ်ကိုင်း စတဲ့ ဒေသတွေလည်း ကျနော် ရောက်ရှိခဲ့တယ် ပေါ့ဗျာ။

ဒီခရီးစဉ်မှာ ရန်ကုန်နဲ့ မတူညီတဲ့ အခြေအနေတွေ မြင်ကွင်းတွေကို တွေ့လာရတယ်။ ရန်ကုန်နဲ့ မတူညီတဲ့ အခြေအနေတွေ၊ ကျနော်တို့ပတ်ဝန်းကျင် ကွက်ကွက်တခုလေးထဲကထက် ကျယ်ပြန်တဲ့ မတူညီတဲ့ ထူးခြားတဲ့ လူထုကြားထဲက အကြောင်းအရာတွေကို တွေ့ရှိ မြင်ရ ကြားရတယ်လို့ ပြောချင်ပါတယ်။ အဲသည်မှာ ကျနော်တွေ့ရှိရတဲ့ ထူးခြားတဲ့ အကြောင်းအရာလေးတွေကို ကျနော် ပြောကြားလိုပါတယ်။

ဟုတ်ကဲ့ပါဆရာ။ ဆရာဘာတွေ မြင်တွေ့ သိရှိခဲ့တဲ့ ထူးခြားမှုတွေ ပြောပြပါဦး ဆရာ။

မြန်မာပြည်သူတွေဟာ ဘယ်နေရာမှာပဲ ရောက်ရောက် အရမ်းကို ဆင်းရဲနေတာတွေ့ရတယ်။ နေပြည်တော်ကြီးကို ဖြတ်သန်းသွားတဲ့ဆီင်္မှာ နေပြည်တော်ကြီးဟာ ဘယ်လောက်ပဲ ခမ်းနားကြီးကျယ်တယ်ပဲ ပြောပြော အဲသည်က ပြည်သူတွေဟာ အလွန်ဆင်းရဲတယ်။ မန္တလေးမှာ ဆိုရင်လည်း စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ တိုးတက် ထွန်းကာတယ် ဘယ်လောက်ပဲ တွေ့ရ တွေ့ရ ပြည်သူတွေဟာ အလွန် ဆင်းရဲချို့တဲ့နေကြတာကို တွေ့ရပါတယ်။ သံဃာတော်တွေ ဆရာတော်တွေရဲ့ ကျောင်းတိုက်တွေကို သွားရောက်တဲ့ဆီမှာလည်း အဲသည် ဘုန်းတော်ကြီးကျောင်းတွေမှာ စေတနာ့ဝန်ထမ်းကျောင်းတွေမှာ တိုင်းရင်းသား ကလေးသူငယ်လေးတွေ၊ ဒေသခံကလေးတွေကို အတော် ဆင်းရဲကြပ်တည်းတဲ့ကြားထဲကနေ ပညာတွေ သင်ကြားပေးနေရတာ၊ ရုန်းကန်ပြီးတော့ ကူညီနေကြတာကို တွေ့ခဲ့ရတယ်။ လူထုတရပ်လုံးမှာ အတော်များများမှာ ဆင်းရဲနုံခြာမှု၊ ဆင်းရဲတွင်းနက်မှုတွေကို မြင်တွေ့ရတာဟာ ကျနော့်ရဲ့ နဂိုမူလ ကိုယ့်နေရာကွက်ကွက်လေးမှာ နေပြီးတော့ ဖြစ်ပေါ်နေတဲ့ သဘောထားတွေ အတွေးအမြင်တွေပေါ်မှာ အများကြီး ရိုက်ခတ်မှုတွေ ဖြစ်စေတယ်လို့ ပြောချင်ပါတယ်။

ဒါပေမယ့် အဲသည်ဆင်းရဲတဲ့ပြည်သူလူထုတွေကို မြင်တွေ့နေရသော်လည်းပဲ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆာင်မှုပေးတဲ့ နိုင်ငံရေးခရီးစဉ်တွေမှာ လာရောက်ပြီး ၀ိုင်းဝန်း စုရုန်း ရောက်ရှိလာကြတဲ့ဆီမှာကျတော့ အဲသည်ပြည်သူလူထုကြီးဟာ လူတိုင်းဟာ တက်ကြွတာ နိုးကြားတာ ထက်သန်တာ အင်အားတွေ လန်းဆန်းမှုတွေ အပြည့်အ၀နဲ့ ဖြစ်နေကြတာကို တွေ့ရပါတယ်။ ဘယ်လိုပဲ ဒီမိုကရေစီမဆန်တဲ့ ဖြတ်သန်းမှုတွေကို ရင်ဆိုင်နေကြရသော်လည်း သူတို့တတွေဟာ အာဏာရှင်ဆန်မှုတွေကို လုံးဝလက်မခံနိုင်တော့တာကို တွေ့ကြရပါတယ်။

ဒီလူတွေအားလုံးရဲ့ မျက်နှာတွေကို ကြည့်ရှုလိုက်တဲ့အခါမှာ သူတို့တတွေဟာ ကျနော်ထောင်က လွတ်မြောက်လာတုန်းကနဲ့ မတူတော့ဘူး။ ၂၀၁၀ ကာလ မြန်မာပြည်အနှံ့ ခရီးတွေ ထွက်တုန်းကတွေ့ခဲ့တဲ့ မျက်နှာတွေနဲ့ မတူတော့ဘူး။ သူတို့တွေရဲ့ မျက်နှာတွေမှာ တက်ကြွမှုတွေ ခွန်အားတွေနိုးကြားမှုတွေအပြင် ပွင့်လင်း ရဲတင်းတဲ့ ဆန္ဒဖော်ထုတ်မှုတွေကို တွေ့နေရပြီ ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။ သူတို့တွေအားလုံးမှာ ကြောက်ရွံ့ စိုးရိမ်နေတဲ့ မျက်နှာတွေကနေ ပွင့်လင်းရဲရင့်ုပြီး မိမိသဘောထားဆန္ဒကို ထုတ်ဖော်နေတဲ့ အခြေအနေတွေ ဖြစ်လာတယ်လို့ ပြောချင်ပါတယ်။

 ပြည်သူလူထုရဲ့ တက်ကြွမှုတွေကြောင့် ရဲရင့်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် နိုင်ငံရေးအခြေအနေဟာ တိုးတက်တဲ့ ပြောင်းလဲမှုကို မျှော်လင့်လို့ ရတယ်လို့ ပြောချင်တာလား ဆရာ။

            ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့်ခရီးစဉ်တွေကို လူထုက ၀ိုင်းဝန်းကြိုဆိုတယ်။ အင်န်အယ်ဒီပါတီရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေသာမက အခြားသော နိုင်ငံရေးလှုပ်ရှားမှုအသီးသီးမှာ ပြည်သူတွေက ၀ိုင်းဝန်းပါဝင် ဆောင်ရွက်လာကြတယ်။ အဲသည်မှာ လူထုရဲ့ ရဲရင့်တက်ကြွမှုတွေ စည်းလုံးညီညွတ်မှုတွေကြောင့် မြန်မာပြည်သူလူထုဆီမှာ မြန်မာပြည်ရဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲကို ဖြစ်ပေါ်စေမယ့် နိုင်ငံရေးပတ်ဝန်းကျင်အသစ်တွေ ပေါ်လာစေတယ်။ New Political Environment တွေ ပေါ်ထွန်းလာတယ်လို့ ပြောချင်ပါတယ်။ အဲဒါတွေ ပေါ်လာတာကို ကျနော်တွေ့တော့ လူတွေဟာ ဆင်းရဲ ကြပ်တည်းတာ မှန်တယ်။ အဲသည်ကြားထဲက အဲသည် နိုင်ငံရေးပတ်ဝန်းကျင်အသစ်မှာ လူတွေဟာ ပြောရဲ ဆိုရဲ ဆန္ဒထုတ်ဖော် လုပ်ကိုင်ရဲလာတယ်။ ဒါဟာ နိုင်ငံရေးပတ်ဝန်းကျင်နဲ့ လူထုနဲ့ အပြန်အလှန်စေ့ဆော်မှုတွေရဲ့ ကောင်းမွန်တဲ့ ရလဒ်တွေပဲ လို့ ပြောချင်ပါတယ်။

            လက်ရှိမှာ ကျနော်တို့ နိုင်ငံရေးအင်အားတွေနဲ့ လက်ရှိအစိုးရနဲ့ ကြားမှာ သဘောထားချင်း မတိုက်ဆိုင်တာ၊ ကွဲလွဲချက်တွေ ရှိနေတာတွေ၊ မတူညီတာတွေ ရှိနေသော်လည်းပဲ အခုလိုမျိုး နိုင်ငံရေးအပြောင်းအလဲကို ဖြစ်ပေါ်စေတဲ့ လူထုရဲ့ ရဲရင့်ပွင့်လင်းတဲ့ လှုပ်ရှားမှုတွေ၊ ထုတ်ဖော်မှုတွေရှိနေတာကြောင့် အဲဒါနဲ့ လိုက်လျောညီတွေဖြစ်လာမယ့် တွန်းအားတွေနဲ့အတူ နှစ်ဖက်စလုံးက လုပ်ကိုင်ဆောင်ရွက်လာကြလိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။

အင်တာဗျူး အပိုင်း ၃၊ ရွေးကောက်ပွဲသို့ သွားရာလမ်းကို ဆက်လက်ဖော်ပြပါမည်။

Related posts:

  1. Interview with U Win Tin – ပြည်ထောင်စု၊ လူထုရဲ့ နိုင်ငံရေးရေချိန်နဲ့ ရွေးကောက်ပွဲသို့ သွားရာလမ်း
  2. >Interview with U Win Tin – Can we make friends with 600 political prisoners
  3. >Interview with Cho Tu Zaw – Part 3

Tags:

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ