Yangon Press International
ဖေဖေါ်ဝါရီ ၁၊ ၂၀၁၂ (YPI)
ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် တော်လှန်ရေးအစိုးရ လက်ထက်တွင် ဗုံးခွဲဖျက်ဆီးခဲ့ သည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ပေးရန် လက်ရှိ အစိုးရအား ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ယနေ့ တောင်းဆိုလိုက်သည်။
နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ကာလအတွင်း ပထမဆုံးပြုလုပ်သည့် ဗကသ (အထက်ဗမာပြည်) တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီက သဘောထား ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထိုကော်မတီ နှင့် ဗကသ ဗဟိုစည်းရုံးရေး ကော်မတီတို့ ပူးတွဲ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်၌ အထက်ပါ တောင်းဆိုချက်အပြင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များတွင် သင်တန်းများ ပြန်ဖွင့်ခွင့်ပေးရန်နှင့် သမဂ္ဂ၏ ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်တို့ကိုပါ တောင်းဆိုခဲ့သည်။
ထို့ပြင် ဗကသ အနေဖြင့် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ကွဲပြားနေမည် မဟုတ်ဘဲ ခေါင်းစဉ်တစ်ခုတည်းအောက်မှာသာ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
“မြန်မာပြည် အရပ်ရပ်က အခြေခံကျောင်းတွေမှာလည်း သမဂ္ဂတွေ ပေါ်ထွက်လာဖို့ ဆက်လက် လှုပ်ရှားသွားမယ်”ဟု ဗကသ ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကိုကိုက ပြောသည်။
ထို့အပြင် ၄င်းတို့အနေဖြင့် အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ငြိမ်းချမ်းရေးနှင့် ကျောင်းသားလူ့အခွင့်အရေး စသည့်မူ၅ချက်ကို ဆုပ်ကိုင်ကာ ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးမှူး ဒေါ်ဟန်နီဦးက ပြောသည်။
မန္တလေးမြို့ ဓမ္မသဟာယကျောင်းတိုက်ဝင်းအတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲသို့ တက္က
သိုလ်အသီးသီးမှ ကျောင်းသားကျောင်းသူသစ် ၂၀၀ နီးပါးအပါအ၀င် ယခင် ဗကသတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသော ကျောင်းသားဟောင်းများ ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ဗကသ
(အထက်မြန်မာပြည် ) တရားဝင် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကော်မတီတို့မှ ကျောင်းသားကျောင်းသူ တစ်ထောင် နီးပါး တက်ရောက်ခဲ့သည်။
ဗိုလ်ချုပ်နေ၀င်းလက်ထက် ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့တွင် တက္ကသိုလ်များအား စည်းကမ်းအသစ် များ ပြဌာန်းလိုက်ရာမှ ကျောင်းသားများ မကျေနပ် သဖြင့်ဆန္ဒပြခဲ့သည်။ထို့နောက် ယင်းနေ့ ညနေပိုင်းတွင် စစ်တပ်က ပစ်ခတ်နှိမ်နှင်းမှုများပြုလုပ်ခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးခဲ့ ခြင်းဖြစ်သည်။ ။
ဆဲဗင်းဇူလိုင် သို့မဟုတ် သမိုင်းအပိုင်းအစများ moemaka.blogspot.com/2008/07/black-july-7th-historic-union-building.html
Related posts:



>readers rely on journals: weekly eleven
>Saung Yun La - No Heritage Poem
>U Win Tin - Hell of Waves and Power
>Ku Mojo - Cartoon
ကဗျာဆရာ မောင်ချောနွယ်သို့ အိတ်ဖွင့်ကဗျာ
>အိုးဝေ ကာတနြ်း - အလုပ်ဂုဏ်
စာဖတ်သူတွေရဲ့အသံ