Nyein Chan Aye – Tayar Method (Articles)

August 19, 2013

တာရာ့လမ်းစဉ်
ငြိမ်းချမ်းအေး
သြဂုတ် ၁၉၊ ၂၀၁၃



“ကျွန်တော်တို့အားလုံးသည် ကုတ်အင်္ကျီမှ ဆင်းသက်လာကြခြင်းဖြစ်သည်” လို့ ဒေါ့စတာယက်စကီးက ဆိုခဲ့တယ်။   ဂိုဂိုးလ် ရဲ့ “ကုတ်အ င်္ကျီ” က ခေတ်ပေါ်ဝတ္ထုတို၊ ရှည်အပေါ် လွှမ်းမိုးမှုသဘောကို ဆိုလိုခြင်းဖြစ်တယ်။
ဗမာ့ ခေတ်ပေါ်ကဗျာအတွက်လည်း “ကျွန်တော်တို့အားလုံးသည် ‘တဟီတီ’ မှ ဆင်းသက် လာကြခြင်း ဖြစ်သည်” လို့ ဆိုနိုင်မယ် ထင်တယ်။  “ကျွန်တော်တို့အားလုံးသည် ‘တစ္ဆေ’ မှ ဆင်းသက်လာကြခြင်း ဖြစ်သည်” လို့လည်း ဆိုနိုင်မယ် ထင်တယ်။  ဒဂုန်တာရာရဲ့ “တဟီတီ သွားရ အောင်” နဲ့ ကြည်အေး ရဲ့ “တစ္ဆေ” ဟာ တပြိုင်နက်တည်းလိုလို တခေတ်ထဲမှာ ထွက်ခဲ့တယ်။  ဗမာ့ခေတ်ပေါ်ကဗျာ ကိုလည်း အကြီးအကျယ် လွှမ်းမိုးခဲ့တယ်။  ကဗျာဆရာတွေ ဆိုရင် ပိုပြောနိုင်မယ် ထင်တယ်။  ‘တဟီတီ’ မှ ဆင်းသက် လာကြခြင်း လို့ အခု ဆို လိုက်တော့ ပိုလည်း ငြင်းခုန်စရာ ဖြစ်ကြမယ် ထင်တယ်။
ဘာပဲဖြစ်ဖြစ် “တဟီတီ သွားရအောင်” ရဲ့ ဂရက်က ကြီးခဲ့တယ်။  မောင်ချောနွယ်လုပ်စာကို ထိုင်စားနေရတဲ့ ခေတ်မတိုင်မီမှာ ဆရာတာရာ့ လုပ်စာကိုလည်း ဗမာပြည်က ထိုင်စားခဲ့ကြရတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။  တကယ်တော့ နောင်လည်း ခေတ်အဆက်ဆက် စား နေရဦးမှာပါ။ 
ဆရာ တာရာဟာ ကဗျာတင်မက စကားပြေမှာပါ ခေတ်စမ်းအပြီးနောက်ပိုင်း တခေတ်ဆန်းစေခဲ့သူလည်း ဖြစ်တယ်။  ခေတ်ပေါ် စကားပြေ ဝတ္ထု အဖွဲ့အနွဲ့ ကို “မေ” အရေးအသား က ပြောင်းလဲစေခဲ့တယ်။  နောက်တခုက စာပေအကြောင်းအရာ အမျိုးအစား Category အသစ် အဖြစ် ခေတ်ပြိုင် အခြားပုဂ္ဂိုလ်များအကြောင်းဖွဲ့ “ရုပ်ပုံလွှာ” အဖွဲ့အနွဲ့ပုံစံကိုလည်း ဆရာတာရာပဲ စခဲ့တယ်လို့ ဆိုနိုင်တယ်။
ဆရာတာရာဟာ ကိုယ်တိုင်ရေးအတ္ထုပတ္တိစာပေအမျိုးအစားကိုလည်း ကနဦး အစောပိုင်းအနေနဲ့ လူငယ်၊ လူရွယ် အရွယ် ဘဝမှာပဲ စတင် ရေးခဲ့တယ်။  ဆရာ့ ရဲ့ “ဒဂုန်တာရာ၏ ဒဂုန်တာရာ” ဟာ နောက်ပိုင်း ရေး  ဆရာကြီး ရွှေဥဒေါင်း ရဲ့ “ဘဝတသက်တာ အတွေးအခေါ် မှတ်တမ်း” ကိုယ်ရေး အတ္ထုပတ္တိ.လိုပဲ ဗမာ့စာပေသမိုင်း ရဲ့ အထင်ကရ ဂန္တဝင် မှတ်တိုင်တွေမှာ ပါတယ်။  ဆရာ သော်တာဆွေ ကတော့ “အိမ်ထောင်ဖြင့် မကျဖူး၊ လူ့ရေး၊ လူ့ရာ၊ လူ့အကြောင်း ကောင်းကောင်းမသိသေးဘဲနဲ့ ကိုယ်ရေး အတ္ထုပတ္တိ.များ ရေးနေရသေးတယ် ဆိုပြီး စာတွေထဲမှာ ထည့် နောက်လေ့ရှိတယ်။  ဒါပေမယ့် အမှန်တော့ “ဒဂုန်တာရာ၏ ဒဂုန်တာရာ” ဟာ စာပေ စံနှုန်း ရေချိန်ပြည့်လှတယ် ဆိုတာ အားလုံးက လက်ခံပါတယ်။  ဒါ့အပြင် ဆရာ့ ရဲ့ ခရီးသွားစာပေ အရေးအသားတွေကလည်း ထူးခြား တယ်။ 
(စကားချပ် – နယ်မြို့က ငယ်သူငယ်ချင်း ကဗျာရူးတယောက်ကို ဘယ်သူက အချွန်နဲ့မလိုက်သလဲ မသိဘူး၊  ကဗျာလောက၊ စာလောက ထဲမဝင်ခင် ဖတ်ရမယ့် မြန်မာစာအုပ် (၁၀၀) စာရင်းနဲ့ ဆယ်တန်းအပြီးမှာ ရောက်လာဖူးတယ်။  “မင်း စာအုပ် (၁၀၀) ငါ ရှစ်တန်း မတိုင်ခင်က တည်းက ဖတ်ပြီးပြီ” လို့ ကြွားဆိုရင်း စာရင်းထဲမှာပါတဲ့ “ဒဂုန်တာရာရဲ့ ဒဂုန်တာရာနဲ့ ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါကို အရင်ဖတ်ကွ” လို့ ထပ် ဆင့်ညွှန်းခဲ့ဖူးတာ အခုပြန်သတိရမိတယ်။)
ဆရာတာရာ့ စာပေ သမိုင်းဆိုရင် ဆရာ့ရဲ့ ဝေဖန်ရေးသမားဘဝကိုလည်း ချန်ခဲ့လို့ မရပါ။
ဒီအကြောင်းမဆိုခင် ဆရာတာရာဟာ ငြိမ်းချမ်းရေးသမားကြီးဆိုတော့ ဆိတ်ဆိတ်နေတတ်တဲ့ လူအေးကြီးဖြစ်မှာပဲလို့ လူငယ်အများ ထင် နိုင်တယ်။  မှားတယ်။  ဆရာဟာ ငြိမ်းချမ်းရေးတရား လက်ကိုင်ထားသလောက် အယူအဆရေးရာ ခိုင်မာသူ၊ ပြင်းထန်သူ၊ ရပ်တည်ချက် မြဲသူ ဖြစ်တယ်။  တပါတည်း စာပေ အယူအဆ၊ ဝေဖန်ရေး မှာလည်း သူရပ်တည်တဲ့ ဘက်က နေပြီး အသံကျယ်ခဲ့သူ ဖြစ်တယ်။  ဆရာ့ ရဲ့ မြောက်များလှတဲ့ စာပေ ဝေဖန်ရေး ဆောင်းပါး တွေက ဆရာ့ ရဲ့ အယူအဆ ရေးရာ ပြင်းထန်၊ ခိုင်မာမှု ကို ဖော်ပြနေတယ်။  ဒီလို အသံထွက်၊ အသံကျယ်၊ မာမာထန်ထန် ရပ်တည်မှု သဘောတွေကြောင်း စစ်ပြီး၊ လွတ်လပ်ရေးခေတ် စာရေးဆရာ အသင်း အစည်းအဝေး၊ ပွဲတွေမှာ ဆရာတာရာကို မိတ်ဆွေကြီး ဗန်းမော်တင်အောင်က “ခင်ဗျား မပြောနဲ့၊ လူမုန်းတယ်၊ ကျနော် ရှေ့ထွက်ပြောပါမယ်” ဆိုပြီးတော့ အမြဲ တားရတယ်။
(စကားချပ် – ဗန်းမော်တင်အောင်ကိုကျ စာပေကင်ပေတိုင် စကြီးစိုးလာတဲ့ ဗိုလ်နေဝင်းခေတ် (ဗန်းမော်တင်အောင် ထောင်အပြင် ရောက် နေတဲ့အချိန်၊ အပိုင်းအခြားတွေမှာ) ဦးညိုမြက ထမင်းဖိတ်ကျွေးရင်း “ကျူပ် အခု နှစ်ပတ်တခါ အိုးဝေဂျာနယ်ထုတ်ခွင့်ရနေတယ်။  အဲဒါ လေးနဲ့ ထမင်းအိုးတည်ရတယ်၊ ခင်ဗျားကို ကျူပ်ချစ်ခင်လေးစားတယ်၊  အိမ်မှာ ထမင်းလာစားပါ၊  ဒါပေမယ့် အိုးဝေမှာတော့ မရေးဖို့ မေတ္တာရပ်ခံတယ်” လို့ ကျီစယ်ရင်း၊ တားရင်း ဖက်ဆစ်စနစ်ခေတ် စာနယ်ဇင်းဘဝကို ရှင်းပြရဖူးတယ်။  ဒီလိုထမင်းအိုးဖြစ်လို့ သတိထား လုပ်နေရပေမယ့်လည်း ဘယ်ကြာမလဲ၊  သုံးလေးနှစ်နေတော့ ဗိုလ်နေဝင်း အမျက်ဒေါသထိ အိုးဝေဂျာနယ်လည်း ပိတ်ရတာပါပဲ။  ပုဂ္ဂိုလ် ကြီးတွေရဲ့ ရပ်တည်မှုခိုင်မာမှုသဘောကို မြင်နိုင်အောင် ဗဟုသုတအဖြစ် ထည့်ဆိုတာပါ။)
ဆရာတာရာ့ အကြောင်း ဆက်ရရင် လူ့ သွင်ပြင် သဏ္ဌာန် ကြည့်ပြီး သူ့ရဲ့ ဝေဖန်ရေး၊ စာပေ သဘောတရားတွေလည်း ခပ်ပျော့ပျော့ပဲ ထင်ရင်မှားမယ်။ အင်မတန် စာပေရေးရာ၊ အယူအဆရေးရာ လက်သံပြောင်၊ အသံစူး သူ ဖြစ်ခဲ့တယ်။
စစ်ပြီးခေတ် စာပေသစ် ခေတ်မှာ အကြောင်းအရာ အသစ်၊ စကားလုံး အသစ် ဝိဝါဒ ကွဲပြားစရာ၊ အယူအဆ ကွဲပြားစရာတွေ ခေတ်ပြိုင်တွေကြားမှာ ရှိခဲ့တယ်။  နောက်ပိုင်း ခေတ်ပေါ် ကဗျာ၊ ကာရံမဲ့ ကဗျာ၊ မော်ဒန် ကဗျာ စတဲ့ နာမည်အမျိုးမျိုးတပ်တဲ့ ခေတ်တွေမှာလည်း ဒဂုန်တာရာ နဲ့ “ကတ္တီပါလမ်းခွဲ” လုပ်ကြဖို့ လိုတယ်ဆိုတဲ့ အယူအဆ တွေ ရှိခဲ့ဖူးတယ်။  မည်သို့ဆိုစေ ဒီလို ဝိဝါဒ ကွဲပြားစေဖို့ ဖြစ်ရခြင်း၊ နောက်ပိုင်းမှာ တော်လှန်ဖို့ လိုခြင်း၊ စိန်ခေါ်ဖို့လိုခြင်း၊ လမ်းခွဲဖို့ လိုခြင်း စတဲ့ သဘောတွေ၊ ဖြစ်စဉ်တွေ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာခဲ့ရခြင်း ကိုက ဆရာတာရာ ရဲ့ စာပေသြဇာ ကို ပြတယ်။  ဒါပေမယ့် ဆရာတာရာ ဟာ ဘယ်တုန်းကမှ တပည့်မမွေး၊ ဂိုဏ်းမထောင်၊ လူမစု ဖူးဘူး။  သူ့ကိုသာ စာပေလောက နောက်မြီးဆွဲ တချို့က ဆရာမွေးဖို့ ကြံစည်တာတွေ ရှိခဲ့တယ်။ ဒါပေမယ့် ဆရာ ဟာ ထောင်ခြောက်တွေထဲ ဘယ်တုန်းကမှ မကျခဲ့ဘူး။
ဆောင်းပါး အစမှာ ဆိုခဲ့တဲ့ “တဟီတီ” ကို အဓိပ္ပာယ် ဖွင့်ရင် စိတ်ခံစားမှု အသာပေး၊ စိတ်ကူးယဉ်ဝါဒ လက်တွေ့ဘဝက ထွက်ပြေးခြင်း လို့ ဆိုကြမယ်။
အပြင်က ကဗျာစာဆို “ရန်သူမရှိ၊ မိတ်ဆွေသာရှိ” ဆိုတဲ့ နိုင်ငံရေး ဝါဒ လက်ကိုင်ထားတဲ့ ငြိမ်းချမ်းရေးဝါဒီ ဆရာ တာရာ ကိုလည်း စိတ်ကူးယဉ်ဝါဒီ Utopia နဲ့ နေထိုင်အသက်ရှင် ဘဝကို ဖြတ်သန်းသွားသူလို့ လူတွေ ဆိုချင်ကြမယ်။
ဝါဒ ရေးရာ တံဆိပ်ကပ်မှုတွေ အတွက် အငြင်းမပွား လိုဘူး။  ဒါပေမယ့် ဆရာတာရာ ဟာ တကယ့် လက်တွေ့လည်း အလုပ်လုပ်ခဲ့သူ ဖြစ်တယ် ဆိုတာတော့ ပြောချင်တယ်။  နောက်တခုက လူသားသမိုင်းမှာ စိတ်ကူးယဉ် တတ်သူတွေကြောင့်သာ အကြီးအကျယ် သမိုင်းဝင် ပြောင်းလဲတိုးတက်မှုတွေ ဖြစ်ခဲ့ဆိုတာတော့ ထောက်ပြချင်တယ်။
ဆရာ့ ရဲ့ စိတ်ကူမယဉ်၊ လက်တွေ့ အလုပ်ပါမှု ကို ရှေးဦး အဖြစ်အပျက် တခု နဲ့ ဥပမာ ပြုရရင် တပ်မတော် တည်ထောင်သူ ဖခင် တဦး ကနဦး ဖြစ်ဖို့က ဆရာ တာရာ ဖြစ်တယ်။  နိုင်ငံခြား အကူအညီ အတွက် ရှေး ကနဦး ခရီးထွက်ခဲ့သူ၊ ကြံစည်ခဲ့သူ၊ ကြိုးစားခဲ့သူ  နှစ်ဦးဟာ သခင်ဗဟိန်း နဲ့ ဆရာ တာရာ တို့ ဖြစ်တယ်။  နိုင်ငံခြား အကူအညီ (ဥက္ကဌ မော် ရဲ့ တရုတ် ကွန်မြူနစ်ပါတီဆီက) ယူဖို့ ဆိုတာ တကယ်တော့ လက်နက် အကူအညီ သာ ဖြစ်တယ်။  လက်နက် အကူအညီဆိုတာလည်း ကိုယ်ပိုင် ဗမာ့ တပ်မတော် စဖွဲ့ဖို့ စိတ်ကူး သဘော အစပဲ ဖြစ်တယ်။ 
နိုင်ငံရေးသမား ပီပီပြင်ပြင် နာမည် မခံခဲ့ပေမယ့် တက္ကသိုလ်ကျောင်းသားဘဝတွေမှာကတည်းက ကျောင်းသားလှုပ်ရှားမှု၊ လွတ်လပ်ရေး လှုပ်ရှားမှုတွေမှာ နိုင်ငံရေး သမိုင်းဝင် ပုဂ္ဂိုလ် (သူငယ်ချင်း၊ မိတ်ဆွေ) တွေ ဘေးက ထဲထဲဝင်ဝင် ပါခဲ့သူ ဖြစ်တယ်။
ဒါ့အပြင် ဆရာ့ရဲ့ စာပေ ကိစ္စ အပ တိုင်းပြည် အတွက် လက်တွေ့ အလုပ်လုပ်ခဲ့မှုတွေကို လွတ်လပ်ရေး ခေတ်ဦး က စလို့ အခု သက်ဆုံးတိုင် တစိုက်မတ်မတ်၊ မဆုတ်မနစ် ကြိုးစား တိုက်တွန်း ဖော်ဆောင် ဆော်သြခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေး အလုပ်တွေကလည်း သက်သေပြုတယ်။
လေနုအေးလွှမ်း၊ ရှမ်ပိန်ရနံ့ထုံသင်းတဲ့ စာအဖွဲ့အနွဲ့၊ အပြင်လောကမှာလည်း ဘန်ကောက်လုံချည် တမမ၊ စန္ဒရားလေးနဲ့ သီချင်းလေး တသသ အနုပညာ နေထိုင်မှု သဘောတွေ ရှိပေမယ့် ဆရာတာရာ ဟာ စိတ်ကူးယဉ်လောကထဲမှာ နေ၊ သာယာပြီး လူထု ပကတိ ဘဝကို ကျောခိုင်းနေသူ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။
လူလေးစားခံရ၊ သြဇာရှိပြီး ရပ်တည်ချက် ခိုင်မာ မှန်ကန်တဲ့ ရှေ့မီ၊ နောက်မီ လူကြီးပိုင်း ရှားလာတဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု အတွင်း မှာ ဆရာတာရာ ဟာ လူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း တို့လိုပဲ တိုင်းပြည်ရေးရာ တွေကို မှန်မှန်ကန်ကန် အသံထွက် ထောက်ပြ၊ ဝေဖန်ခဲ့သူလည်းဖြစ်တယ်။  လူထု ဘဝကို စိတ်ကူးမယဉ်၊ မျက်မှန်စိမ်းမတပ်၊ အရှိအတိုင်း မြင်နိုင်၊ စာနာနိုင်ခဲ့ပြီး တသားတည်း ရပ်တည်ပေးခဲ့သူ ဖြစ်တယ်။  ဆရာတာရာ့ ရဲ့ တိုင်းပြည် ရဲ့ ရဲရင့် မှန်ကန်တဲ့ အသံထွက်ခဲ့မှုတွေကို အခု နောက်ဆုံး ဇရာထောင်း နေဝင်ချိန် ကွယ်လွန်ခါနီးအထိ ထုတ်ပြန်ခဲ့တဲ့ သဘောထား ကြေငြာချက်တွေ၊ ငြိမ်းချမ်းရေး ပန်ကြားလွှာတွေ၊ တွေ့ဆုံမေးမြန်းချက်တွေက တဆင့် တွေ့နိုင်တယ်။  ဒီလို ဆရာ့ စာ၊ စကား၊ သဘောထားတွေကြောင့် လူထုမှာ စိတ်ဓာတ် ခွန်အား တွေ၊ ယုံကြည်ချက် ခိုင်မာမှုတွေ တိုးရတယ်။  ပြင်ပ နဲ့ အဆက်အသွယ်နည်းသွားတဲ့ နောက်ပိုင်းကာလ ဆယ်စုနှစ်တွေမှာ ဆိုခဲ့တဲ့ သဘောတွေကြောင့် ဆရာ့ရဲ့ တည်ရှိမှု ဟာ ဗမာပြည် အတွက် အရေးပါခဲ့တယ်။
ဆိုတော့ အခုလို ဆုံးပါးသွားခြင်းဟာ အသက်အရွယ် သဘော အရ၊ ဖြေ နိုင်ပါတယ် လို့ ယူဆစရာ ရှိပေမယ့် အမှန်တော့ ဘယ်လို မှ ဖြေမရ၊ အစားမထိုးရတဲ့ ဗမာပြည် အတွက် ဆုံးရှုံးမှုကြီး ဖြစ်တယ်။  ဆရာတာရာ လို ပုဂ္ဂိုလ်တယောက် အိပ်ရာထဲလဲလျက် ပြည်သူ့အတွက် စကား တခွန်း မြွက်ကြားခြင်းဟာ အခုခေတ် လူထုခေါင်းဆောင်းဆိုသူများ၊ နိုင်ငံရေး သမားများ ဆိုသူများ လူထူထူရှေ့ ရောက်ရင် အာပေါက်မတတ် ဟောကြားတော်မူတတ်တဲ့ မိန့်ခွန်း တရာ ထက် တန်ဖိုးရှိ၊ လူထု ကို အားဖြစ် စေ၊ တက်ကြွစေ၊ ယုံကြည်မှုကို ခိုင်မာစေတယ်။  လက်တွေ့လည်း အကျိုး ဖြစ်တယ်။
မတရားမှုကို ဆန့်ကျင်မှု၊ တော်လှန်ရေး ယုံကြည်ချက်၊ အာဏာရှင် ဖီဆန်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး စိတ်ဓာတ်၊ သဘောတရားတွေကို ဆရာဟာ “မတ်လ တော်လှန်ရေး” က စလို့ ကဗျာ တမျိုး၊ စာ တမျိုး၊ စကား တမျိုး၊ အလုပ် တမျိုး အမျိုးမျိုး နဲ့ ခေတ်အဆက်ဆက် ရှေ့ဆောင်လမ်းပြခဲ့သူ ဖြစ်တယ်။ 
ဆရာ ဟာ ရန်သူကို ရန်နဲ့ မတုံ့ ပြန်သူ၊ အမုန်းမပွားသူ ဖြစ်တယ်။  ဒါပေမယ့် ရန်သူ ရှေ့ လက်နက်ချ၊ အညံ့ခံ၊ ဒူးထောက်သူ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။  ဇရာထောင်း၊ ကျန်းမာရေး ချို့ယွင်း၊ မျက်စိ အလင်း အာရုံ ကွယ်နည်းခဲ့ရပေမယ့် တသက်လုံး ဒူးခေါင်းတွေ ချောင် မသွား၊ ပျော့ မသွားခဲ့ဘူး။  စကားနဲ့မဟုတ် တကယ် လက်တွေ့ မပျော့ခဲ့သူဖြစ်တယ်။  နိုင်ငံရေး အမြင်အာရုံတွေလည်း မမှား၊ မနည်း၊ မကွယ်ခဲ့ဘူး။  ဇရာ သဘောက ဆရာ့ ရဲ့ လူ ရုပ်ခန္ဓာကိုယ်ကြီး ကို ဖိစီးနှိပ်စက် အောင်နိုင်ခဲ့ပေမယ့် ဆရာ့ ရဲ့ ကြံ့ခိုင်သန်စွမ်းလှတဲ့ စိတ်ဓာတ် ကို တသက်လုံး အနိုင်မယူနိုင်ခဲ့ဘူး။  ဒါကြောင့် ဆရာ ဟာ သေသည် အထိ စီးပွားကြောင့်၊ လူမှုရေး ကြောင့်၊ ခေတ်ကြောင့်၊ စနစ်ကြောင့်၊ အရွယ်ကြောင့် ဘာ အကြောင်း ကြောင့် နဲ့ မှ “ပေါင်းစားသူ” မဖြစ်ခဲ့ဘူး။ 
ဆရာ ဟာ ရန်သူကို ငြိမ်းချမ်းရေး တရား နဲ့ လက်ကမ်းတယ်။  ဒါပေမယ့် တခြား တဘက်ကလည်း ရန်၊ ငါ၊ စည်း ပြတ် တယ်။  ဒါကြောင့် ရပ်တည်ချက်၊ အတွေးအခေါ်၊ ယုံကြည်ချက် ခိုင်မာ နေခြင်း ဖြစ်တယ်။  ဆရာ တာရာ တို့ ပေါင်းစားချင်ရင် ခေတ် အဆက်ဆက် အလွယ်ကလေးပါ။  တကူးတက ရှာ စရာ မလို။  အိမ်တိုင်ရာရောက်ဆိုတဲ့ အနေအထား၊  အခွင့်အရေးပေး၊ လုပ်ပိုင်ခွင့်ပေးပြီး ပေါင်းစေချင်သူ၊ အသုံးချချင်သူတွေ အပြည့်ပါ။  ဒါပေမယ့် ဆရာ ဟာ ဘယ်တုန်းကမှ ရပ်တည်ချက် မသွေဖီခဲ့ဘူး။  ဒီလို အတွေးအခေါ်၊ ယုံကြည်ချက်၊ သဘောထား မဖောက်ပြန် ခိုင်မာမှုဟာလည်း ဗမာပြည် မျိုးဆက်သစ် အတွက် အတုယူစရာ အမွေ ဖြစ်တယ်။
အခု သင်္ခါရ သဘောအရ မရဏ သေမင်း က ဆရာ့ ကို အနိုင်ယူ သွားရာမှာလည်း ရုပ်သဘောသာ နိုင်သွားခြင်း ဖြစ်တယ်။  ဆရာ့ ရဲ့ ဆိုခဲ့တဲ့ စိတ်ဓာတ် အမွေ ကတော့ လက်ဆင့်ကမ်း အမွေ အနေနဲ့ ဗမာ့ မျိုးဆက်သစ် အတွက် အနာဂတ် မှာ ကျန်နေဦးမှာ ဖြစ်တယ်။ (အမွေကောင်း ဆက်ခံချင်သူ အတုယူတတ်သူများ အတွက်)
ဆိုခဲ့တာတွေ ဟာ ဆရာ တာရာ့ ရဲ့ စာပေ၊ လူမှု၊ နိုင်ငံရေး သြဇာ တွေ၊ တန်ဖိုးတွေ ဖြစ်တယ်။
ဒါတွေ အပြင် ဆရာဟာ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော် အတွင်း ၁၉၉၀ ကျော် ဒီဘက်ခေတ် လူငယ်တွေ အတွက် “သက်ရှိ ရာဇဝင်” သမိုင်း စာအုပ်ကြီးလည်း ဖြစ်တယ်။  ၁၃၀၀ ပြည့်အရေးတော်ပုံကြီး စလို့ ဗမာ့ သမိုင်းရဲ့ မှတ်တမ်းဝင် အဖြစ်အပျက်တိုင်းလိုလို အတွက် မေးစရာ၊ မြန်းစရာ၊ သဘောထား တောင်းခံစရာ စရာ ရှိရင် ဗမာ့ စာနယ်ဇင်းဟာ ဆရာ့ ဆီ ပဲ ပြေးရတာ၊ ဆရာ့ သဘောပဲ အလေးထား မေးမြန်းတောင်းခံရတာ ဖြစ်တယ်။
ဆိုတော့ ဗမာ့ မျိုးဆက် သစ် ဟာ စာပေ၊ လူမှု၊ နိုင်ငံရေး၊ သမိုင်း၊ ရပ်တည်ချက်၊ စိတ်ဓာတ် ရေးရာ အရာရာ မှာ “ဆရာ့ တာရာ ဆီက ဆင်းသက် လာခဲ့ရတယ်” လို့ ဆိုနိုင်တယ်။ ဒီလို ခံယူရင် မွေးထုတ်ပေးသူ၊ ဆင်းသက်စေသူ ဆရာတာရာ ရဲ့ သေသည် အထိ စွဲမြဲ ခိုင်မာ၊ မဖောက်မပြန် မှန်ကန် ရပ်တည် လာတဲ့ စိတ်ဓာတ် ခိုင်မာမှု၊ သဘောထား၊ ရပ်တည်ချက် မှန်ကန်မှုကို အမွေကောင်း အဖြစ် ကျန်ရစ်ခဲ့သူတွေက ထိန်းသိမ်းရမယ်။  ဒီလို ထိန်းသိမ်းခြင်းကသာ ဆရာတာရာ့ ရဲ့ ကျေးဇူးကိုသိခြင်း၊ တန်ဖိုးထားခြင်း ဖြစ်တယ်။  အခုလို ဆရာတာရာ့ ကွယ်လွန်ချိန်မှာ စကားလုံးချီးပ၊ မြှောက်စားမှုတွေနဲ့ လွမ်းပြ၊ ငိုပြ နေတာမျိုးတွေ ထက်စာရင် စိတ်ဓာတ် အမွေ၊ ခံယူချက် အမွေ၊ အလုပ် အမွေကို ဆက်ခံခြင် က သာ ဆရာ့တာရာ လမ်းစဉ်၊ သြဝါဒ၊ မူဝါဒ ကို အမှန်တကယ် ယုံကြည်၊ ခံယူ ကျင့်သုံး ခြင်း ဖြစ်တယ်။
ဒါကြောင့် ဆရာတာရာ့ ရဲ့ “ရန်သူမရှိ၊ မိတ်ဆွေသာရှိ” တရား ကို လက်ကိုင်ထားပါ။  ငြိမ်းချမ်းရေးဝါဒ ကို ဦးထိပ် ရွက်ပါ။  တိုင်းပြည် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး ကို ဖော်ဆောင်ပါ။  ဒါပေမယ့် အာဏာရှင် နောက်မြီးဆွဲ၊ ကိုယ်ကျိုးရှာ၊ ပေါင်းစားသူ တော့ မဖြစ်ပါစေနဲ့။  ဒါမှသာ “တာရာ့လမ်းစဉ်” အစစ်အမှန် ဖြစ်တယ် ဆိုတဲ့ အကြောင်း စာပေ၊ စာနယ်ဇင်း၊ နိုင်ငံရေး ပုဂ္ဂိုလ်အပေါင်း ကို လက်တို့ (စာတို့) သတိပေးရင်း ဆရာတာရာ့ ကို ဒီစာစုလေးနဲ့ နောက်ဆုံး နှုတ်ဆက် ဂါရဝ ပြု လိုက်ပါတယ်။
ငြိမ်းချမ်းအေး

၁၉ ၊ သြဂုတ် ၊ ၂၀၁၃
———–
ပန်းချီသည် ဆရာညဏ်စိုးလက်ရာဖြစ်ပါသည်။ သူ၏ ဖေ့ဘုတ်ခ်မှ ယူသုံးပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)