Aye Nyein – Essay

August 17, 2013

အချိန်ကို စီမံခန့်ခွဲခြင်း
အေးငြိမ်း
သြဂုတ် ၁၇၊ ၂၀၁၃


(၁)
ကျွန်တော်ကိုယ်ရည်သွေးတာမဟုတ်ပါခင်ဗျား။ အားနေလို့၊ အချိန်တွေပိုနေလို့လည်း မဟုတ်ပါ။ လူငယ်များအား ပြောချင်စရာရှိလာ၍ ရေးလိုက်ခြင်းဖြစ်ပါသည်။ အခြားမဟုတ်ပါ။ ကျွန်တော် Singapore Poly မှာ Safety သင်တန်းတစ်ခု တက်နေသည်ကို ဓာတ်ပုံရိုက်တင်လိုက်ရာ စိတ်ဝင်တစား ဆွေးနွေးပြောဆို မှတ်ချက်ပေးလာသည်များကြောင့် ဖြစ်ပါသည်။
(၂)
ပထမဦးဆုံး ပြောလိုသည်မှာ လောကတွင် မည်သည့်အရာနှင့်မှ ပြန်ဝယ်ယူလို့မရသည့်အရာနှစ်ခုရှိပြီး ထိုအရာတို့မှာ (အချိန်) နှင့် (အရွယ်) တို့ဖြစ်ကြောင်း ဖြစ်ပါသည်။
ကျွန်တော်တို့ တစ်ခုခုလုပ်နေသည်ဖြစ်စေ၊ ဘာမှမလုပ်ဘဲနေသည်ဖြစ်စေ အချိန်ကတော့ ကုန်သွားမှာသာ ဖြစ်ပါသည်။ အချိန်ကို ဘာနှင့်မှတားဆီးလို့၊ ဆွဲဆန့်လို့မရ။ သို့အတွက် အလွန်အဖိုးတန်လှသောအချိန်ကို ဘာမှမဟုတ်ဘဲ အလဟဿ အလုပ်များဖြင့် ဖြုန်းပစ်လိုက်ရမှာ ကျွန်တော် အလွန်နှမြောလှပါသည်။
 လောကကြီးသည် လူအားလုံးကို အချိန်အား သာတူညီမျှစွာ ပေးထား၏။ အမေရိကန်သမ္မတသည်လည်း တစ်ရက်လျှင် ၂၄ နာရီပဲရသည်။ အဲလ်ဘတ် အိုင်စတိုင်းသည်လည်း တစ်ရက်လျှင် ၂၄ နာရီပဲရသည်။ ဆံပင်ညှပ်သူလည်း ၂၄ နာရီ၊ တံငါသည်လည်း ၂၄ နာရီ၊ ဘုန်းကြီးလည်း ၂၄ နာရီ။ မြတ်စွာဘုရားသည်လည်း တစ်ရက်လျှင် ၂၄ နာရီပဲရခဲ့သည်။ မည်သူမှ တစ်ရက်ကို ၂၅ နာရီလိုချင်လို့မရ။
သို့သော် ထိုအချိန်မည်မျှတန်ဖိုးရှိသနည်း ဟူသည်မှာ လူတစ်ယောက်သည် ထိုအချိန်ကို မည်ကဲ့သို့ သုံးလိုက်သနည်း ဟူသော အချက်ပေါ်မူတည်နေပါသည်။ အချို့လူများ၏ တစ်သက်လုံးဖြုန်းလိုက်သော အချိန်သည် အချို့လူများ တစ်နှစ်စာ သုံးလိုက်သော အချိန်လောက်ပင် တန်ဘိုးမရှိပါ။ ပြစရာဥပမာ အများကြီးရှိပါသည်။ ကျွန်တော်ထပ်မရှည်တော့ပါ။ မိတ်ဆွေတို့လည်း သိပြီးဖြစ်ပါသည်။ သို့သော် နမူနာ နည်းနည်းလောက်တော့ ပြလိုက်ချင်ပါသေးသည်။
(၃)
ကျွန်တော် Lake Side အိမ်တွင်နေစဉ်က မိတ်ဆွေတစ်ယောက် အိမ်ငှားအဖြစ်နှင့် လာနေပါသည်။ အိမ်က ခပ်ကျဉ်းကျဉ်း ဆိုတော့ ကျွန်တော်တို့နှစ်ယောက် စားပွဲချင်းယှဉ်လျှက် ထိုင်ကြပါသည်။ အလုပ်ကပြန်လာတော့ သူလည်းရေမိုးချိုး ထမင်းစား၊ နောက် အင်တာနက်ကြည့်။ ကျွန်တော်လည်း ရေမိုးချိုး၊ ထမင်းစား၊ အင်တာနက်ကြည့်။
သို့သော် ကျွန်တော်အင်တာနက်ကို မွှေတာက အနာဂတ်တစ်ခုဖန်တီးတည်ဆောက်ခြင်း အပါအ၀င် အခြား ဆောင်းပါးရေးစရာများ၊ မှတ်စုများ၊ သတင်းအချက်အလက်များ မွှေနှောက်ရှာဖွေစုဆောင်းခြင်းဖြစ်ပြီး ကျွန်တော့် ချစ်မိတ်ဆွေ အင်တာနက်ကြည့်တာကတော့ ကောင်မလေး လေးငါးယောက်နှင့် တစ်ယောက်ပြီးတစ်ယောက် မမောနိုင်၊ မပန်းနိုင် လှည့်ပတ် ချက်နေတာ ဖြစ်ပါသည်။ ကျွန်တော်လည်း အသက် ၅၀ နားနီး၊ သူလည်း အသက် ၅၀ နားနီး။ ကျွန်တော်သူ့ကို သွန်သင်ဆုံးမ နေစရာ အကြောင်းမရှိပါ။ ဆံပင်တွေပဲ ဖြူနေပြီ။
နောက်တစ်ယောက်ကျတော့ တစ်မျိုး၊ Burmese Classic ထင်ပါသည်။ မြန်မာရုပ်ရှင်များကို အခမဲ့ download လုပ်ကြည့်နိုင်သော website မှ မြန်မာရုပ်ရှင်ကားများကို တစ်ကားပြီးတစ်ကား မမောနိုင်၊ မပန်းနိုင်ကြည့်ကာ တစ်ယောက်တည်း တဟားဟား ပွဲကျနေပါသည်။ နောက်တစ်ယောက်ကတော့ သူ့ ဖဦးထုပ်မနှင့် တစ်ချိန်လုံးဖုံးပြောခြင်းဖြင့် အချိန်ဖြုန်းသည်။
ကျွန်တော်တို့အလုပ်တွင် နီဗားစ် ဆိုသော ကုလားလေးတစ်ယောက်ရှိသည်။ သူက ကျွန်တော့်စားပွဲရှေ့တွင် ထိုင်သည်။ လူကြီးလာမှ ဟိုစာရွက်ဆွဲတော့မလို၊ ဒီ drawing ကောက်ကက် ကော်ပီကူးတော့မလိုနှင့် အလုပ်ရှုပ်ပြသည်။ လူလစ်ပြီဆိုသည်နှင့် ကုလားကားများကို တစ်ကားပြီးတစ်ကားကြည့်ကာ တစ်ယောက်တည်း သဘောကျလျှက်ရှိ၏။ ခုတော့ သူ့ခမျာ၊ အရင်ကလို ကုလားကားမကြည့်နိုင်တော့ပြီ။ ဆိုဒ်ထဲက ရုံးလုပ်ထားသည့် ကွန်တိန်နာများကို အခြားဆိုဒ်တစ်ခုသို့ပို့လိုက်ပြီး သူတို့ အုပ်စုအားလုံး မန်နေဂျာများ၊ အင်ဂျင်နီယာများ၊ ကိုအော်ဒီနေတာများစုလျှက် အခန်းကြီးတစ်ခုထဲတွင် ထိုင်ကြသည်။ ကျွန်တော်တို့က အခန်းတစ်ခန်း သီးသန့်။ ဆိုတော့ နီဗားစ်ခမျာ အရင်ကလို စိတ်ရှိလက်ရှိ ကုလားကားများ မကြည့်နိုင်တော့။
(၄)
သည်တစ်ခါ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းပါမည်။ အခြားသူမဟုတ်ပါ။ ကျွန်တော့်နှမယောက်ျား။ ကျွန်တော့် ယောက္ဖအရင်းခေါက်ခေါက်၊ ကိုမိုးကျရွှေကိုယ်တို့အကြောင်း ဖြစ်၏။
ကျွန်တော် ၂၀၀၆ ခုနှစ်က ရွာပြန်တော့ တစ်ရွာလုံးကလူတွေကိုစုခိုင်းကာ မပျင်းကြဘို့။ အလုပ်လုပ်ကြဘို့။ လုပ်မယ်ဆိုလျှင် ဘာတွေ၊ ဘာတွေကို ဘယ်လိုလုပ်ချင်လျှင်ရသည်ဆိုသည့်အကြောင်းများ၊ သည်ကနေ့မှစကာ တစ်နေ့လျှင် ၁ နာရီလောက်ပိုပြီး လုပ်ကြည့်ကြစမ်းပါ။ နောက် ၂ နှစ်ကြာတဲ့အခါ အများကြီး ပိုထူးလာရစေ့မယ် စသဖြင့် ၂ နာရီလောက် ပြောလိုက်ပါသည်။
ပြောဆိုအပြီး ရေနွေးကြမ်းသောက်၊ ၀ိုင်းဖွဲ့ကြတော့ ကျွန်တော်နှင့် ညီအစ်ကိုဝမ်းကွဲတော်သူ တင်ဦးက ဟေ့ကောင်၊ မင်းကသာ တစ်နေ့တစ်နာရီပိုလုပ်ဖို့ပြောနေ။ မင်းယောက္ဖ ဖိုးသောင်းဆို တစ်နေ့လုံးနေလို့ တစ်နာရီပြည့်အောင် အလုပ်မလုပ်ဘူး ဟု ပွာလောင်ပွာလောင်နှင့် ပြောပါသည်။
ကျွန်တော်တို့ရွာ (ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ၀ါးတောကွင်းကျေးရွာ) တွင် တစ်နေ့လျှင် ၈ နာရီနှုန်းဖြင့် နှစ်တစ်ပတ်လည် လုပ်ဖူးသူ တစ်ဦးတစ်ယောက်မျှပင် မရှိပါခင်ဗျား။ မယုံလျှင် ကျွန်တော် ဒီဇင်ဘာပြန်ပါမည်။ စိတ်ဝင်စားသူများ လိုက်ခဲ့ပါ။ နောက်ပြီး အိမ်ပေါက်စေ့လိုက် စာရင်းယူကြည့်ပါ။ သူတို့အဖို့ တစ်နေ့လျှင် ၄ နာရီလောက်လုပ်သူမှာ အလွန် အလုပ်ကြိုးစားသူ ဖြစ်လေ၏။
နောက်ယောက္ဖတစ်ဦးမှာ ရေဆင်းက ဖြစ်၏။ သူကတော့ ၀ါးတောကွင်းက ယောက္ဖထက် လက်တစ်လုံးစာလောက် ပိုသာသည်။ သူ့ဟာသူ သာချင်လို့သာတာမဟုတ်၊ ကျွန်တော့နှစ်မ၊ သူ့မယား၏ နားပူသည့်ဒဏ်မခံနိုင်သဖြင့် သာရခြင်း ဖြစ်သတည်း။
သူတို့ကံကောင်းပါသည်။ သူတို့မွေးထားသော သားသမီးများကို ကိုယ်နှင့်မကင်းရာမကင်းကြောင်းဖြစ်နေသဖြင့် ကျွန်တော်တို့မောင်နှမ တစ်သိုက်က အကုန်ခေါ်မွေးထားသည်။ ယခု ထိုယောက္ဖနှစ်ဦး၏ သမီးတစ်ဦးစီမှာ စင်ကာပူတွင် ကျောင်းတက်နေပါသည်။ ကိုရေချမ်း ကတော့ နင်တို့ ဒီလိုဦးကြီးမျိုးရတာ ကံကောင်းတယ် ဟုဆို၏။ သူတို့ ကံကောင်းတာ မဟုတ်။ ကျွန်တော်ကံဆိုးခြင်းသာ ဖြစ်၏။
ချုပ်ရလျှင် အနှီ ကိုယောက္ဖနှစ်ယောက် တစ်သက်လုံးလုပ်တာ ကျွန်တော်တစ်ယောက်တည်း တစ်နှစ်လုပ်တာလောက်တောင် အကျိုးမ များပါ။  
(၅)
လူတစ်ဦး၏ တစ်သက်တာကို သေသေချာချာတွက်ဖူးပါသလား မိတ်ဆွေ။ ကျွန်တော်တို့ တစ်ရက်လျှင် အနည်းဆုံး ၆ နရီမှ ၈ နာရီထိ အိပ်ကြသည်။ (ကျွန်တော့် ရွှေယောက္ဖများ၏ သမီး၊ ချစ်တူမများကတော့ ပိတ်ရက်ဆိုလျှင် ၉ နာရီလောက်ကျမှ ထသည်။ ကျွန်တော်က အိပ်တာများလျှင် ခေါင်းမူးပြီး မကြည်မလင်ဖြစ်တတ်သဖြင့် ညဘက် ဘယ်လောက် ညဥ့်နက်နက်၊ မနက် ၇ နာရီလောက်ဆို မထရ၊ မနေနိုင်။) ဆိုတော့ တစ်နေ့တာ၏ လေးပုံတစ်ပုံလောက်ကို အိပ်ခြင်းဖြင့် ကုန်ဆုံးစေလိုက်ရာ အသက် ၈၀ နေရမည့်သူသည် အနှစ် ၂၀ လောက်ကို အိပ်ခြင်းဖြင့် ဖြုန်းတီးလိုက်ပြီးပြီ ဖြစ်၏။ သည်တော့ တကယ်နေရမှာက အနှစ် ၆၀ လောက်သာ ကျန်သည်။
သို့သော် လူရယ်လို့ ဖြစ်လာလျှင် စားတာသောက်တာ၊ သွားတာလာတာ၊ ရေမိုးချိုး၊ အ၀တ်လဲ စသဖြင့် ဗာဟီရများ လုပ်ရသေးသည်ဖြစ်ရာ ထို့အတွက်တစ်ရက်လျှင် အနည်းဆုံး ၄ နာရီလောက်ကုန်သည်။ ဆိုတော့ စစ်စစ်ပေါက်ပေါက်သာ လိုက်တွက်ကြည့်လျှင် အသက် ၈၀ နေရမည့်လူတစ်ဦးအဖို့ တကယ်အသုံးချရမည့် အချိန်သည် အနှစ် ၄၀ ပင်မပြည့်ပါ။
လူဟူ၍ဖြစ်လာလျှင် ငါ့ဘို့၊ ငါ့ဘို့ချည်းနှင့် အချိန်ကုန်သွား၍ အဘယ်မှာလျှင် လူဖြစ်ကျိုးနပ်ပါမည်နည်း။ လူနှင့် တိရစ္ဆာန်တို့ကွာခြားချက်တွင် ပရဟိတဆိုတာလည်း ပါသည်။ လူဟူသည် မိမိကောင်းကျိုးကိုလည်းလုပ်ရမည် ဖြစ်သကဲ့သို့ မိမိ မိသားစုကောင်းကျိုး၊ မိမိရပ်ရွာ၏ ကောင်းကျိုး၊ မိမိတိုင်းပြည်၏ ကောင်းကျိုး၊ မိမိလူမျိုး၏ ကောင်းကျိုးကိုလည်း ဆောင်ရွက်ရမည်။
ကိုယ်ကိုယ်နှိုက်ကမှ ကောင်းအောင် မနေနိုင်ဘဲ၊ ကိုယ့်ကိုယ်ကိုယ်မှ ကောင်းအောင်မကြိုးစားနိုင်ပါဘဲလျှက် ကြီးကြီးကျယ်ကျယ်၊ တိုင်းပြည်နဲ့ လူမျိုးတွေဘာတွေ လာမပြောပါနှင့်။ နားကြားပြင်းကပ်လှသည်။
စကားကြီးကြီးကျယ်ကျယ်ပြောတာတွေ ဘေးချိတ်၊ သူများ မကောင်းကြောင်းတွေပြောပြီး အချိန်ဖြုန်းနေမဲ့အစား အခု ချက်ချင်း လုပ်နိုင်တာ၊ လုပ်လို့ရတာလေးတွေ ကောက်ကက်လုပ်ပြလိုက်ပါ။ ကြက်မများလို ဥလေးတစ်လုံး ဥပြီးတာနဲ့ တစ်ခြံလုံး ဆူညံပွက်လောရိုက်နေအောင် ကတော်တာတော့ လူတိုင်းလုပ်တတ်ပါသည်။   
(၆)
အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်ဖို့ ပစ္စက္ခမှာနေတတ်ဘို့လည်း အရေးကြီးပါသည်။ တရားလိုတော့ သမာဓိ၊ အင်္ဂလိပ်လို concentration။ စိတ်နှင့်လူ မကပ်သူသည်၊ ကိုယ်ဘာလုပ်လို့ လုပ်နေမှန်းပင်မသိပါ။ ဆယ်ရက်စခန်း တရားသွားဝင်ခြင်းမှာ စိတ်နှင့်လူ ကပ်အောင်နေတတ်ဘို့ သွားလေ့ကျင့်တာ ဖြစ်ပါသည်။ တရားစခန်းကထွက်လာပြီးနောက်လည်း လူကတခြား။ စိတ်ကတခြား ဖြစ်နေသေးလျှင် တရားထိုင်ရကျိုးမနပ်ပါ။
သည့်အတွက် ကိုယ်လုပ်တာမှန်သမျှ သိနေအောင် ကြိုးစားပါ။ အလုပ်တွင်ပါလိမ့်မည်။ ကျွန်တော့်မှာ လုပ်စရာ အများအပြားရှိနေသဖြင့် မည်သည့်အမှိုက်သရိုက်မှ ခေါင်းထဲဝင်မလာအောင် အတတ်နိုင်ဆုံး ကြိုးစားပါသည်။ နောက်ဆုံး ရန်ကုန်မှာ မိသားစုကိစ္စ အဆင်မပြေလျှင်တောင် အို၊ ငါဘာမှ မတတ်နိုင်တဲ့ကိစ္စ၊ ဘာကိစ္စစိတ်ညစ်နေရမှာလဲ ဟု မေ့ထားလိုက်ပါ သည်။ ရှင်းလို့ရသော ပြဿနာကို ခုချက်ချင်းရှင်းလိုက်ပါ။ အလေးခံပြီး ခေါင်းပေါ်ရွက်မထားပါနှင့်။ ရှင်းလို့မရနိုင်သည့် ကိစ္စကို တော့ ငါမှဘာမတတ်နိုင်ဘဲ ဟု ခေါင်းထဲမှ ထုတ်ထားလိုက်ပါ။
သည်လို ခေါင်းကိုရှင်းထားနိုင်လျှင် မိတ်ဆွေ ယခင်ကထက် အလုပ် နှစ်ဆပြီးကြောင်း တွေ့ရပါလိမ့်မည်။
နောက် အချိန်မဖြုန်းသည့်နည်းတစ်ခုမှာ အရည်မရ၊ အဖတ်မရများနှင့် အချိန်မကုန်ပါစေနှင့်။
သင်မိတ်ဆွေ သူတော်ကောင်းတို့၊ အမြဲရွတ်နေသည့် ဗုဒ္ဓါနံ ဇီဝိတဿ အစချီ မြတ်စွာဘုရား၏ အ,ဝေဏိက ဂုဏ်တော် ၁၈ ပါးတွင် မြတ်စွာဘုရားသည် မည်သည့်အခါမှ ကချော်ကချွတ်စကား၊ ပျော်စေပျက်စေ၊ ကလက်စေစကား၊ အကျိုးမရှိ သိမ်ဖျဉ်း သောစကားများကို မပြောဆို ဟူသော ဂုဏ်တော်တစ်ခုပါ ပါသည်။ ကျွန်တော်ကတော့ မြတ်စွာဘုရားကို ကွယ်ရာမှာ မကောင်းတာမလုပ် ဟူသော ဂုဏ်တော်နှင့်၊ ပျော်စေပျက်စေ၊ ကလက်စေစကားများကို မပြောဟူသည့် ဂုဏ်တော်နှစ်ပါးနှင့်ပင် ကြည်ညိုလို့မဆုံးပါ။ သည်အရာများမှာ လူသာမန်တို့ အင်မတန်စောင့်ထိန်းနိုင်ခဲသည့် တရားများဖြစ်ပါသည်။
(၇)
နည်းနည်းဆိုပြီး ရေးလိုက်တာ အတော်ရှည်သွားပြီ။ သည်းခံပါခင်ဗျား။ ကိုယ်ရည်သွေးခြင်းဖြင့် နိဂုံးချုပ်ပါမည်။
ကျွန်တော် ၅း၅၅ နာရီ၊ အိပ်ယာထ၊ ရေမိုးချိုး၊ မနက်စာအဖြစ် ပေါင်မုံ့ကြမ်းသုံးချပ်ကို မြေပဲထောပတ်သုတ်စား၊ နောက် အ၀တ်လဲကာ ၆း၃၀ တိတိတွင် အိမ်မှထွက်ပါသည်။ အလုပ်သို့ ၇း၂၅ ရောက်။ Tool Box Meeting ပြောဆို။ ၈း၀၀ တွင် အလုပ်စ။ ၁၂း၀၀ တွင် ထမင်းစားနား။ ၁၂း၂၅ တွင် စားသောက်ပြီးတော့ စာရေးပါသည်။ ၁၂း၅၅ တွင် ၅ မိနစ်လောက် အပန်းဖြေ။
နေ့လည် ၁း၀၀ မှ ညနေ ၅း၀၀ ထိ အလုပ်လုပ်။ ၅း၀၀ နာရီတွင် အလုပ်မှ ပြန်လာ။ သင်တန်းရှိလျှင် ညနေ ၆း၀၀ မှ ၁၀း၀၀ နာရီထိ သင်တန်းတက်။ ၁၀း၃၀ ကျော်လောက် အိမ်ပြန်ရောက်။ စာရေးပြီး ၁၁း၃၀ သို့မဟုတ် ၁၁း၄၅ လောက် အိပ်ပါသည်။
ကျွန်တော်အလုပ်လုပ်နေတုံး လာနှောက်ယှက်လျှင် အလွန်စိတ်တိုပါသည်။ အလုပ်ထဲရှိသူအားလုံးကို ကိစ္စမရှိဘဲ ကျွန်တော့်ဆီမလာဘို့ ပြောထား၏။ အလုပ်ထဲတွင် ကျွန်တော် မည်သူနှင့်မှ ဘာ အလ္လာပ၊ သလ္လာပမှ မပြောပါ။ တစ်ခါတစ်လေ ထမင်းစားချိန်၌ နည်းနည်းပါးပါး ပြောပါသည်။ လုပ်စရာအားလုံးပြီးသွားလျှင်မူ စာဖတ်၊ စာရေးပါသည်။ စာရေးချိန်မရလျှင် ရေးစရာအချက်အလက်များ စုဆောင်းဖတ်ရှုမှတ်သား၊ မှတ်စုထုတ်နှင့် အချိန်ကုန်ပါသည်။                
ရထားစီးချိန်မှာ မိနစ် ၄၀ အချိန်ပေးရသဖြင့် ထိုင်ခုံနေရာရစေရန် ရထားထိပ်ဆုံးတွဲမှ စီးလေ့ရှိပါသည်။ ထိုင်ခုံနေရာ ရလျှင် စာရေးပါသည်။ ထိုင်စရာနေရာမရလျှင် သတင်းစာ ဖတ်ပါသည်။ ကျွန်တော်က Straits Times ကို စာရွက်သတင်းစာရော၊ အွန်လိုင်းသတင်းစာပါ (All in one) ၀ယ်ထားသဖြင့် အချိန်မရွေး၊ နေရာမရွေးဖတ်လို့ရပါသည်။ ကျွန်တော်က Straits Times, Today, Channel News Asia သုံးမျိုးလောက် ဖတ်၏။ မြန်မာသတင်းကို သစ်ထူးလွင်တွင် ဖတ်၏။ ဂျာနယ်များကို အင်တာနက်မှ ဒေါင်းလုပ်လုပ်ကာ ဖတ်၏။ သို့သော် အချိန်လုဖတ်ရတာ ဆိုတော့ ဘယ့်နှာ အကုန်လုံးစေ့ပတ်စေ့ ဖတ်နိုင်ပါလိမ့်မတုံး။ စိတ်ဝင်စားစရာ သတင်းထူးများမှ အပ တော်တော်များများကိုတော့ သိရုံလောက် ဖြန်း ဖတ်လိုက်တာ ဖြစ်ပါသည်။ သတင်းဆောင်းပါး ကောင်းကောင်းလေးများကိုတော့ သပ်သပ်စုထားပါသည်။ စာရေးသည့်အခါ ရည်ညွှန်းနိုင်ရန် ဖြစ်၏။
အပြန်တွင်လည်း အလားတူပင် ရထားထိုင်ခုံနေရာရလျှင် စာရေးပါသည်။ နေရာမရလျှင် သတင်းစာ၊ ဂျာနယ်များ ဖတ်၏။ (ခေါင်းဖြူရခြင်း၏ ကောင်းကျိုးမှာ နေရာပေးခံရခြင်းဖြစ်သဖြင့် တစ်ခါတစ်ရံ ကိုယ်နေရာမရလျှင်ပင် နေရာပေးမည့်သူများ ရှိတတ် ပါသည်။)
ယခင်က ပရဟိတ လုပ်ငန်းများကို ကိုယ်ဖိရင်ဖိ ဆယ်နှစ်ကျော် လုပ်ခဲ့ပါသည်။ ယခုသော် ကိုသောင်းတန်တို့ကို ကိုရင်တို့ပဲ လုပ်ပါ။ ပရဟိတဆိုတာက လူတိုင်းလုပ်လို့ရတယ်။ ကိုယ်ရေးတဲ့စာမျိုးက လူတိုင်းမရေးနိုင်ဘူး။ အဲဒါကြောင့် တော်ရုံ တန်ရုံကိစ္စတွေ ကိုယ့်ကို မခေါ်ပါနဲ့၊ ကိုယ်ရင်တို့ဘာသာ တော်သလို ကြည့်ကျက်လုပ်လိုက်ကြပါဟု မှာထားပါသည်။
 အဲဒါပါပဲ ခင်ဗျား။
ချုပ်ရရင် –
၁။ ဝေလေလေတွေနဲ့ အချိန်မဖြုန်းပါနဲ့။
၂။ ကျော်ဟိန်း၏ အဓိပ္ပါယ်ရှိသောလူ သီချင်းကို မကြာခဏ ဆိုပါ။
မှောင်နေရင်လေ၊ မီးထွန်းလိုက်၊ နာကျင်သူကို ပြုစုလိုက်။ ဆာလောင်သူကို ကိုယ့်အထဲက တစ်ဝက်ဝေမျှလိုက်။
လူတွေစဉ်းစားကြ၊ စဉ်းစားကြ၊ လောကအတွက်။ သင်ဟာသမိုင်းကြောင်းကောင်းဘို့ တစ်ခုခု လုပ်ခဲ့သလား။
၃။ အလုပ်လုပ်သည်ဖြစ်စေ၊ စာဖတ်သည်ဖြစ်စေ၊ ထမင်းစားသည်ဖြစ်စေ၊ ကိုယ်လုပ်တဲ့အရာပေါ်မှာပဲ အာရုံစိုက်ပါ။ တခြားတောင်တောင်အီအီ ဘာမှ မတွေးပါနဲ့။
+++++++
ကျေးဇူးတင်ပါသည်။
၁၇၊ ၈၊ ၁၃။ သန်းခေါင်ကျော် ၀၀း၀၅ နာရီ

အေးငြိမ်း ဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်