Yu Ya – Belief in a poem …

August 17, 2013

”ကဗျာတစ်ပုဒ်ကို ယုံကြည်ခြင်း”

ယုယ၊ သြဂုတ် ၁၇၊ ၂၀၁၃

(ရွှေအမြုတေ၊ မေ၊ ၂၀၁၃ မှ ပြန်လည်ဆန်းသစ် တင်ဆက်ပါတယ်)

အောင်မြင်နေတဲဘ၀တွေမှာ သူနဲ့အတူတူ ပေးဆပ်ခဲ့ရတဲ့ဘ၀တွေရှိတယ်။ တကယ်တော့အဖေမရှိတဲ့ တဒင်္ဂကာလလေးမှာ ကိုယ်တို့မိသားစုနဲ့အတူပေးဆပ်ခဲ့သူတွေလည်း အများအပြားပါပဲ။

လူတွေလာခေါ်တယ်။ အဖေလိုက်သွားတယ်။ တိတ်တဆိတ်ပါပဲ။ ညဆိုတာ မကောင်းမှုကို ဖိတ်ခေါ်လေ့ရှိတယ်လို့  ဆိုကြသေးတယ်ဆိုရင် ကိုယ်တို့မိသားစုအတွက် မကောင်းမှုကို ခေါ်လာပေးတဲ့ညကို မုန်းရမလိုလို။ ဘာမှပြောခွင့်မရလိုက်ဘဲ အဖေနဲ့အတူ အဖေ့ရဲ့ ကုတ်အင်္ကျီအမဲကြီးက ထပ်ကြပ်မကွာလိုက်ပါသွားခဲ့တယ်။ ကုတ်အကျီအမဲကြီးဟာလည်း သူ့သခင်ရဲ့ယုံကြည်ချက်တွေကိုအပြည့်အ၀ လက်ခံခဲ့ပါတယ်။

မနက်ကျတော့ အမေငိုနေမလား မသိခဲ့ပါဘူး။ ငယ်သေးတဲ့ ကိုယ်တို့ညီအမနှစ်ယောက် သိမှာစိုးလို့ ထင်ပါရဲ့။ အဖေမရှိတဲ့ရက်တွေမှာ အမေငိုတာ တစ်ခါမှမမြင်ဖူးဘူး။ (အမေဟာ စိတ်ဓါတ်ခိုင်မာတာ ဖြစ်ကောင်းဖြစ်နိုင်သလို ယောက်ျားလုပ်သူရဲ့လုပ်ရပ်တွေကို အပြည့်အ၀ ထောက်ခံတာကြောင့်လည်းဖြစ် ကောင်းဖြစ်နိုင်ပါတယ်။)

ပထမဆုံးရင်ဆိုင်ရတာကတော့ ရပ်ကွက်ထဲက ကစားဖော်ကလေးတွေရဲ့ စကားသံတွေပါပဲ။ အဲဒီနေ့က  အမလုပ်သူငိုပြီး အိမ်ပေါ်ပြေးတက်လာတယ်။ ကိုယ်တို့ဦးလေးက အိမ်နီးနားချင်းတွေကို စိတ်ဆိုးပြီးပြောတယ်။ ”ကလေးကို မဟုတ်တာတွေ မပြောကြပါနဲ့”တဲ့။ နောက်နေ့ကျ အမတစ်ယောက် ကလေးတွေရဲ့သဘာဝအတိုင်း သူငိုခဲ့ရတာကို မေ့သွားပြီး အဲဒီကလေးတွေနဲ့ ဆော့မြဲ၊ကစားမြဲပါပဲ။ ကိုယ်ကတော့ ငယ်ငယ်ကတည်းက ခပ်စွာစွာမို့ ”ငါ့အဖေက နိုင်ငံခြားသွားနေတာဟဲ့”လို့  ကစားဖော်ကစားဘက် တွေကို ပြန်လည်ချေပဖူးတယ်။

အဲဒီတုန်းက ကိုယ်တော်တော်ငယ်သေးတာ။ သုံးနှစ်ဆိုတဲ့အရွယ်ဟာ အဖေ့ရဲ့ ချီပိုးတာကိုခံရမယ့်အရွယ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်အသက်သုံးနှစ်ကနေ ငါးနှစ်အတွင်း အဖေ့ရဲ့ ချီပိုးမှုကို ခဏတာဆုံးရှုံးခဲ့ရတယ်။ အဖေ့ရဲ့အိပ်ရာဝင်ပုံပြင်တွေလည်း နားမထောင်ရတော့ဘူး။ အမေ့ခမျာတော့ နှစ်ယောက်စာပြောရလို့ တော်တော် မောခဲ့မယ်ထင်ပါရဲ့။ အမေပြောတဲ့ပုံပြင်တွေထဲမှာ အဖေဘယ်တော့ပြန်လာမှာလဲ ဆိုတာမပါတာ သေချာပါတယ်။ ဒါပေမယ့်အမေ့ပုံပြင်တွေထဲမှာ အဖေက လေယာဉ်ပျံကြီးစီးလို့ပေါ့။

    ဒီအကြောင်းပြောမယ်ဆိုရင် အဘွားရဲ့ ကြွေပိုက်ဆံဗူးလေး မပါရင်မဖြစ်ဘူး။ အဘွားရဲ့ပိုက်ဆံဗူးလေးမှာ ပိုက်ဆံတွေရှိတယ်။ ကုန်သွားရင် လာလာထည့်ပေးတဲ့ သူတွေလည်းရှိတယ်။ ဘ၀ရဲ့မှတ်တမ်းတင်ရမယ့် ကျေးဇူးရှင်တွေပါပဲ။ အဖေ့ရဲ့သူငယ်ချင်းနဲ့ သူ့ရဲ့မိန်းမလုပ်သူက အဘွားရဲ့ပိုက်ဆံဗူးလေးထဲ ငွေဖြည့်ပေးရင်း အဖေ့ရဲ့လုပ်ရပ်တွေအပေါ်မှာ အားပေးခဲ့တယ်။ အခြားအခြားသောကျေးဇူးရှင်တွေလည်း ရှိပါသေးတယ်။ အဖေ့စာမူတွေကို အခကြေးငွေအများကြီးပေးပြီး လာဝယ်တာမျိုး၊ အကြောင်းရှာပြီး စာမူခတွေ ပေးတာမျိုးပေါ့။ (လမ်းတွေ့ရင်တောင် ခေါ်ရမှာစိုးလို့ မျက်နှာလွဲခဲ့တဲ့သူတွေလည်း တစ်ပုံတပင်ပါ။)

အဲဒီတုန်းက ကိုယ်တို့အိပ်မှ အဖေ့အတွက် ငပိကြော်လေးတွေကို အမေထကြော်ခဲ့တယ်။ အမေဟာသမီးတွေရဲ့ နုနယ်သေးတဲ့စိတ်ကလေးတွေ မနာကျင်စေဖို့အပင်ပန်းခံခဲ့တယ်ဆိုတာ မလွဲနိုင်ပါဘူး။ (အခု ကိုယ့်အသက်နှစ်ဆယ့်ငါးနှစ် ရောက်မှ အမေက သူအဲလိုလုပ်ခဲ့ကြောင်း ပြောပြခဲ့တာပါ။) အမေနဲ့အတူ  အမေ့ငပိကြော်လေးကလည်း အဖေ့ကို ထောက်ခံခဲ့ဖူးတယ်လေ။

တကယ်ဆို အဲဒီအချိန်တုန်းက အမေဟာ ငယ်သေးတယ်လို့ပဲ ပြောရမယ်။ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကိုလည်း ခေါင်းမာသူပီပီ ခံနိုင်ရည်ရှိခဲ့ပုံရတယ်။ အမေ့ရဲ့ကုသိုလ်ကံလေးနဲ့ အဖေ့ရဲ့မိတ်ကောင်းဆွေကောင်းတွေကြောင့်သာ ထမင်းတော့မငတ်ခဲ့တာ။

သူများတွေ အစာရေစာရှားပါးနေတဲ့အချိန်မှာတောင် ကိုယ်တို့ ၀၀လင်လင်စားခဲ့ရတယ်။ ဆေးဆိုလည်း လိုအပ်သလိုသောက်ခွင့်၊ ကျန်းမာစွာနေထိုင်ခွင့်ရခဲ့တယ်။ ဒီလိုဆို အဖေ့လုပ်ရပ်အပေါ် ကံကြမ္မာကပါ အားပေးအားမြောက်လုပ်ခဲ့တာများလား မသိ။

အဘွားဟာလည်း အဖေမရှိတဲ့အချိန်မှာ တံတိုင်းတစ်ခုပါပဲလေ။ သူဟာ ကျန်ရှိနေတဲ့ ကိုယ်တို့ မိသားစုသုံးယောက်ကို စောင့်ရှောက်ခဲ့တယ်။ ကာကွယ်ခဲ့တယ်။ အဘွားနဲ့အမေတစ်ခါမှ စကားများ၊ ရန်ဖြစ်တာ မတွေ့ဖူးတဲ့အတွက် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်ခင်ကြတယ်ဆိုတာ ယုံမှားစရာမရှိပါဘူး။(ကမ္ဘာပေါ်မှာ အချစ်ခင်ဆုံး သမီးယောက္ခမအဖြစ် ဂရင်းနစ်စံချိန်တောင် တင်နိုင်ပါတယ်။) အဘွားဟာ ကိုယ်တို့မိသားစုကိုစောင့်ရှောက်ရင်းနဲ့ အဖေ့လုပ်ရပ်အပေါ် အပြည့်အ၀ထောက်ခံခဲ့တယ်။

မနက်တိုင်း ကိုယ့်ဘကြီး လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်ရတာ ရင်တခုန်ခုန်ပဲ။ ဘာလို့လည်းဆိုတော့ ဘကြီးက ကိုယ်တို့ညီအမနှစ်ယောက်ကို အဖေမရှိတဲ့နေကစပြီး မနက်တိုင်း မနက်စာ တာဝန်ယူခဲ့တယ်။ နေ့တိုင်းကျွေးတယ် ဆိုပေမယ့် သွားမယူရဲဘူး။ တစ်ခါတစ်လေ ဘကြီးက ဆိုင်မှာလူကျနေလို့ ကိုယ်တို့ကိုမေ့ပြီးများ မခေါ်မိရင် အဲဒီနေ့တော့ဆိုင်ရှေ့ကနေ ဘကြီးမမြင် မြင်အောင် အခေါက်ခေါက်အခါခါ ဖြတ်ပြီသာ မှတ်တော့။    အဖေ့အကိုတွေအားလုံး ညီဖြစ်သူရဲ့ လုပ်ရပ်ပေါ်မှာ သူတို့တတ်နိုင်တဲ့နည်းလမ်းမျိုးစုံနဲ့ အားပေးထောက်ခံခဲ့ကြတယ်ဆိုတာ သေချာပါတယ်။

    တစ်ခုသောအဖြစ်အပျက်တစ်ခုကိုတော့ အမေက အခုချိန်ထိ မေ့မရနိုင်ခဲ့ဘူး။ အဲဒီနေ့က အမေနဲ့ ကိုယ်တို့ညီအမနှစ်ယောက် ကားဂိတ်မှာ ကားစောင့်နေကြတယ်။ ဒဏ္ဍာရီရုပ်ရှင်ဇာတ်ကား ခေတ်စားနေချိန် ဖြစ်တာကြောင့် အဲဒီကားကြည့်ဖို့ ကိုယ်တို့ပူဆာတာနဲ့ ဘတ်စ်ကားဂိတ်ကို ချီတက်ခဲ့ကြတယ်။ အမေက သမီးနှစ်ယောက်ကို လက်ဆွဲလို့ပေါ့။ (တကယ်ဆိုအဖေက သမီးတစ်ယောက်ကိုလက်ဆွဲ၊ အမေကလည်းသမီး တစ်ယောက်ကိုလက်ဆွဲလို့ ဆိုပြီး အမေစိတ်ကူးယဉ်ခဲ့သေးလား။ သတိရနေရှာမလားတော့မသိပါ။) 

ကားစောင့်နေတုန်း ဦးလေးနဲ့ သူ့မိန်းမအပြင်သွားစရာရှိလို့ ကားနဲ့ထွက်လာရင်း ကိုယ်တို့ကို
မြင်တော့ ရုပ်ရှင်ရုံလိုက်ပို့ပေးဖို့ ကားပေါ်ခေါ်တင်သွားခဲ့တယ်။ ဒါပေမယ့်ဦးလေးရဲ့မိန်းမလုပ်သူက
သူသွားစရာရှိတာ နောက်ကျမယ်၊ တော်ပြီ မသွားတော့ဘူးဆိုပြီး ပြောဆိုနေတာနဲ့ကိုယ်တို့သားအမိ
သုံးယောက် တစ်ယောက်လက် တစ်ယောက်ဆွဲလို့ တာမွေမှာပဲ ဆင်းနေခဲ့ရတယ်။ ကိုယ်တို့ကတော့ ကလေးပီပီ ဘာမှနားလည်တာမဟုတ်။ ဆင်းဆိုတော့လည်း ဆင်းလိုက်ကြတာပဲ။အမေကတော့ အားငယ်သွားရှာမှာပေါ့။ အဲဒီအချိန်မှာအဖေ့ကိုပိုပြီးတောင် သတိရသွားအုံးမယ်ထင်တယ်။ အဲဒီတုန်းက ကိုယ်တို့ညီအမက ငယ်သေးတာမို့ ဘာမှမသိဘူး။အခုပြန်စဉ်းစားတော့ အမေ့မျက်နှာ ဘယ်လောက်ပျက်သွားမလဲ။ စိတ်အားဘယ်လောက် ငယ်သွားမလဲဆိုတာ တွေးကြည့်ရင်းတောင် ရင်ထဲမကောင်းဖြစ်မိတယ်။

အဲဒီနေ့က ဒဏ္ဍာရီရုပ်ရှင်ဇာတ်ကားကြည့်ဖြစ်ခဲ့တယ်။ ပင်ပန်းရကျိုးနပ်ပါတယ်။ဇာတ်ကား
ကောင်းတစ်ခုမို့ရင်ထဲစွဲကျန်လို့နေတယ်။အဲဒီဇာတ်ကားနဲ့အတူ သူများကားပေါ်က ခပ်ကုတ်ကုတ်ဆင်းသွားခဲ့ရတဲ့ ကိုယ်တို့မိသားစုရဲ့အဖြစ်ပျက်ကလည်း ဒီနေ့ဒီအချိန်အထိ ရင်ထဲစွဲကျန်နေဆဲပါပဲ။ ဒဏ္ဍာရီဇာတ်ကား တီဗွီကလာတိုင်း အမှတ်ရနေတော့တာပါပဲလေ။

အခုချိန်မှာ ကိုယ်တို့ကိုယ်ပိုင်ကားစီးနိုင်နေပါပြီ။ ဒါပေမယ့်ဦးလေးရဲ့မိသားစုကို အတတ်နိုင်ဆုံး ကိုယ်တို့ကားနဲ့ လိုရာခရီးတော်တော်များများကို လိုက်ပို့ ပေးခဲ့ပါတယ်။ ကိုယ်တို့ခံစားခဲ့ရသလို သူတို့ မခံစားရအောင်ပါ။ ကိုယ်တို့ကိုယ်ချင်းစာတတ်ရမယ်မဟုတ်လား။

အဖေယုံကြည်တဲ့လမ်းပေါ်မှာ ပန်းခင်းလမ်းတွေရှိသလို၊ လမ်းကြမ်းတွေကလည်း မနည်းမနောပဲ။ ဒါပေမယ့်အဘွားရယ်၊အမေရယ်၊ကိုယ်တို့ညီအမနှစ်ယောက်ရယ် တစ်ယောက်လက် တစ်ယောက်တွဲလို့ အဖေ့ကို ယုံကြည်တဲ့စိတ်နဲ့ အဲဒီလမ်းကိုရဲရဲဝံ့ဝံ့ လျောက်လှမ်းခဲ့ကြတယ်။

    ပထမအကြိမ် အဘိုးဆေးရုံတက်တုန်းကတော့ အဖေကိုယ်တိုင် ဆေးရုံစောင့်ခဲ့တယ်။ ပြုစုခဲ့တယ်။ ဒုတိယအကြိမ်ဆေးရုံတက်တဲ့အခေါက်မှာတော့ အဘိုးနားမှာ ကိုယ့်အဖေ နေမပေးနိုင်တော့ဘူးလေ။ နေမကောင်းတဲ့အချိန်မှာ လူတွေဟာ ပိုပြီး စိတ်အားငယ်တတ်တယ်။ အားကိုးရှာချင်ကြတယ်ဆိုရင် အဘိုးစိတ်ထဲ သူ့သားကို ဘယ်လောက်တောင် သတိရရှာမလဲ။ ဘယ်လောက်တောင်တွေ့ချင်ရှာမလဲမသိ။သူ့သားကိုတွေ့ရင် ”ငါလခွီးထဲမှ၊ မင်း ဘယ်ရောက်နေတာလဲကွ။”လို့ ပြောချလိုက်လေမလား။    

”ငါ့မြေးတွေနဲ့ ငါ့ချွေးမကို မင်းပစ်ထားတာ ဘယ်လောက်ကြာပြီလဲကွ”
လို့ဂရုဏာဒေါသောနဲ့ ဆိုလေမလား မသိပါ။ အဘိုးဟာ နောက်ဆုံးထွက်သက်အထိ သူ့သားကိုမတွေ့၊ မမြင်လိုက်ရရှာဘူး။ သူ့သားကို သူပြောချင်တဲ့စကားတွေတော့ ဘယ်လောက်တောင် ရှိလိုက်မလဲ။နောက်ပြီး အဖေယုံကြည်ခဲ့တဲ့လမ်းကို အဘိုးယုံကြည်ခဲ့ရဲ့လား ဆိုတာကိုတော့ အဘိုးကိုမေးမှသာ အတိအကျသိပါလိမ့်မယ်။ သားတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက် အပြည့်အ၀ပေးခဲ့တဲ့၊ သားတွေလုပ်တဲ့ ကိစ္စတိုင်းကို လက်ခံခဲ့တဲ့ အဘိုးဟာ အဖေ့ကိုအပြစ်တင်စကားတော့ ဆိုမယ်မထင်ပါဘူးလေ။

 အဘိုးဆုံးတော့ အသုဘချတဲ့နေ့မှာပဲ ခြွေရံသင်းပင်းတွေနဲ့အတူ အဖေပြန်လာခဲ့တယ်။ အဖေ့ပေါင်ပေါ်မှာထိုင်နေတဲ့  ကိုယ့်ပုံစံက တကယ့်ကို ဂုဏ်ယူဝံ့ကြွားနေတဲ့ပုံ။ ဒီမှာ … ငါ့အဖေတွေ့လား ဆိုတဲ့ပုံ။ ဒါပေမယ့် အဖေ့ပေါင်ပေါ်မှာ ထိုင်ရတာလေးက ခဏဆိုမှ တကယ့် ခဏလေးပါ။

သူတို့တွေ အဖေ့ကိုပြန်ခေါ်သွားကြတယ်။ အဖေ့ကိုနှုတ်ဆက်ဖို့ အမေအင်အားအပြည့်ရှိခဲ့မှာပါ။ ကိုယ်တို့မိသားစုနဲ့အတူ အဖေ့သူငယ်ချင်းမိတ်ဆွေတွေလည်း လိုက်ပြန်ပို့ကြတယ်။ ကိုယ့်အမက နားလည်တတ်တဲ့ အရွယ်လည်း ရောက်နေပြီဆိုတော့ သဘောပေါက်ပုံရတယ်။လူကြီးတွေအဖြေရကြပ်မယ့်မေးခွန်းတစ်ခုတစ်လေမှ မမေးရှာဘူး။ ကိုယ်သာ စပ်စပ်စုစု။ တံခါးကြီးတစ်ခုရှေ့ကို ကားရပ်လိုက်တဲ့အချိန်မှာပဲ ကားပေါ်ကဆင်းသွားခါနီး အဖေ့ကို “ဟင်….လေယာဉ်ကွင်းလည်းဆိုသေး လေယာဉ်လည်းတစ်စီးမှမရှိဘူး။” ဆိုတဲ့ စကားသံဟာ ပါလာသူအားလုံးကို နှုတ်ဆိတ်သွားစေတယ်။ ပါလာတဲ့ လူကြီးတွေက ကလေးကို
ရော သူတို့ရင်ထဲက စိတ်မကောင်းခြင်းတွေကိုပါ ဖုံးကွယ်ရင်း ”အဲဒီအုတ်နီနီတွေ နောက်ထဲမှာ ရပ်ထားတာ။ မြင့်တော့ ဘယ်မြင်ရပါ့မလဲ”လို့ ဖြေသိ့မ်လိုက်ကြတယ်။ တကယ်လည်း အဲဒီတံခါးအနောက်ဘက်မှာ အဖေ ပျံဝဲခဲ့ဖူးတဲ့ အတွေးလေယာဉ်ပျံ
တွေ ဘယ်နှစ်စီးတောင် ရှိလိုက်မလဲမသိ။ တံတိုင်းတွေ အပြည့်အ၀ တင်းတင်းကျပ်ကျပ် ကာရံထားတဲ့
အဲဒီနေရာကြီးမှာ အတွေးတွေသာ လွတ်လပ်ခွင့်ရကြတာ မဟုတ်လား။ (ဒါပေမယ့် အဖေ တကယ် နိုင်ငံခြားသွားနေတယ် လို့ပဲ ကိုယ်ထင်ခဲ့တာ။ ကိုယ်ယုံကြည်ခဲ့တာ။)

တစ်ခါတုန်းက အင်းစိန်ဟာ လေယာဉ်ကွင်းဖြစ်ခဲ့ဖူးတယ်ဆိုတာ ကိုယ်တို့ကလွဲလို့ဘယ်သူမှ
မသိနိုင်ဘူးလေ။ အဖေနဲ့အတူပါသွားတဲ့ ကုတ်အကျီအမဲကြီးလည်း နိုင်ငံခြား (ခေါ်) အင်းစိန်ရဲ့ ဘယ်နေရာမှာ နေရရှာတယ်မသိ။

အဖေမိသားစုဆီ အပြီးအပိုင် ပြန်လာတဲ့နေ့မှာတော့ ကိုယ်တစ်ယောက်လည်း ယောက်ယတ်ခတ်လို့။ ကိုယ် အဖေ့ကိုမေးတဲ့အထဲမှာ ”အဖေ….ချောကလက်ပါလား”
ဆိုတဲ့ မေးခွန်းက အများဆုံးပဲ။ ဟုတ်တယ်လေ။ ကိုယ်သိတာက အဖေက အုတ်နီနီတွေရှိတဲ့ နေရာကနေ လေယာဉ်ပျံကြီးစီးပြီး နိုင်ငံခြားကိုသွားနေတာ။ ပြန်လာရင် သူများအဖေတွေ နိုင်ငံခြားကပြန်လာသလိုတော့ချောကလက်တွေပါလာရမှာပေါ့။

”ချောကလက်ပါတဲ့ အိတ်က လေယာဉ်ကွင်းမှာ ကျန်ခဲ့တယ်။ နောက်နေ့မှသွားယူရမှာ။”
ဆိုတဲ့စကားကိုသာ ယုံကြည်ရင်း ချောကလက်ပါတဲ့ အိတ်ကိုစောင့်မျော်ခဲ့ရတာ အခုချိန်ထိပါပဲ။ အခုထိ
လည်း နိုင်ငံခြားသွားတဲ့သူတိုင်းကို ”ချောကလက်ဝယ်ခဲ့ပါနော်လို့” မှာ တတ်တာ အကျင့်လိုဖြစ်နေပြီ။ တစ်ချိန်တစ်ခါတုန်းက မပြည့်ဝခဲ့တဲ့ဆန္ဒတွေကို ဖြေသိမ့်တာထင်ပါရဲ့။

အဖေပြန်ရောက်လာတာမို့ အိမ်မှာ အတူနေတဲ့အဘွားကို ကန်တော့ကြတယ်။ နောက်ပြီးရင် အမေ့ရဲ့အဖေနဲ့အမေကို သွားကန်တော့ဖို့အသွား၊ လမ်းမှာစကားအလွန်များ၊ မေးခွန်းအမေးထူလွန်းတဲ့ ကိုယ်ဟာ ”အော်…..ပျော်ရမယ့်နေ့မှာမှ မိုးကလည်း ရွာသေးတယ်”
လို့ပြောလိုက်တာကြောင့် လူကြီးတွေခမျာ ရယ်ရအခက်ငိုရအခက်ပဲတဲ့။ မိုးရွာရင် လူတွေဟာ လွမ်းတတ်ကြတယ် မဟုတ်လား။ ကိုယ်ဟာ မိုးတွင်း နှစ်တွင်းလုံးမှာ မသိလိုက်မသိဘာသာ အဖေ့ကို လွမ်းခဲ့ဖူးတယ်ထင်ပါရဲ့။ အခုတော့ မိုးရွာရင် မလွမ်းရတော့ပါဘူး။

ကိုယ်က ဟင်းစားကြီးတယ်။ ငါးကြော်ဆိုလည်း နှစ်တုံး၊သုံးတုံးမှ။ အသားဆိုလည်း များများမှ။
အဲဒါကိုမြင်တော့ အဖေက ဆုံးမတယ်။ အဖေတို့ဆို အထဲမှာ တစ်ယောက် တစ်တုံးပဲ စားရတာ။ ဘာဖြစ်ဖြစ် ကိုတာနဲ့ စားရတာတဲ့။ အဲဒီတုန်းက ကိုယ် စဉ်းစားခဲ့ဖူးတယ်။ အော်သူများတွေ အထင်ကြီးနေတဲ့ နိုင်ငံခြားဆိုတာ ဟင်းလည်းများများ မစားရဘူးလို့။ အဖေပြောတဲ့နိုင်ငံခြားဆိုတာ မိသားစုသားချင်းတွေရဲ့ အဝေးကို ရောက်နေရတာချင်းတော့ တူပါရဲ့။ ဒါပေမယ့်ချောကလက်တွေ မရှိတာတော့ သေချာပါတယ်လေ။

    ”စာမေးပွဲဖြေရင် မလောနဲ့။ စာတွေက ရပြီးသားပဲ။ ရေဗူးယူသွား။ ဓါတ်ဆားထုပ်နဲ့ မူးရင်သောက်ဖို့ ဆေးကို ဗီဒိုလက်ကိုင်မှာ ချိတ်ထားတယ်။” ဆိုတဲ့ စာရွက်ကလေးတွေက မနက်တိုင်း မြင်ရနေကျ။ အဖေက နောက်ကျအိပ်သူမို့  ကိုယ်တို့ကို မှာစရာရှိရင် အဲဒီလိုစာရွက်တွေနဲ့ မှာလေ့ရှိတယ်။

“ကျောင်းသွားရင် မိုးကာ၊ထီး ယူသွားဖို့မမေ့နဲ့။ ဒီနေ့မိုးရွာမယ်ပြောတယ်။” ဆိုပြီး တစ်နေ့တစ်နေ့မိုးလေ၀သ အခြေအနေနားထောင်ရင်း ကိုယ်တို့ကို မှာကြားချက်တွေ ပေးတတ်တယ်။

“မြို့ထဲမှာ လူ ရုတ်ရုတ်၊ ရုတ်ရုတ်ဖြစ်နေတယ်။ အရေးကြီးကိစမရှိရင် 
    မြို့ထဲမသွားကြနဲ့။” ရေဒီယိုတွေနားထောင်ပြီး အဲဒီလိုလည်း အစိုးရိမ်ကြီးတတ်တယ်။ ကိုယ်တို့မိသားစုကို အစွမ်းကုန် ဂရုစိုက်ရင်း အဖေဟာသူ့ယုံကြည်ချက်အတွက် ကိုယ်တို့ လပ်ခဲ့တဲ့ကွက်လပ်တွေကို အတတ်နိုင်ဆုံး ပြန်ဖြည့်ခဲ့ပါတယ်။ တကယ်တော့ အဖေပြန်ဖြည့်ပေးတဲ့ ကွက်လပ်တွေက အမှတ်တစ်ရာကျော်နေပါပြီလေ။      

 တကယ်တော့ ပြန်ပြောပြစရာ ဒုက္ခ များများစားစားရယ်လို့ မရှိပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ကြုံရတဲ့၊ဆုံရတဲ့ ဒုက္ခတွေအားလုံးကို အမေတစ်ယောက်တည်း သိမ်းကြုံးခံခဲ့လို့ပါပဲ။ ကိုယ်တို့ညီအမနှစ်ယောက်ကတော့ အဖေ့ရဲ့ပခုံးကိုခ ဏတာဆုံးရှုံးဖူးတာ၊ အဖေ့ရဲ့ဂရုစိုက်မှုနဲ့ ခဏတာ ဝေးကွာခဲ့ရတာကလွဲရင် ဘာမှမပြောပလောက်ပါဘူး။

ချောကလက်တွေထက် အဖေ့ရဲ့အိမ်ပြန်ချိန်ကို ပိုပျော်ရွှင်ခဲ့တယ်။ နိုင်ငံခြားသွားနေတယ်ဆိုတဲ့
အဖေ့ထက် ကဗျာတစ်ပုဒ်ရေးခဲ့ဖူးတဲ့ အဖေ့အတွက် ကိုယ်တို့ပိုပြီး ဂုဏ်ယူခဲ့တယ်။ အဖေ့သမီးဖြစ်ရခြင်းကတော့ ဘ၀မှာ ဂုဏ်အယူဆုံးပါပဲ။

တကယ်တော့ ကဗျာတစ်ပုဒ်ရဲ့နောက်ကွယ်မှာ ရေးသူနဲ့ အတူတူချီတက်ခဲ့ကြတဲ့ နောက်ထပ်
မိသားစုနှစ်စုလည်း ရှိသေးတယ်။ သူတို့က အဖေ့အပေါ်ကို ကိုယ်တို့မိသားစုထက်ကို ပိုပြီးယုံကြည်မှု
ပြင်းထန်ခဲ့တယ်။ သူတို့မိသားစုမှာလည်း သူတို့အဖေတွေနိုင်ငံခြားသွားတယ်လို့ ထင်ကောင်းထင်ခဲ့
နိုင်ပါတယ်။ နောက်ပြီး ကိုယ့်လိုပဲ ချောကလက်တွေမျော်လင့်ခဲ့သေးသလားမသိ။ ကုတ်အကျီအမဲကြီး
လည်းအခုတော့ ကိုယ်တို့ဗီဒိုမှာ သက်တောင့်သက်သာနဲ့ နေသားတကျရှိပါပြီ။ အခုဆို အဖေဘယ်တော့မှ နိုင်ငံခြား မသွားတော့ဘူးလေ။

(ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ကဗျာဆရာ၊ စာရေးဆရာ မင်းလူရဲ့ သမီး “ယုယ” ရဲ့ ဖေ့စ်ဘွတ် နုတ်ကနေ ကူးယူဖော်ပြတယ်။ သည်ကနေ ခွင့်တောင်းလိုက်ပါသည်)

(Photo – Suu Chit Thu, Yu Ya Facebook)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Memories

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်