Nyein Chan Aye – Articles

August 16, 2013

ဆိုးပေ တိုင်းပြည်နဲ့ ဍ လူ့အဖွဲ့အစည်း
ငြိမ်းချမ်းအေး
သြဂုတ်၊ ၁၅၊ ၂၀၁၃


ရသ စာရေးဆရာများဟာ သူတို့ ဖန်တီး ရေးသားတဲ့ ဝတ္ထုတွေမှာ ပကတိ လောက ကို အခြေခံပြီး ရေးသားတဲ့အပြင် ပိုမိုကောင်းမွန်တဲ့ လောကသစ် ကို မြင်တွေ့ရဖို့ရာအတွက်လည်း ရသ အင်အားကို အသုံးချပြီး စာဖတ်သူ လူအများအပေါ် ဦးဆောင် လမ်းညွှန်တတ်ကြတယ်။ ဒါကြောင့် ရသစာပေဟာ လူတွေကို ပြုံးစေ၊ ရယ်စေ၊ လွမ်းစေ၊ ငိုစေ ကာ စိတ်နှလုံး အာဟာရ ချင်ခြင်း ကို ဖြည့်စည်း ပေးရုံသာမကဘဲ လူတွေရဲ့ တွေးခေါ်၊ ဆင်ခြင်မှု ဉာဏ်အမြော်အမြင်ကိုလည်း သွယ်ဝိုက်တဲ့နည်း၊ တနည်းအားဖြင့် ညင်သာပျော့ပြောင်းတဲ့နည်းနဲ့ တိုးပွားစေတယ်။  ရသစာပေက ပေးနိုင်စွမ်းတဲ့ ခံစားမှုနဲ့ သိမှု နှစ်မျိုးစလုံးဟာ လူတွေရဲ့ နှလုံးသား နဲ့ ဦးနှောက် နှစ်မျိုးစလုံးမှာ ပိုလို့တောင် စူးနစ် စွဲမြဲ သြဇာလွှမ်းစေတယ်လို့ ယူဆကြတယ်။
ဒါကြောင့် ဗြိတိသျှ စာပေပညာရှင် “ဂျီ၊ အက်စ်၊ ဂေါ်ဒွန် (၁၈၈၁-၁၉၄၂)” က ဆိုခဲ့တာပေါ့။  ဘာသာတရား နဲ့ လူမှုရေး ကုထုံးတွေက ဖျားနာနေတဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ရာမှာ သိပ် အလုပ်မဖြစ်ဘူး။  အနုသုခုမ ရသစာပေ ဆေးစွမ်းနဲ့သာ လူတွေရဲ့ ဝိညာဉ်ကို ကယ်တယ်ပြီး ဖျားနာနေတဲ့ တိုင်းပြည်ကို ကုစား ရမယ် လို့ ဆိုခဲ့ဖူးတယ်။ 
ဆိုတော့ ရသစာပေ ရဲ့ သက်ရောက်မှု စွမ်းပကား က ကြီးမားလှတယ်။  လူ့အဖွဲ့အစည်း အပေါ် သြဇာ လွှမ်းမိုးနိုင်မှု ရှိတယ်။  ဒါကြောင့် ရသဆရာများဟာ သူတို့ရဲ့ ရသအစွမ်းနဲ့ လူ့လောက ပြုပြင်တည်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကို ရှေးရှုစေဖို့ ကြိုးစားကြတယ်။
အနောက်တိုင်း အင်္ဂလိပ်စာပေ တခု ကို မြန်မာမှုပြု ပြုပြင်ဖန်တီးထားတဲ့ “ဆရာကြီး ဇဝန (၁၉၁၁-၁၉၈၃)” ရဲ့ ဒုတိယ ကမ္ဘာစစ် အလွန်၊ လွတ်လပ်ရေးခေတ်ဦး ဗမာပြည် နောက်ခံ နဲ့ ‘ဝီလျံ’ တဖြစ်လဲ ‘ဆိုးပေ’ ဝတ္ထုတို ကလေးစာပေ တွေကို ကြည့်ပါ။  ကလေးဇာတ်ကောင်တွေ နဲ့ ဇာတ်အိမ်တည်ထားတဲ့ ‘ဆိုးပေ’ ဇာတ်လမ်းအစုံစုံဟာ တိုင်းပြည် ရဲ့ အနာဂတ် ရတနာတွေ ဖြစ်တဲ့ ဗမာပြည်ဖွား ကလေး သူငယ်အများ ရဲ့ နုနယ်ငယ်ရွယ် သန့်ရှင်းနေသေးတဲ့ ရင်ဘတ် နှလုံးသား နဲ့ စင်ကြယ်နေသေးတဲ့ ဦးနှောက် ကို ကောင်းမွန်၊ မျှတတဲ့ စိတ်ဓာတ်၊ အတွေးအခေါ်တွေ ကင်းဝပ်စေဖို့ရာ ကလေးဇာတ်ကွက်တွေအကြား သွယ်ဝိုက်တဲ့နည်းနဲ့ ထည့်သွင်း ဖန်တီးခဲ့တယ်။
ဆရာကြီး မြန်မာမှုပြု ဖန်တီးလိုက်တဲ့ အဓိက ကလေးဇာတ်ကောင် (၅) ဦး ကို ကြည့် ကြည့်ရအောင်ပါ။  တိုင်းပြည်ရဲ့ လူမျိုးစုံ ချစ်ကြည်၊ သမမျှတ နေထိုင်နိုင်မှုကို ရည်ရွယ်ပြီး ဆိုးပေ၊ မောင်မောင်၊ သာဒွန်းဦး၊ အဝိန်၊ အီစွတ် ဆိုတဲ့ မတူညီတဲ့ လူမျိုးစု နောက်ခံ မိသားစု ရှိတဲ့ ကလေး (၅) ဦး နဲ့ ဇာတ်အိမ်ဖွဲ့စည်းထားတာကို တွေ့ရပါမယ်။ ကျား-မ ညီမျှစေဖို့ရာ အတွက်လည်း အနှင်းကလေး ကိုပါ ထည့်လိုက်တယ်။  အနှင်းကလေး ဟာ သူတို့ သူငယ်ချင်းအုပ်စု မှာ အရေးပါ၊ အရာရောက် သြဇာလွှမ်းတယ်။
ကလေးသူငယ် လောက ရဲ့ လွတ်လပ်စွာ နေလိုမှု သဘောကို လည်း ပုံဖော်ထားတယ်။  ရိုးသားသန့်စင်စွာ နေလိုမှု သဘောကိုလည်း ထည့်ထားတယ်။  သူတို့ဟာ အမြဲ ချစ်ခင်၊ စည်းလုံးကြတယ်။  ရသမျှ မုန့်ဖိုး ကို သူဟာ၊ ကိုယ့် ဟာ မခွဲ အမြဲ အတူတကွ ညီတူမျှတူ ခွဲဝေ အသုံးပြုကြတယ်။  စိတ်အခန့်မသင့်လို့ ရန်ဖြစ်ကြရင်လည်း ယာယီ အခိုက်အတန့် သာ ဖြစ်ပြီး မကြာမီမှာပဲ လက်ဆွဲနှုတ်ဆက် ပြန်လည် ချစ်ကြည်ကြတယ်။ 
အဝိန် ဟာ သူ့ ကို မော်စီတုန်း အမည်ပြောင် တပ်ရင် ကျေနပ်သလောက်  ချန်ကေရှိတ် လို့ သူ့ သူငယ်ချင်းတွေက သွားခေါ်ပါကမူ အင်မတန် စိတ်ဆိုးပြီး တပွဲတလမ်း နပမ်းလုံးတတ်တယ်။  ချန်ကေရှိတ် တပ်က အဲဒီအချိန်က အမိ ဗမာပြည်ကို စော်ကား ကျူးကျော်နေသူတွေကိုး။  အလားတူပဲ အီစွတ် ကလည်း သူ့ ကို မူဂျာဟစ် လို့ ခေါ်များ ခေါ်မိရင် ဆတ်ဆတ်ထိမခံ ပြန်ပက်တတ်တယ်။ မူဂျာဟစ် သူပုန်တွေက အဲဒီအချိန်က ခွဲထွက်ရေး လုပ်နေတာကိုး။
ဒါတွေအားလုံးဟာ တိုင်းပြည်မှာ ရှိတဲ့ လူမျိုးစုံ ရဲ့ လူမျိုး တစု အပေါ် အခြေ မခံတဲ့ ကျယ်ပြန့်တဲ့ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ်စိတ် နဲ့ အချင်းချင်း ညီညွတ်မျှတ ချစ်ကြည် ရင်းနှီးမှု၊ ငြိမ်းချမ်းမှု သဘော၊ တိုင်းပြည်ရဲ့ ဓန အင်အား ကို လူမျိုးစု အသီးသီး ညီတူညီမျှ ခွဲဝေ သုံးစွဲရန် လိုမှု သဘော စတဲ့ တိုင်းပြည် သာယာ၊ အေးချမ်း ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းလမ်း၊ ဝါဒ၊ အတွေးအခေါ် တွေကို ကလေး ဝတ္ထု ဇာတ်ကွက် ပုံဖော်ပြီး အားပေး တိုးပွားစေတယ်။ တနည်းအားဖြင့် ငြိမ်းချမ်းခြင်း၊ တရား မျှတခြင်း၊ ညီမျှခြင်း၊ လွတ်လပ်ခြင်း အနှစ်သာရ သဘော၊ လောကပါလ တရား တွေကို ကလေးသူငယ်တွေရဲ့ ရင်ဘတ် နှလုံးသား၊ ဦးနှောက် ထဲကို ရသစာပေ ကနေတဆင့် ဆရာကြီး က တည်ပေး၊ ထည့်ပေး လိုက်ခြင်းသာ ဖြစ်တယ်။
မျက်မှောက်ခေတ် ခေတ်ပေါ် စာရေးဆရာများ ထဲက ထိပ်တန်း ရသ စာရေးဆရာ တဦးဖြစ်သူ ဆရာ မင်းလူ (၁၉၅၄-၂၀၁၃) ရဲ့ ရသခံစားမှု တင်မကဘဲ ဦးနှောက် အတွေးအခေါ်၊ အကျင့်၊ အကြံ၊ ခံယူချက်၊ အသိ၊ သဘော လမ်းညွှန်ချက်တွေကိုလည်း သူ့ ရသ ဖန်တီးမှု ဝတ္ထုတွေထဲကနေ ထုတ်ယူ ကြည့်ရအောင်ပါ။ 
၁၉၈၇ မဆလ ခေတ် နေဝင်ခါနီးအချိန် ကစလို့ နဝတ၊ နအဖ ခေတ်တလျှောက် ကိုယ်ပိုင် ဖန်တီးလာခဲ့တဲ့ ဆရာ မင်းလူ ရဲ့ အနုပညာ ရသပစ္စည်း ‘ရယ်စရာ၊ မောစရာ’ ဇာတ်လမ်းတွဲတွေဟာ နေ့စဉ်မြင်တွေ့နေရတဲ့ လောက ဇာတ်ခုံ အဖြစ်အပျက် အစုံစုံ ကို ဟာသ ရသ စွက် လူတွေကို ဘဝ အမော ပြောစေဖို့ ဖန်တီးထားခြင်း သက်သက်မျိုး မဟုတ်ပါ။  ဒါ့ထက် ပိုပါတယ်။  ရယ်စရာ တွေနောက်က မောစရာ တွေ လိုက် ဖွဲ့ပြခဲ့သလို လူ့အဖွဲ့အစည်း အတွက်လည်း စံနှုန်းတွေ၊ ဖြစ်သင့်၊ လုပ်သင့်တဲ့ သဘောတွေ ချပြပေးခဲ့တယ်။
ဆရာမင်းလူ ရသ အစွမ်းနဲ့ တည်ဆောက်ခဲ့တဲ့ ဝတ္ထုထဲက မြို့မကျ၊ တောမကျ လူ့အဖွဲ့အစည်း တခုဟာ တကယ်တော့ ဗမာပြည် တပြည်လုံးကို ကိုယ်စားပြုတယ်။  သဘာဝကျကျ အခြေခံလူတန်းစား တခု ကို အခြေခံပြီး တိုင်းပြည်မှာ အခြေတည်သင့်၊ ကျင့်သုံးသင့် တဲ့ အကျင့်၊ အကြံ၊ အတွေးအခေါ်၊ အယူအဆ၊ သဘောတရားတွေကို ရသပညာ နဲ့ သွတ်သွင်း ဖန်တီး လမ်းညွှန် ပြထားခြင်း ဖြစ်တယ်။
‘ရယ်စရာ၊ မောစရာ’နဲ့ ဆက်စပ် ဝတ္ထုတိုတွေမှာ လှုမှု အလွှာ အစုံ ကို ပုံဖော်ထားတယ်။  သရုပ်ခွဲကြည့်ရအောင်ပါ။
ဘုန်းတော်ကြီး ဘုရား ဆရာတော် ဇာတ်ရုပ် ဟာ ဗမာ့ လူ့အဖွဲ့အစည်းမှာ သြဇာညောင်းတဲ့ လောကီ၊ လောကုတ္တရာ နှစ်ခုစလုံးမှာ အရေးပါ ဆုံးမပဲ့ပြင် တရား၊ ဓမ္မစစ် လမ်းပြပေးလေ့ရှိတဲ့ ဘာသာရေး  အဖွဲ့အစည်း၊ လူတန်းစား ကို ရည်ညွှန်းတယ်။
ရပ်ကွက် ဥက္ကဋ္ဌ နဲ့ ရာအိမ်မှူး ကိုရှိန် တို့ဟာ အုပ်ချုပ်သူ လူတန်းစား၊ အာဏာယူထားတဲ့ တာဝန်ရှိ အဖွဲ့အစည်း ကို ကိုယ်စားပြုတယ်။
ဦးကုလား က ဓနရှင်၊ စီးပွားရေး လုပ်ငန်းရှင် လူတန်းစားဖြစ်တယ်။  မသီး (မဒမ်ကြီးငွေ) ဟာ ငွေကြေးရှင် ဖြစ်တယ်။
ဒေါက်တာတုတ်ခိုင်ဟာ ပညာတတ် အလွှာ တတ်သိပညာရှင် အလွှာကို အခြေပြုတယ်။
မောင်ဝ ဟာ ရိုးသား၊ ကြိုးစားတဲ့ လက်လုပ်လက်စား၊ အခြေခံလူတန်းစား ဘဝ ကို ဖော်ပြတယ်။  ကျော်ကွန့် (လှထုံ ယောက်ျား) ဟာ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ တဲ့ အလုပ်သမား လူတန်းစား ဘဝ ကို ဖော်ညွှန်းတယ်။  ကျော်ကွန့် ဆရာ စက်ရုံ အရာရှိ ဦးကြည်ဝမ်း က အရာရှိ၊ အရာခံ အလယ် အလတ်တန်းစားကို ကိုယ်စားပြုတယ်။
ပတေး၊ ဘာနူး စုံတွဲ၊ ငွေသိန်း (ခေါ်) ဖိုင်ဇယ် (ပတေး ဝမ်းကွဲ ညီ) နဲ့ ဆိုက်ကားဆရာ အန်းတိတ် (ဒေဝါနန်း) တို့က လူနည်းစု အုပ်စု ဝင် ဘာသာကွဲ (သို့မဟုတ်) လူမျိုးခြား ဗမာပြည်ဖွား နိုင်ငံသား ညီနောင်တွေရဲ့ သရုပ်ကို ပြတယ်။
ကိုကြီးငွေ ဟာ ရပ်ထဲ၊ ရွာထဲမှာ ဟိုစပ်စပ်၊ ဒီစပ်စပ် ဝင်ပါတတ်ပြီး၊ ကမောက်ကမ ဖြစ်ခါ ဖြစ်ရဲ့နဲ လူမှုရေး တာဝန်ကျေတတ်တဲ့ လူထဲက လူအကြောင်း ဖြစ်တယ်။  အောင်ဘာလေ ဟာ သူတထူးကို ကူညီဖို့သက်သက် လူဖြစ်လာတဲ့ စေတနာရှင် လူမှုရေး သမား ဖြစ်တယ်။
လှထုံဟာ ရိုးရိုးတွေး၊ ထင်တာ၊ မြင်တာကို အရှိအတိုင်း၊ အမှန်အတိုင်း ဒိုးခနဲ ဒက်ခနဲ တုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ ရိုးအလှတဲ့ ဗမာ ပြည်ရဲ့ တောသူ၊ တောင်သာ အခြေခံ လူတန်းစား အများစု ကို ကိုယ်စားပြုတယ်။
ဦးဖိုးဗြော့ ဟာ ဗမာ့ လူ့အဖွဲ့အစည်းရဲ့ အရိုးစွဲနေတဲ့ ရှေးရိုး အစဉ်အလာ နဲ့ ဓလေ့ထုံးတွေကို ဆိုလိုတာ ဖြစ်တယ်။
ဓာတ်ခဲ (ဦးကုလား၊ ခေါ်ခင်တီ တို့ရဲ့ မွေးစားသား) ဟာ မတရားမှု ကို ဆန့်ကျင်တဲ့၊ လွတ်လပ်မှုကို ခုံမင်တဲ့ သူပုန် စိတ် အခြေခံ လူငယ်ထုကို ပုံဖော်တယ်။
အခြား ဇာတ်ကောင်များ ဖြစ်တဲ့ ဖိုးနီ၊ ပွကြီး၊ ဉာဏ်စိန် + မလုံး၊ မပွေး (ကိုရှိန့် ဇနီး)၊ ပဲပြုတ်သည် ဒေါ်မှိန်၊ အပျိုကြီး ဒေါ်ပွင့်၊ လူပျိုကြီး ကိုရဲစွန် အစရှိသလို ကနေ  ပြိုင်ဘက် ‘ဌ’ ရပ်သား ဦးစံမတူ (လှထုံ အဖေ)၊ စာကလေး နှင့် တပည့်ကျော် ကြက်ခေါင်း အဆုံး ထိ ပါဝင်သမျှ ဇာတ်ရုပ်တွေဟာ လူ့မှုအသိုင်းအဝန်း ရှိ ပကတိ လူသား တွေရဲ့ လူမှုရုပ်လွှာ အသီးသီးကို ပုံပေါ်စေတယ်။
ဆရာ မင်းလူ ဖန်တီးခဲ့တဲ့ စိတ်ကူးယဉ် လောကဇာတ်ခုံ သေးသေးဟာ လက်တွေ့ လောက ဇာတ်ခုံကြီးလိုပဲ စီးပွား၊ လူမှု၊ ကျန်းမာ၊ ရိုးရာ ဓလေ့၊ ဘဝ အမော အဖုံဖုံ နဲ့ လောလောကြီး ကပြနေကြရင်း နဲ့ ရယ်စရာ၊ မောစရာ ဖြစ်စေသလို လက်တွေ့ ဘဝမှာ အတုယူ စံနမူပြုထိုက်မှု စရိုက်၊ အကျင့်၊ အကြံတွေကိုလည်း တပါတည်း ပြသတယ်။
ဝတ္ထုပါ ဖန်တီး ဇာတ်ရုပ် ဘုန်းတော်ကြီး ဘုရားဟာ သီလ၊ သမာဓိ၊ သိက္ခာရှိရှိ လူမှု၊ လောကီ ရေးရာတွေနဲ့ တတ်နိုင်သလောက် ကင်းကင်းနေ တရား၊ ဓမ္မ အစစ်ကိုသာ လမ်းပြတယ်။  ရပ်အကျိုး၊ ရွာအကျိုး အတွက် တကယ် လိုအပ်လာရင်လည်း အထူးသဖြင့် လူမှုဘဝ ပဲ့ပြင် ဆုံးမ စရာ ကိစ္စများ အတွက် (ဥပမာ နှစ်လုံး၊ သုံးလုံး လောင်းကစားခြင်းမျိုး) ဆိုရင်လည်း အမြဲတမ်း သွန်သင် လမ်းညွှန် ဆုံးမ ပဲ့ပြင်တတ်တဲ့ သံဃာတော် အရှင်သူမြတ်ကောင်း ဖြစ်တယ်။   ဒါဟာ လူ့အဖွဲ့အစည်း ရဲ့ ဘာသာရေး ခေါင်းဆောင် ပုဂ္ဂိုလ်တွေရဲ့ စစ်မှန်တဲ့ အလုပ် သဘောကို ညွှန်းဆိုတယ်။
အပြင် မှာ “ဘာတွေဖြစ်ကုန်ကြပြီလဲ” ကဗျာ နဲ့ အာဏာပိုင် အဖွဲ့အစည်းရဲ့ အာဏာရူးမှု၊ တရားမဲ့မှုတွေကို တော်လှန် ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ဆရာမင်းလူ ဟာ သူ ဖန်တီးတဲ့ ဇာတ်ကွက်ထဲမှာတော့ အပြင်လောက ဗမာ့လူ့ အဖွဲ့အစည်း မှာ လက်တွေ့ တကယ် သူ ဖြစ်စေချင်တဲ့ အုပ်ချုပ်ရေး ပုံစံ ကို ဖန်တီး ပြထားတယ်။  ‘ဍ’ ရပ်ကွက် ဥက္ကဋ္ဌ၊ ရာအိမ်မှူး ကိုရှိန် နဲ့ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဟာ ရပ်သူ၊ ရွာသား ကို အမိ၊ အဖ အရာထား အမြဲ ဦးထိပ်စဉ် အရေးပေး ၊ တရား နည်းလမ်းတကျ အုပ်ချုပ်၊ ကောင်းစွာ တာဝန်ယူတယ်။
ဓနရှင်၊ လုပ်ငန်းရှင် ဦးကုလား ဟာ အခြေခံ လူတန်းစား နင်းပြားတွေ ဘဝကို အမြဲစာနာတယ်။  ရေထမ်းသမား မောင်ဝ ကို အသက်မွေးဝမ်းကြောင်း အတွက် ရေစည်လှည်း တပ်ဆင်ပေးတာက အစ နောက်ဆုံး အိမ်ထောင် ရက်သား ပြုမှု အထိ တာဝန်ယူ ပေးတယ်။ ဆွေမျိုး၊ မိတ်ဆွေ၊ ရပ်သူ ရပ်သားများအပေါ် အမြဲ စေတနာ ထား လိုအပ်တာ အကူအညီ ပေးကာ အလှူအတန်မှာလည်း ရက်ရော သူ ဖြစ်တယ်။
ငွေကြေးရှင် အတိုးစားသူ လူလည်ကြီး မသီး လို ဇာတ်ရုပ်မျိုးကိုတောင် မှ ဝတ္ထုထဲမှာ ကောင်းကွက်ကလေးတွေ ထည့်ပေးထားတယ်။  မသီးဟာ ငွေကြေးရေးရာ မှာ တိုရေရှားရေ ရှိ၊ မြင်တပ်၊ စေးနှဲ၊ စေ့ကုတ်တတ်တဲ့ အပြင် လူမှုရေး တာဝန် မကျေတတ်လွန်းလို့ အရပ်က မေးငေါ့ ရပေမယ့် မောင်ဝ နဲ့ ရွှေကြည် စေ့စပ်မင်္ဂလာ ဖြစ်မြောက်အောင် အတွက်တော့ လိုလိုလားလား သူ့ လင်တော်မောင် ပါလေရာ ကိုကြီးငွေ ကို ပေးလွှတ် အဝတ်အစားသစ် ဆင်ပေးရှာရင်းနဲ့ စိတ်ကောင်းကို လှစ်ဟ ပြထားတယ်။
ပညာတတ်အလွှာ ကိုယ်စားပြု ဆေးပညာရှင် ဒေါက်တာတုတ်ခိုင် ဟာ အသပြာ ဆရာ မဟုတ်ဘဲ စေတနာ ဆရာ ဖြစ်တယ်။  ကိန်းကြီး၊ ခန်းကြီး မနိုင်သလို၊ ပညာတတ်၊ သမားဂုဏ် မပြ၊ အခွင့်ထူး မခံ အများနဲ့ တပြေားတည်း နေတတ်သူ ဖြစ်တယ်။  အပျိုကြီး ဒေါ်ပွင့် ကို ပယောဂ ကုပေးတာက အစ၊ လှထုံကို သိုက်ကြိုးဖြတ်ပေးတာ အလယ်၊ ဘုန်းကြီးကျောင်း က တိုင်ကပ် နာရီ ပြင်ပေးတာ အဆုံး ရပ်ရေး၊ ရွာရေးမှာလည်း အမြဲ ထဲထဲဝင်ဝင် ရှိတယ်။
ပညာနည်းကာ အလုပ်ကြမ်း လုပ် အသက်မွေးရရှာတဲ့ အခြေခံလူတန်းစာ ကျောမွဲ မောင်ဝ တယောက် ကလည်း မဟုတ်မခံ၊ မာမာထန်ထန် ရှိလှပေမယ့် ရိုးသား၊ ကြိုးစား မှု၊ ရပ်အကျိုး၊ ရွာအကျိုး အပင်အပန်း ခံ ကူညီမှုတတ်မှု စိတ်နှလုံးကောင်းကြောင့် အရပ်က ချစ်တယ်။
စက်ရုံ အလုပ်သမား ကျော်ကွန့်ကလည်း ရိုးဂုဏ်လေးနဲ့ တည်တည်တံ့တံ့ နေထိုင် အသက်မွေးရှာတယ်။  ငွေဂုဏ်မောက်၊ ငွေမက်တဲ့ လှထုံ အဖေ ယောက္ခထီးကြီး ဦးစံမတူ မကြည်ဖြူပေမယ့် အရပ်ထဲမှာတော့ လူချစ်လူခင် ပေါလှတယ်။ ကျော်ကွန့် ဆရာ ဦးကြည်ဝမ်းကလည်း လူကြီးဂုဏ်မြောက် အောက်လက်ငယ်သား အပေါ် တရားစွာ ကျင့်ကြံသူ ဖြစ်တယ်။
ပတေးဘိုင် ကလည်း လူမျိုး၊ ဘာသာကွဲ သော်ငြားလည်း အားလုံးနဲ့ တသားတည်း ရပ်ရေး၊ ရွာရေး မှာ တက်ကြွတယ်။  ဘုန်းကြီးကျောင်း အလှူ တိုင်းမှာ အစားသောက် ကိစ္စ ဒကာ ပတေး ပဲ အားကိုးရတယ်လို့ ဆရာတော်ကြီး ကိုယ်တိုင်က မိန့်ရတယ်။  ပတေး ဘိုင် ကတော် ဘာနူး ရဲ့ စပယ်ရှယ်လ် ဆိတ်ခေါင်းဟင်း ဆိုရင် ဘုန်းကြီးကျောင်း ကို အမြဲ ဆွမ်းပို့နေကျပဲ။  သံဃာတော် အများနဲ့ ဆက်ဆံရာမှာလည်း ပြေပြစ် လျောက်ပတ် ရုံမက ဝေါဟာရပါ ကျွမ်းကျင်တယ်။  တခါတလေ အလှူ အတန်း ပွဲတွေမှာ ဘုန်းတော်ကြီး ဘုရား တရားဟောရင် တရားထောက် က နှုတ်သွက်တဲ့ ပတေးဘိုင်ပဲ ရှေ့က ဖြစ်နေတတ်တယ်။  ဆန္ဒ ရှိရင် အရပ် ဘုရား ရဲ့ ဘုရားဂေါပက ပါ လုပ်ချင်ရင် လုပ် လို့ရတယ်။  အဲသလောက်ကို အရပ်က ကြည်ဖြူတယ်။  ဒါ့အပြင် ရပ်ရွာချစ်စိတ် နဲ့ ကိုကြီးငွေ ဘက်ရပ် တခြား အရပ်သား ပြိုင်ဘက် စာကလေး ကို နှိပ်ကွပ်ရာမှာလည်း “ဟို.. လူယုတ်မာက.. အတည်.. ဟို..လူယုတ်မာက.. အတည်.. မုသား.. စကားတွေ.. ပြောလေပြီ..” ဆိုတဲ့ ရွှေမန်းတင်မောင် ဇာတ်ထုပ်ခင်း ကာ အကြံပိုင်ပိုင်၊ ဗမာ့မှုရေးရာ ကျွမ်းကျင်စွာ နဲ့ ရပ်ရွာဘက်က ရပ်တတ်သူလည်း ဖြစ်တယ်။
တရုတ်ကပြား အန်းတိတ် ဟာ ဘာလူမျိုးရေး အစွဲမှ မရှိဘဲ အိန္ဒိယ အစာ ကြိုက်၊ ရုပ်ရှင် ဆိုရင်လည်း ဘောဘီဝုဒ် ကုလားကားမှသာ ကြည့်တယ်။  ကုလားကားကြိုက်လွန်းလို့ သူ့နာမည် အန်းတိတ် က နေ အိန္ဒိယ နာမည်ကျော် မင်းသား ဒေ့ဗ်အာန် ရဲ့ မြန်မာအသံထွက် ‘ဒေဝါနန်း’ ဖြစ်ခဲ့ရတယ်။  အရက်ကလေးများဝင်ရင် ပတေး ထက် သာအောင် ကုလားသီချင်း ဆိုပြလေ့ရှိသူ ဖြစ်တယ်။
လူမှုရေး ကျေလွန်းသူ ကိုကြီးငွေ နဲ့ ကူညီပါရေစေ စေတနာ ရှင် အောင်ဘာလေ တို့ ဟာလည်း လုပ်သမျှ၊ ကိုင်သမျှ မှာ အရာရာ နဲ့ အကြောင်း ကြောင်း ကိုးရိုးကားရား ဖြစ်ကာ ကမောက်ကမ နိုင်မှု မျိုးစုံ တွဲနေပေမယ့် ပင်ကိုယ်စိတ်ရင်း သဘောရိုးမှုကို အမြဲ ပြတတ်တယ်။
ထုံတိုင်း ရိုးအ လှတဲ့ လှထုံ ရဲ့ ဘဝ အမြင်တွေ၊ လုပ်ဆောင်ချက်တွေ၊ ပြောဆိုပုံတွေဟာ ရိုးစင်းလှပေမယ့် ဒါဟာ အမှန်နဲ့ အနီးစပ်ဆုံး ဖြစ်နေတတ်တယ်။  ရိုးသားတဲ့ အခြေခံကျောမွဲ လူထု အများစု သည်သာ အမှန်တရား ဆိုတာကို လှထုံ မှာ တွေ့နိုင်တယ်။
ဦးဖို့ဗျော့ ဟာလည်း ရှေးရိုးစွဲ ဓလေ့ ဂွကျ တတ်ပေမယ့် ရပ်ထဲ၊ ရွာထဲမှာ လူကြီးသူမ အနေနဲ့ အရွယ်ဂုဏ်၊ ပညာဂုဏ်ရှိ အားကိုးရတယ်။
ဓာတ်ခဲ ဟာ လူငယ် သဘာဝ လွတ်လွတ်လပ်လပ်နေ၊ စိတ်ထင်ရာလုပ်၊ ပြဿနာ ရှာတတ်ပေမယ့် ပင်ကိုယ် စိတ်ရင်းစေတနာ ကောင်း၊ မဟုတ်တာကို မခံ၊ မတရားတာကို ဆန့်ကျင် သူဖြစ်တယ်။  အားနည်းသူ မောင်ကျော်လှ (လှထုံ + ကျော်ကွန့် တို့ရဲ့ သား) ကလေး ကို အမြဲ ကူညီ စောင့်ရှောက် တတ်သူ ဖြစ်တယ်။  အရပ်ထဲမှာ အဆင်းရဲဆုံးဖြစ်တဲ့ မောင်ဝ နဲ့ ရွှေကြည် နီးဖို့ အရေး အကူညီ ပေးသလို မင်္ဂလာ လက်ဖွဲ့ အတွက်လည်း အရပ်ထဲ လှည့် သူငယ်ချင်းတသိုက် ကို ဦးဆောင် ဗော်လန်တီယာ လုပ် မင်္ဂလာလက်ဖွဲ့ကြေးရအောင် စွမ်းဆောင်ပေးသူ ဖြစ်တယ်။
သူတို့ အားလုံးဟာ အားနည်းသူ ဘက်က ရပ်ကြတယ်။  မတရားမှုကို ဆန့်ကျင်လိုကြောင်းလည်း ပြကြတယ်။
ယူရို ၂၀၀၀ ဘောလုံးပွဲကြည့်တာမျိုးတောင်မှ ကိုယ်စီ၊ ကိုယ်စီ ထင်ရာ၊ မြင်ရာ အစွဲကလေးတွေနဲ့ အသင်း အသီးသီးကို စိတ်ကြိုက် အားပေးကြပေမယ့် အကြိုဗိုလ်လုပွဲ ပြင်သစ် နဲ့ ပေါ်တူဂီ ပွဲမှာတော့ ပဉ္စင်းတက်နေရာက လူထွက်ပြီး ဘောလုံးပြေးကန်သလား ထင်ရတဲ့ ပြင်သစ် ဂိုးသမား သူတို့အခေါ် “ဘသက်” (နာမည်ကြောင့် သူတို့ အထင် မြန်မာကပြား ဖြစ်ရမယ်) ကို နှစ်သက်ပေမယ့် တကယ်တမ်း ပွဲပြီးတော့ အားနည်းတဲ့ဘက်၊ မတရား အလုပ်ခံရတယ်လို့ ယူဆ တဲ့ဘက် ပေါ်တီဂီ အသင်းဘက်ကို ပြောင်း အားပေး၊ ယူကျုံးမရ ဖြစ်ကုန်တယ်။  ဗိုလ်လုပွဲ မှာလည်း အားနည်းသူ ဘက် က ဆက်လိုက်တဲ့ သဘော၊ မတရား တက်လာလေခြင်းကို မခံနိုင်၊ ဆန့်ကျင်တဲ့ သဘော အနေနဲ့ မြန်မာကပြား ဦးပဉ္စင်းလူထွက် ပြင်သစ် “ဘသက်” မျက်နှာကိုမှ မထောက်တော့ဘဲ အီတလီ အသင်းကိုသာ အားပေးတယ်။
သူတို့ အားလုံးဟာ ရပ်ရေး၊ ရွာရေး မှာ ညီညွတ်ကြတယ်။  စည်းလုံးကြတယ်။  လူမှု အလွှာ၊ ဆင်းရဲ၊ချမ်းသာ လူမျိုး၊ ဘာသာ အကန့်အသတ် မရှိ အားလုံး တစားတည်း ရပ်အကျိုး၊ ရွာ အကျိုး သယ်ပိုးကြတယ်။  ဘာသာရေး ကိုယ်စားပြု အရှင်သူမြတ် ကလည်း တရား၊ ဓမ္မ အစစ် နဲ့ လမ်းပြတယ်။  အာဏာရှိ၊ အုပ်ချုပ်သူ လူတန်းစား က လည်း တရားမျှတမှု ရှိ၊ တာဝန်ကျေ၊ တာဝန် ယူမှု ရှိတယ်။  ပစ္စည်း၊ ဥစ္စာ၊ ဓန အင်အား ရှိသူကလည်း မရှိသူကို ငဲ့တယ်။  ကူတယ်။  မျှမျှတတ ဆက်ဆံတယ်။  စာနာ စိတ်ရှိတယ်။  ငို့ဘ စိတ် နည်းကြတယ်။  ပညာတတ်သူကလည်း ပညာ ဂုဏ် မမောက်၊ မထောင်လွှားဘဲ အခြား ပညာ အခြေခံနည်း အများလူထု ရပ်သူ၊ ရွားသား အားလုံးကို ရှေ့ဆောင် လမ်းပြ ကူညီ အကျိုးဆောင်တယ်။
ဒီလို သမမျှတ၊ အတုယူဖွယ် ဖြစ်နေတဲ့ လောက အသိုင်းအဝန်း လူ့အဖွဲ့အစည်းလေးတခု ကို ဆရာ မင်းလူက သူ့ ရသ အဖွဲ့ ဝတ္ထုတွေထဲမှာ ထည့်ဖွဲ့ပြရင်း ပြင်ပ လူ့အဖွဲ့အစည်းကို တိုင်းပြည် လူထု စာဖတ်ပရိသတ် ကို အတူယူစေတယ်။
အခု မျက်မှောက်ခေတ် မှာ ဒီမိုကရေ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အတူ “တိုင်းသစ်တည်လို့ ပြည်သစ်ဆောက်မယ်” ဆိုပြီး ပြည်သူလူထု အများ၊ နိုင်ငံရေးသမား ဆိုသူများ နဲ့ အစိုးရ က ကြွေးကြော်နေကြတယ်။ ဒါပေမယ့် ကျင့်သုံးတဲ့၊ တွေးခေါ်တဲ့၊ အကျင့်၊ အကြံ၊ အပြုအမူ၊ သဘောထား နဲ့ အတွေးအခေါ် တွေကတော့ ဝမ်းနည်းဖွယ် လမ်းလွဲနေကြတယ်။  အမှန်က အထက်မှာ ဆိုပြခဲ့တဲ့ ဆရာကြီး ဇဝန နဲ့ ဆရာ မင်းလူ တို့ရဲ့ ရသဟန် ရေးဖွဲ့ ချပြ၊ လမ်းညွှန် သွားခဲ့တဲ့ “ဆိုးပေ တိုင်းပြည်” နဲ့ “ဍ လူ့အဖွဲ့အစည်း” ရဲ့ အကျင့်၊ အကြံ၊ အတွေးအခေါ်၊ အပြုအမူ၊ တွေကို တိုင်းပြည်ရဲ့ လူမှု လူတန်းစား အသီးသီး၊ အလွှာ အသီးသီးက မွေးယူ ကျင့်ကြံနိုင်ရင် အမှန်တကယ်ပဲ လက်တွေ့ တိုင်းသစ် တည်လို့ ပြည်သစ် ဆောက်နိုင်ပါမယ်။  ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေး ဒီမိုကရေစီ တရားတွေ ကြွယ်ဝလှ တဲ့ လောက နိဗ္ဗာန် ချမ်းသာကိုလည်း တပါတည်း ရရှိမှာ ဖြစ်တယ်။
ဆိုတော့ မိတ်ဆွေ စာဖတ်သူများခင်ဗျာ..။  ရှည်ရှည်ဝေးဝေး စဉ်းစားမနေပါနဲ့။  “ဆိုးပေတိုင်းပြည်” နဲ့ “ဍ လူ့အဖွဲ့အစည်း” ဆီသို့ ချီတက်ကြ ရအောင်ပါ။
ငြိမ်းချမ်းအေး
၅ သြဂုတ် ၊ ၂၀၁၃

(သြဂုတ် လ၊  ၁၄.ရက် ည ၁၁း၃၀ နာရီ မှာ ဆုံးပါး သွားရှာတဲ့ ဆရာမင်းလူသို့ ရည်စူးလျက်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်