fbpx

ဖိနပ်ချုပ်သမား နှင့် သူ ၏ မှင်စာလေးများ (Nyein Chan Aye)

December 9, 2013

ဖိနပ်ချုပ်သမား နှင့် သူ ၏ မှင်စာလေးများ

ငြိမ်းချမ်းအေး၊ ဒီဇင်ဘာ ၉ ၊ ၂၀၁၃


(စင်္ကာပူက အိန္ဒိယရွာ အဓိကရုဏ်း)
မနေ့ည က ဖြစ်ခဲ့တဲ့ စင်္ကာပူ Little India အဓိကရုဏ်း ဖြစ်စဉ်အပြီးမှာ စင်္ကာပူ ကိုရေးစစ် များရဲ့ နိုင်ငံခြားသား အမုန်း အွန်လိုင်း စစ်ဆင်ရေး က ကပ်လာခဲ့တယ်။  ဒါပေမယ့် အိမ်က ကွန်ပျူတာရှေ့ အရောက် ချက်ချင်း ရဲ လာဖမ်းတဲ့ တိုင်းပြည်မျိုးဆိုတော့ သူတို့ စကားလုံးတွေကတော့ အမြင်တင့်တယ်တာပေါ့။  သဘောထား အမြင်တွေကတော့ မနှစ်မြို့ဖွယ်ပါပဲ။

တခါက Hate Speech ဆောင်းပါး အပြီးမှာ အယ်ဒီတာ ကို ပြောဖူးတယ်။  စင်္ကာပူ ရဲ့ လူမျိုးရေး အမြင်၊ အစွဲ ကလည်း ဗမာပြည် အောက် မလျော့ဘူး။  ဒါပေမယ့် အမုန်းစိတ်ကို ဥပဒေ နဲ့ ဖိထားလို့သာ..။

နိုင်ငံကြီးသားဖြစ်အောင်၊ တနည်း လူပီသ ဖို့ တခြား တော်သင့်မှန်ကန် ဆေးဝါးကောင်းတွေနဲ့လည်း စင်္ကာပူများ ကြိုးစားနေ၊ ကြိုးစားခဲ့ပါရဲ့..။  ဒါပေမယ့် တိုင်းပြည် တည်ထောင်ထားတဲ့ စနစ်ပုံစံကကို အာဏာရှင်တပိုင်း အမိန့်ပေးမှု-နာခံမှု က အဓိက ဆိုတော့ ဥပဒေ လက်နက် ကသာ အခရာ ဖြစ်လျက်ပါပဲ။  စင်္ကာပူ မှာ အရာရာဟာ တရားဥပဒေ ဆေးကြိမ်လုံး က စွမ်းနေဆဲပါပဲ။

ဥပဒေ က လူတွေရဲ့ ကျင့်ဝတ်သီလ နဲ့ လူသားပီသမှု ကို မဖွံ့ဖြိုးစေဘူးဆိုတာကို အကောင်းဆုံး ဥပမာ ပြနေသလိုပါပဲ..။

ဒီကိစ္စတွေကို လီကွမ်ယုတို့ ကောင်းကောင်းသိတာပေါ့။  လူသားကျင့်ဝတ် ပြဿနာ တွေ အတွက် အဖြေအများကြီး ရှာခဲ့တာပါပဲ။  ဒါပေမယ့် ပြဿနာ က ခေါင်းဆောင်မှုပိုင်းမှာကိုက သမားရိုးကျ အမြင်တွေရှိနေတာ၊ လူမျိုးရေး ခွဲခြားမှု အခံ ရှိနေတာ။  လူသားပီသမှုကို “အာရှတန်ဖိုး” ဆိုတဲ့ ခေါင်းစဉ် အသစ်ရှာ အဓိပ္ပာယ် အသစ် ဖွင့်ချင်ခဲ့ကြတယ်။  လူသားဝါဒမှာ အရှေ့-အနောက်၊ အာရှ-ဥရောပ မရှိ လူသားမျိုးနွယ် တခုလုံး ရဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောဆိုတာကို မသိချင်ယောင်ဆောင်ခဲ့ကြတယ်။  နိုင်ငံရေး၊ စီးပွားရေး အလိုအတွက်လည်း ပါတာပေါ့။

ခေါင်းဆောင်ပိုင်းဟာ သူတို့ရဲ့ ပုဂ္ဂလိက ခံစားချက် နဲ့ အမြင်ကို တိုင်းပြည်အကျိုးစီးပွား မျက်နှာထောက်ပြီး စနစ်မှာ တရားလွန် ထည့်သွင်းပုံဖော်မှု အင်မတန် နည်းပေမယ့် အဓိက ပြဿနာ က နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား လုပ်အား နဲ့ တိုင်းပြည် ချမ်းသာပြီး နောက်ပိုင်း လုပ်ငန်းခွင်တွေမှာ စင်္ကာပူရီယန်း အသားပေး အခွင့်ထူးခံ ခွဲခြားမှုက အသားကျသွားခဲ့တယ်။  အခြား ဒီမိုကရက်တစ် (ဆိုတဲ့) နိုင်ငံကြီးများမှာလည်း အလားတူပဲမို့ ဒီသဘောရဲ့ အပြစ်အနာအဆာ နဲ့ အကျိုးသက်ရောက်မှု ကို မျက်ကွယ်ပြုခဲ့ကြတယ်။  ဒါဟာ တရားကြောင်း၊ မှန်ကြောင်း Justify လုပ်စရာ အကြောင်းပြချက်ကောင်းကောင်းတွေ  ရှာတတ်သွားတယ်။  ဥပမာ – နိုင်ငံသား အကျိုးစီးပွား ကာကွယ်ခြင်း။


(မျက်နှာလိုက်တဲ့ လူ့အခွင့်အရေးနဲ့ စင်္ကာပူ)
ဒါပေမယ့် အလုပ်သမား အခွင့်အရေး မှာတော့ ဒီမိုကရေစီ အခြေကျပြီးတဲ့ အနောက်တိုင်းပြည်များ မဆိုထားနဲ့ ဒေသတွင်း ဒီမိုကရေစီ နိုင်ငံများ နဲ့ ယှဉ်ရင်ကို ရှက်ဖွယ်ဖြစ်နေတယ်။  ဥပမာ – လုပ်ငန်းခွင် အခြေအနေ သာယာဝပြောမှု၊ နေထိုင်မှု၊ ဆက်ဆံမှု ပုံစံမှာ ထောက်ပြစရာတွေ အများကြီး ရှိနေသေးတဲ့ ဟောင်ကောင် ရဲ့ အိမ်အကူ လုပ်သား ဈေးကွက် နဲ့ ယှဉ်ရာမှာကို စင်္ကာပူ ဟာ လစာ နဲ့ အခြား အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေဟာ နိမ့်ကျနေသေးတယ်။

အာဏာရှင်တပိုင်း နိုင်ငံရေး စနစ်လည်း ဖြစ်နေတော့ စီးပွားရေးလုပ်ငန်းကြီးများ နဲ့ တဦးချင်း လူစိတ်မရှိသူများရဲ့ နိုင်ငံခြားသား အလုပ်သမားအပေါ် တရားမဲ့မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု တချို့ ဟာ နိုင်ငံ ပြဋ္ဌာန်း ဥပဒေတွေရဲ့ ဘောင်အတွင်း ဝင်နေတာတွေလည်း အများကြီး ရှိနေပြန်တယ်။  လွတ်လပ်၊ တက်ကြွ ဘက်ပေါင်းစုံ အမြင်ပေးတဲ့ စာနယ်ဇင်းလည်း မရှိတော့ စင်္ကာပူ ရဲ့ အလုပ်သမား အရေးဟာ အာဏာရ တပါတီ အစိုးရ ပုံဖော်စေချင်သလိုသာ မီဒီယာ မှာ အများစု ပုံပေါ်နေတယ်။

            လုပ်ငန်းခွင် အခြေအနေ ခွဲခြားမှုဟာ လူမျိုးရေး အမြင် အပေါ် အခြေခံတယ်ဆိုပေမယ့် တကယ်က စီးပွားရေးသမား ရဲ့ စနစ်အပေါ် မူတည် အသုံးချပြီး ကိုယ်ကျိုးရှာမှု၊ အရင်းနည်း အမြတ်များများ ကျန်အောင် လုပ်မှုက အဓိက ပါပဲ။  ဒါကလည်း အရင်းရှင်စီးပွားရေး စနစ် နဲ့ အားနည်းချက် တခုပါပဲ။  ဒါကို ကျားကန်မှုက စနစ်ကို အရင်းတိုင် မတို့မထိတဲ့ အလုပ်သမား တွေ အတွက် လူမှုဘဝဖူလုံရေး စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဟန်ပြ လူမှုကျင့်ဝတ်တာဝန် သတ်မှတ်ခြင်း အစီအစဉ် ဆိုတဲ့ “လူမှုကုထုံး” ပါ။


(အာရှက လူ့အခွင့်အရေး စံချိန်ဆိုတာ အပြင်လူ မပါ)
စင်္ကာပူလိုပဲ တောင်အာရှ က အလုပ်သမားတွေကို အမှီပြုနေရတဲ့ လူဦးရေနည်း အရှေ့အလယ်ပိုင်းက လူချမ်းသာ ရေနံသူဌေး တိုင်းပြည်များမှာလည်း အလားတူဖြစ်စဉ်တွေ ရှိတာပါပဲ။  တောင်အာရှ ရဲ့ အလုပ်သမား တချို့က ဆို သူတို့နဲ့ ကိုးကွယ်ယုံကြည်မှု ဘာသာတူတွေပါပဲ။  ဘာသာတရား ကလည်း အမြတ်ကြီးစားမှုကို ပြင်းပြင်းထန်ထန် တားမြစ်တာပါပဲ။  ဒါပေမယ့် စီးပွားရေးသမားမှာ ဘာသာတရား ဆိုတာ မရှိပါဘူး။  ဒါကြောင့် လူမျိုး-ဘာသာ နောက်ခံ ဆိုတာထက် စီးပွားသောင်းကျန်းများရဲ့ စနစ် အပေါ်ကနေ ရသလာက် နှိုက်ထုတ် ကိုယ်ကျိုးရှာခြင်းက အဓိက ပါလို့ အထက်မှာ ဆိုခဲ့တာပါ။ 

အခု ရာသီဥတုကြောင့် အငြင်းပွားဖွယ်ဖြစ်နေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင် ကာတာ ဟာ ပြိုင်ပွဲ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အသုံးချရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ် တရားမဲ့ ပြုကျင့်မှုတွေ အတွက် အကြီးအကျယ် ဝေဖန်ခံနေရတယ်။  ကမ္ဘာ့မီဒီယာတွေမှာ “ခေတ်သစ် ငွေဝယ်ကျွန်များ” ခေါင်းစဉ်တပ် စွပ်စွဲမှုကိုခံနေရပြီး မျက်နှာ ပျက်စရာ ကြုံနေရတယ်။

အနောက်ဥရောပ နိုင်ငံကြီးများရဲ့ ရာသီဥတု ပူပြင်းမှု ထောက်ပြချက်ကို လိုအပ်ရင် တနိုင်ငံလုံး လေအေးပေးစက် တပ်ပေးနိုင်တယ် ဆိုပြီး ခပ်မာမာ တုံ့ပြန်နိုင်တဲ့ ကာတာ ရဲ့ တည်ဆောက်ရေး စီးပွားရေးလုပ်ငန်းစုကြီးတွေဟာ ကိုယ့်အကျိုးစီးပွား အတွက် လုပ်ပေးနေသူ အလုပ်သမား များအပေါ် မှာတော့ အေးမြမှု မပေးချင်၊ သာယာဝပြောမှု မဖော်ဆောင်ချင်ကြဘူး။  ဒီ စီပွားရေး လုပ်ငန်းကြီးတွေကို ကာတာ လို့သာ နာမည်တပ်ဆိုတာ၊ တကယ်က ခေတ်သစ် အရင်းရှင်စီးပွားရေး စနစ် ရဲ့ ကမ္ဘာလုံးပတ်လည် စီးပွားရှာမှု ပုံစံကြောင့် အနောက် ဒီမိုကရက်တစ် နိုင်ငံကြီးတွေရဲ့ အရင်းအနှီး၊ အကျိုးစီးပွား ဆက်စပ် ပါနေတာတွေလည်း ရှိတာပါပဲ။

စင်္ကာပူ ဘက်ပြန်ကြည့်ပြန်ရင်လည်း အလားတူ သဘောပဲ။  မျိုးနွယ်တူ၊ ဘာသာစကား  တူ ပြည်မ တရုတ်ပြည် က အထွေထွေ အလုပ်သမား ရွှေ့ပြောင်း အလုပ်သမား တွေ အပေါ် တရားမဲ့မှု က ကြောက်ခမန်းလိလိ ပါပဲ။  စင်္ကာပူ ကျောင်းဆောင် တခုမှာ နေခဲ့တုန်းက တွေ့ခဲ့ဖူးတဲ့ သန့်ရှင်းရေး ဝန်ထမ်း အမျိုးသမီးကြီးတဦး ကို တရုတ်ဘာသာစကား တတ်သူ အကူအညီနဲ့ “ခင်ဗျား လစာ ဘယ်တော့ ရမလဲ” မေးကြည့်ဖူးတယ်။  ဘာခံစားချက်မှ မရှိတဲ့ မျက်နှာသေ နဲ့  တည်တည်ငြိမ်ငြိမ် ပြန်ဖြေတယ်။  “နောက်နှစ်မှာ ရမယ်..။”  ဒီ တနှစ်စာ လခ က ကြား လူပွဲစား ဝန်ဆောင်ခ ကိုး..။  သူ ဒီ အခြေအနေကို ကျေနပ်တယ်၊ ပျော်ရွှင်တယ် လုံးဝ မဆိုနိုင်ပေမယ့် အပြည့်အဝ လက်ခံဟန် ရှိတယ်။  နောက်နှစ်မှာ ပြည်ကြီး က သူ့ မိသားစု ကို ငွေပို့နိုင်တော့မှာ ကိုး..။  သူ့ လိုမျိုး လာချင်သူ သူ့ မိသားစုမှာကို အများကြီး ရှိနေတယ်။

ဒီအမြင်၊ ဒီသဘောဟာ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား နဲ့ အိမ်ရှင် ဘက်နှစ်ဖက်စလုံးမှာ ဝမ်းနည်းဖွယ် အသားကျနေတယ်။ 

မနှစ်က စင်္ကာပူမှာ ဖြစ်ခဲ့တဲ့ ရှားပါး ဖြစ်စဉ် ပြည်မ တရုတ်ပြည် က လာ အလုပ် လုပ်တဲ့ Bus ကားမောင်းဆရာတွေရဲ့ ဆန္ဒပြမှု ဖြစ်စဉ်ကို စင်္ကာပူများ တုံ့ပြန်ခဲ့ပုံကို ကြည့်ပါ။  ယေဘုယျ အမြင်ဟာ “ဒါ.. ကမ်းတက်တာပဲ၊ ဒင်းတို့ နိုင်ငံထက် စာရင် ဒီမှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ခွင့်ရနေတဲ့ဟာကို..” ဆိုတဲ့ သဘောထက် မပိုခဲ့ပါဘူး။  အများစု သဘောထားမှာတော့ ကားဆရာတွေ အပေါ် (အလုပ်သမား အပေါ်) အလုပ်ရှင် ရဲ့ လူသား ရာဇဝတ် မှု ကျူးလွန်နေခြင်း၊ ဒါကို မခံနိုင်လွန်းလို့ ဆန္ဒပြရခြင်း ဆိုတဲ့ သဘော မပေါ်ခဲ့ပါဘူး။  ဒီလို မြင်နိုင်ဖို့လည်း စင်္ကာပူရဲ့ နိုင်ငံရေး ရေချိန်က ခွင့်မပြုခဲ့ပါဘူး။  အထိန်းချုပ်ခံ မီဒီယာ ကလည်း ကြိုးစား ပုံမဖေါ်ခဲ့ပါဘူး။  အစိုးရကလည်း လူမြင်ကောင်းစေဖို့ရာ ဥပဒေ ဆိုင်ရာ၊ လုပ်ထုံးလုပ်နည်း ဆိုင်ရာ ပြင်ဆင်သတ်မှတ်ပေးဖို့ စဉ်းစား စီစဉ်တာကလွဲလို့ ကျယ်ပြန့်တဲ့ လူသားအခွင့်အရေး ပြဿနာ အတွက် အဖြေမရှာခဲ့ပါဘူး။  ဒါက စီးပွားရေး သဘော  လုပ်ငန်းရှင်-အလုပ်သမား ပြဿနာ။

(နိုင်ငံခြားသားတွေက လူဝါးဝလာတတ်တယ် ဆိုပဲ)

ပုဂ္ဂလိက လူတဦးချင်းလို့ ဆိုနိုင်တဲ့ အိမ်အကူ အလုပ်သမား နဲ့ အိမ်ရှင် ပြဿနာ ကိုလည်း ကြည့်ပါ။  မနှစ် နှစ်ဆန်းလောက်ကပဲ အစိုးရ က By Force  ပြဋ္ဌာန်း သတ်မှတ်လိုက်ရတဲ့ အိမ်အကူ အလုပ်သမားတွေ ရဲ့ တရားဝင် အားလပ်ရက် ကိစ္စကို လူတချို့ တုံ့ပြန်ခဲ့ပုံက “နိုင်ငံခြားသားတွေ လူပါးဝ လာတတ်ကြတယ်..” ဆိုတဲ့ သဘောမျိုးပါပဲ။

ဆိုတော့ နိုင်ငံရေး စနစ်၊ စီးပွားရေး စနစ်အပေါ်အခြေတည်ပြီးတော့ နောက်ဆက်တွဲ ကပ်ပါလာတဲ့ ရောဂါ လူသားကျင့်ဝတ်တာဝန် ပျက်ယွင်းမှု၊ လူမပီသမှု ပြဿနာ၊ တနည်း တတိယနိုင်ငံ ကနေ ရုပ်ဝတ္ထု အခြေပြု၊ စီးပွားကို ပုံဖော်၊ ဓန ကို တည်ဆောက်ပြီး ပထမ နိုင်ငံ အဖြစ် အချိန်တို အတွင်းမှာ ပြောင်းလဲ တည်ဆောက်နိုင်ခဲ့ပေမယ့် ကျင့်ဝတ်၊ သီလ၊ စာရိတ္တ နာမ် ပိုင်းဆိုင် နိုင်ငံကြီးသား အဖြစ် ပြောင်းလဲ ဖွံ့ဖြိုးမှုနည်းမှု ပြဿနာ က စင်္ကာပူ လူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်းရှိုင်း၊ ထဲထဲဝင်ဝင် ကျန်နေသေးပါတယ်။

[စကားချပ် – ဒီလို သူများ နိုင်ငံတွေအကြောင်း အသေးစိတ် ဆွေးနွေး ရေးပြတာက ဗမာ့ လူ့အဖွဲ့အစည်း အနေနဲ့ အတုယူ နိုင်ဖို့ပါ။  လူသားပီသမှု ဂုဏ်အင် ကို မြတ်နိုး အလေးထား တတ်အောင်ပါ။  တိုင်းပြည် တိုးတက်ဖွံ့ဖြိုး ချမ်းသာ၊ နိုင်ငံကြီး တနိုင်ငံဖြစ်အောင် လုပ်မယ်  ဆိုတာမှာ စာရိတ္တပိုင်းဆိုင်ရာ၊ လူသားကျင့်ဝတ်တာဝန် သိတတ်ခြင်း က ပဓာန အရင်းခံပါ။    

တိုင်းပြည် က ဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ အိမ်ရှင် က နိုင်ငံခြားသား အလုပ်သမား ကို ရေနွေးပူလောင်း၊ မီးပူကပ်၊ နေအိမ် အကျဉ်းချ ဖြစ်စဉ်တွေရှိနေရင်၊ အလုပ်သမား တယောက် ဟာ လုပ်ငန်းခွင်မှာ၊ လူမှုဘဝမှာ လူသားတဦး ရှိသင့်၊ ရှိထိုက်၊ ရသင့်၊ ရထိုက်တဲ့ မွေးရာပါ အခွင့်အရေး ဆုံးရှုံး နေရင်၊ ဒါမျိုးဟာ ဂုဏ်ယူစရာ မဟုတ်ပါ။  ဒီလို အခြေအနေ အလား သဏ္ဌာန် တူ ဖြစ်ရပ်တွေဟာ ဗမာ့လူ့အဖွဲ့အစည်း ကိုယ့်နိုင်ငံသားချင်း၊ လူမျိုးတူချင်းမှာကို ဖြစ်ပျက်နေ၊ သတင်းဆိုးတွေ ကြားနေ၊ မြင်နေရပါတယ်။

ပိုဝမ်းနည်းဖို့ကောင်းတာက ဗမာ အလယ်အလတ်တန်းစား ပညာတတ်ဆိုသူတချို့ရဲ့ မိမိ ရဲ့ မနှစ်မြို့ဖွယ်၊ အန်ချင်ဖွယ် အတွေးအခေါ် တချို့ ကို တရားမျှတမှု ကြံဖန်ရှာပုံက စင်္ကာပူ မှာဆို “နိုင်ငံခြားသား  ကို ဘယ်လို လုပ်ထားတာ” ဆိုတဲ့ အမြင်၊ သဘောတွေပါ။  အတုယူချင်လည်း ယူကြပေါ့။  ဒါပေမယ့် ဂုဏ်ယူစရာတော့ မဟုတ်ပါ။  ဒါအတွက် အခု ဆောင်းပါး ရေးခြင်းပါ။  အလုပ်သမား အခွင့်အရေး ပြဿနာ ဟာ ဒေသတွင်းဆိုင်ရာ ပြဿနာ ဖြစ်သလို၊ ကမ္ဘာ တဝှမ်း တတိယနိုင်ငံတွေမှာ ခံစားနေရတဲ့ အရင်းရှင်စနစ်ဆိုး၊ နိုင်ငံတကာ စီးပွားလုပ်ငန်းစုကြီးများ ရဲ့ နောက်ဆက်တွဲ ဒဏ်လည်း ဖြစ်တယ်။]

စင်္ကာပူ ကို ပြန်ဆက်ရရင် ဆိုခဲ့သလို ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်နေမှု အခြေအနေကို နှစ်ဖက်စလုံးက အသားကျ လက်ခံနေတယ်။  အိမ်ရှင်ဘက်က အမြင် က သူတို့ဟာ ဆင်းရဲတဲ့ တတိယနိုင်ငံတွေက လာတာ၊ ဒီလောက်နဲ့ပဲ ကျေနပ်သင့်တယ်၊ နိုင်ငံခြားသား အလုပ်သမား အမြင်ကလည်း တသဘောတည်း ငါ့ဝမ်းပူဆာ မနေသာ၊ ဝမ်းရေး အတွက်၊ မိခင်တိုင်းပြည်မှာ ကျန်ခဲ့တဲ့ မိသားစု အတွက် ရသမျှ အခြေအနေကို ရောင့်ရဲတင်းတိမ်၊ ပေးတာယူ၊ ကျွေးတာစား၊ ကုပ်ကုပ်နေ ဆိုတဲ့ စက်ရုပ်အလုပ်သမား အဖြစ် ပြောင်းလဲခံယူ လူသား အတွေးအခေါ်၊ ခံစားချက် နဲ့ ဂုဏ်သိက္ခာ ကို ချနင်းနေရတယ်။


(အသားကျနေပြီဖြစ်တဲ့ ဖိနှိပ်ခွဲခြားမှုများ)

စင်္ကာပူ ရဲ့ နောက် ပြဿနာ တခုက အစွဲစိတ် နဲ့ ပုံတူစဉ်းစား တသမတ်တည်း ကောက်ချက်ချ အမျိုးအစားခွဲခြင်းပါ။  ဆင်းရဲ တဲ့ နိုင်ငံကလာတဲ့ အထွေထွေ ကာယ လုပ်သားတွေဟာ ပညာမတတ်၊ စည်းမဲ့ကမ်းမဲ့၊ အရိုင်းအစိုင်း ပြဿနာ ကောင် လူဆိုးတွေ ဆိုတဲ့ အမြင် နဲ့ ပြုမူ ဆက်ဆံလိုခြင်း သဘော ယေဘုယျ အနည်း၊ အများ တည်ရှိနေတယ်။  လူသားတဦး မွေးဖွားကြီးပြင်း ရှင်သန်ခဲ့ရာ နောက်ခံ အခြေအနေ၊ လက်ရှိ ရင်ဆိုင်နေရတဲ့ လူမှု-စီးပွား-လုပ်ငန်းခွင် ဘဝ ခက်ထန်မှု စတဲ့ ကျယ်ပြန့်တဲ့ နောက်ခံကားချပ် ကို ဘောင်ချဲ့ မကြည့်ဘဲ ပုံသေ အမျိုးအစားခွဲခြား ဟာ လုပ်ငန်းခွင်မှာ၊ နေ့စဉ် လူမှုဘဝ မှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်။  ငါတို့ က တိုးတက်ဖွံ့ဖြိုး ချမ်းသာပြီး ပထမ နိုင်ငံက လူတွေ၊ ပိုယဉ်ကျေးတယ် (သူတို့ လိုသလို ပုံဖော် တဲ့ ယဉ်ကျေးမှု)၊ ပို ကြီးမြတ် “Superior” ဖြစ်တယ်၊ ငါတို့ကပဲ လူ  လိုနေမယ်၊ လူ လို အခွင့်အရေး ရပိုင်ခွင့် ယူမယ်၊ သူတို့ကို တဆင့်ချ ကြေးကျွန် လို ထားရမယ် ဆိုတဲ့ (၂၁) ရာစု လူသားအတွေးအခေါ် နဲ့ ဆန့်ကျင် တွေးခေါ်၊ ပြုမူ၊ ဆက်ဆံ၊ ကျင့်သုံးလိုမှုတွေ တွေ့နေရသေးတယ်။  အလုပ်သမားတယောက်ကို အရည်အချင်း နဲ့ အလုပ်ပြီးမြောက်မှုအပေါ် အခြေမခံဘဲ လာခဲ့တဲ့ လူမျိုး၊ နိုင်ငံ နောက်ခံ အပေါ် ကြည့်ပြီး လစာ နဲ့ အခွင့်အရေး ပေးခြင်း ကို မေးခွန်းထုတ်သူ၊ စောကြော ဝေဖန်သူတွေ နည်းနေသေးတယ်။

စင်္ကာပူ ရဲ့ ပြောင်းပြန် အချိုးကျတဲ့ ပုံသေ ကားချပ်ချ စဉ်းစား မှု တခု ကတော့ တတိယနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေလိုပဲ လူမှု-စီးပွား အလို့ငှာ စင်္ကာပူ ကို လာရောက် အခြေချ ဝမ်းစာ လာရှာတဲ့ တိုးတက်ပြီး လူဖြူ အနောက်နိုင်ငံကြီးများ က သူများကိုကျ ပစား ပေး ဆက်ဆံမှုပါ။  စင်္ကာပူ ဉာဏ လုပ်ငန်းခွင် အတွေ့အကြုံရှိသူ စာဖတ်သူ တချို့ဆိုရင် သတိထားမိကောင်း ထားမိပါမယ်။  ဒါဟာ အသားအရောင်၊ လူမျိုးရေး အမြင်တွေ အပြင် လူဖြူအရှင်သခင်ကြီးများရဲ့ ကျွန်ပြုခံ အတိတ် ကိုလိုနီ သမိုင်းအမွေ အာရှ ရဲ့ ကျွန်စိတ် မပျောက်သေးမှု တခုပါပဲ။

ဒီအနေထားကို မနှစ်မြို့ ပြင်စေချင်သူ စင်္ကာပူ နိုင်ငံသားတွေလည်း အများကြီး ရှိပါတယ်။  အထူးသဖြင့် ကိုယ်ပိုင် အာဘော်တွေကို ခေတ်နည်းပညာ အသုံးချ အသံထွက်နေတဲ့ အိုင်တီမျိုးဆက် လူငယ်လေးတွေပါပဲ။  အဲဒီ အထဲမှာ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူ၊ စိတ်ဝင်စားသူ လူငယ်၊ လူရွယ်လေးတွေလည်း ပါတယ်။  မနှစ်ကတင် တရုတ်အနွယ် စင်္ကာပူရီယန်း လူငယ် တယောက် ဟာ တောင်အာရှသား ရွှေ့ပြောင်းအလုပ်သမား များနေထိုင်ရာ ကို သွားရောက်လေ့လာခဲ့ပြီး လူ အယောက် (၄၀) လောက် စု အိပ်နေရတဲ့ အခန်းတွေ အပါအဝင် အလုပ်သမားတွေရဲ့ လက်သင့်မခံနိုင်ဖွယ် နေထိုင်မှုဘဝ ကို ရုပ်သံ မှတ်တမ်း နဲ့တကွ အွန်လိုင်း မှာ ဖွင့်ချခဲ့သေးတယ်။  သူ့ရဲ့ တင်ပြမှုမှာ စိတ်ကို အထိခိုက်စေခဲ့ဆုံးက ရိုးရိုးသားသား  ဝင်ငွေ ရှာနေတဲ့ အလုပ်သမား တယောက် ဒီလို မနှစ်မြို့ဖွယ် အခြေအနေကို ကျေနပ်လက်ခံနေရတာ၊ ပြန်လည် တောင်းဆိုခွင့် မရှိဖြစ်နေတာဟာ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းလို့ ခေါ်ဆိုနိုင်မလားဆိုပြီး စင်္ကာပူ နိုင်ငံသားတွေကို မေးခွန်းထုတ်ခဲ့မှုပါ။  သူ သုံးသွားခဲ့တဲ့ စကားလုံးလေးက သိပ်လှ၊ သိပ်ထိတယ်။  “Human decency”.. ပါတဲ့..။

ဒါကတော့ စင်္ကာပူ ရဲ့ ရွှေ့ပြောင်းအလုပ်သမား နဲ့ ဆက်စပ်တဲ့ နောက်ခံမြင်ကွင်းပါပဲ။


(ဘယ်လို တုန့်ပြန်ကြမှာလဲ …)

အခု မနေ့ညက ဖြစ်စဉ်ကိုကြည့်ရင် သာမန် လူသေ ယာဉ်တိုက်မှု တခု ကနေ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခ တခု ဆိုတာထက် ပိုတယ်။  နောက်ခံ အကြောင်းရင်းတွေမှာ ဆွေးနွေးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား ပြဿနာတွေက ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်နေတယ်။  ဖြစ်စဉ်မှာမပါဝင်တဲ့ နှစ်ဖက်စလုံး သာမန်လူများရဲ့ တုံ့ပြန်ပုံ ကလည်း ဒီသဘောကိုပဲ အဓိက အခြေခံတယ်။  အိမ်ရှင်ဖက်  အနေနဲ့ အခုလို အကြမ်းဖက်မှု ဖြစ်ခဲ့တော့ “ငါတို့ မပြောဘူးလား၊ ငါတို့ မှန်တယ်” ဆိုတဲ့ အကြောင်းပြချက်ကောင်းတွေ ရသွား၊ ကျင့်ဝတ်အသိ အတွက် ဆင်ခြေ ပေးစရာတွေ ရသွားခဲ့တယ်။

စင်္ကာပူ အစိုးရရဲ့ ကိုင်တွယ်ပုံ၊ အဓိကရုဏ်း နှိမ်နင်းပုံက စနစ်တကျ လေ့ကျင့်သင်ကြားထားသူတွေကို အသုံးပြုပြီး သေနတ်တချက်မဖာက် အလျှင်အမြန် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ မီဒီယာ မှာ အမြင်လှသလို ထောက်ပြစရာလည်း ကင်းခဲ့တယ်။  ဒါပေမယ့် နောက်ဆက်တွဲ အရေးယူမှုမှာတော့ ထုံးစံအတိုင်း တရားဥပဒေ ရဲ့ အကာအကွယ်ကို ယူပြီး လူ့အဖွဲ့အစည်း စနစ်ရဲ့ တရားမဲ့မှု ကို လော်ဘီ လုပ်ဦးမှာပါပဲ။  စနစ် ကို မပြင်ဘဲ အကြောက်တရား နဲ့သာ၊ အမိန့်အာဏာ နဲ့သာ အလုပ်သမား တွေကို ခြောက်လှန့် ဖိနှိပ်ဖို့ ကြံစည်ဦးမှာပါပဲ။  နောက်ဆက်တွဲ ထောင်ဒဏ်၊ ကြိမ်ဒဏ် တွေ ကပ်ပါလာဦးမှာပါပဲ။

ဒီ ဖြစ်စဉ် ကို စင်္ကာပူ ရောက် ကိုရွှေဗမာတချို့ တုံ့ပြန်ပုံကလည်း မှတ်သားဖွယ်ပါပဲ။

ဆွေးနွေးခဲ့တဲ့ ရွှေ့ပြောင်း အလုပ်သမား အခွင့် အရေး ဖြစ်စဉ် ဟာ ဗမာပြည်က လာတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကိုလည်း အနည်းအများ သက်ရောက်တယ်။  ကာယ၊ ဉာဏ အလုပ်နှစ်မျိုးစလုံး မှာ ခံစားခွင့် အခြေအနေက ဗမာတွေ အတွက်လည်း ထူးမခြားနားပဲ။  ဒီလို အလားတူ အခြေအနေက ဗမာများ အတွက် စင်္ကာပူ တခုတည်းမှာတင်မဟုတ် ယိုးဒယား မှာ၊ မလေးရှားမှာ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ (အထူးသဖြင့် အထွေထွေအလုပ်သမားများ) ရင်ဆိုင် ကြုံတွေ့နေရတယ်။

ဒါပေမယ့် လူတချို့ တုံ့ပြန်ပုံ က တောင်အာရှသားများ ပါလာတဲ့ အ တွက် ဝမ်းသာအားရ ပုံစံပေါက်သလို ဖြစ်နေတာ ကို တွေ့ရသလို၊ ကိုယ့်ဝမ်းစာ ကိုယ်ရှာ ငြိမ်ငြိမ်သက်သက် ပြဿနာ မတက်အောင်နေ၊ ထမင်းအိုးကွဲမယ်ဆိုတဲ့ အမြင်တွေကိုလည်း  ဝမ်းနည်းဖွယ်တွေ့နေရတယ်။

လူမျိုးရေး အမြင် မကြည်လင်မှု တွေ  အပြင် ဘဝတူချင်းကို နည်းနည်းအနေချောင်၊ အစား ချောင်တာနဲ့ပဲ စနစ်ဆိုး ကို အပြစ်မမြင်နိုင်ကြတော့ဘူး။  မြင်ရကောင်းမှန်းလည်း သိပုံမရဘူး။  ဒီအတွက်လည်း အံ့အား သင့်လှချည်းရဲ့တော့ မဟုတ်ပါဘူး။  စနစ်ကို တိုင်တည် ပြီးမြောက် အဖြေရှာလိုမှု နဲ့ လူသားပီသမှု တရားဟာ ဗမာပြည်မှာလည်း ခေတ်ဆိုး၊ စနစ်ဆိုး၊ လူဆိုး တွေရဲ့ ဒဏ်ကြောင့် ကွယ်ပျောက် အားနည်းနေခဲ့ကာကို နားလည်ပြီးသားပါပဲ။  ခုဆွေးနွေးချက်ကလည်း ရသေ့စိတ်ဖြေ သဘောပါပဲ။  ကျင့်ဝတ်တာဝန် အရ မနေနိုင်လို့ အန်ချခြင်း တမျိုးပါပဲ။

နိဂုံးချုပ်ရရင် ဒီစာစု ဆွေးနွေးချက်ကို ဘာခေါင်းစဉ် တပ်မလဲ စဉ်းစားရတယ်။  ဖန်တရာတေ အသုံး “ခေတ်သစ် ဦးလေးတွမ် များ” လို့ပဲ တပ်မလားပေါ့။  နောက်ဆုံးတော့ လူပု မှင်စာ လေးများရဲ့ အကူအညီနဲ့ ငွေကြေးချမ်းသာလာရသူ လူကြီးကြီး ဖိနိပ်ချုပ်သမားတယောက် အကြောင်းဖွဲ့ (၁၉) ရာစု ဂျာမန် ပုံပြင် ကလေး တပုဒ် ဖြစ်တဲ့ “ဖိနပ်ချုပ်သမား နှင့် သူ ၏ မှင်စာလေးများ” ခေါင်းစဉ်ကိုပဲ ယူလိုက်တော့တယ်။  မှင်စာလေးများ အကူအညီ နဲ့ ရလာတဲ့ ကြွယ်ဝမှု ကို လိုအပ်နေသူကို ပြန်လည်ဝေငှတဲ့၊ မှင်စာလေးတွေအတွက် အဝတ်ပြန်လည် ချုပ်ပေးတဲ့ ပုံပြင် ပါ ဖိနပ်ချုပ်သမားကိုတော့ ဒီလို ခေါင်းစဉ်  တပ်လိုက်ရခြင်းအတွက် အားနာမိပါရဲ့။  ဒါပေမယ့် လူသားဂုဏ်သိက္ခာ ကို ချနင်း စီးပွားရှာတဲ့ အရင်းရှင်စနစ်ဆိုးမှာ လူပု မှင်စာလေး ဟာ ခင်ဗျားလည်း ဖြစ်တယ်၊ စာရေးသူ ကျနော်လည်း ဖြစ်တယ် ဆိုတာကို မြင်စေချင်လို့ ဒီခေါင်းစဉ်ကိုပဲ ရွေးလိုက်ပါတယ်။


ငြိမ်းချမ်းအေး

၀၉၊ ဒီဇင်ဘာ၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Nyein Chan Aye, Op-Ed

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)