Than Win Hlaing – Articles

August 4, 2013

သမိုင်းတကွေ့မှ နိုင်ငံခြားသားများ
သခင်အောင်ဆန်းအား ဆုတော်ငွေ ငါးကျပ်တန် ဖမ်းဝရမ်းထုတ်ခဲ့သည့် ရာဇ၀တ်ဝန် ဇေဗီးယား
သန်းဝင်းလှိုင်
သြဂုတ်လ ၄၊ ၂၀၁၃

မြန်မာ့သမိုင်းတကွေ့၌ လွန်ခဲ့သော ၇၃ နှစ် (၁၉၄၀) က နောင်တွင် အမျိုးသားခေါင်းဆောင်ကြီးဖြစ်လာမည့် သခင်အောင်ဆန်းအား ဇလွန်မြို့၌ကျင်းပသော ဟင်္သာတစီရင်ထုံးဆိုင်ရာ တို့ဗမာအစည်းအရုံးညီလာခံတွင် ၁၉၄၀ ပြည့် ဇွန်လ ၁ ရက် စနေနေ့ည၌ နယ်ချဲ့ဗြိတိသျှအစိုးရအား အကြည်ညိုပျက်စေရန် တရားဟောပြောမှုကြောင့် ဆုတော်ငွေ ငါးကျပ်တန်အထုတ်ခံရသည်။ ဖမ်းဝရမ်းထုတ်ခဲ့သူကား ရာဇ၀တ်ဝန်ဇေဗီးယား (D.W Harrison Xavier) ဆိုသူဖြစ်သည်။
ထိုစဉ်က လွတ်လပ်ရေးအတွက် ရှေ့တန်းမှနေ၍ ရှေ့ဆောင်ရှေ့ရွက်ပြုကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ခေါင်းဆောင်များကို နယ်ချဲ့အစိုးရသည် ပုဒ်မအမျိုးမျိုးတပ်၍ အပူတပြင်းပိုက်စိပ်တိုက်လိုက်လံဖမ်းဆီးနေချိန်ဖြစ်သည်။ ၁၉၄ဝ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့တွင် ဟင်္သာတစီရင်လုံးဆိုင်ရာ တို့ဗမာအစည်းအရုံးဌာနချုပ်အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းတက်ရောက်ဟောပြောခဲ့သည်။
ဟောပြောသည့်နေ့က တရားပွဲသို့ ပရိသတ်အမြောက်အမြားတက်ရောက်၍ နားထောင်ကြသည်။
ပုလိပ်စုံထောက်များလည်း တရားပွဲသို့ လာရောက်အကဲခတ်ကြသည်။ ထိုနေ့ည တရားပွဲတွင် ပထမဦးစွာ သခင်ချစ်မောင် (၀ိဓူရ)၊ ဒုတိယသခင်တင်မောင် (ကျုံမငေး) ဟောပြောပြီးနောက် သခင်အောင်ဆန်းဟောပြောသည်။ အချိန်အနည်းငယ်အကြာတွင် ရာဇဝတ်အုပ် တစ်ဦး ရောက်ရှိလာပြီး သခင်အောင်ဆန်းအား စာတစ်စောင်ပေးသည်။ တရားနာလူထုပရိသတ်ကြီးလည်း အံ့အားသင့်စွာ ကြည့်ရှုနေကြသည်။ ချက်ချင်းပင် သခင်အောင်ဆန်းသည် စာကို ဖောက်ဖတ်ပြီးနောက်…..
`ဟောဒီမှာ ဟင်္သာတရာဇဝတ်ဝန် (ဇေဗီးယား) က ဖိတ်စာတစ်စောင်ပေးလိုက်ပါတယ်။ သူ့စာမှာ ပါတာကတော့ ချင်းတောင်ကိစ္စကို မဟောရဘူး ဆိုတဲ့ ပိတ်ပင်တားမြစ်ချက်ပါပဲ။ ချင်းတောင်ကိစ္စကို ကြားချင်ကြသလား´
ဟု တဆက်တည်းပရိသတ်သို့ မေးပြောပြောလိုက်သည်။ ပရိသတ်ကလည်း `ကြားချင်ကြပါတယ်´ တခဲနက်ပြန်ဖြေကြားသည်။ ထိုအခါ သခင်အောင်ဆန်းက `ကြားချင်ကြရင် ဟောချင်တာနဲ့ အတော်ပါပဲ´ ဟု ပြောကာ မကြာမီရက်အတွင်းက ချင်းတောင်ဒေသတွင် အင်္ဂလိပ်နယ်ချဲ့ အစိုးရသည် သူတို့လိုသလို ပုံသွင်းမရသည့်အတွက် ချင်းအမျိုးသား၊ အမျိုးသမီးတို့အား မတရားဖိနှိပ်ညှဉ်းပမ်းပုံ၊ ချင်းအမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ သခင်ဝမ်းသူမောင်ကိုလည်း လည်ပင်းကြိုးတပ်ကာ မြင်းလှည်းနောက်မှဆွဲပြီး ၀ိဓူရလက်သစ်ဇာတ် ခင်းပုံ စသည်တို့ကို ဟောကြားတော့သည်။ ထို့အပြင် ဗြိတိသျှနယ်ချဲ့စနစ်ကြောင့် မြန်မာများဆင်းရဲငတ်ပြတ်ခြင်း၊ ဗြိတိသျှသည် မြန်မာ့ရန်သူအစစ်ဖြစ်ခြင်း၊ လသာခိုက် ဗိုင်းငင်ရန်၊ အာဏာဖီဆန်ရန်အတွက် ရံပုံငွေစုကြရန် ဟောပြောခဲ့သည်။
ထို့နောက် ပုလိပ်အဖွဲ့က ဖမ်းရန်ဟန်ပြင်လိုက်သည်နှင့် သခင်တင်မောင် (ကျုံမငေး) သည် တရားဟောစင်ပေါ်သို့ ခဲလုံးတစ်လုံးနှင့် ပစ်ပေါက်၍ ပွဲလှန့်လိုက်ပြီး ပရိသတ်ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ်အတွင်း သခင်အောင်ဆန်းကို ကပျာကယာဆွဲ၍ လူအုပ်ထဲကိုယ်ယောင်ဖျောက်ကာ ထွက်ပြေးသွားကြသည်။ ယင်းနောက် ပုလိပ်တို့ မျက်ခြည်ပြတ်ကျန်နေစဉ် သခင်အောင်ဆန်းနှင့် သခင်တင်မောင် (ကျုံမငေး) တို့နှစ်ဦး သည် သမ္ဗာန်ဖြင့် အခြားတနေရာသို့ ထွက်ပြေးလွတ်မြောက်သွားကြသည်။ တရားပွဲပြီးဆုံးသည့်နောက် သခင်အောင်ဆန်းကို ဖမ်းဆီးရန် လာရောက်ခဲ့သော ပုလိပ်အဖွဲ့သည်လည်း သခင်အောင်ဆန်းတို့ကို မတွေ့ရသဖြင့် တောက်တခေါက်ခေါက်ဖြင့် မော၍ ကျန်နေခဲ့ကြသည်။
(မှတ်ချက်။ ၂၀၁၃ ခုနှစ် မတ်လတွင် စိတ်ကူးချိုချိုစာအုပ်တိုက်မှ ဖြန့်ချိထုတ်ဝေသော ဗိုလ်ရဲထွဋ် (ရဲဘော်သုံးကျိပ်)၊ သခင်တင်မြ၊ ရဲဘော်ဘခက်၊ ကိုကိုမောင်ကြီး (မောင်ချစ်လှိုင်) အပါအ၀င် ကမကထပြုသူ (၆) ဦး ပြုစုရေးသားသည့် `ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ´ စာအုပ်စာမျက်နှာ (၁၉၄)တွင် ဇလွန်မြို့၌ ဟင်္သာတစီရင်စုလုံးဆိုင်ရာ တို့ဗမာအစည်းအရုံးညီလာခံတွင် အထွေထွေအတွင်းရေးမှူးသခင်အောင်ဆန်း တက်ရောက်ဟောပြောသည့်နေ့ကို ၁၉၄၀ ပြည့်နှစ် ဇွန်လ ၁၇ ရက်ဟူ၍ မှားယွင်းစွာ ဖော်ပြထားပါသည်။)
သခင်အောင်ဆန်းတို့သည် တရားပွဲအပြီး ပုလိပ်များမျက်ခြည်ပြတ်အောင် ခြေရာဖျောက်ရာ၌ အတော်စွန့်စားခဲ့ရသည်။ ဟင်္သာတမှ သာရဝေါကူး၍ မီးရထားဖြင့် ပြန်ရန်စီစဉ်ရာ သာရဝေါတွင် ပုလိပ်များတပြုံကြီးစောင့်နေသည်ဟု သိသဖြင့် မသွားနိုင်ချေ။ ဇလွန်သင်္ဘောဆိပ်၌ လည်း ပုလိပ်များရှိနေသဖြင့် သင်္ဘောပေါ်တက်ရန် အခက်ကြုံနေသည်။ သို့ဖြင့် သခင်တင်မောင် (ကျုံမငေး) နောက်သို့ ပုလိပ်တွေ လိုက်သွားအောင် ဥာဏ်ဆင်ရသည်။ သခင်တင်မောင် ဇလွန်မှ ဟင်္သာတသို့ ပေါ်ပေါ်ထင်ထင်ကြီး ထွက်ခွာသွားရာ ပုလိပ်စုံထောက်များ သူ့နောက်သို့ စုပြုံလိုက်သွားတော့သည်။ ဤတွင်မှ သခင်အောင်ဆန်းသည် သခင်တင်မောင် (ဗမာ့လက်ရုံး) နှင့်အတူ ဒေါင့်ကြီး မရောက်မီ ရွာတစ်ရွာမှ ဧရာဝတီသင်္ဘောကို စီးရသည်။ သခင်တင်အောင်က ကုန်းပတ်တွင် ပက်လက်ကုလားထိုင်နှင့် အထင်ကရသခင်အောင်ဆန်း သင်္ဘောအပေါ်ထပ်ကုန်းပတ်ပေါ်တွင် ဖျားနေသူအယောင်ဆောင်ကာ စောင်ခေါင်းမြီးခြုံ၍ လိုက်ခဲ့ရသည်။ ထိုစဉ်က ဧရာဝတီသင်္ဘော လက်မှတ်စာရေးကို ရွှေဒိုင်မှာ နောင်အခါ ကွန်မြူနစ်ပါတီ မြေအောက်စည်းရုံးရေးအဖွဲ့ဝင်ဖြစ်လာသူဖြစ်သည်။
ဇလွန်တရားပွဲပြီးလျင်ပြီးချင်း၌ပင် ဟင်္သာတရာဇ၀တ်ဝန်မစ္စတာဇေဗီးယားသည် တရားပွဲပြီးလျှင် ဖမ်းရန်ဖမ်းဝရမ်းအပြင် သခင်အောင်ဆန်းကို ဖမ်းဆီးပေးရန် ဆုတော်ငွေထုတ်ခဲ့သည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်သည် ဇူလိုင်လ ၁၂ ရက်ထုတ် သတင်းစာများတွင် ပါရှိခဲ့ရာ ကြေညာချက်အပြည့်အစုံမှာ –
`ဟင်္သာတစီရင်စု၊ ဇလွန်မြို့တွင် ၁၉၄ဝ ခုနှစ် ဇွန်လ ၁ ရက်နေ့ည၌ အစိုးရအကြည်ညိုပျက်လောက်အောင် တရားဟောသဖြင့် `ရာဇသတ်ပုဒ်မ ၁၂၄ (က) အရ အလိုရှိသော ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံးအထွေထွေအတွင်းရေးမှူး မောင်အောင်ဆန်း ခေါ် သခင်အောင်ဆန်းအား ဖမ်းဆီးပေးသူကိုဖြစ်စေ၊ ဖမ်းဆီးရမိရန် သတင်းပေးသူကိုဖြစ်စေ၊ ဟင်္သာတမြို့ရာဇ၀တ်ဝန်မင်းက ဆုတော်ငွေ ၅ိ/ ကျပ် (ငါးကျပ်တိတိ) ပေးသနားတော်မူလိမ့်မည်။´ဟူ၍ ဖော်ပြထားသည်။
ထိုစဉ်က သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံးကြီး၏ အထွေထွေအတွင်းရေးမှူးတစ်ယောက် ဖြစ်ရုံသာမက တက္ကသိုလ်ဆီး နိတ်အဖွဲ့ဝင်လူကြီးတစ်ဦးလည်းဖြစ်သည်။ ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးအပေါ်၌ ယခုကဲ့သို့ စီရင်စုအုပ်ချုပ်ရေးမျှလောက်သာ အဆင့်ရှိသည့် အစိုးရပြည့်ဝန်ထမ်းတယောက်က အဆင်ခြင်ကင်းမဲ့စွာ ဆုတော်ငွေငါးကျပ်ထုတ်သဖြင့် ဇေဗီးယားအား ၀ိုင်း၍ အော့နှလုံးနာကြသည်။ ဗမာပြည်တပြည်လုံး၌လည်း အပြင်းအထန်ဂယက်ရိုက်သွားသည်။ ထို့အပြင် ဟင်္သာတမြို့က တို့ဗမာအစည်းအရုံးဝင် သခင်လူငယ်များဖြစ်ကြသည့် သခင်ထွန်းစိန်၊ သခင်လှထွန်း၊ သခင်သိန်းဟန်၊ သခင်သန်း၊ သခင်တင်ဦး၊ သခင်သိန်း (ဒို့ဗမာဦးသိန်း) တို့က မစ္စတာ ဇေဗီးယားကိုလည်း ဖမ်းဆီးပေးသူ သို့မဟုတ် ဖမ်းဆီးရမိရန် သတင်းပေးသူကို ဆုတော်ငွေ ၂ ကျပ် ၈ ပဲ (နှစ်ကျပ်ခွဲ) ပေးမည်ဟု ကြေညာချက်ထုတ်၍ လူစည်ကားရာအချက်အချာဒေသများ၌ လိုက်လံကပ်ကာ တန်ပြန်တိုက်ပွဲဆင်ခဲ့ကြသည်။
ဤကဲ့သို့ ဂယက်ရိုက်ခတ်မှုကြောင့် ၁၉၄ဝ ပြည့်နှစ် သြဂုတ်လ ၂ ရက်နေ့တွင် အစိုးရက `သခင်အောင်ဆန်းအပေါ် ရာဇသတ်ပုဒ်မ ၁၂၄ (က) အရ တရားစွဲဆိုရန် အမိန့်ပေးထားသည်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာ၍ အမှုကို ပြန်လည်ရုတ်သိမ်း ပေးခဲ့သည်။ 
ထိုကိစ္စသည် ထိုတွင်မရပ်သေးဘဲ သြဂုတ်လ ၂၉ ရက်တွင် ကျင်းပနေသော အောက်လွှတ်တော်အစည်းအဝေး၌ အမတ်မင်း ဦးဘိုးကျော် က မေးခွန်းထုတ်ခဲ့သည်။ အမတ်မင်းဦးဘိုးကျော်၏ အမေးကို အစိုးရကိုယ်စားလှယ် ဦးကျော်မြက ပြန်လည်ဖြေကြားရာတွင်
`သခင်အောင်ဆန်း၏အမှုသည် ရန်ကုန်တွင် မရှိပါ။ သခင်အောင်ဆန်းအား အများပြည်သူတို့၏ အကျိုးကို ထောက်ထားပြီး ဟင်္သာတမြို့တွင် တရားဆက်လက်စွဲဆိုခြင်းကို မသင့်ဟု ယူဆသဖြင့် အမှုကို ရုတ်သိမ်းခြင်းဖြစ်ပါသည်´ ဟူ၍ ဖြေဆိုကာ အစိုးရ၏ အမှားကို မလိမ့်တပတ်ဝန်ခံခဲ့ရလေသည်။
သို့သော် အစိုးရက သူ့အပေါ်စွဲဆိုထားသော ပုဒ်မ ၁၂၄ (က) ကို ရုတ်သိမ်းခဲ့သော်လည်း မြေအောက်မှ လူလုံးပြကွက်ပေါ်လာပါက ကာကွယ်ရေးပုဒ်မဖြင့် ထပ်မံအရေးယူမည်ကို ကြိုတင်သိရှိထားသော သခင်အောင်ဆန်းသည် သခင်တင်မောင်နှင့်အတူ ပုန်းရှောင်နေရသည်။
ရန်ကုန်တွင် သခင်အောင်ဆန်းသည် ရန်ကုန်အရှေ့ပိုင်း ၅၃ လမ်းရှိ သာယာဝတီသခင်ခင်မောင်၏ မိခင်ကြီးအိမ်တွင် ပုန်းအောင်း၍ သခင်လှဖေ (နောင် ဗိုလ်လက်ျာ) သည် ကန်တော်ကလေး ဘိုလိမ်းလမ်း (ယခုသိမ်ဖြူလမ်း) ရှိ သခင်နုနှင့် ဇနီးဒေါ်မြရီအိမ်တွင် ပုန်းအောင်းနေရသည်။ သခင်တင်မောင် (ကျုံမငေး) ကမူ ဗိုလ်တထောင် ၄၉ လမ်းရှိ နဂါးနီဦးထွန်းရွှေအိမ်တွင် ခိုအောင်းလျက်ရှိသည်။
သခင်ခင်မောင်သည် ညဘက်တွင် ရုပ်ဖျက်၍ ထွက်လာရာ၊ သခင်လှဖေ (ဗိုလ်လက်ျာ) နှင့် လမ်းတွင် ဆုံမိကြသည်။ ထိုအခါ သခင်လှဖေက သခင်ခင်မောင်ကို သခင်အောင်ဆန်းနှင့်တွေ့ရန် ခေါ်သွားလေသည်။ သခင်အောင်ဆန်းနှင့်တွေ့သည့်အခါ သခင်အောင်ဆန်းက-
`ကျုပ်တို့ဝရမ်းပြေးတွေဖြစ်နေကြပြီ။ ပိုက်ဆံကလည်း မရှိတော့ဘူး။ ဒီအိမ်မှာ စားနေရတာလည်း အားနာစရာကောင်းလှပြီ။ ပိုက်ဆံမရှိရင် ဘယ်မှ သွားလို့မရဘူး။ ဘာမှလည်း လုပ်လို့မရဘူး။ တနေရာနဲ့တနေရာ ရွှေ့ဖို့တောင် ကုန်းကြောင်းလျှောက်ရမလို ဖြစ်နေပြီ။ ပိုက်ဆံရှာကြဦးမှပဲ´
`ပိုက်ဆံလွယ်လွယ်ရဖို့ကတော့ ကျွန်တာ့်အိမ် (ကျုံမငေး) ကို လူလွှတ်ပြီးတောင်းမှ ဖြစ်မှာပဲ။ နောက်တစ်ယောက်ကတော့ ဒေါင့်ကြီး သခင်လှထွန်း ဆီသွားရင်လည်း ရနိုင်တယ်´ ဟု သခင်တင်မောင်က ပြန်ပြောလိုက်သည်။
`ဒီလိုဆိုရင် ကျုပ်တို့နှစ်ယောက်စလုံး သခင်လှထွန်းဆီကို အရင်သွားမယ်။ အဲဒီက ပိုက်ဆံရရင် ဒီလိုတနေရာတည်းမှာ ပုန်းမနေဘဲ ဟိုရွေ့သည်ရွေ့လုပ်ပြီး စည်းရုံးလုပ်ကြမယ်။ နိုင်ငံရေးအခြေအနေလည်း တနေ့နဲ့တနေ့ မတူတော့ဘူး။ တိုင်းပြည်ကို ဒီစစ်ကြီးနဲ့ ပတ်သက်ပြီး အမြင်မှန်မြင်နိုင်အောင်လုပ်ဖို့ ကျုပ်တို့မှာတာဝန်ရှိတယ်။´ ဟု သခင်အောင်ဆန်းကပြောသည်။
ဤသို့ဖြင့် သခင်အောင်ဆန်းနှင့် သခင်တင်မောင်တို့နှစ်ယောက်သည် ဟင်္သာတတစ်ပတ်ကျော့ပြန်သွားကြသည်။ ဇလွန်မှသခင်နီကို ကြိုလွှတ်ထားပြီး အကူအညီတောင်းထားသဖြင့် ဟင်္သာတတွင် သခင်လှထွန်းက လာစောင့်နေလေသည်။ ဟင်္သာတရှိ ပုလိပ်တို့ကလည်း သခင်အောင်ဆန်းတို့သည် ဟင်္သာတသို့ ပြန်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားကြပေ။
သခင်လှထွန်းသည် သူ့အမေမသိအောင် ငွေ ၈၀၀ ခိုးလာပြီး သခင်တင်မောင်ကို လာပေးသည်။ ထို့နောက် ဟင်္သာတဈေးထဲတွင် ပိုးထည်ဆိုင်ဖွင့်ထားသော သခင်သိန်းဟန်ကလည်း သူ့မိန်းမ မသိအောင် ကစ်ထားသော ငွေ ၄ဝဝ ယူလာပြီး ပေးရှာသည်။ လက်ထဲ ငွေ ၁၂ဝဝ လောက်ရှိလာသည်နှင့် သခင်အောင်ဆန်းသည် ကျုံမငေးမသွားတော့ဘဲ ရန်ကုန်ပြန်ပြီး မြေအောက်လှုပ်ရှားမှုများလုပ်ရန် ဆုံးဖြတ် လိုက်လေသည်။
သို့သော် ဟင်္သာတက ပြန်ရန် အလုပ်တွင် သင်္ဘောလမ်း၊ ရထားလမ်း နှစ်ခုစလုံးမှ ပြန်ရန်မဖြစ်တော့ပေ။ သင်္ဘောဆိပ်နှင့် ဘူတာရုံတို့တွင် ပုလိပ်အစောင့်များချထားပြီး လာသမျှ ခရီးသည်များကို စေ့စေ့စပ်စပ် စစ်ဆေးမေးမြန်းနေသည်ကို တွေ့ရသဖြင့် ကြံရာမရ ဖြစ်ပြီး သခင်တင်မောင် (ကျုံမငေး) က –
`ကဲ…. မထူးတော့ပါဘူး။ ဒီမှာ ဟင်္သာတရာဇဝတ်ဝန်ထောက် (H.Q.A Police) ဦးလှတော (နောင်ရဲမင်းကြီး) ရှိတယ်။ သူ့အိမ်ကို ဇွတ်ဝင်ပြီး အကူအညီတောင်းကြည့်မယ်။ ကျွန်တော်တို့ကို အခုမဖမ်းဘဲ ရန်ကုန်ရောက်အောင် ကူညီပါလို့ ပြောပြမယ်´ ဟုဆိုကာ ရာဇဝတ်ဝန်ထောက် ဦးလှတောအိမ်သို့ တန်းသွားကြလေသည်။
သခင်တင်မောင်နှင့် ဦးလှတောတို့သည် ငယ်စဉ်ကပင် ခင်မင်ရင်းနှီး၍ အမ်အေ ဦးမောင်ကြီး၏ Green Army ခေါ် အပျော်တမ်း ရဲတပ်ဖွဲ့၌ အတူပါဝင်လှုပ်ရှားခဲ့ဘူးသဖြင့် ယခုသို့ စွန့်စားသွားခဲ့ခြင်းဖြစ်သည်။ ဦးလှတော အိမ်ရှေ့၌ စောင့်နေသည့် အစောင့်ရဲသားက-
`ဝန်ထောက်ကြီး ထမင်းစားနေပါတယ်။ ဘယ်သူလာတယ်လို့ ပြောလိုက်ရမလဲ´ ဟုဆိုကာ တားထားလေသည်။
`ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ဟာ ရန်ကုန်က သူ့ညီပါ။ ထမင်းစားနေတယ်ဆိုရင် အတော်ပဲ။ ကျွန်တော်တို့လည်း ညစာ မစားရသေးဘူး´ ဟု ပြောကာ သခင်တင်မောင်သည် သခင်အောင်ဆန်းကို အသာခေါ်၍ ထမင်းစားခန်းထဲသို့ အတင်းဝင်သွားသည်။
သခင်အောင်ဆန်းနှင့် သခင်တင်မောင်တို့နှစ်ယောက်သည် ထမင်းစားခန်းထဲ ရောက်သွားသည်နှင့် ထမင်းစားနေသော ဦးလှတော နှင့် သူ့ဇနီး ဒေါ်ခင်ခင်ဦး (မာရီလှတော) တို့သည် ရုတ်တရက် အံ့အားသင့်သွားကြပြီး ဦးလှတောက ပါးစပ်အဟောင်းသား နှင့် မျက်လုံးပြူး ကြည့်ကာ ပြောလိုက်သည်။
`ဟေ့…. ဘိုးတင်မောင်၊ မင်းတို့ ဒီကိုဘာလို့လာကြတာလဲ။ သွား သွား မင်းတို့ အဖမ်းခံရမယ်ဆိုတာ မသိဘူးလား´
`အင်းလေ… ဖမ်းမှဖမ်းရော၊ ကျွန်တ်ာတို့ရန်ကုန်ကို ပြန်ဖို့ အထွက်ရခက်နေတာမို့ ကြံရာမရဖြစ်ပြီး ဒီကိုအကူအညီ လာတောင်းတာပဲ´ ဟု သခင်တင်မောင်က ပြန်ပြောလိုက်သည်။
ဦးလှတောသည် ဘာပြောရမှန်းမသိဘဲ ကြောင်တောင်တောင်ဖြစ်နေချိန်တွင် သူ့ဇနီးမာရီလှတောက –
`အို… ကိုကိုကလည်း ဒါလောက်တောင် excited (စိတ်လှုပ်ရှား) ဖြစ်နေရသလား။ ကဲ ထမင်းမြန်မြန်စားပြီး ကိုကိုကလပ်မှာ သွားနေပါ။ ဒီမှာ မာရီကြည့်လုပ်လိုက်ပါ့မယ်´
ထို့နောက် ဦးလှတော ထွက်သွားသည့်အခါ မာရီလှတောက သခင်အောင်ဆန်းနှင့်သခင်တင်မောင်တို့နှစ်ယောက်အား ထမင်းကျွေးလေသည်။ သူတို့ စားသောက်ကြပြီးနောက် အိုပယ်ကားကလေးကို ဂိုဒေါင်မှထုတ်ပြီး သခင်အောင်ဆန်းတို့နှစ်ယောက်အား အိမ်မှ ခေါ်ထုတ် သွားလေသည်။
လမ်းကျတော့ မာရီလှတောက သခင်အောင်ဆန်းတို့နှစ်ယောက်အား ယုန်တလင်းကို ပို့ပေးရန် စီစဉ်ပေးရမည်ဟု ပြောသောအခါ သခင်တင်မောင် က- 
`ဒါဆိုရင် ယုန်တလင်မှာ သခင်ခင်ဇော်ရှိတယ်။ သူ့ဆီမှာ အကူအညီတောင်းရင် ရတယ်´ ဟု ပြောလိုက်သည်။
မာရီလှတောက-
`လူများများ အသိပေးလို့ မဖြစ်ဘူး။ စိတ်ချရတဲ့ လူနဲ့တခါတည်း ရန်ကုန်ရောက်အောင် ပို့ပေးမယ်´ ဟုဆိုကာ ခြံကြီးတခြံရှေ့တွင် ကားထိုးရပ်လိုက်ပြီး တစ်ယောက်တည်း ခြံထဲဆင်းသွားလေသည်။ မကြာခင်မှာပဲ ထောင်ထောင်မောင်းမောင်းလူတစ်ယောက် သခင်အောင်ဆန်းတို့ရှိရာကို ရောက်လာလေသည်။ မာရီလှတောက မိတ်ဆက်ပေးသည့်အခါတွင် ထိုလူမှာ မန်းဘခိုင်ဖြစ်ကြောင်း သိရလေသည်။ မန်းဘခိုင်က သခင်အောင်ဆန်းတို့နှစ်ယောက်ကို ငှက်ပျောလှေနှင့် ရန်ကုန်အရောက် ပို့ပေးမည်ဟုဆိုပါသည်။ နောင်တွင် မန်းဘခိုင်မှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ယာယီကြားဖြတ်အစိုးရအဖွဲ့၌ စက်မှု လက်မှု နှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ဖြစ် တာဝန်ပေးခဲ့သူဖြစ်သည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မသမာသူတို့လက်ချက်ဖြင့် ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးသွားခဲ့ ရလေသည်။
မန်းဘခိုင်ကလည်း သခင်အောင်ဆန်းတို့နှစ်ယောက်အား သူ့ရဲ့ဆောက်လက်စတိုက်ကလေးထဲ ၀ှက်ထားပြီး စားစရာသောက်စရာ များ စီစဉ်ပေးရလေသည်။
ဤသို့ဖြင့် မန်းဘခိုင်စီစဉ်ပေးသော ငှက်ပျောလှေနှင့် သခင်အောင်ဆန်းနှင့် သခင်တင်မောင်တို့သည် လိုက်သွားခဲ့ရာ နောက်တနေ့ မိုးမလင်းတလင်းအချိန်တွင် ပုဇွန်တောင်ဈေးနားက အေးတံတားသို့ ရောက်ရှိခဲ့ပေသည်။ ဤသို့ဖြင့် မြေအောက်ဘ၀ သခင်အောင်ဆန်းသည် အဖမ်းခံရမည့်ဘေးမှ လက်မတင်ကလေး လွတ်သွားခဲ့ရသည်။
ရန်ကုန်ရောက်ပြီးနောက် မကြာမီမှာပင် သခင်လှဖေ (ဗိုလ်လက်ျာ) က သူနှင့်ခင်မင်ခဲ့သော ရန်ကုန်မြို့ ၁၉ လမ်းမှ အိမ်အမှတ် (၁၂၁) မှ တရုတ်ကုန်သည်ပွဲစား ကိုကျော်ခင်အကူအညီဖြင့် တရုတ်ပြည် အမွိုင်သို့ ထွက်ခွာမည့် အုန်းသီးလာတင်သော နော်ဝေးပိုင်ဟိုင်လီ (Hai-Lee) သဘောင်္ဖြင့် ပြည်ပသို့ ထွက်ခွာနိုင်အောင် ကူညီပေးခဲ့သည်။ သခင်အောင်ဆန်းသည် ထိုစဉ်က တရုတ်တယောက်ကဲ့သို့ ရုပ်ဖျက် ဝတ်ဆင်၍ သွားတုတပ်ကာ တရုတ်အမည် တန်လွန်ရှောင် (Tan Luan Shaung) ဟူ၍လည်းကောင်း၊ သူနှင့်အဖော်ပါသွားသော သခင်လှမြိုင်သည်  (နောင်ဗိုလ်ရန်အောင်) က တန်ဆူတောင် (Tan Su Taung) ဟူ၍လည်းကောင်း အမည်ပေးခဲ့ကြသည်။
ထို့နောက် ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့တွင် သခင်အောင်ဆန်းနှင့်သခင်လှမြိုင်တို့သည် ဟိုင်လိသင်္ဘောဖြင့် တရုတ်ပြည် အမွိုင်သို့ ထွက်ခွာသွားလေသည်။
သခင်အောင်ဆန်းကို ဆုတော်ငွေ ၅ ကျပ် ကြေညာချက်ထုတ်ပြန်ခဲ့သော ဟင်္သာတရာဇဝတ်ဝန် မစ္စတာဇေးဗီးယား နှင့် ပတ်သက်၍ သူနှင့်အတူတွဲ၍ မြို့မရုံးထိုင် ရာဇ၀တ်ဝန်ထောက်အဖြစ် လုပ်ကိုင်ခဲ့သော ဦးလှတောက နောင်တွင် ဤသို့ပြန်လည်ရှင်းပြခဲ့သည်။
`အဲဒီတုန်းက ဇေးဗီးယားဟာ ရုံးထိုင်ဝန်ထောက်ဆိုတော့ ပြည်ထဲရေးဌာနက ဆုတော်ငွေ ၅ ကျပ်ထုတ်ဖို့ စာကို အရင်ဆုံးဖတ်ရပါတယ်။ နောက် ဒီ အမိန့်စာကို ရာဇ၀တ်ဝန်ကြီးဆီကို သွားပြီးတင်ပြတော့ ရာဇ၀တ်ဝန်ကြီးက `ဟေ့… ဒီကြော်ငြာကို မထုတ်နဲ့ အသာခေါက်ထားလိုက်။ သူတို့ခိုင်းသလို ကြော်ငြာလိုက်ရင် Repercussion (တန်ပြန်ဂယက်) ကြီးလာနိုင်တယ်။ ဆူကုန်လိမ့်မယ်´ လို့ ပြောတာနဲ့ ကြော်ငြာကို ချက်ချင်းမထုတ်ဘဲ ဆိုင်းထားရသေးတယ်တဲ့။ နောက်ရက်အနည်းငယ်အကြာမှာ တခါပြည်ထဲရေးဌာနက သံကြိုးအမိန့်နဲ့ ဘာကြောင့်ကြော်ငြာမထုတ်သေးလဲ ဆိုပြီး ထုချေလွှာတောင်းတော့မှ မစ္စတာဇေဗီးယားဟာ ရန်ကုန်ကို လိုက်သွားပြီး ပြည်ထဲရေးဌာနနဲ့ သွားရောက်ဆွေးနွေးသေးတယ်တဲ့။ ဒါပေမယ့် အတွင်းဝန်ချုပ်ကိုယ်တိုင်က ထုတ်ရမယ်လို့ အမိန့်ပေးလိုက်တော့ သူလည်း မျက်စိမျက်နှာပျက်နဲ့ ဟင်္သာတကို ပြန်လာပြီး ကြော်ငြာကို ထုတ်လိုက်တာဖြစ်တယ်တဲ့။ အဲဒီနောက်မှာလည်း အဖိုးကြီးဟာ ရုံးတက်ရင်လည်း ဘယ်သူ့ကိုမှ စကားသိပ်မပြောဘူး။ နောက်များမကြာမီမှာ သွေးတိုးရောဂါဆိုးလာတာကြောင့် ခွင့်ယူလိုက်တယ်´ ဟူ၍ ပြန်ပြောင်းပြောပြ သည်။ သို့သော် နိုင်ငံတော်သမ္မတဟောင်း ဒေါက်တာဘဦးက သူ၏ `ကျွန်ုပ်၏မြန်မာနိုင်ငံ´ (My Burma) စာအုပ်၌-
`ပုလိပ်အရာရှိများထဲတွင် အကြမ်းတမ်းဆုံးမှာ မြန်မာပြည်ဖွား အင်ဂလိုအင်ဒီယန်းကပြား ဇေဗီးယား ဆိုသူဖြစ်သည်။ သူသည် မော်လမြိုင်တွင် ခြံစိုက်ပျိုးသူအဖြစ် ဘ၀ကို စတင်ခဲ့ပြီး လူအများစိတ်ဝင်စားသော လူသတ်မှုတစ်ခုတွင် တရားခံအဖြစ် စွပ်စွဲခြင်းခံခဲ့ရသည်။ သူ့အလုပ်သမားတစ်ယောက်အား ထန်းလျက်ရည်များ သုတ်လိမ်းပြီးလျှင် ခြတောင်ပို့ပေါ်တွင် နေ့ရောညပါ ရက်အတန်ကြာသည်အထိ ထိုင်နေစေခြင်းဖြင့် နှိပ်စက်ရာမှ ထိုသူသေသွားသည့်အမှုဖြစ်၏။ သူ့အား ရန်ကုန်တွင် တရားရုံးချုပ်တရားသူကြီးတစ်ဦးက ဥရောပခုံသမာဓိ အဖွဲ့တစ်ဖွဲ့နှင့်အတူ တရားစီရင်ခဲ့ရာ အမှုမှကွင်းလုံးကျွတ်လွတ်သွားခဲ့သည်။ မကြာမီ ဇေဗီးယားသည် ရန်ကုန်ပုလိပ်အဖွဲ့တွင် အင်စပတ်တော် တစ်ဦးဖြစ်လာပြီး ရာဇ၀တ်မှုစုံထောက်ကောင်းတစ်ဦးအဖြစ် နာမည်ကျော်ဇောလာ၏။ သို့ဖြင့် သူနှင့် သူ၏ အကြီးအကဲ အလက်ဇန်းဒါးတို့အား ရန်ကုန်မြစ်အတွင်း ဆန်ခိုးဂိုဏ်းတစ်ခုအား ချေမှုန်းရန် တာဝန်ပေးခြင်းခံရသည်။ မကြာမီ ဂိုဏ်းခေါင်းဆောင်ဟု ယူဆသူတစ်ယောက်အား ဖမ်းမိသွားသော်လည်း ထိုသူ၏ အိမ်တွင် ရှာဖွေသောအခါ မည်သည့်အထောက်အထားမျှ မတွေ့ကြရ။ မီးခံသေတ္တာထဲမှ ငွေတစ်သိန်းကျော် တန်ဖိုးရှိသည့် ငွေစက္ကူအစည်းများအား သက်သေခံအဖြစ် တင်ပြခြင်းမရှိပါ။ သူတို့အား မေးမြန်းသောအခါ အမှုစုံစမ်းစစ်ဆေးစဉ်က သုံးပစ်လိုက်ပြီဟု မျက်နှာပြောင်တိုက်ပြီး ဆိုကြသည်။ ဤသို့ မထီမဲ့မြင်ပြုသဖြင့် ရာထူးချခြင်းသော်လည်းကောင်း၊ ဌာနဆိုင်ရာအရေးယူခြင်း သော်လည်းကောင်း ခံကြရလိမ့်မည်ဟု ထင်ကြပေလိမ့်မည်။ သူတို့ဘာမျှ မဖြစ်ကြပါ။ အမှုပြီးသွားသောအခါ ဇေဗီးယားသည် ရာထူးပင် တက်သွားပါသေး၏။
သခင်များအပေါ် ဦးစောနှင့် ပုလိပ်တို့ နှိပ်ကွပ်စဉ်က ဇေဗီးယားသည် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်ဖြစ်သည်။ သခင်အောင်ဆန်းအား ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေသည်ဆိုကာ ဖမ်းဝရမ်းကို သူထုတ်ခဲ့သည်။ သခင်အောင်ဆန်းသည် ထိုအချိန်တွင် ဟင်္သာတခရိုင်အတွင်း၌ မရှိတော့သဖြင့် သခင်အောင်ဆန်းအားဖမ်းဆီးနိုင်ရန် လမ်းညွှန်နိုင်သူကို မဖြစ်စေလောက် ဆုငွေချီးမြှင့်မည်ဟု ကြေညာပြန်သည်။ သခင်အောင်ဆန်းကား ရဲဘော်သုံးကျိပ်ဝင်တစ်ဦးအဖြစ် ဂျပန်နိုင်ငံသို့ ခရီးထွက်သွားပေပြီ´ ဟူ၍ ရေးသားဖော်ပြထားသည်။
ယင်းစာအုပ်၌ပင် အရှေ့အာရှစစ်ပွဲကြီးစတင်ဖြစ်ပွားပြီးနောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံတောင်ပိုင်းရှိ ဗြိတိသျှစစ်လေယာဉ်ကွင်းများ စတင်ဗုံးကြဲတိုက်ခိုက်သည်နှင့် အင်္ဂလိပ်ဘုရင်ခံနှင့်တကွ မျက်နှာဖြူအရာရှိများ မြစ်ကြီးနားမှတဆင့် အိန္ဒိယသို့ စစ်ပြေးထွက်ခွာခဲ့ကြသည်။ ဟင်္သာတခရိုင် ရာဇ၀တ်ဝန် ဇေဗီးယားလည်း နိုင်ငံပိုင်ငွေကြေးသိန်းပေါင်းများစွာကို သက်ဆိုင်ရာသို့ မအပ်နှံဘဲ ယူဆောင်ထွက်ပြေးခဲ့သည်ဟု ဆိုသည်။
ရာဇဝတ်ဝန်ဇေဗီးယားသည် စစ်ကြီးပြီးနောက် ဖက်ဆစ်ဂျပန်များ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားသောအခါ ဆင်းမလားစစ်ပြေးအစိုးရ နှင့်အတူ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ စစ်ပြေးကာလနိုင်ငံတော်ဘဏ္ဍာအလွဲသုံးစားပြုသူများဟု သင်္ကာမကင်းခံရသူများ အလုပ်ပြန်မခန့်ဟုဆိုသော်လည်း စစ်ပြီးစ မြန်မာနိုင်ငံတွင် ကက်စ်ဘီ (CAS-B) ခေါ် မြန်မာနိုင်ငံဆိုင်ရာ မြို့ပြအုပ်ချုပ်ရေးအဖွဲ့ Civil Affairs Service (Burma) တလျှောက်လုံးတွင် မစ္စတာဇေဗီးယားသည် ရာထူးမပြုတ်၊ အရေးယူခြင်းမခံရဘဲ ဟင်္သာတခရိုင် ရာဇဝတ်ဝန်အဖြစ် ပြန်လည်ရာထူးခန့်ထားခြင်းခံရသူမှာ ဇေဗီးယား၏ ထူးခြားချက်ဟုပင် ဆိုရပေမည်။
စာကိုး
၁။ မြင့်ဆွေဦး`၀ရမ်းပြေားသခင်အောင်ဆန်းကိုကယ်ခဲ့သောပုလိပ်မင်းကြီးကတော်´ ပြည်သူ့ခေတ်ဂျာနယ် အတွဲ၁ အမှတ်၃၆(၂၀၁၁မတ် ၁၇)
၂။ ကျုံမငေးသခင်တင်မောင် `မာရီလှတော၏မေခလာဘ၀ ၀ရမ်းပြေးသခင်အောင်ဆန်းကိုကယ်ခဲ့သောပုလိပ်မင်းကြီးကတော်´ Northern Star (၂၀၁၁ စက်တင်ဘာလ ၁၅၊ စက်တင်ဘာလ ၂၂)
၃။ မိုးမြင့်ဝင်း (သိပ္ပံနှင့်နည်းပညာ) `ဗိုလ်ချုပ်အောင်ဆန်းနဲ့ဟင်္သာတခရိုင်ခရီးစဉ်များ´ မော်နီတာဂျာနယ် အတွဲ၁၊ အမှတ် ၉၆)
၎။ မိုးမြင့်ဝင်း (သိပ္ပံနှင့်နည်းပညာ) `ဗိုလ်ချုပ်အောင်ဆန်းကို ဆုတော်ငွေငါးကျပ်ထုတ်ခဲ့တဲ့ မစ္စတာဇေးဗီးယား´ မော်နီတာဂျာနယ် အတွဲ၁၊ အမှတ် ၂၈) (၂၀၁၀ နိုဝင်ဘာလ ၁၄)
၅။ နန်းဦး၊ `ငါးကျပ်နဲ့နှစ်ကျပ်ခွဲ´မော်နီတာဂျာနယ် အတွဲ ၁၊ အမှတ် ၃၅ (၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂)
၆။ မျိုးညွန့် (ပညာရေး) `ဗိုလ်ချုပ်ဆုငွေငါးကျပ် သမိုင်းဝင်ကွက်လပ် ဖြည့်စွက်ချက်´ မော်နီတာ ဂျာနယ် အတွဲ၁၊ အမှတ် ၉၃။

၇။ တက္ကသိုလ်စိန်တင်၊`ဆုတော်ငွေ၅ကျပ်နှင့် ဟင်္သာတရဲဝန်ဇေဗီးယား´ မော်နီတာ ဂျာနယ် တွဲ ၁၊ အမှတ် ၅၂ (၂၀၁၁ ခုနှစ် မေလ ၁၅)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်