>ဟေမန်သဇင် – တိုင်ူးပည်နဲႚလူမဵား

January 15, 2008



>


တိုင်းပြည်နဲ့လူများ

ဟေမန်သဇင်
ဇန်န၀ါရီ ၁၅၊ ၂၀၀၈

ဒီနေ့ရောက်လာတဲ့ မဂ္ဂဇင်းစာအုပ်တွေထဲက “ချင်းတွင်း”မှာ ဂျူနီယာဝင်းရဲ့ “တိုင်းပြည်မဲ့ လူတယောက်” အကြောင်းဖတ်လိုက်ရပါတယ်။ ၁၈ရာစု အလယ်ပိုင်းက ရေးဖွဲ့ထားခဲ့တဲ့ Edward Everett Hale ရဲ့ “The Man without a Country” ကို ရည်ညွှန်းဖွဲ့ဆိုထားတာ ဖြစ်ပါတယ်။ Haleက ကျွနင်္ုပ်တို့၏တိုင်းပြည်ဟာ ဘာလဲ ဆိုတာ သိဖို့အတွက် အဲဒီစာအုပ်ကလေးကို ရေးဖြစ်တာ ဖြစ်ပါတယ်လို့ ဂျူနီယာဝင်း က ဆိုထားပါတယ်။

ဇာတ်လမ်းရဲ့ကျောရိုးက အမေရိကန်စစ်ဗိုလ်လေး နိုလန်ကို အခြေပြု ဖွဲ့ဆိုထားတာ ဖြစ်ပါတယ်။ “အာရွန်ဘား”ဆိုတဲ့ သစ္စာဖောက်ကို ဖမ်းဆီးရာက “အာရွန်ဘား” နဲ့အဆက်အဆံရှိခဲ့တဲ့ နိုလန်ဟာ တနွယ်ငင်တစင်ပါ ပါသွားခဲ့ရပါတယ်။

မြောက်မြားလှစွာသော စစ်ဆေးမှုတွေ မေးခွန်းမျိုးစုံတွေရဲ့ ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး “အမေရိကန်နိုင်ငံ ဆိုတဲ့ ကျုပ်တိုင်းပြည်ရဲ့ နံမည်ကို ကျုပ် ဘယ်တော့မှ မကြားပါရစေနဲ့တော့ …” လို့ တရားရုံးမှာ ဒေါသတကြီး တောင်းဆိုလိုက်မိပါတယ်။ ဒါကြောင့် သူ့ကို “အော်လီရန် ပင်လယ်ပြင် ရေတပ်သင်္ဘောမှာ တသက် နေစေ၊ သူ့ တိုင်းပြည်အကြောင်း မသိစေရ …” ဆိုတဲ့ ပြစ်ဒဏ်ကို ရခဲ့ပါတယ်။

သင်္ဘောအရာရှိတွေ၊ သင်္ဘောသားတွေ တာဝန်ပြီးဆုံးလို့ သူတို့တိုင်းပြည် ပြန်ကြပေမဲ့ နိုလန်ကတော့ သင်္ဘောပေါ်မှာပါပဲ။ သူ့တိုင်းပြည်ဆိုတာကို သူ့ရင်ထဲမှာ ဖျောက်ဖျက်ပြီးသားကိုး။ တိုင်းပြည်နဲ့ ပတ်သက်တဲ့ ခံစားချက်က သူ့ရင်ထဲမှာ ဗလာနတ္ထိပေါ့။ တိုင်းပြည်မဲ့ လူသားတယောက်ရဲ့ ဘဝကို သူ ကျေနပ်လို့။

ဒါပေမဲ့ တနေ့မှာတော့ သင်္ဘောသားတယောက်ဆီက Sir Walter Scott ရဲ့ “Lay of the Last Minstrel” ဆိုတဲ့ ကဗျာစာအုပ် လက်ဆောင် ရခဲ့ပါတယ်။ အဲဒီထဲက ကဗျာတပုဒ်ဟာ သူ့ရင်ကို မြားတံတွေနဲ့ ထိုးလိုက်သလိုပါပဲ။

“တိုင်းပြည်ကို သတိမရ၊

တိုင်းပြည်အိမ်ဦးဝ ရောက်တာတောင်

ခြေဦး မသီနိုင်သူ …

သူဟာ ဘယ်လောက်ပဲ ဂုဏ်တွေ၊ စည်းစိမ်တွေ မြင့်နေပါစေ…

အဲဒီသူရဲ့ တန်ဖိုးဟာ … “ငါ” ဆိုတဲ့ အတ္တတန်ဖိုးပဲ ဖြစ်လိမ့်မယ်၊

သူလို လူမျိုးအတွက်တော့

ဘယ်လို တေးကဗျာမျိုးနဲ့မှ ဖွဲ့သီဖို့ မထိုက်တန်လှဘူး …”

ကဗျာဆုံးအောင် ဖတ်နိုင်စွမ်းတောင် မရှိရှာပါဘူး။

သူ ဖုံးကွယ်ထားတဲ့၊ သူ မေ့ပျောက်ထားတဲ့ သူ့ရဲ့ ဘဝအမှန်ဖြစ်တဲ့ တိုင်းပြည်မဲ့ လူသား တယောက်၊ တိုင်းပြည်ရှိရက်နဲ့ ဒါ ငါ့တိုင်းပြည်လို့တောင် အသိအမှတ်မပြုနိုင်တဲ့ သူ့အဖြစ်ကို နာနာကျင်ကျင် ထင်ထင်ရှုားရှား သိမြင်လိုက်ရပြီး၊ နှစ်ပေါင်းများစွာ ပင်လယ်ပြင်မှာ တိုင်းပြည်မဲ့ လူသားတယောက် အဖြစ်နဲ့ သေဆုံးတဲ့အထိ နေသွားရတဲ့အကြောင်း ရေးဖွဲ့ထား တာဖြစ်ပါတယ်။

မနက်ခင်းမှာ အဲဒီဆောင်းပါးလေးကိုဖတ်ပြီး ခံစားနေရချိန်မှာပဲ ညနေခင်းမှာတော့ National Geographic က ရိုက်ကူးတဲ့ သတင်းရုပ်ရှင်ကားတကားကို ကြည့်ရပြန်ပါတယ်။ ရုပ်ရှင်ကားနံမည်က “God Grew Tired of Us” တဲ့။ ဆူဒန်နိုင်ငံသား လူငယ် ၃ ဦး အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဆူဒန်နိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှူတွေ၊ ပြည်တွင်းစစ် ဒဏ်ချက်တွေကြောင့် ဆူဒန်ပြည်သူတွေဟာ သူတို့ရဲ့တိုင်းပြည်ကို စွန့်ခွါပြီး အနီးအနားနိုင်ငံတွေ ဖြစ်တဲ့ ကင်ညာ၊ အီသီယိုပီးယား၊ ယူဂန်ဒါ စတဲ့ တိုင်းပြည်တွေရဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှူုံနေကြရပါတယ်။ စစ်ဒဏ်ကြောင့် မိတကွဲ၊ ဖတကွဲ ကလေးငယ်တွေဟာ ဒုက္ခသည်စခန်းတွေမှာ ထောင်နဲ့ချီပြီး ရှိနေကြပါတယ်။

“ကျနော်တို့ ဆူဒန်ပြည်ဟာ အရမ်းကို လှပတဲ့ တိုင်းပြည်ပါ။ ကျနော့်အဖေက လယ်သမား၊ ကျောင်းပိတ်ရက်မှာ ကျနော်တို့တွေပိုင်တဲ့ နွားတွေကျောင်းရင်း ချောင်းထဲမှာ ရေကူးရတာ ပျော်စရာပေါ့။ စားစရာ သောက်စရာတွေက အလျှံအပယ်။ ဒါပေမဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကြား စစ်ပွဲ စတဲ့အချိန်မှာတော့ ကျနော်တို့ဘဝတွေအားလုံးဟာ ရုတ်ချည်းပဲ ဇောက်ထိုးမိုးမျှော် ဖြစ်ရတော့တာပါပဲ။ တကယ်ကို မထင်မှတ်ထားတဲ့ အရာတွေပေါ့။ ကျနော်တို့ဆီကို စစ်ရောက်လာတော့ ကျနော်တို့ဦးတည်ရာကို ပြေးခဲ့ရတယ်၊ အဲဒီကတည်းက ကျနော်ဟာ အဖေ၊ အမေတို့နဲ့ မတွေ့ရတော့ပါဘူး။ ထွက်ပြေးရာ လမ်းတလျှောက်မှာ တွေ့ခဲ့ရသူတွေအချင်းချင်း ဖေးမရင်း မိုင် ထောင် သောင်း ချီတဲ့ ဘေးလွတ်ရာဆီကို ပြေးခဲ့ရတယ်။ …”

ဒီ သတင်းရုပ်ရှင်ကားလေးဟာ အဲဒီ စခန်းတွေထဲကတခုမှာ ရှိနေတဲ့ ဆူဒန် လူငယ်လေး ၃ ဦး အကြောင်းပါ။ သူတို့ ၃ ဦးဟာ တခြား ဒုက္ခသည်အချို့နဲ့အတူ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့်ရသူတွေ ဖြစ်ပြီး၊ အဲဒီစခန်းက ထွက်ခွာချိန်က စ လို့၊ နောင် နှစ်ပေါင်းများစွာတိုင် သူတို့တွေရဲ့ ရုန်းကန် ဖြတ်သန်းမှုတွေကို မှတ်တမ်းတင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

“တခြားနိုင်ငံတခုက ကျနော်တို့ကို လက်ခံလိုက်တဲ့အတွက် ဝမ်းသာမိပါတယ်။ သွားရမဲ့မြို့လေးကို တွေးပြီးလည်း စိတ်လှူပ်ရှားမိပါတယ်။ ဟို ရောက်ရင် ကျောင်းတက် ချင်ပါတယ်။ ဒါမှ ကျနော်တို့ ဒီကို ပြန်လာပြီး ကူညီနိုင်မှာပေါ့ …”

အဲဒီစခန်းက မထွက်ခွာချိန်မှာ တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

နက်မှောင်နေတဲ့ အသားအရည်၊ ဖြူဖွေးနေတဲ့ သွားတွေနဲ့ အရပ်ရှည်ရှည်၊ ခပ်ပိန်ပိန် လူငယ်လေးတွေရဲ့ မျက်နှာပြင်ပေါ်မှာ စိတ်လှူပ်ရှားနေမှုကို အထင်းသား တွေ့မြင်ရပါတယ်။

ဒါပေမဲ့ တကယ်ခွဲခွါချိန်မှာတော့ သူတို့ထင်သလို မလွယ်ကူလှပါဘူး။ နှစ်ပေါင်း ဆယ်စုနှစ် တခုကျော် နေလာခဲ့တဲ့ ဒီစခန်းလေးဟာ သူတို့တွေရဲ့ နွေးထွေးတဲ့ အိမ်လေးလို ဖြစ်နေပြီ မဟုတ်လား။

“ဒါကို စွန့်ခွာပြီး သွားဖို့ဟာ သင့်တော်ပါ့မလားလို့ ကျနော်တို့ ခဏ၊ခဏ ပြန်တွေးမိပါတယ်။ ကျနော်တို့တွေက ကံကောင်းသူတွေဆိုရင် ဒီစခန်းမှာ ကျန်နေရစ်ခဲ့ရသူတွေကကော…….”

ဒီလိုနဲ့ပဲ ဘော်လုံးကွင်းကျယ်ကြီးမှာ ရောက်နေပြီဖြစ်တဲ့ လေယာဉ်ပျံဆီ ဘဝခရီး အသစ်ပြန်စဖို့ ခြေလှမ်းသစ်တွေ လှမ်းခဲ့ရပြန်ပါပြီ။ လေယာဉ်ပျံကြီးနားမှာတော့ သွေးသား မတော်စပ်တဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ ဝမ်းသာဝမ်းနည်းနှုတ်ဆက်ဖို့ စောင့်နေကြတယ်။

“သူတို့တွေကို ကျောခိုင်းပြီး လေယာဉ်လှေခါးထစ်တွေ တက်ရချိန်မှာ ကျနော်တို့ အားအင်တွေ ကုန်ခမ်းနေသလို ခံစားရမိပါတယ်။”

လေယာဉ်ပျံ ပျံသန်းဖို့ လေယာဉ်မှူးက ကြေညာတော့၊ သူတို့တွေ အံ့အားသင့် ရပြန်ပါတယ်။ အသံပဲ ကြားရပြီး အသံရှင် မတွေ့ရလို့ စပီကာကို လက်နဲ့စမ်းပြီး ရှာကြပြန်တယ်။

လေယာဉ်ပေါ်က ကျွေးတာတွေ အကုန်စားကြပေမဲ့ သူတို့တွေ သဘောမကျလှပါဘူး။ “ကျနော်တို့ ဒုက္ခသည်စခန်းမှာ စားရတာလောက် အရသာ မရှိလှပါဘူး။ ဘယ်လိုအရသာမှန်းလဲ မသိဘူး …” ဆိုပြီး၊ ပေါင်မုန့်နဲ့ သုတ်စားဖို့ ပေးထားတဲ့ ထောပတ်တုံးကို ဝါးစားရင်း မှတ်ချက်ချ နေကြပြန်တယ်။

ကြယ်မြင် လမြင်နေခဲ့ရတဲ့ ဘဝ၊ မော်တော်ကားဆိုတာ တလနေ တခေါက် မြင်ရဖို့တောင် မလွယ်တဲ့အဖြစ်ကနေ၊ လေယာဉ်ပျံကြီး စီးပြီး ကမ္ဘာတဖက်ကို သွားရတာဟာ သူတို့တွေအတွက် မဟာစွန့်စားခန်းပါပဲ။ စိန်ခေါ်မှူတွေကတော့ သူတို့ကို စောင့်နေကြလေရဲ့။

သူတို့နေထိုင်ရာ မြို့ကို ရောက်တော့ နေရာချထားရေးအရာရှိက သတို့တွေ နေရေး၊ စားရေး၊ အလုပ်အကိုင်ရရှိရေးတွေအတွက် ကူညီပေးကြပါတယ်။

“ဟောဒါက မီးခလုတ်၊ ဖွင့်တာကဒီလို၊ ပိတ်တော့ဒါမျိုး၊ မှတ်ထားနော်။ ဒီခလုတ်ကတော့ ဒီမှာ၊ ဒါက အိမ်သာနော်၊ ဒီလိုထိုင်….၊ ဒါကတော့ အိပ်ခန်း၊ ကုတင်တွေက ဟိုမှာ … တကုတင်ထဲ လေးယောက် အိပ်ရမှာ မဟုတ်ဖူး၊ တယောက်စီ …။

ဒါတွေကတော့ စားစရာတွေ၊ အာလူးကြော်က ကြော်ပြီးသားနော်၊ ထပ်ပြီး ချက်စရာမလိုဘူး။ ဟုတ်ပြီနော် … မှတ်မိပြီလား၊ လိုရင် ဖုန်းဆက်… ဒီလို ဆက်ရတယ် …”

သူတို့အတွက်တော့ မဆုံးနိုင်တဲ့ လက်တွေ့သင်္ခန်းစာတွေပေါ့။ နောက်တနေ့ မနက်မှာတော့ ဘီစကစ်တွေကို ကော်ဖီခွက်ကြီးထဲထည့်၊ သံရိုက်တူကို ပြောင်းပြန်ကိုင်၊ ငရုတ်ကျည်ပွေ့လိုလုပ်ပြီး ညက်ညက်ကြေအောင်ချေ၊ နွားနို့လောင်းလို့ မနက်စာကို မြိန်ရည်ယှက်ရည် စားကြတယ်။

လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှူ၊ ထုံးစံ၊ အသားအရောင် မတူတဲ့ လူနေမှူစနစ်တခုဆီကို ရောက်လာရတဲ့အခါမှာတော့ သူတို့တတွေဟာ တယောက်ကို တယောက် အားကိုးအားထား ပြုကြတယ်။ သူတို့တွေရဲ့ အုပ်စုလိုက် သွားလာ ပြုမူမှုတွေကို စိုးရိမ်ထိတ်လန့်ကြတဲ့ နယ်ခံတွေရဲ့ ပုလိပ်တိုင်ကြားတာကိုလည်း ခံရပြန်တယ်။ တခါတလေ ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်ရင်း ဝမ်းနည်းစရာ အတွေးတွေကလည်း ခဏ၊ခဏ ပေါ်လာတတ်ပြန်ပါသေး တယ်။

“ဒီကလူတွေ ဘာကြောင့် မပြုံးတတ်ကြပါလိမ့်။ ငါတို့တွေဆို ရယ်ရယ်မောမောနဲ့၊ ညီအစ်ကို၊ မောင်နှမတွေဆိုလည်း လုံးထွေးပြီး နေကြ၊ ဒီမှာ အလုပ်ပြီးတော့ အလုပ်၊ အလုပ်၊ အလုပ် … ပဲလား။ ငါ ဘယ်လိုနေရာမျိုးကို ရောက်နေတာပါလိမ့်…”

ကျရှူံးမှူတွေ၊ အဆင်မပြေမှူတွေကြားက သူတို့တွေမှာ တူညီတဲ့ အင်အားရှိတယ်။ ဒါကတော့ သူတို့ရဲ့ အမိမြေ ဆူဒန်နဲ့ ပျောက်ဆုံးနေတဲ့ သူတို့မိသားစုပါပဲ။ သူတို့တွေနဲ့ အဆက်အသွယ်ရဖို့ ကြက်ခြေနီိအဖွဲ့အစည်းတွေအပြင် အခြားအဖွဲ့အစည်းပေါင်းများစွာနဲ့ ဆက်သွယ်ခဲ့ရတယ်။ အဲဒီအတွက် သူတို့ အလုပ်လုပ်ပြီး ပိုက်ဆံစုကြတယ်။ တဖက်ကလည်း သူတို့နေခဲ့တဲ့ ဒုက္ခသည်စခန်းဆီကို ငွေကြေး ထောက်ပံ့လိုက်သေးတယ်။ တလ၊ တလ သူတို့အတွက် စုဆောင်းမိတာကတော့ ကြွေးတောင်းစာတွေ ဖြစ်တယ်။
စိတ်ဓာတ်ခွန်အားတွေ ကျဆင်းလာချိန်မှာ ကြေကွဲဖွယ်ရာတွေကိုပဲ တွေးမိ၊ မြင်မိတာ ဓမ္မတာပါပဲ။ လမ်းသွားရင်း မိသားစုတွေကို တွေ့ရတဲ့ အခါမျိုးမှာ …

“ငါတို့မှာကော … ဘယ်မှာလဲ မိသားစု၊ ငါတို့တတွေ အချင်းချင်း ဘာကြောင့် သတ်ဖြတ်နေတာလဲ၊ ဒါကြောင့် ဘုရားသခင်က ငါတို့ကို စိတ်ကုန်သွားပြီလား၊ ထောက်ပံ့ရမဲ့ ဟာတွေကလည်း များလိုက်တာ၊ ငါတို့တွေ ဆက်ပြီး လုပ်နိုင်ပါ့အုံးမလား …”

အဖြေမရှိတဲ့ အမေးတွေကြားကပဲ အချိန်တန်တော့ အားတင်းပြီး ရုန်းကြရပြန်တယ်။

စိတ်ဓါတ်တွေ ကျလိုက်၊ တက်လိုက်၊ ကျရှုံးမှူတွေ ထောင် သောင်း ချီနေတဲ့ ကြားထဲကပဲ အားတင်းပြီး ခရီးဆက်ကြရတယ်။

“ကျနော်တို့ရဲ့ ရည်မှန်းချက်က ကျနော်တို့ရဲ့ ဆူဒန်ပါပဲ။ ကျနော်တို့ ကျောင်းတက်ကြမယ်၊ ကျနော်တို့ရဲ့ ဆူဒန်ကို သိလာအောင် … စစ်ပွဲတွေ ရပ်သွားအောင် … ကူညီလာဖို့ ကြိုးစားကြမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ဆူဒန်နိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူနေဆဲပါပဲ …”

ဒါကတော့ “လမ်းပျောက်သူ ဆူဒန်လူငယ်များ” ရဲ့ နှစ်ပတ်လည်တွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့ သူတို့ရဲ့ စကားလက်ဆောင်ပဲ ဖြစ်ပါတယ်။

နောင်နှစ်ပေါင်း အတန်ကြာမှာတော့ သူတို့တွေထဲက တယောက်ရဲ့မိခင်နဲ့မိသားစုကို အဆက်အသွယ် ပြန်ရခဲ့ပါတယ်။

“မယုံနိုင်လောက်အောင်ပါပဲ ခင်ဗျာ။ ယူဂန်ဒါ နိုင်ငံထဲ ရောက်နေတာတဲ့။ ကျနော့်ကိုကော မှတ်မိပါ့မလား၊ အမေကကော အရင်တုံးကလိုပဲလား၊ ဘယ်ဟုတ်နိုင် ပါ့မလဲနော်၊ ကျနော့်အရပ်ကြီးကတောင် မိုးထိလုမတတ် ဖြစ်နေပြီ။ ကျနော်တို့ ပြန်ဆုံမယ့် အချိန်ကိုတောင် စိတ်မရှည်နိုင်လောက်အောင် ဖြစ်မိပါရဲ့ …”

သူတို့မိသားစု ပြန်တွေ့ကြတဲ့ အဖြစ်ကလေးဟာ ဝမ်းနည်း၊ ၀မ်းသာ ကောင်းလှပါတယ်။ လေဆိပ်ရဲ့ ဧည့်ကြိုဆောင်မှာ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သားနဲ့ မိခင်ရဲ့ တွေ့ဆုံခန်းဟာ လေယာဉ်မှုးတွေ၊ လေယာဉ်အမှုထမ်းတွေ၊ သတင်းထောက်တွေအတွက် မျက်ရည်မဆည်နိုင်တဲ့ ပွဲပါပဲ။ အားလုံးဟာ ပြုံးနေကြပေမယ့် မျက်ရည်တွေကတော့ ရွှဲရွှဲစို လို့။

ခုချိန်မှာတော့ သူတို့တွေဟာ ကိုယ်ပိုင်မိသားစုဘဝတွေ့နဲ့ အခြေကျနေပါပြီ။ သူတို့ချစ်တဲ့ သူတို့ရဲ့ ဆူဒန်ပြည်အတွက်၊ ဆူဒန်ပြည်သူတွေအတွက် ပြန်ပြီး အကျိုးပြုနိုင်သူတွေ ဖြစ်နေကြပါပြီ။

နာကျည်းစရာ အကြောင်းတခုကြောင့် ကိုယ့်တိုင်းပြည်ပါလို့တောင် အသိအမှတ် မပြုနိုင်သူတယောက်အကြောင်း ဆောင်းပါးတပုဒ် ဖတ်ပြီးချိန်မှာပဲ၊ စိတ်မချမ်းမြေ့စရာ၊ စိတ်အားငယ်စရာ၊ တုန်လှူပ်ခြောက်ခြားစရာ၊ မနှစ်မြို့စရာ အဖြစ်အပျက်တွေနဲ့သာ ပြည့်နှက်နေတဲ့ တိုင်းပြည်ကနေ ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်လိုပဲ ခွဲခွာခဲ့ရပါစေ၊ ဒါဟာ ငါတို့ တိုင်းပြည်၊ ငါတို့ရဲ့ ချစ်စရာ၊ ဂုဏ်ယူစရာ တိုင်းပြည်ပဲလို့၊ ရဲရဲကြီး အသိအမှတ်ပြုရဲသူတွေ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ကြည့်လိုက်ရတာဟာ အံ့သြစရာကောင်းတဲ့ တိုက်ဆိုင်မှူပဲ ဖြစ်ပါတယ်။

“တိုင်းပြည်ရှိရင် နံဘေးမှာမိခင်ရှိနေသလို အင်အားတွေရှိစေပါတယ်” ဆိုတဲ့ Everette Hale သာ သက်ရှိထင်ရှား ရှိခဲ့ပြီး ဒီရုပ်ရှင်ကားကို ကြည့်ခွင့်ရခဲ့ရင် သူဘယ်လောက်များ ကျေနပ်ဝမ်းမြောက်လေမလဲလို့ တွေးမိနေပါတယ်။

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

MOney Transfer to Burma with Western Union

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly April 2014 တကယ် ထွက်ပါပြီ

မိုးမခမာတိကာစဉ်

%d bloggers like this:

မိုးမခမှာ ကြော်ငြာပါ

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ