>မဵြိုးမင့်မောင် – သီခဵင်းဆိုပၝဦးကိုအောင်မိုးဝင်း

February 9, 2008

>

သီချင်းဆိုပါဦး ကိုအောင်မိုးဝင်း
မျိုးမြင့်မောင်

ဖေဖော်ဝါရီ ၉၊ ၂၀၀၈

ကျနော့်အခြေအနေက သူများတကာတွေလို အင်တာနက်၊ အီးမေးလ်တို့နဲ့ လက်လှမ်းမှီလှတာ မဟုတ်ပါဘူး။ လေးစားချစ်ခင်ရတဲ့ မိတ်ဆွေတွေ ပရင့်ထုတ်ပြီး ပေးပို့လာမှသာ ဖတ်ရသူပါ။ အခုလည်း ချစ်မိတ်ဆွေတစ်ဦးက ပို့ပေးလာလို့ ရွှေဒေါင်းဖြူတို့ (ကို)အောင်မိုးဝင်းတို့ ရေးတဲ့ အကြောင်းအရာတွေ ဖတ်ရတာပါ။

ရွှေဒေါင်းဖြူ က “၂၀၀၆ အစိုးရစာပေဆု (၀ါ) တောင်စမုခ်က ထောင်ထုပ်”

ကိုအောင်မိုးဝင်း က “နာကျင်နေသူရဲ့ မြစ်တစင်းဆီက သီချင်းစာသားတချို့”

သူတို့နှစ်ယောက်ရေးကြတာက စာရေးဆရာ၊ ဘာသာပြန်ဆရာ (ကို)ကျော်ဝင်း ၂၀၀၆ ခုနှစ် အမျိုးသားစာပေဘာသာပြန်(သုတ) ဆုရတဲ့ကိစ္စကို “တည်” ပြီး ပြောကြ ရေးကြတာတွေပါ။

ကျော်ဝင်း ကို “ကမ္ဘာပြားပြီ” စာအုပ်နဲ့ ၂၀၀၆ ခုနှစ်အတွက် အမျိုးသားစာပေ ဘာသာပြန်(သုတ)ဆု ပေးတာပါ။

မစန္ဒာ၊ မှူးသမိန်၊ ကျော်ဝင်းတို့ အမျိုးသားစာပေဆုရတဲ့သတင်း၊ ရေဒီယို (မြန်မာ့အသံ) က ကြေညာသွားတာကို ကြားလိုက်ရပါတယ်။ စမ်းသပ်ထုတ်လွှင့်နေတဲ့ “နေပြည်တော် မြန်မာ့အသံ” ကနေပြီး မစန္နာ၊ မှူးသမိန် တို့ကို စာပေဆုရတာနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခန်းတွေ ထုတ်လွှင့်သွားတာကိုလည်း နားထောင်လိုက်ရပါတယ်။ ကျော်ဝင်းနဲ့ဗျူးလည်း လာမှာပဲဆိုပြီး မျှော်လင့်မိပါတယ်။ အခု စာရေးတဲ့နေ့အထိ အသံလွှင့်တာ မကြားမိသေးပါဘူး။ ဘာကြောင့် မလွှင့်သေးတာလဲတော့ မသိပါ။

ကျနော်ကတော့ ဘာသာပြန်စာပေဆုရတာနဲ့ ပတ်သက်ပြီး ကျော်ဝင်းအသံကို ကြားချင် နေပါတယ်၊ စိတ်ဝင်းစားနေပါတယ်၊ ဒါကြောင့် မျှော်လင့်နေမိတာပါ။

“ကမ္ဘာပြားပြီ”ကို ဘာသာပြန်စာပေဆုပေးတဲ့သတင်းကြားရတဲ့အခါမှာ “သြော်… ကျော်ဝင်း၏ ဘာသာပြန်မှုကို “နိုင်ငံတော်”က အသိအမှတ်ပြုခဲ့ပြီ” လို့ပဲ မှတ်ချက်ချမိပါတယ်။ အဲဒီစာအုပ် (ကမ္ဘာပြားပြီ) ကျနော် ၀ယ်ထားပြီးပါပြီ။ ဆုမရခင်ကတည်းက ၀ယ်ထားတာပါ။ မှူးသမိန်စာအုပ်လည်း အလားတူပါပဲ။ စိတ်ဝင်စားလို့ ၀ယ်ထားတာပါ။ ကမ္ဘာ ဘယ်လိုပြားသွားသလဲ ဆိုတာ စိတ်ဝင်စားပါတယ်။ တစ်သက်လုံး သင်လာခဲ့တာ ကမ္ဘာသည် အလုံး။ ယခု ကမ္ဘာ ပြားသွားပြီတဲ့။ ဒါပေမယ့် အဲဒီစာအုပ် အခုထိ မဖတ်ဖြစ်သေးပါဘူး။ ဖတ်ဖြစ်အောင်တော့ ကြိုးစားပြီး ဖတ်ရမှာပါ။ သူ့စာအုပ်က ပ၊ ဒု၊ တ သုံးတွဲကြီးများတောင်။

“သြော်… ကျော်ဝင်း၏ ဘာသာပြန်မှုကို
“နိုင်ငံတော်”က အသိအမှတ်ပြုခဲ့ပြီ” လို့ပဲ
မှတ်ချက်ချမိပါတယ်။

အခုလည်း ကျနော်က ရွှေဒေါင်းဖြူတို့၊ ကိုအောင်မိုးဝင်း တို့ကို တုန့်ပြန်ဖို့ မဟုတ်ပါဘူး။ ကျနော့်အမြင် တင်ပြတဲ့သဘောပါ။

ဒီနေရာမှာ ရွှေဒေါင်းဖြူရဲ့ ရေးသားချက်နဲ့ ပတ်သက်ပြီး ကျနော့်အမြင်ကို ပထမတင်ပြရရင် ဒီလိုပါ။

ရွှေဒေါင်းဖြူရဲ့ တင်ပြချက်ဟာ “ကြမ်း” လွန်းပါတယ်။

(နအဖ) စစ်အစိုးရ ဆန့်ကျင်တဲ့စိတ်ဓာတ်ကိုတော့ လေးစားပါတယ်၊ အသိအမှတ် ပြုပါတယ်။ ရွှေဒေါင်းဖြူနဲ့ ပတ်သက်လို့ ကျနော့်အမြင်သဘောထား ဒီလောက်ပါပဲ၊ တခြား မရှိတော့ပါဘူး။

ကိုအောင်မိုးဝင်းရဲ့ “သီချင်းစာသား” နဲ့ ပတ်သက်လို့တော့ ကျနော့် သဘောထားအမြင်က ဒီလိုဖြစ်ပါတယ်။

ကိုကျော်ဝင်းနဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်ရေး အထင်ကြီးလေးစားမှု၊ ခင်မင်တွယ်တာမှု သံယောဇဉ် ကြီးလွန်းတာကို သတိပြုမိပါတယ်။ ဘာကြောင့် ဒီလိုကြီးလွန်းရတာလဲဆိုတာနဲ့ ပတ်သက်တဲ့ အချက်အလက်၊ အကြောင်းအရာတွေလည်း ကိုအောင်မိုးဝင်းစာထဲမှာ ဖတ်ရပါတယ်။

ကိုကျော်ဝင်းရဲ့ စိမ်းလန်းသောဖြတ်သန်းမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ လေ့လာရေး စနစ်တကျရှိမှု၊ သုံးသပ်မြော်မြင်နိုင်စွမ်း၊ လူငယ်တွေအပေါ် လေးစားတန်ဖိုးထားမှု၊ စေတနာထားရှိမှု စတာတွေနဲ့ပတ်သက်လို့ ကျနော် သံသယ လုံးဝမရှိပါဘူး။ သူ့ရဲ့ အတိတ်ဖြတ်သန်းမှုဟာ စိမ်းလန်းသော၊ တောက်ပသော ဖြတ်သန်းမှုလေ။ သူ့ရဲ့ ကိုယ်ပိုင်အရေးအသား အဖွဲ့အနွဲ့ကို ကျနော်နှစ်သက်ပါတယ်။

ကိုအောင်မိုးဝင်း ရေးထားတာတွေက နှောင်းအတိတ်က ကျော်ဝင်း၊ စိမ်းလန်းသော ကျော်ဝင်းရဲ့ ကောင်းမှုပြုချက်တွေကို အခြေစိုက်ထားတာများလွန်းလို့ ပုဂ္ဂိုလ်ရေးတိမ်းညွတ်တဲ့ ဘက်ကိုတောင် ရောက်သလို ဖြစ်နေပါတယ်။

ကျနော့်အမြင်ကတော့ ကျော်ဝင်းကို အကဲဖြတ်တဲ့နေရာမှာ နှောင်းအတိတ်ကျော်ဝင်း၊ စိမ်းလန်းသောကျော်ဝင်းကနေ ယနေ့ လက်ရှိ ပစ္စုပ္ပန် ကျော်ဝင်း၊ ညိုဝါရွှေသော ကျော်ဝင်း အထိ လေ့လာပြီးမှ သုံးသပ်ရမယ်၊ အကဲဖြတ်ရမယ်လို့ ယူဆတာပါ။

ရွှေဒေါင်းဖြူလို ပစ်ပစ်ခါခါ မရေးသင့်သလို။ ကိုအောင်မိုးဝင်းလို နှစ်နှစ်ကာကာလည်း မဖြစ်သင့်ပေဘူးပေါ့။

ဟုတ်ပါတယ်။ နှောင်းအတိတ်က ကျော်ဝင်းရဲ့ ကောင်းမှုပြုချက်တွေဟာ ကျော်ဝင်းရဲ့ စိမ်းလန်းသော ရပ်တည်ချက်မြေကွက်ဟောင်းပေါ်က သီးပွင့်လာခဲ့တဲ့ ချိုမြိန်နှစ်လိုဖွယ်ရာတွေ၊ လေးစားအတုယူဖွယ်ရာတွေ၊ အထင်ကြီးစရာတွေပဲ မဟုတ်ပါလား။ ဒီဖြစ်ရပ်တွေအပေါ်မှာ ကိုအောင်မိုးဝင်းရဲ့ သံယောဇဉ် ပင့်ကူမြှေးတွေ ယှက်သမ်းအိမ်ဖွဲ့ခဲ့တာဖြစ်မယ်လို့ ထင်ပါတယ်။

နှောင်းအတိတ်ကျော်ဝင်း၊
စိမ်းလန်းသောကျော်ဝင်းကနေ
ယနေ့ လက်ရှိ ပစ္စုပ္ပန် ကျော်ဝင်း၊
ညိုဝါရွှေသော ကျော်ဝင်း အထိ

ကျော်ဝင်းရဲ့ စိမ်းလန်းသော ရပ်တည်ချက်ဟောင်း။ စိမ်းသစ်သော ရပ်တည်ချက်ကောင်းလည်း ဖြစ်ခဲ့မှာပါ။ ဒီရပ်တည်ချက်ပေါ်က လုပ်ရပ်၊ လှုပ်ရှားလုပ်ဆောင်ခဲ့မှု အတွက် (မဆလ) အစိုးရက ကျော်ဝင်းကို ထောင်ချပစ်ခဲ့တယ်။ ဘယ်လို အဖမ်းခံရသလဲ ဆိုတာကိုတော့ ကိုအောင်မိုးဝင်း ရေးလာမှ ကျနော်သိရတာပါ။

ရပ်တည်ချက်ဟာ အရေးကြီးပါတယ်။ ပြုမူလုပ်ဆောင်ချက်တွေရဲ့ ဇစ်မြစ်ဖြစ်လို့ပါ။ အမြစ် မြေကလို့ ဆိုစကားလည်း ရှိသားပဲမဟုတ်လား။ ဒါကို ကိုအောင်မိုးဝင်း သဘောတူလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

“ရပ်တည်ချက်ဆိုတာ လိမ်လို့ရတယ်” လို့ ပြောတာကို ကျနော့်နားနဲ့ ဆတ်ဆတ်ကြားခဲ့ရဖူးတယ် ဆိုရင် ကိုအောင်မိုးဝင်း၊ ခင်ဗျားယုံမလား မသိဘူး။ ကြား ကြားခြင်း ကျနော့်နား ကျနော် မယုံခဲ့ဘူး။ ဒါပေမယ့် မယုံလို့ မရဘူး။ ကျနော့်နားနဲ့ တကယ်ကြားခဲ့ရတာ။ ပြောတဲ့သူက အထင်ကရရှိသူတစ်ဦးပါ။ သူဘယ်သူလဲတော့ ကျနော် မပြောပါရစေနဲ့။

အခုတော့ အရာအားလုံး ပြောင်းလဲခဲ့ပြီ မဟုတ်လား။ တံတားအောက်မှာ မြစ်ရေတွေ စီးသွားခဲ့ပြီလေ။ ကျော်ဝင်းရော၊ ကိုအောင်မိုးဝင်းရော၊ ကျနော်ရော ပြောင်းလဲခဲ့ကြပြီ။ ကိုအောင်မိုးဝင်းက အမေရိကန်ပြည်ထောင်စုမှာ။ ကျနော်က ထိုင်းနိုင်ငံမှာ။ ကျော်ဝင်းလည်း အမြဲစိမ်း မဟုတ်တော့ ပြောင်းလဲခဲ့ပြီ … ညိုဝါရွှေ။

ဒါကြောင့် အတိတ်ဟောင်း ကျော်ဝင်းကနေ ယနေ့ ကျော်ဝင်းအထိ လေ့လာသုံးသပ်ဖို့ ကျနော်ပြောရတာပါ။ ဘယ်လိုပြောင်းလဲခဲ့ကြတာလဲ။ စိမ်းလန်းသော သစ်ရွက်ကလေး ဘယ်လို ညိုဝါရွှေ ခဲ့ရတာလဲ ?။

ယနေ့ ကျော်ဝင်း ကို “နိုင်ငံတော်” က အသိအမှတ်ပြုခဲ့ပြီ။

အသိအမှတ်ပြုမှု၂ ခု ဟာ တစ်ခုနဲ့ တစ်ခု ခြားနားပါတယ်။

ပထမ အသိအမှတ်ပြုမှုက “နှစ်ရှည်ထောင်ဒဏ်နဲ့ ပညာသင့်ခွင့် ပိတ်ပင်ခံရတာ” (ဆေးကျောင်းဆက်တက်ခွင့် မရတာ)။ အသိအမှတ်ပြုတဲ့ အစိုးရက (မဆလ)။

ဒုတိယ အသိအမှတ်ပြုမှုက “ဘာသာပြန်စာပေဆု”၊ အသိအမှတ်ပြုတဲ့ အစိုးရက (နအဖ)စစ်အစိုးရ။

အသိအမှတ်ပြုမှု နှစ်ရပ်သည် ရပ်တည်ချက် ၂ ခု ၏ သမိုင်းကိုများ ဖော်ပြနေကြရော့ သလားလို့ ကျနော်တွေးတောနေမိတယ် ကိုအောင်မိုးဝင်း။ ခင်ဗျားရော ဘယ်လိုထင်ပါသလဲ။

အုပ်စိုးသူအဆက်ဆက်ကတော့ ဒီလို ဆုမျိုးတွေနဲ့ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေကို မြူဆွယ်ခဲ့ကြတာပဲဗျာ။

“ရပ်တည်ချက်ဆိုတာ လိမ်လို့ရတယ်”
လို့ ပြောတာကို
ကျနော့်နားနဲ့ ဆတ်ဆတ်ကြားခဲ့ရဖူးတယ် ဆိုရင်

ခမ်းနားကြီးကျယ်တဲ့ အဖိုးသခင်ကိုယ်တော်မှိုင်းကိုတောင် (ဖဆပလ) အစိုးရက “အလင်္ကာကျော်စွာ” ပေးခဲ့တယ် မဟုတ်ပါလား။ ချီးကျုးဂုဏ်ပြုတာလား။ တမင်စော်ကားလိုက် တာလား။ “ထမင်းတလုပ်တော့ဖြင့် ထင်းခုတ်စားလို့ ရပါတယ်” လို့ ဆရာကြီးက (ဦး)ညိုမြ ကို တုံ့ပြန်ခဲ့ဖူးတယ်နော်။

နိုင်ငံရေးသမားတွေကိုလည်း “နိုင်ငံ့ဂုဏ်ရည်”၊ “မော်ကွန်းဝင်” ဆိုတဲ့ ဘွဲ့တံဆိပ်တွေ ပေးခဲ့ဖူးတာပဲ မဟုတ်လား။ ဒီဆုတွေကို ငြင်းပယ်ခဲ့တဲ့၊ လက်မခံတဲ့သူတွေ အများကြီးရှိတယ် ဆိုတာလည်း ကိုအောင်မိုးဝင်း သိပါတယ်။

ဘာရည်ရွယ်ချက်နဲ့ ပေးခဲ့တာလဲ ဆိုတာကိုပါ ကိုအောင်မိုးဝင်း သိမှာပါ။

စာရေးဆရာတွေဘက်က ပြောမယ်ဆိုရင်လည်း ကျနော် မှတ်မိတာပဲ ကွက်ပြီးပြောပါရစေ။

ဆရာဗန်းမော်တင်အောင်ရဲ့ “မမကြီးဝတ္ထု” နဲ့ အောင်လင်းရဲ့ “အရိုင်းစံပယ်ဝတ္ထု” ကို ၁၉၆၀ ပြည့်နှစ်၊ စာပေဗိမာန် ၀တ္ထုရှည်ဆု ပူးတွဲပေးခဲ့ပါတယ်။ ကျနော်တို့ရဲ့ ပြတ်သားသော လင်းယုန်ကြီးက ဒီဆုကို မယူခဲ့ပါဘူး။

ဒီနေရာမှာ ကြုံလို့ သတိပြုမိတာကလေးတစ်ခု ခင်ဗျားကို ပြောရဦးမှာပဲ။ ခင်ဗျားလည်း သတိထားမိမယ် ထင်ပါတယ်။ ကျနော်တို့ မြန်မာပြည်မှာ ဒီမိုကရေစီ ဆုံးရှုံးတာနဲ့ ပတ်သက်တဲ့ ကိစ္စပါ။ တချို့က ၁၉၄၈၊ ပြည်တွင်းစစ်က စတယ်လို့ အစချီကြပြီး၊ တချို့ကတော့ ၁၉၆၂ တော်လှန်ရေးကောင်စီက အာဏာသိမ်းမှ စတယ်လို့ အစချီတတ်ကြတယ်ဗျ။

ဒါပေမယ့် ၁၉၆၂ မှာ စတင်ပီး ဒီမိုကရေစီ ဆုံးရှုံးတယ်လို့ ဆိုတဲ့သူတွေကပဲ ဆရာဗန်းမော်တင်အောင်ဟာ စာပေရေးသားမှုကြောင့် ပထမဆုံး အကျဉ်းချခံရတဲ့ စာရေးဆရာလို့ ပြောကြပြန်တယ်။ ဒါဆိုရင် ၁၉၆၂ က အစချီသူတွေက ၁၉၄၈ ပြည်တွင်းစစ် စကတည်းက ဒီမိုကရေစီဆုံးရှုံးတယ်ဆိုတာကို အသိအမှတ် ပြုသလို ဖြစ်ပြန်ပါတယ်။

သေချာတာကတော့ ပြည်သူတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးဟာ တစ်ခေတ် ထက် တစ်ခေတ် ပို၍ ပို၍ ဆုံးရှုံးလာတယ်ဆိုတဲ့ အချက်ပါပဲဗျာ။

ပြန်ဆက်ရရင်၊ ဆရာမြသန်းတင့်လည်း အမျိုးသားစာပေဘာသာပြန်ဆု (၅)ကြိမ် ရဖူးပါတယ်။ ဘာသာပြန်တွေချည်းပဲ ရွေးပေးတာနော်။ ပင်ကိုယ်ရေး စာအုပ်တွေကို မပေးဘူးနော်။ ဒါက ထူးခြားမှုတစ်ခု။ ထင်ရှားကျော်ကြားပြီး ခင်ဗျားတို့ ကျနော်တို့ လူငယ်တွေ ကြိုက်နှစ်သက်ခဲ့တဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်” စတဲ့ ပင်ကိုယ်ရေး စာအုပ်တွေကို မပေးပါဘူး။ နာမည်နဲ့တင် (မဆလ) အစိုးရ “ဖျား” နေပါတယ်။

ပေးတဲ့ ရည်ရွယ်ချက်ကလည်း အသိအမှတ်မပြုလို့ကို မရတော့တဲ့အတွက် အသိအမှတ် ပြုရတဲ့သဘော ရှိပုံရပါတယ်။ ဒါပေမယ့် ဘာသာပြန်တွေကို ရွေးပြီး ပေးခဲ့တယ်။ ဆရာမြသန်းတင့် ဆိုတာ ကမ္ဘာသိ၊ မြန်မာသိ ထင်ရှားသူ။ ပြီးတော့ သူ့ရဲ့ သမိုင်းဖြတ်သန်းမှုကလည်း ထုနဲ့ ထည်နဲ့ မဟုတ်လား။

အစောဆုံးက “စစ်နဲ့ ငြိမ်းချမ်းရေး” (၁၉၇၂)။ ဒီစာအုပ်ကြီးက ဆရာမြသန်းတင့် ကိုကိုးကျွန်း အကျဉ်းထောင်က ပြန်လာမှ အပြီးသတ်ရတာလို့ ထင်ပါတယ်။ လေရူးသုန်သုန် (၁၉၇၈)၊ ခန်းဆောင်နီအိပ်မက် (၁၉၈၈)၊ သုခမြို့တော် (၁၉၉၂)၊ အချစ်မိုးကောင်းကင် (၁၉၉၅) တို့ ဖြစ်ပါတယ်။

နိုင်ငံရေးသမားတွေကိုလည်း “နိုင်ငံ့ဂုဏ်ရည်”၊ “မော်ကွန်းဝင်” ဆိုတဲ့
ဘွဲ့တံဆိပ်တွေ ပေးခဲ့ဖူးတာပဲ မဟုတ်လား။
ဒီဆုတွေကို ငြင်းပယ်ခဲ့တဲ့၊ လက်မခံတဲ့သူတွေ အများကြီးရှိတယ်

ကျနော်ဆိုလိုချင်တဲ့သဘောက ပေးတဲ့ဆုအမျိုးအစား၊ ဆုပေးတဲ့ အချိန်ကာလ၊ ဆုပေးတဲ့ ရည်ရွယ်ချက်၊ ဆုပေးတဲ့ အစိုးရ တို့ကို ဝေဖန်ပိုင်းခြားဖို့နဲ့ စာရေးဆရာရဲ့ ဖြတ်သန်းမှုနဲ့ ချိန်ထိုး သုံးသပ်နိုင်ဖို့သာ ဖြစ်ပါတယ်။

မြသန်းတင့်လည်း ရတာပဲ။ စိန်ခင်မောင်ရီလည်း ရတာပဲ။ ကျော်ဝင်းရတာ ဘာဖြစ်သလဲ ဆိုပြီး လုံးထွေးမပစ်သင့်ဘူးလို့ ထင်ပါတယ်။

ကျော်ဝင်း ဟာ “နိုင်ငံရေးလှုပ်ရှားမှုတွေ ခွာပြီး၊ စာရေးဆရာအဖြစ် အသက်မွေးတော့မယ်” လို့ ဆုံးဖြတ်တာဟာ ကျော်ဝင်းရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဖြစ်ပါတယ်။ ကျနော် ဘာမျှ ပြောစရာမရှိပါဘူး။ သံယောဇဉ် မကုန်နိုင်ဘူးဆိုရင်လည်း သူ့အသည်းနှလုံးနဲ့ သူပါ။

ဒီနေရာမှာ သတိပြုသင့်တာ တစ်ခုတော့ ရှိတယ်။ အဲဒါဟာ “ကျော်ဝင်း အရွေ့” ပဲ။

နှောင်းအတိတ်ကျော်ဝင်း၊ အမြဲစိမ်းကျော်ဝင်းက “အတုနဲ့ အစစ်”၊ “အနှစ်နဲ့အကာ”၊ “အမှန်နဲ့ အမှား”၊ “ဖောက်ပြန်တာနဲ့ တော်လှန်တာ” ခွဲခြားသူ။ ပြီးတော့ အစစ်၊ အနှစ်၊ အမှန်နဲ့ တော်လှန်ရေးကို တင်ပြသုံးသပ်နိုင်သူ၊ သုံးသပ်ခဲ့တဲ့သူ ဖြစ်တယ်။ ဖြစ်ခဲ့လိမ့်မယ်။

ယနေ့ ကျော်ဝင်းဟာ “မုချတွေ သက်တမ်းတိုလာသည်ဆိုသော ကျော်ဝင်း”၊ “ဧကန် သဘော မပြောအပ်ဟု ဆိုလာသော ကျော်ဝင်း”၊ “ထိလွယ်ရှလွယ် ကျိုးလွယ်ပဲ့လွယ်သည်ဟု ဆိုသော ကျော်ဝင်း၊ “စာဖတ်သူကို တရားမဟောချင်သော ကျော်ဝင်း”၊ “အရမ်း အကန်း နာခံမှုထက် ပညာနဲ့ယှဉ်တဲ့ စဉ်းစားဆင်ခြင်မှုာဏ်က အခရာကျပါလိမ့်မည် ဟု ဆိုသော ကျော်ဝင်း”၊ “စာဖတ်သူများ ဦးနှောက်မုန်တိုင်းဆင်ဖို့သာ ဖြစ်ပါကြောင်း” ဆိုတဲ့ ဘက်ကို ရွေ့သွားတဲ့ ကျော်ဝင်း ဖြစ်ပါတယ်။

“၀င်းမင်းထွေး”ကတော့ သူ့ရဲ့အရွေ့နဲ့ သူ့ရဲ့အလှည့်အပြောင်းကို “ဗီဇ၊ ဦးနှောက်နဲ့ နှလုံးသားက လက်မခံနိုင်တဲ့ အမိန့်ပေးသံကို ကျောခိုင်းပြီး အနုပညာဈာန်နဲ့ လွတ်လပ်စွာ ပျံသန်းဖို့” ဆုံးဖြတ်ခဲ့ပါတယ်။ ဂစ်တာကို ကျွန်တော်ဟာ ကိုင်ပါတော့မယ်၊ တောင်များရဲ့ မြောက်ဘက်အစား၊ မြစ်များရဲ့ တောင်ဘက်ဆီသို့ ဂငယ်ကွေ့ ကွေ့ခဲ့တာဖြစ်ပါတယ်” လို့ ရင်ဖွင့်ပါတယ်။ ကျော်ဝင်းလည်း သူရေးသားတာတွေ၊ အင်တာဗျူးတွေထဲမှာ သူ့အရွေ့နဲ့ သူ့အချိုး အကွေ့ကို ပြောခဲ့တာပါပဲ။

ဒါပေမယ့် ကျော်ဝင်း ဘယ်လောက်၊ ဘယ်လိုရွေ့သွားသလဲ ဆိုတာကိုတော့ ကိုအောင်မိုးဝင်း တို့လို အတွင်းသိတွေက သုံးသပ်ရင်တော့ ပိုပြီး စိတ်ဝင်စားစရာကောင်းမယ်လို့ ကျနော်ထင်ပါတယ်။

“လူတွေဟာ သူ့နည်းသူ့ဟန်နဲ့ တိုင်းပြည်ကို ချစ်ကြပါလိမ့်” ဆိုတာကိုလည်း သေချာသုံးသပ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ (နအဖ) စစ်အစိုးရကလည်း တိုင်းပြည် ချစ်တယ်၊ အမျိုးချစ်တယ် လို့ ပြောနေတာပဲ မဟုတ်လား။

ကိုအောင်မိုးဝင်း သီချင်းဆိုပါဦးဗျာ။

၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်