Andrew Sway – Remembering Soe Lwin Lwin

July 29, 2013

 ကျနော် သိခဲ့တဲ့ စိုးလွင်လွင်
Andrew Sway၊ ဇူလိုင် ၃၀၊ ၂၀၁၃
တေးရေး/တေးဆို – စိုးလွင်လွင် (၁၉၆၂-၁၉၉၉)
ဓာတ်ပုံ မျှဝေသူ – ရာဇာ
ကျနော် ပြောမယ့် “စိုးလွင်လွင်” အကြောင်းကတော့  ကျနော် နဲ့ ရင်းနှီး သိကျွမ်းခဲ့ရတဲ့ “ပိုပို” ဆိုတဲ့ သူငယ်ချင်း တယောက် အကြောင်းပဲ ဖြစ်ပါတယ်။  ဒါကြောင့်လည်း ကျနော် ပိုပို လို့ပဲ သုံး သွားပါမယ်။  ဒီလို ခေါ် ရတာ ဟာ သူ “စိုးလွင်လွင်” ရယ်လို့ ဖြစ်လာအောင် ကြိုးစားခဲ့မှု ကို အသိအမှတ် မပြုတာ၊ သူ့ အနုပညာ ကို အသိအမှတ် မပြု တာ မျိုး မဟုတ်ကြောင်း ကြို ပြောပါရစေ။
ပိုပို နဲ့ စသိခဲ့တာ ၁၉၇၉ နှစ် အစောပိုင်း လောက်မှာပါ။  ကျနော် “Success” အဖွဲ့ဝင်ဖြစ်ပြီး ကျနော်တို့ ကိုင်ဇာ ရဲ့ “အနမ်းပန်း” အခွေ ကို သွင်းဖို့ ပြင်ဆင်နေကြတဲ့ အချိန်ပေါ့။  ကိုင်ဇာ က ရန်ကင်းမှာ နေပြီး ကျနော်က ပြည်ထောင်စု ရိပ်သာ မှာ နေတယ်။  သီချင်းတိုက်တာ ကတော့ ကျနော့် အိမ်မှာပါ။  ကိုင်ဇာတို့ သီချင်း လာတိုက်တိုင်း ပိုပို က သူ့ Mazada လေးဘီး Taxi ကားလေး နဲ့ လိုက်မောင်း ပို့ပေးတယ်။  ကျနော်တို့ သီချင်းတိုက်ရင် ထိုင်နားထောင်နေတတ်တယ်။  သူ့မှာ သီချင်းဆိုဖို့ ရည်ရွယ်ချက် ရှိတယ်လို့ ပြောဖူးတယ်။  နောက်တော့ “အနမ်းပန်း” က “Success” နဲ့ မသွင်းဖြစ်ဘဲ “Aces” နဲ့ သွင်း ဖြစ်သွားတယ်။
“အနမ်းပန်း” သွင်း ပြီး တော့ “အကောင်းဆုံးက ဂစ်တာတီးနေမယ်” အခွေ ကို Success နဲ့ သွင်းဖို့ ပြင်ဆင် ကြပြန်တယ်။  ထုံးစံအတိုင်း ပိုပို က အကြို၊ အပို့ တာဝန် ယူပေါ့။  သီချင်းတိုက် တရက်မှာ ပိုပိုက အကို တို့ အသံသွင်းပြီး သွားရင် ကျနော် တပုဒ် လောက် အစမ်း ဆို ကြည့်ချင်တယ် လို့ လာပြောတယ်။  ကျနော်က “မင်း overtime ပေး မှာလား” ဆိုတော့ ပိုပို က “ကျနော် overtime မတတ်နိုင်ဘူး၊ အကိုတို့ ဂျူတီချိန် မတိုင်ခင် ပြီး ခဲ့ရင် ကျနော် အသံစမ်းတဲ့ အနေနဲ့ ဆိုကြည့် ချင်တာပါ” လို့ ပြောတယ်။  ကျနော်လည်း အသံဖမ်းတဲ့ ကိုရဲခေါင် ကို ပြောပေးမယ်လို့ ပြောလိုက်တယ်။  ဂျူတီချိန်က မနက် (၉) နာရီ က နေ ညနေ (၇) နာရီ။  အဲဒါ ကျော်ရင် တနာရီချင်း overtime ပေး ရတယ်။
“အကောင်းဆုံးက ဂစ်တာတီးနေမယ်” ကို မေ စတူဒီယို မှာ သွင်းခဲ့တယ်။  သွင်းတဲ့နေ့ မှာ ကိုရဲခေါင် ကို ကျနော်တို့ စော ပြီးရင် တယောက် အသံစမ်းမယ်လို့ ကျနော် ခွင့်တောင်းခဲ့တယ်။  အသံသွင်းက ဂျူတီချိန်ထဲ မှာ မပြီး လို့ overtime ယူခဲ့ရတယ်။
အဲဒီ အခွေသွင်းပြီး တော့ ကျနော်တို့ “မော်ကြီး (အောင်ခိုင်မော်)” ရဲ့ “မောင့်မျက်ရည်ဝိုင်း” အသံသွင်းတယ်။  ဒါလည်း ဂျူတီချိန်မှာ မပြီးဘဲ overtime ယူခဲ့ ရတယ်။
မော်ကြီး အခွေပြီး တော့ ကျနော်တို့ “ဖိုးရှမ်း” ရဲ့ “နေမင်းထဲကလူ” အခွေသွင်းတယ်။  ကျနော်တို့ အသံသွင်းတိုင်း အသံစမ်း ဖို့ ကိစ္စ ကိုရဲခေါင် ကို ကျနော် အမြဲ request လုပ်ခဲ့တယ်။  ဖိုးရှမ်း အခွေ အသံသွင်းတာ ဂျူတီချိန် မပြည့်ခင် ၅ မိနစ် လောက် စော ပြီးခဲ့တယ်။  ကျနော် အသံဖမ်းတဲ့ အခန်းထဲ ၀င် လိုက်တော့ ကိုရဲခေါင် မရှိတော့ဘူး။  ကိုရဲခေါင်ကို ကူညီနေတဲ့ ကိုခိုင်ထူးပဲ ရှိတယ်။  ကိုခိုင်ထူး ကို တပုဒ်လောက် အသံစမ်း တဲ့အနေနဲ့ သွင်းချင်တယ် ပြောတော့ ကိုခိုင်ထူးက သူ တိပ်ခွေကို ဖြုတ်လိုက်ပြီ ဖြစ်ကြောင်း၊ ပြန်တပ်ရင် လည်း ဂျူတီချိန် ကျော်တော့မှာ ဖြစ်ကြောင်း ပြန်ပြောပါတယ်။  ကျနော်လည်း ကိုရဲခေါင် ကို ပြောထားပြီး ပြီ ဖြစ်ကြောင်း ပြန်ပြောပါတယ်။ ဒီတော့ ကိုခိုင်ထူးက “ကိုယ်.. mixer ဖွင့်ထားပေးမယ်။  အစမ်းဆိုချင်တယ် ဆို ရင် ဆို ကြည့်”လို့ ပြန်ပြောတယ်။
ကျနော်လည်း ပိုပို အား အခြေအနေကို ရှင်းပြ၊ “နောက်တခေါက် ပေါ့ ကွာ” လို့ ပြောရင်း Vocal ခန်းထဲဝင်ခိုင်းပြီး ကိုင်ဇာရဲ့ “မင်းအလှည့် ကြတော့မှ ဒီလိုလား” သီချင်း နဲ့ အသံစမ်းလိုက်ကြတယ်။
အဲဒီနောက်တော့ ပိုပိုနဲ့ မတွေ့ ဖြစ်တော့ဘူး။  မေးကြည့်တော့ ဒေသ ကောလိပ် တက်နေတယ်လို့ပဲ အဖြေရခဲ့တယ်။
၁၉၈၁ အစောပိုင်း ကိုင်ဇာရဲ့ “သီချင်းရှင်ကို ကြင်နာပါ” အခွေသွင်းဖို့ လုပ်တော့ ပိုပို ပြန် ရောက်လာ ပြန်တယ်။  ကိုင်ဇာ့ အခွေမှာလည်း “စိုးလွင်လွင်” ဆိုတဲ့ နံမည် နဲ့ ရေးတဲ့ သီချင်း (၂) ပုဒ် ပါ လာတယ်။  ကျနော် ပိုပို့ ကိုတွေ့တော့ “ဟေ့… မင်း ဘယ်ပျောက်နေတာလဲ ” လို့ မေးလိုက်တယ်။  ပိုပို က “ကျနော် မိန်းမရ သွား ပြီး အလုပ်ရှုပ် နေလို့ပါ” လို့ ပြန်ဖြေတယ်။  ကျနော်လည်း “မင်း သီချင်းဆိုဖို့ ကော” လို့ မေး တော့ “ဟာ… ဆိုမှာပါ၊ ကျနော် စိတ် မလျှော့ သေးပါဘူး” လို့ ပြန်ဖြေတယ်။
 
Success နှင့်ပင် စတင် ထွက်ခဲ့သည့် စိုးလွင်လွင် ၏ ရှေးဦး ပထမ ဦးဆုံး တေးစု (၁၉၈၁)

ဓာတ်ပုံ မျှဝေသူ – ရာဇာ
ဒီနောက်ပိုင်း Success ဆုံရင် ပိုပို အမြဲ ပါလာခဲ့တယ်။  ကိုင်ဇာ ရဲ့ “ကစ္ဆပနဒီ” အခွေ သွင်း တုန်းက ထင်ပါတယ်၊  မေ စတူဒီယို နောက်ဘက်က ကင်တင်း မှာ  ပိုပို ခုံနဲ့ ခလုတ်တိုက်ပြီး ခြေနာ သွားတာကြောင့် ထော့ကျိုး ထော့ကျိုး လျှောက်လာတယ်။  ကျနော်က ကြည့်ပြီး “မင်း.. ဖိုးကျား မဟုတ်တော့ဘူး၊ ဖိုးကျာ ဖြစ်နေပြီ” လို့ နောက်လိုက်တယ်။  ပိုပို ကျနော့် လည်ပင်းကိုလိုက်ညှစ်တယ်။  သူ့ အိမ် နံမည်က “ဖိုးကျား” လေ။  ကျနော်တို့ အဲသည်လိုပဲ ရင်းနှီး လာခဲ့ကြတယ်။
ကျနော် ဂုဏ်ထူးတန်းတက်နေတုန်း ၁၉၈၂ လောက်ကပါ။  ပိုပို နဲ့ တရက်တွေ့ တော့ သူ က “အကို့ ကို ကျနော် ပြုစု ချင်လို့ … အကို .. ဘယ်တော့ အား မလဲ” လို့ မေးတယ်။  ကျနော်က “ဘာကြောင့် ပြုစု မှာလဲ” ဆိုတော့ ပိုပို က “အကို.. ကျနော့် ကို ကူညီ ထားတွေ ကြောင့်ပါ” လို့ ပြန်ဖြေတယ်။  ကျနော်လည်း ” အခု လာမယ့် ကြာသပတေးနေ့ မှာ လပတ် စာမေးပွဲ တခု ရှိတယ်။  အဲဒီ ည တွေ့ ကြတာပေါ့” လို့ ပြန်ပြောလိုက်တယ်။  နောက်နေ့ မြို့ ထဲ သွားတော့ ဘားလမ်း နားမှာ ပိုပို့ ကို 4-track reel tape ကြီး ကိုင်ပြီး လမ်းလျှောက်လာတာ တွေ့ရတယ်။
ကျနော် က “ဟေး… တိပ်ခွေကြီး ကိုင်ပြီး ဘယ်သွားမလို့ လဲ” လို့ မေးလိုက်တော့ ပိုပိုက “ကျနော် ဘားလမ်းမှာ ဒီ တိပ်ခွေ သွားရောင်းမလို့ ” လို့ ဖြေတယ်။  ကျနော်က “ဟ..ဒီ အခွေက မင်း အသံသွင်းရင် သုံးဖို့ ၀ယ်ထားတာ မဟုတ်လား” လို့ မေးလိုက်တယ်။  ပိုပိုက  “ဟုတ်တယ်.. အကို..၊ အကို့ ကို ကျွေးဖို့  ပိုက်ဆံ မလောက် လို့ အခု ဒီအခွေကို ရောင်းမလို့..” လို့ ပြန်ဖြေတယ်။ ကျနော်က “ဟာ… မင်း ဘာမှ ရောင်း မနေနဲ့ ၊ မင်းအိမ်မှာ လုပ်မှာပဲ၊ မင်း က အိမ်စိုက်တယ်လို့ သာ သဘောထား၊ လို တဲ့ငွေ ငါ ပေးမယ်၊ သူငယ်ချင်းတွေ စုပြီး ပျော် ကြ တယ်လို့ပဲ သဘောထားလိုက်ပေါ့  ” လို့ ပြောလိုက်တယ်။  ကံကောင်းချင်တော့  အဲဒီနေ့ မတိုင်ခင် တရက် ဥသြမောင်မောင် ကျနော့ ဆီကို ဖုန်းဆက် ပြီး အဲဒီနေ့ သူ “ဒကာခံ” မှာ ဖြစ်ကြောင်း၊ ကျနော် ငွေထည့် စရာ မလို ကြောင်း ပြောပါတယ်။  ကံဆိုး ချင်တော့  ကျနော့် စာမေးပွဲ က နောက် တရက်ရွှေ့ သွားတယ်။ အဲဒီ ညက ပိုပို့ အိမ်မှာ စားသောက်လိုက်၊ ပြီး ရင် မီးဖိုခန်းလေး ထဲသွားပြီး နောက်နေ့ ဖြေရမယ့် စာကို ဖတ်လိုက်..လုပ်ခဲ့တာ သတိရမိတယ်။
ပိုပို့  အမျိုးသမီး မဖြူ က မန္တလေး ခဏ ခဏ သွားတယ်။  မဖြူ မရှိရင် ပိုပို့ အိမ်က ကျနော်တို့ စု ပြီး စားသောက်တဲ့ နေရာလေးလို ဖြစ်လာခဲ့ တယ်။
ပိုပို က သူ ရေးတဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး အတော် စည်းကမ်း တင်းကျပ်သူ ဖြစ်တယ်လို့ ကျနော် မြင် တယ်။  အဲဒီလို မြင်ရခြင်းက သူ နံမည် မကြီးခင်က သူရေးတဲ့ သီချင်းကို နံမည်ကြီးတွေ အနည်းငယ် ပြင် ပြီး ဆိုခဲ့ တာကို မကျေနပ်ခြင်း ကလည်း တခုပါမယ် ထင်ပါတယ်။
မှတ်မိတာတခု ပြောရ ရင် သူ ကိုလွှမ်းမိုး ကို ရောင်းလိုက်တဲ့ သီချင်းတပုဒ် က စာသား အနည်းငယ်ကို ကိုလွှမ်းမိုး ပြင်မိတာနဲ့ ပတ်သက်ပြီး ပြဿနာတက် တယ်လို့ ကြားတယ်။  ကိုလွှမ်းမိုး နဲ့ တွေ့တော့ “နောက်ဆို.. စိုးလွင်လွင် ဆီက သီချင်း ၀ယ်ရင် ရှေ့နေတင် မကဘူး၊ တရားသူကြီး ရော၊ သူကြီး ရော၊ မြို့ပိုင် ရော၊ အရေးပိုင် ရော ပါ မှ ရမယ်” လို့ ရယ်ပြီး ပြောတယ်။
စိုးလွင်လွင် ၏ တေးရေးဆရာ ဘဝ နာမည်ကြီး သီချင်း “ချစ်လို့” ၊
သံစဉ်/စာသား – စိုးလွင်လွင် ၊ တေးဆို – မောင်ဂဠုန် (၁၉၈၄)
Music Video URL: http://youtu.be/cbBtB2cOm_c
ကျနော်တို့ သီချင်းသွင်းတုန်း သီချင်းကို ဖျက်ဆို (Parody) လုပ်တတ်တဲ့ အကျင့်ရှိကြပါတယ်။  ဒါကိုလည်း ပိုပို သိပ် ကြိုက်ပုံ မရဘူးလို့ ထင်ပါတယ်။  ဥပမာ တခု ပြောရရင် ကိုင်ဇာ “ရာဇူးကမမ” (ကိုင်ဇာ နဲ့ စိုးလွင်လွင် တွဲရေး) ဆိုတဲ့ သီချင်း သွင်းပြီး ပြန်နားထောင်နေတုန်း ကျနော်တို့ က “ရာဂျူး ရဲ့ မမ ရေ” ဆိုပြီး ဖျက်ဆိုကြတယ်။  ကိုင်ဇာကတော့ ခွက်ထိုးခွက်လှန် ရယ်တာပေါ့။  ပိုပို ကတော့ စောင်းငန်း၊ စောင်းငန်းနဲ့ ကျနော်တို့ နားက ထ ထွက်သွား ခဲ့တယ်။
၁၉၈၅ နွေရာသီမှာ ဘူမိဗေဒ ဒုတိယနှစ်  “Survey Field Trip (မြေတိုင်းပညာ ကွင်းဆင်းသင်တန်း)” ပုပ္ပါး ကို သွားတော့ ကျနော် လိုက်သွားရတယ်။  ကျနော် တာဝန်ကျခဲ့တာ တောင်မကြီး စခန်း။  တရက် တောင်မကြီး ရဲ့ မြောက် ဘက်မှာ ရှိတဲ့ ပုပ္ပါး ရွာ မှာ စခန်းချနေတဲ့ ဆရာတွေဆီ ကျနော် သွားလည်ခဲ့တယ်။  ထမင်းစား အပြီး ညဘက်မှာ အဲဒီ စခန်းက ကျောင်းသားတွေက ကျနော်တို့ ကို အဆို၊အတီး နဲ့ ဖျော်ဖြေကြတယ်။  ပုပ္ပါး မှာ ဆိတ် ကပေါ ပြီး ရေက ရှားတယ်။  ကျောင်းသားတွေလည်း ဆိတ်သားဟင်း နေ့ တိုင်းလိုလို စားရ၊ ရေ ထမ်း နေရတော့ အဲဒီ အကြောင်းကို သီချင်း လုပ်ဆိုတယ်။  သူတို့ ဖျက်ဆိုတဲ့ သီချင်းက ပိုပို ရဲ့ “ငယ်သူမို့” ဆိုတဲ့ သီချင်း။
အကုန်တော့ မမှတ်မိတော့ဘူး အစမှာ ဆိုတဲ့ စာသားက “ဆိတ် အလိုကို လိုက်ကာ.. အာလူးလေး ရောခဲ့မိတယ်” ဆိုတာ ရယ်၊ Chorus အပုဒ် ရောက်တော့  “ဆိတ်တွေ မြင်တိုင်း… မျက်ရည်လည်ဝိုင်း.. ထမ်းစရာ ရေ အခါခါ ဖြစ်ခဲ့တယ်”ဆိုတာ ရယ် ပဲ မှတ်မိတယ်။  ရန်ကုန်ပြန် ရောက်တဲ့အခါ အဲဒီ အကြောင်း ပိုပို့ ကို ပြောပြတော့ သူ မရယ်ဘူး။  ဒါနဲ့ ”မင်း အခွေက မင်းထင်တာထက် ပို ပြန့် နေပြီနော်”လို့ပဲ ပြောလိုက်တယ်။
“ငယ်သူမို့” ၊ သံစဉ်/စာသား/ဖွဲ့ဆို – စိုးလွင်လွင် ၊ တေးစု – ချစ်လူမိုက် (၁၉၈၄)
Music Video URL: http://youtu.be/WY6bDgw6hzo
“ချစ်လူမိုက်” အခွေ သွင်းပြီး နောက်ပိုင်းမှာ ပိုပို စာ ပို ဖတ်လာတာကို သတိထားမိတယ်။  သူနန္ဒာသိန်းဇံ ရဲ့ စာအုပ်တွေ စွဲ ဖတ်နေတယ်လို့ ပြောတယ်။  သူငယ်ချင်းတွေ စုံမိလို့ ”ရယ်စရာ၊ မောစရာ” ပြောကြ၊ ရယ်ကြတယ်ဆိုရင်လည်း သူ သိပ်မပါတော့ဘူး။
၁၉၈၅ ထဲမှာပဲ မြစ်ဝကျွန်းပေါ် ပွဲ တခု (မြောင်းမြလို့  ထင်ပါတယ်) ကျနော် “section player” အနေနဲ့ လိုက်သွားတယ်။  ပိုပိုလည်း အဲဒီပွဲမှာ ပါတယ်။  ချစ်လူမိုက် အခွေ ထွက်သွားပြီးပြီ။  အဲဒီ အချိန် ပိုပို က အဆိုတော် ဆိုတာထက် တေးရေးသူ အနေနဲ့ က ပိုပြီး နံမည် ကျော်နေတဲ့ အချိန်။  နေ့ခင်းဘက် နားနေတုန်း အဲဒီ အချိန်က နံမည် ကြီးနေတဲ့ အဆိုတော် တယောက် က ဦးကြယ် (ကြယ်တလုံး) ကို နောက်က အမြီး တပ်လိုက်တယ်။ ဦးကြယ်လည်း အမြီးကြီး တန်းလန်းနဲ့ လျှောက်သွား နေတာ တွေ့တဲ့ သူတွေ ကလည်း ရယ်နေပေါ့။  ကျနော်တော့ အဲဒီ နေရာမှာ မရှိခဲ့ဘူး။  ပိုပို လျှောက်လာပြီး ဦးကြယ် အနောက်က အမြီး ကို ဖြုတ်လိုက်တယ် ပြောတယ်။  အမြီး တပ်လိုက် တဲ့ အဆိုတော်ကြီး လည်း ရှက်သွားတယ်ထင်တယ်၊ ကျနော့် ကို ဒေါသတကြီး နဲ့ လာပြောတယ်။  “ငါတို့ အချင်းချင်း စနေ၊ နောက်နေတာ.. မင်း ကောင် (လူ) က ဘာလို့ ပဏာ ၀င် ယူရတာလဲ” ဆို ပြီး တော့ပေါ့။
မြောင်းမြပွဲ က ပြန်လ ပြီး (၂) လ လောက် ရှိမယ် ထင်တယ်။  တရက် ပိုပိုနဲ့ တွေ့တော့ “အကို့ ကို ကျနော် သီချင်းတပုဒ်..မေတ္တာ လက်ဆောင် အဖြစ်ပေးချင်တယ်” လို့ ပြောတယ်။  ကျနော်ကလည်း “လက်ဆောင် ပေးမယ်ဆိုရင် own tune တော့မပေးပါနဲ့၊ copy ပဲ ရေးပေးပါ” လို့ ပြောလိုက်တယ်။  ပိုပိုက “ရတယ်.. အကို ကျနော့် အိမ်ကို အခွေ ယူပြီးသာလာခဲ့” လို့ ပြောတယ်။
ကျနော်လည်း Melody နဲ့ Chord က ရိုးပေမယ့် “Key (Scale) Transposition” အရမ်း လှတဲ့ “Solitaire (Laura Branigan)” သီချင်းကို သဘောကျ နေတာကြောင့် အဲဒီ အခွေနဲ့ ပိုပို့  အိမ် ကို မနက် (၉) နာရီလောက် ရောက် သွားခဲ့တယ်။  တံခါးခေါက်လိုက်တော့ ပိုပို အိပ်ချင်မူးတူးနဲ့ တံခါးလာဖွင့်တယ်။  ကျနော်လည်း “ဟေ့.. မင်း အိပ်တုန်းလား” လို့ မေးတော့ ပိုပို က “ဟုတ်တယ်..အကို.. ကျနော် ညက သီချင်းရေးရင်း ညဥ့်နက်သွားလို့ ..၊ ရတယ်.. လာ. အကို.. ၀င်” လို့ ပြောတယ်။  ကျနော့် လက်ထဲက အခွေကို ယူပြီး အခန်းထောင့် နား စာအုပ်ပုံ တခုပေါ် တင်ထားတဲ့ ကက်ဆက်နဲ့ ဖွင့်၊ ကြမ်းပြင်ပေါ် စောင့် ကြောင့်ထိုင်ပြီး သီချင်း စရေးတော့တယ်။  ကျနော်လည်း သူ သီချင်းရေးတာကို ထိုင်ကြည့်နေမိတယ်။  နာရီဝက်လောက်ပဲ ကြာမယ်ထင်တယ်။  သူ့ ကျနော့်ကို လှည့်ကြည့်ပြီး “အကို.. ကျနော့်ကို.. စာအုပ်ပေးပါ၊ အချောကူးပေးမလို့..” ဆိုပြီးတောင်းတယ်။  ကျနော် ပေးလိုက် တဲ့ စာအုပ်မှာ သူပြန်ကူးရေး ပြီး  “စိုးလွင်လွင်မှ မေတ္တာလက်ဆောင်” ဆိုပြီး ဆိုင်းထိုးလိုက်တယ်။  သီချင်းနံမည်ကို “စေတနာပဲ” လို့ ရေးလိုက်တယ်။  ကျနော်က “လာ..လဖက်ရည် လိုက်သောက်” ဆိုတော့ ပိုပိုက  “နေပါစေ.. အကို.. ကျနော် ပြန်အိပ်လိုက်ဦးမယ်”လို့ ပြောတယ်။ ကျနော်လည်း သူ့ အိမ် က ပြန်ထွက်လာခဲ့တယ်။
သီချင်းက ခက်တော့ ဆိုနိုင်တဲ့လူ မတွေ့တာကြောင့် အသံမသွင်းဖြစ်ခဲ့ဘူး။  ၁၉၉၁ လောက်မှာ ခင်သီတာခိုင်ရဲ့ “မင်းသိဖို့”အခွေလုပ် ကြ တော့ ခင်သီတာခိုင် ကို စိုးလွင်လွင် ကျနော့် ကို လက်ဆောင်ပေးထားတဲ့ သီချင်းတပုဒ် ရှိကြောင်း၊ ဆိုချင်တယ်ဆို ရင် အဲဒီ အချိန်က စိုးလွင်လွင်ကို မူပိုင်ဆွဲထားတဲ့ “မန္တလေး နေ၀င်း” နဲ့  သွားညှိလို့ ပြောလိုက်တယ်။  အဲဒီတော့မှ ပိုပို လက်ဆောင်ပေးခဲ့တဲ့ သီချင်းကို အသံသွင်း ဖြစ်တယ်။
“ချစ်လူမိုက်” ပြီး နောက်တခွေ “သူရဲကောင်းတို့ရဲ့နှလုံးသား” ကို “Aces” နဲ့ သွင်းတယ်။  အဲ့ဒီမှာ ပိုပို Aces က ကိုဗစ် (ကိုဇာလျာန်း) နဲ့ ရင်းနှီးသွားခဲ့တယ်။  တရက် ပိုပို နဲ့ ဆုံတော့  “ကိုဗစ် ကျနော့် ကို Notes နဲ့ ဂစ်တာ တီး သင်ပေးနေတယ်” လို့ ပြောတယ်။  ကျနော်က “ကိုဗစ်သင်ပေးတယ်ဆိုရင်. သီအိုရီ ပါသင်ခိုင်း၊ သီအိုရီ နားလည်လာရင် သီချင်း ရေးတဲ့ အခါမှာ ပိုစံနစ်ကျလာမယ်” လို့ ပြော လိုက်တယ်။
“သူရဲကောင်းတို့ရဲ့နှလုံးသား” တေးစု ပါ နာမည်ကျော် “အမေ” ၊ သံစဉ်/စာသား – ရာပြည့် ၊ တေးဆို – စိုးလွင်လွင်
Music Video URL: http://youtu.be/mw1kgfVPLFo
“သူရဲကောင်းတို့ရဲ့နှလုံးသား” ပြီးတော့ “ကျွန်တော်မသိတဲ့ကျွန်တော်” အခွေကို Success နဲ့ လုပ်မယ်ပြောတယ်။  အဲဒီအခွေမှာ ကိုင်ဇာ ၀င်မတီးဘူး။  ဒါနဲ့ ကျနော်တို့ အားလုံးတိုင်ပင်ပြီး Musical Arrangement ကို တယောက်ထဲက လုပ်မယ့် အစား အားလုံး စုပေါင်းပြီး လုပ်မယ်၊ ပြီးရင် Arrangement Fees ကို အားလုံး ခွဲယူကြမယ် လို့ စီစဉ်ခဲ့တယ်။  ကျနော်တို့ အားလုံးလည်း ပိုပို့ ဆီက ကြို ရထားတဲ့ သီချင်းတွေကို  တိုင်ပင်ပြီး  အသည်းအသန် Arrange လုပ်ကြ၊ စတူဒီယို ရောက်တော့ အားကြိုးမာန်တက် တီး ကြပေါ့ ဗျာ။
ဒီလို နဲ့ အခွေ ပြီး ခါနီး နောက်ဆုံး ကျန်နေတဲ့ သီချင်း Body သွင်းဖို့ ပြင်နေတုန်း ပိုပို ကျနော့် ဆီလာပြီး “အကို.. ကျနော် သီချင်းတပုဒ် ကြိုက်လွန်းလို့ အခုဝယ်လာတယ်။ အဲဒီ.. သီချင်း လည်း သွင်းပေးပါလို့” ပြောတယ်။  ကျနော်က “ပိုပို.. အခု နောက်ဆုံး သီချင်း Body သွင်းတော့မယ်။ ဒီသီချင်းအတွက် Arrange လုပ်ဖို့ အချိန်မရှိတော့ဘူး၊ ဒီ..သီချင်း တပုဒ် အတွက် Recording တရက် ထပ်ယူရလိမ့်မယ်  ” လို့ ပြောတော့ ပိုပိုက “အကို တယောက်ထဲပဲ ရိုးရိုးစင်းစင်းလေး Arrange လုပ်ပြီး ဒီနေ့ ပဲဖြစ်နိုင်ရင် သွင်းပေးပါ” လို့ ပြောတယ်။  “ဘယ်သူရေးတာလဲ” လို့ မေးတော့  “ကိုခင်မောင်တိုး တို့ အဖွဲ့ထဲကပဲ” လို့ ပိုပို က ဖြေတယ်။
မောင်မောင်လွင် လည်း အဲဒီနေ့ က နေ့ ပိုင်းမရှိဘူး။  ရုပ်ရှင် Dubbing တခု သွားတီးနေတယ်။  ညမှ Multiple ထပ်ဖို့ လာမှာ။  မောင်မောင်လွင် ရှိခဲ့ ရင် တယောက်ကတီး၊ တယောက်က ရေး လုပ် လို့ ရတယ်။  ကျနော် အကြံ အိုက် နေတုန်း ရွှေတိုး (ယခင် Professional က) ရောက်လာတယ်။  ဒါနဲ့ ရွှေတိုး ကို Body သွင်းတုန်း Backing Chord ၀င် တီးခိုင်းပြီး ကျနော် ကတော့ ကက်ဆက် နားထောင်၊ Chord ခွဲ ပြီး Notes ထိုင် ရေးနေခဲ့တယ်။  စတူဒီယိုထဲ မှာ Body သွင်းလို့ ပြီး တော့ ကျနော် ၀င်သွားပြီး “ဟေ့.. ဒီမှာ သီချင်းတပုဒ် အသစ် ထပ်တိုးတယ်။  Body စသွင်းမယ်။  Arrange က ရိုးရိုးလေး လုပ်ထားတယ်” ပြောကာ Notes စာရွက် တွေ ဝေ လိုက်တယ်။
ဂစ်တာတီးတဲ့ ဗထူးချစ် ကို “ဗထူး.. ငါ Intro တီးမယ်၊ မင်း Solo တီး။  Intro နဲ့  Solo မှာ Melody မရေးထားဘူး။  သီချင်း နားထောင် ပြီး မင်း စိတ်ထဲပေါ်လာတာကို တီး၊ ငါလည်း အဲသည်လိုပဲတီးမယ် “လို့ ပြောပြီး သီချင်းစ သွင်းတယ်။  အဲဒီ သီချင်း Multiple ထပ်တဲ့ အခါမှာတော့ စိတ်ထဲ ပေါ်လာတာ ကို စိတ်ကြိုက်ရတဲ့ အထိ ထပ်တလဲလဲ တီးကြည့်၊ နားထောင်ကြည့် လုပ်သွင်းခဲ့ရတယ်။
“ကျွန်တော်မသိတဲ့ကျွန်တော်” အခွေထွက်လာတော့ ကျနော်တို့ အားကြိုးမာန်တက် တီးထားခဲ့တဲ့ သီချင်းတွေထက် အဲဒီ ဖုတ်ပူမီးတိုက် ရိုးရိုးလေးတီးထားတဲ့ “ကိုယ်ချင်းစာနာခဲ့ရပြီလေ” သီချင်းက ပို လူကြိုက်များခဲ့တယ်။
ကိုယ်ချင်းစာနာခဲ့ရပြီ ၊ စာသား – ကိုလတ် (မြန်မာစာ) ၊ သံစဉ် – စိုးလွင်လွင် ၊ တေးဆို – စိုးလွင်လွင် (၁၉၈၈)
Music Video URL: http://youtu.be/xzSsSEr3wHM
ပိုပို နံမည်ကြီး တေးရေးဆရာ၊ အဆိုတော် ဖြစ်လာတဲ့ အချိန်မှာ သူ့ ဘ၀ နဲ့ သူ့ အနုပညာ ကို ဂီတ စာနယ်ဇင်း အစောင်စောင်က အင်တာဗျူးကြ၊ ရေး ကြ၊ ပုံနှိပ်ကြ လုပ်တာ ရှိပါတယ်။  ကျနော် အခု ရေးတာကတော့ ကျနော့် ဘ၀မှာ ဆုံခဲ့၊ တွေ့ခဲ့ ရတဲ့ သူငယ်ချင်း တယောက်အကြောင်း ကို ကျနော့် ဘ၀မှာ သတိတရ ဖြစ်နေရတဲ့ အစိတ်အပိုင်းတွေနဲ့ ဆက်စပ်ပြီး ရေးသွားခဲ့တာပါ။  ကျနော်နဲ့ အမြင်၊ သဘော မကိုက်ညီသူများလည်း ရှိနိုင်ပါတယ်။
Andrew Sway
(တေးရေး/တေးဆို စိုးလွင်လွင် ကွယ်လွန်ခြင်း (၁၄) နှစ်ပြည့် (၂၅၊ ဇူလိုင်၊ ၂၀၁၃) အမှတ်တရ)
စီစဉ်တင်ဆက်သူမှတ်ချက်။    ဆောင်းပါးရှင် Andrew Sway သည် စိုးလွင်လွင် ကွယ်လွန်ခြင်း (၁၄) နှစ်ပြည့် (၂၅၊ ဇူလိုင်၊ ၂၀၁၃) အမှတ်တရ အတွက် ယခု ဆောင်းပါးအား အချိန်မီ ရေးသားပေးခဲ့သော်လည်း စီစဉ်သူ ၏ ချို့ယွင်း၊ နှောင့်နှေးချက်ကြောင့် တင်ဆက်မှု နောက်ကျသွားပါသည်။  ဤအတွက် ဆောင်းပါးရှင် နှင့် မိုးမခ စာဖတ် ပရိသတ် ကို တောင်းပန်ပါသည်။
ဆောင်းပါးရှင် “Andrew Sway” သည် ၁၉၇၀/၁၉၈၀ ခုနှစ်များ၏ ဗမာ့ခေတ်ပေါ် တေးဂီတလောကတွင် ပါဝင်လှုပ်ရှားခဲ့သည့် အော်ဂင်၊ ကီးဘုတ် အတီး ပညာရှင် “သိန်းဆွေ” ဖြစ်သည်။  “Success (ဇိန)” တေးဂီတ အဖွဲ့၏ ဝိုင်းတော်သား တဦးလည်း ဖြစ်ခဲ့သည်။  မအားလပ်သည့်ကြားမှ “စိုးလွင်လွင် နှစ်ပတ်လည် အမှတ်တရ” ဆောင်းပါး ရေးသားပေးခဲ့သည့် ဆောင်းပါးရှင် “သိန်းဆွေ @ Andrew Sway” ကို ဂီတ ဝါသနာရှင် မိုးမခ စာဖတ်ပရိသတ် ကိုယ်စား အထူး ကျေးဇူးတင်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Portraits

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်