>မိုးမခ ၀င်း (ဘာသာပြန်သည်) – မုတ်ဆိတ်မွေး အရေးတော်ပုံ ပြဇာတ် အပိုင်း – ၂

March 5, 2008

>

The Ballad Of Hairy Joe – by Sol Panitz
မုတ်ဆိတ်မွေး အရေးတော်ပုံ ပြဇာတ် အပိုင်း – ၂

မိုးမခ ၀င်း (ဘာသာပြန်သည်)

အခန်း – ၂

ဇာတ်ဆောင်များ

ဂျို(ခေါ်)ဂျိုးဇက်ပါလ်းမား ဖစ်ခ်ျဘတ်မြို့သား အဓိကဇတ်ကောင်
ရက်ဘက်ကာ ဂျို၏ ဇနီး
စလေတာ ဖစ်ခ်ျမြို့မှ စတိုးဆိုင်ပိုင်ရှင်
ဒါဗီပရီရာ(ဒေးဗစ်) အသက် ၁၁-၁၃နှစ် အရွယ် ဆမ်ပရီရာ၏သား
ဆမ်ပရီရာ ဖစ်ခ်ျဘတ်မြို့သားတစ်ဦး
ဘရားသားထရပ်စ် ဖစ်ခ်ျမြို့မှဘုန်းတော်ကြီး

ယခင်အပတ်က ဇာတ်လမ်းအကျဉ်း – ဖစ်ခ်ျဘတ်မြို့သား ဂျိုးပါးမားမှာ မုတ်ဆိတ်မွေး မရိတ်ဘဲ နေမိသဖြင့် မြို့သားများနှင့် ဘုန်းတော်ကြီးတို့က ၀ိုင်းကျဉ်ခြင်းကို ခံရ။ ယခုအခန်းတွင် ဘုန်းတော်ကြီးနှင့် ဂျိုတို့ ထိပ်တိုက် စကားများကြသည့်အခန်းဖြစ်သည်။

ဒါဗီ။ ။ ဟုတ်ကဲ့ပါ ခင်ဗျ။

ထရပ်စ်။ ။ ခင်ဗျားရဲ့နှာခေါင်းက ပွစိပွစိဖြစ်နေတယ်။ ခင်ဗျားရဲ့လက်တွေက ညစ်ပတ်တယ်။ ခင်ဗျားရဲ့ဆံပင်တွေက သေချာဖီးမထားဘူး။ မင်း ဘုရားသခင်ရဲ့ အဆုံးအမတွေကို သေချာ မသင်ထားဘူးလား။

ဒါဗီ။ ။ (ဘုရားစာရွတ်သလိုရွတ်ဖတ်ပြနေ) ဘုရားသခင်ကို ရိုသေလေးစားခြင်းသည် သန့်ရှင်းစင်ကြယ်ခြင်း၊ ပြီးလျှင် လိုက်နာရမည့် အချက်ဖြစ်သည်။

ထရပ်စ်။ ။ မေးစရာရှိလား။

ဒါဗီ။ ။ မရှိပါဘူး။

ထရပ်စ်။ ။ ကိုင်း…

စလေတာ။ ။ တွေ့ရတာဝမ်းသာပါတယ် ဘုန်းတော်ကြီးခင်ဗျာ။ သူက ကျွှန်တော့်ဆီက သံတွေ လာခိုးတယ်ခင်ဗျ။ ပြီးတော့ ကျွန်တော့်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး ခြိမ်းခြောက်တယ်ခင်ဗျ။

ဂျို။ ။ ဘုန်းတော်ကြီးခင်ဗျ။ ခင်ဗျားက ပိုသိပါတယ်ခင်ဗျ။ ကျွန်တော်ဟာ သူခိုးလည်းမဟုတ်၊ အကြမ်းဖက်သူလည်း မဟုတ်ရပါခင်ဗျာ။ ဒါပေမယ့် … ကျွန်တော် မြို့ထဲ ၀င်လာတဲ့အချိန်ကစလို့…

ထရပ်စ်။ ။ ဘရားသားမာတင်၊ ကျူပ်က ဟောဒီပုဂ္ဂိုလ်ကို စကားပြောလိုက်ဦးမယ်။ ခင်ဗျား ရှောင်နေချေ။

စလေတာ။ ။ ကျွန်တော် အထဲဝင်နေပါ့မယ်။ အကူအညီလိုရင် ခေါ်လိုက်ပါ။ ကျွန်တော် ရဲ ခေါ်သင့် ရင် ခေါ်တာပေါ့။

ထရပ်စ်။ ။ မလိုပါဘူးကွာ။

စလေတာ။ ။ပြောတဲ့ အတိုင်းပါ။

ထရပ်စ်။ ။ ခင်ဗျားကို …

ဂျို။ ။ ကျွန်တော့်ကို … ?

ထရပ်စ်။ ။ ခင်ဗျားဟာ ဘုရားသခင်ရဲ့အမြင်မှာ စော်ကားမှုပဲ။

ဂျို။ ။ ဒါက ဒီလိုရှိတယ် ခင်ဗျ …

ထရပ်စ်။ ။ ဘုရားရှိခိုးကျောင်းက အဖွဲ့အစည်းထဲကို ပြန်ဝင်ချင်ရင် ခင်ဗျားမျက်နှာပေါ်က သရဲ သဘက်လိုဟာတွေကို ဖယ်လိုက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ရမယ်။

ဂျို။ ။ ဒါပေမယ့်..ကျွန်တော်မြို့ထဲကိုလာတာကိုက အဲဒါလုပ်ဖို့လာတာပါပဲ။

ထရပ်စ်။ ။ (ပါးလ်မား၏စကားကိုနားမထောင်ပဲ)… အပြစ်က ခင်ဗျားရဲ့အပြစ် မဟုတ်ပါဘူး။ တကယ် က မကောင်းဆိုးဝါးက လုပ်သွားတာဖြစ်တယ်။ မကောင်းဆိုးဝါးဆိုတာ ကျူပ်တို့သိတဲ့ထဲကပဲ ပုံစံမျိုးစုံနဲ့ ၀င်လာတာဖြစ်တယ်။ ကျူပ်တို့က ကျူပ်တို့ရဲ့အစောင့်အရှောက်တွေအပေါ်မှာ သတိထားပြီး ကြည့်ရ မယ်။ ပြီးတော့ ဘုရားသခင်ရဲ့ဟောကြားသော စကားလုံးတွေအတိုင်း ပြန်တိုက်ခိုက်ရမယ်။

ဂျို။ ။ ကျွန်တော့်ရဲ့မုတ်ဆိတ်မွှေးတွေက ဘုရားသခင်နဲ့ ဒါမှမဟုတ်လည်း မကောင်းဆိုးဝါးနဲ့ ဘယ်လိုများ ပတ်သက်နေသလဲခင်ဗျာ။ ခင်ဗျားပြောတာက ကျွန်တော်က ခွင့်လွှတ်ဖို့ တောင်းပန်ရမယ် တဲ့။ဘာလို့တုန်း။

ထရပ်စ်။ ။ ဒါဆွေးနွေးရမယ့် ကိစ္စ မဟုတ်ဘူး။ မိနှစ်အနည်းငယ်အတွင်းမှာ ဘုရားသခင်ရဲ့အလိုအရ အထူးတာဝန်တစ်ခုကို ထမ်းရွတ်ရတော့မှာ ဖြစ်တယ်။ ကျူပ်ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမယ်။

ဂျို။ ။ ကျွန်တော်တို့ဒီကိစ္စ ထားပါဦးဗျာ။ ခင်ဗျားက ကျွန်တော့်အကြောင်းတွေ ဘုရားစာ ရွတ်တဲ့ထဲ ထည့်ဟောတယ်ဆို။

ထရပ်စ်။ ။ အဖြေကို မင်းပဲ ပေးနိုင်မှာပဲ။ အဲဒါ ကျူပ် မဟုတ်ဘူး။ ဒီမြို့က ဘယ်သူမှ မဟုတ်ဘူး။ မင်းသာလျှင် ဒီမြိ့လေးကို ဂုဏ်ကျက်သရေညိုးနွမ်းအောင် လုပ်နေတာဖြစ်တယ်။ အခု ကျူပ်သွား တော့မယ်။ မင်းပြန်လာမယ် ဆိုလို့ကတော့…

ဂျို။ ။ ကျွန်တော် ဘာလုပ်လို့လဲဗျာ။ တောက်… ကျူပ်ကို ပြောစမ်းပါ။ ကျူပ် ဘာအပြစ် ကျူးလွန်သလဲ။ ခင်ဗျား ကျူပ်ကို ဘာအပြစ်နဲ့ စွပ်စွဲနေတာလဲ။ ခိုးမှုလား၊ လူသတ်မှုလား၊ လိမ်ညာမှုလား၊ စော်ကားမှုလား။ …. တောင်းပန်ပါတယ်ဗျာ ကျွန်တော် ရိုင်းသွားရင်… ဒါပေမယ့် … တောက် … ကျူပ် တကယ် စိတ်ဆိုးလာပြီ။

ထရပ်စ်။ ။ မင်းရဲ့ စကားလုံးတွေနဲ့ ဆဲဆိုမူတွေကို ခွင့်မလွတ်ဘူး။ ဟောဒီမြို့က လူတွေ … ကုန်ကုန် ပြောမယ် … ဘယ်နေရာဒေသက လူတွေရဲ့ ကျက်သရေကို ဖျက်ဆီးတယ်။

ဂျို။ ။ ဘုန်းတော်ကြီးခင်ဗျာ … ကျွန်တော်တို့တတွေဟာ စစ်ပွဲကြီး (အမေရိကန်လွတ်လပ်ရေး စစ်ပွဲ) မှာ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒီတော့ အခုဆိုရင် ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်ခြင်းကို ကိုင်စွဲထားနိုင်ကြတယ် မဟုတ်လားခင်ဗျာ။

ထရပ်စ်။ ။ အဲဒါ မင့်မျက်နှာပေါ် အဲဒီဟာတွေ တင်ထားဖို့လား။

ဂျို။ ။ တင်ထားသည်ဖြစ်စေ၊ မတင်ထားသည် ဖြစ်စေပါခင်ဗျာ။

ထရပ်စ်။ ။ မင်း မအော်ပါနဲ့။

ဂျို။ ။ ကျွန်တော်အော်တာ ဟာက ကျွန်တော်အော်ချင်လို့ပါ။ ကျွန်တော့်မှာ အော်ခွင့် ရှိပါတယ်။ ဂျိုးဇက်ပါးလ်မားဟာ လွတ်လပ်တဲ့ လူတစ်ယောက်ပါ။ သူ့ကို အဲဒီလိုလုပ်လို့ရတယ် ဆိုတဲ့ အခြေခံဥပဒေ ရှိပါတယ်။

ထရပ်စ်။ ။ မကောင်းဆိုးဝါးမှာသာလျှင် မုတ်ဆိတ်မွှေးရှိတယ်။

ဂျို။ ။ သြော..ဒါဆို ဦးချိုကော ရှိမှာပေါ့။ ကျွန်တော့်ဟာက ဘယ်မှာလဲခင်ဗျ။ လာ လာ ကြည့်စမ်းပါ့။ ဘယ်မှာလဲ ဦးချို အသေးလေးတောင် မတွေ့ဘူးပေါ့။ ဒါနဲ့ သူက ဘာအရောင်များ ချယ်သထားသလဲ။ ဘယ်သူက ပြောလဲ မကောင်းဆိုးဝါးမှာ ဦးချိုရှိတယ်လို့။ သူ့ကို မြင်ဖူးသလား။ တချို့ပန်းချီဆရာကများ မျက်နှာပေါ် မုတ်ဆိတ်မွေးတွေတပ်ပေးလိုက်ရင် ပန်းချီဆရာတိုင်းက ဦးနှောက်မရှိဘဲ လိုက်တပ်ကြမှာလား။ ဘုရားသခင်ကရော မုတ်ဆိတ်မပါ ပါ လားခင်ဗျာ။

ထရပ်စ်။ ။ စကားပြောတာ သတိထားပါ။

ဂျို။ ။ ကျွန်တော် ဘုရားသခင်အကြောင်း သိချင်ပါတယ်။ ခင်ဗျားက ဘုန်းတော်ကြီးဆိုတော့ ခင်ဗျားက ကျွန်တော့်ကို သူ့အကြောင်းတွေအားလုံး ပြောပြစမ်းပါ။ အကယ်၍ သူ့မှာ မုတ်ဆိတ်မရှိရင် ဘုရားသခင်မဟုတ်ဖူးလို့ ထားလိုက်ကြရအောင်ဗျာ။

ထရပ်စ်။ ။ သု့မှာ မုတ်ဆိတ်မွေးမရှိဘူးဆိုတဲ့ ဆိုလိုချက်တွေရှိတာ ရှင်းနေတာပဲ။

ဂျို။ ။ ဆိုလိုတာက ဘုန်းတော်ကြီးဟင်နရီထရပ်စ်ရဲ့ ယုတ္တိဗေဒပေါ့။ ဒါဆို ခင်ဗျားက ဘုရားသခင်ကို မြင်ဖူးတယ်ပေါ့။ ဒါဆိုသူနဲ့အတူတူ ဖစ်ခ်ျဘတ်နဲ့ ပတ်သက်သမျှတွေကိုရော ပြောခဲ့ကြမှာပေါ့။ နောက်တခါကျရင် ကျွန်တော့်ကိုပါ ခေါ်စမ်းပါဗျာ။ ကျွန်တော် မေးစရာလေးတွေ ရှိလို့ပါ။

ထရပ်စ်။ ။ မင်းရဲ့ဘုရားသခင်ကို စော်ကားမူကို သက်သာရာရစေဖို့ ငါဆုတောင်းပေးပါ့မယ်။

ဂျို။ ။ ခင်ဗျားပြောတဲ့ အဖွဲ့အစည်းမှာ အံဝင်ဖို့ဆိုတာဟာ … အဖွဲ့ဝင်တွေ တယောက်စီ ဟာ ပုံစံအားလုံး တူရမယ် … စကားတွေကလည်း တူရမယ်… စဉ်းစားတာကလည်း … တူရမယ်… ခင်ဗျားရဲ့ အယူအဆ တည်မြဲနေသ၍ပေါ့ … ဟုတ်လား။ ဘုရားသခင်ရဲ့ အလိုတော်အရ … ဘုန်းတော်ကြီး ခင်ဗျာ… ဘယ်မှာလဲ ဘုရားသခင်က ကျွန်တော်တို့အားလုံးကနေ အားလုံးကို လိုချင်တဲ့ နားလည်မူ၊ ချစ်ခြင်းမေတ္တာ၊ ခံစားမူဆိုတာ … ဘုရားသခင်ကို ချစ်နေယုံနဲ့ မပြီးဘူးခင်ဗျ။ အဲဒါနဲ့ မလုံလောက်သေးဘူး …။

ထရပ်စ်။ ။ မင်းက ဘုရားရှိခိုးကျောင်းရဲ့ တမာန်တော်လား။ ခန့်အပ်လွှာမရှိဘဲနဲ့ အခုလို သဘော တရားတွေ ကျူပ်ကိုရှင်းပြဖို့ ခွင့်မပြုဘူး။

ဂျို။ ။ သူက မုတ်ဆိတ်မွေးအကြောင်း ဘာပြောလဲ။

ထရပ်စ်။ ။ လူသွားလမ်းပေါ်မှာ ကြမ်းတမ်းတဲ့ စကားလုံးတွေ မပြောရဘူး။

ဂျို။ ။ မိုးဇက်မှာ ၃ပေ ရှည်တဲ့ မုတ်ဆိတ်ရှိပါသဗျာ။ အီဘရာဟင်မှာ သူ့ဗိုက်ပူပူ တ၀က်ဖုံးတဲ့ မုတ်ဆိတ်မွေး ရှိတယ်ခင်ဗျ။ ဂျီးဇက်ခရိုက်စ် ကို်ုယ်တိုင်မှာတောင် သူ့မျက်နှာပေါ် အမွေးအမျှင်တွေရှိတယ် မဟုတ်လား။ အကယ်၍ သူတို့မှာမုတ်ဆိတ်မွေးတွေရှိတယ်ဆိုရင် ဘယ်သူကမှ ကျွန်တော့်ကို ဘာလုပ်ပါ၊ ဘာ မလုပ်ပါနဲ့ဆိုပြီး လာပြောမှာ မဟုတ်ပါဘူး။ ခင်ဗျားတောင်မှ … အို … ဘယ်ဘုန်းကြီးကမှ လာပြောမှာ မဟုတ်ပါဘူး။ ကျွန်တော်က မုတ်ဆိတ်ရိတ်မလို့ ခင်ဗျ။ ဒါကြောင့် မြို့ထဲ ရောက်လာတာပါ။ ဒါပေမယ့် အခုတော့ … ဘုရားသခင် အလိုတော်အရ …သူ့အတိုင်း ရှိနေပေစေတော့။ ဟောဒီ တန်ဖိုးရှိတဲ့ အမွေးတွေ…

ထရပ်စ်။ ။ ကျူပ်အတွက်တော့..ခင်ဗျားဟာ အနာကြီးရောဂါသည်ပဲ။ ဟောဒီ လူ့အဖွဲ့အစည်းရဲ့ ရိုးသားတဲ့ ဥပဒေသတွေကို အကြမ်းဖက်တဲ့သူပဲဗျ။

ဂျို။ ။ ဂျီးဇက်ခရိုက်စ်ဟာ အနာကြီးရောဂါသည်တွေကို သူ့ရဲ့ရင်ခွင်ထဲ ခိုလှူံစေခဲ့တယ် ဆိုတာ ခင်ဗျား မေ့နေပြီလား။

(အသံ၊ ထရပ်စ် ထွက်သွားသံ)

ဂျို။ ။ နောက်တစ်ခု ရှိသေးတယ် ဘုန်းတော်ကြီး ထရပ်စ်ရေ။ နိုရာဟာ …. တကမ္ဘာလုံး ရေလွှမ်းမိုးတုန်းက သတ္တ၀ါတွေကို ကယ်တင်ခဲ့တဲ့သူဖြစ်တယ်။ အဲဒီ နိုရာ မှာရှိတဲ့ မုတ်ဆိတ်ကြီးက ရှည်လွန်းလို့ အေးတဲ့အခါ စောင်လိုတောင် ခြုံလို့ နွေးပါသတဲ့။ ကြားရဲ့လား … ကျူပ်ပြောတာ။ ကြားရဲ့လား..။ (အသံပင့်အော်) …ကျူပ်ပြောတာ ကြားကြရဲ့လား ဗျို့။

သီချင်းသံ။ ။ (မြစ်ကြီးကို ဂုဏ်ပြုသော သီချင်းသံပေါ်လာ။ သီချင်းသံပေါ်မှ…)

ဇာတ်လမ်းပြောသူ။ ။ ဒါ အောင်မြင်မူရတဲ့အခါ မဟုတ်ပါ

အဲဒဲီလိုဖြစ်ဖို့ ခက်ခဲပါတယ်

သူငယ်ချင်းတွေက လူစိမ်းတွေဖြစ်သွား

အသိတရားဆိုတဲ့ အသံတွေကြားထဲမှာ

မွန်းကြပ်တဲ့ ကြိုးကွင်းထဲ ရောက်သွားတာက

သည်းခံခြင်း ပါတဲ့။

လူသူကင်းမဲ့တဲ့ လမ်းက

မယုံကြည်မူရယ်၊ မသင်္ကာမှုရယ် ဆိုတာတွေနဲ့

ပြည့်သွား သတဲ့။

ဟောဒီ အဖိုးကြီးတယောက်အတွက် အောင်မြင်ဖို့ဆိုတာ မရှိ

သူ့ရဲ့ပါးပြင်မှာ စိုစွတ်သွားတာက

မျက်ရည်စတွေနဲ့ပါ…

ရလဒ်က..

သူရူး တယောက်အဖြစ်ကို တွန်းပို့သွား ….

သီချင်းဆိုသူ။ ။ စိတ်မပြောင်းလေတဲ့ ဟောဒီရိုးသားတဲ့သူ

သနားစရာ ဂျိုကိုပေါ့

လူတွေက မခေါ်ကြတော့ပါ။

သူ့အပြစ်က ဟောဒီမြို့ကလေးမှာ

သူနဲ့တူတဲ့သူတစ်ယောက်တောင် မရှိလို့ပါတဲ့။

(သီချင်းသံ။ တိုးတိုးညီးညီးသံ)

အခန်း – ၃

ဂျို။ ။ ငါ့ရဲ့ပါးစပ်က ထွက်သွားလေတဲ့ စကားလုံးတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။

သူတို့ကို ပြောခဲ့တာကို စိတ်မကောင်းတာ မဟုတ်ပါ။ သူတို့ကို ပြောဖို့လိုအပ်ပါတယ်။ ပြောလိုက်ရတဲ့ ပုံစံကိုသာ စိတ်မကောင်းဖြစ်မိတာပါ။ ဂျို ရေ …နည်းနည်းတော့ အား မွေးရမယ်။ လူကောင်းတွေ ရှိပါတယ်။
သူတို့က အန္တရယ်မပြုပါ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်နှင့်သာ ငြင်းခုန်နေမိတာ။ ခေါင်းတွေကို ခါမိ တယ်။ ကျွန်တော် စကားပြောတိုင်းမှာ ဟောဒီမုတ်ဆိတ်တွေက အနှောက်အယှက်ပေးပါ့။ အဲဒါ တကယ်ပါ။ မေးစေ့က အမွေးတွေက ဘာမှ မဟုတ်ပါ။ သိတာပေါ့ဗျာ။ အမွေးမျှင်တန်းတွေရဲ့ အရေအတွက်က ဘာမို့လဲ။ သူ့ရဲ့အနောက်ကမှ အရေးကြီးတာ ခင်ဗျ။ လူတစ်ယောက် ဘယ်လောက်လွတ်လပ်သလဲ ဆိုတာ … သူက ဘယ်လောက် လွတ်လပ်ပါသလဲ တဲ့။

အကယ်၍ တစ်ယောက်ယောက်က ကျွန်တော် မုတ်ဆိတ်မထားရဘူးလို့် ဆိုရင် ဘယ်မှာ ဆုံးမှာလဲ ခင်ဗျာ။ မေးပါရစေ။ ဒါဟာ ဘာကို ဦးတည်နေပါသလဲ ခင်ဗျာ။ နောက်ထပ် ဘာတွေ ထပ်ပြီး ခွင့်မပြုဦးမှာလဲ။ စဉ်းစားကြည့်ကြပါ။ အခု ဟောဒါ အဖြစ်ပါပဲ။ အခု အနည်းဆုံး ကျွန်တော့် ဦးခေါင်းထဲမှာ ရှိနေတဲ့ ဟာပေါ့။

ကျွန်တော်လမ်းထဲလျှောက်သွားတော့ ဘမ်တိတ်ကို သူ့ဆိုင်ပြူတင်း ပေါက်မှာ ရပ်နေတာ တွေ့တယ်။ ကျွန်တော်တို့ တယောက်ကိုတယောက် မျက်လုံးချင်းဆုံပြီး ကြည့်ကြတယ်။ ပြီးတော့ ဘန်က သူ့တခါးရိပ်ကနေ ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။ သူက ဈေးဝယ်သူ အလိုမရှိဘူး ခင်ဗျ။ အိုး … ကျွန်တော်က သူ့ရဲ့ဆိုင်သွားဖို့ ကြိုးစားသူလို့များ တွက်နေမလား။ ကျွန်တော် သတိမထားမိပါဘူး …။

(သီချင်းသံ။ သီချင်းသံ ဖြေးဖြေးချင်း တိုးသွား..)

ဂျို။ ။ အဲဒါကို သတိမထားမိပါဘူး ခင်ဗျ။ ဒါပေမယ့် ရှေ့မှာ ဘုရားရှိခိုးကျောင်း ရောက်တော့မယ်။

ဘုန်းတော်ကြီး ထရပ်စ်…သူက အထူးတာဝန်တစ်ခုရှိတယ် ဆိုလား ပြောသံ ကြားလိုက်ပါတယ်။

(သီချင်းသံ၊ ချိုမြိန်သော အဖြစ်တွေက လိုက်ပါလာ … ဟု အဓိပ္ပါယ်ပေါက်သော သီချင်းပေါ်လာ)

ဂျို။ ။ အင်း … ဒီလိုပဲဖြစ်ရမှာပေါ့လေ … ၀င်သွားတော့မယ်…

(သီချင်းသံ။ အသံက နည်းနည်းချင်း ကျယ် ကျယ်လာ၊ သီချင်းသံ အကျယ်ဆုံးဖြစ်လာ)

ဂျို။ ။ ဆမ်ပရီရာရဲ့ နဘေးမှာ ထိုင်စရာနေရာ လွတ်နေပါလား။ သူက ဒါဗီပရီရာရဲ့ အဖေလေ။ ကျွန်တော်ထိုင်လိုက်တော့ ဆမ်က ထ သွားတယ်ခင်ဗျ။ ကျွန်တော့်က မီးလိုပူနေတဲ့အတိုင်း သူက ရှောင် သွားလိုက်တာ။ အို … တခြားသော လူတွေကလည်း အဲသည်လို ကျွန်တော့်ကို ဆက်ဆံတာပဲပါလား။ ကျွန်တော်တစ်ယောက်တည်း ဒီအတန်းမှာ ကျန်ခဲ့ပြီ။

(သီချင်းသံ။ ။သီချင်း ခိုးရပ်စ်အဆုံးသတ် ၀င်လာ)

ထရပ်စ်။ ။ (အဝေးမှ အသံ ပေါ်လာ) ကျွန်တော်တို့ မြင့်မြတ်တဲ့ အဖွဲ့အစည်းရဲ့ အစီအစဉ် စပါပြီ။ ဘုရားဝတ်ပြုသူများ ဘုရားစင်ရှေ့ကို ကြွကြပါ။ ဒူးထောက်ပြီးတော့ မြင့်မြတ်တဲ့ ၀ိုင်လေးကို အရသာခံကြ ဖို့ပါ။

(အသံ။ ။တိတ်ဆိတ်စွာလှူပ်ရှားသံ၊တီးလုံးကခပ်မှန်မှန်၊တဖြေးဖြေးပျောက်သွား)

ဂျို။ ။ ကျွန်တော်လည်း အများနည်းတူ ဒူးထောက်ထားပါတယ်။ ဘုန်းတော်ကြီး ထရပ်စ်က လင်ဘန်းပေါ်မှာ ဝေဖာတွေတင်ပြီး သယ်ယူလာပါတယ်။ သူအနားရောက်လာတိုင်းမှာ လူတွေဒူးထောက်ပြီး ပါးစပ်တွေ ဟပေးကြပါတယ်။ သူက လျှာပေါ်ကို ဝေဖာတွေ တင်ပေးပါတယ်။ ဘုန်းတော်ကြီးရဲ့ နောက်မှာ ဘုရားစင်ရှိပါတယ်။ ဘုရားစင်ပေါ်မှာ ဖယောင်းတိုင်တွေရယ်၊ သွေးရောင်ပြစ်ပြစ်ရောင်သန်းနေတဲ့ ၀ိုင်ထည့် ထားတဲ့ ပုလင်းရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အသက်ရှင်သန်ခြင်း သေဆုံးခြင်း အနစ်နာခံခြင်းဆိုတာ ကို သတိရစေဖို့ သင်္ကေတဖြစ်ပါတယ်။ အခုဆိုရင် ထရပ်စ်နဲ့ ကျွန်တော်နဲ့ ကြားက နှစ်ယောက်သာ ခြားပါတော့တယ်။

ထရပ်စ်။ ။ ဆမ်ပရီရာက ငါ့ရှေ့မှာပါလား။ သူပါးစပ်ကြီး ဟထားလိုက်တာများ အထဲက သွားကြား တွေတောင် မြင်နေရတယ်။ သူ့လျှာပေါ် ဝေဖာတင်လိုက်တော့ သူ့မျက်လုံးကြီးတွေက တစ်မျိုးဖြစ်နေတယ်။ သူ့မျက်လုံးတွေ လည်နေလိုက်တာများ ဂေါ်လီလုံးလေးတွေလိုပဲ။ သူ့ခေါင်းကို ညာဘက်ကို ထိုးပြ နေလိုက်တာ … အော်..ကြည့်ရတာ ငါ့ကို တစ်ခုခုပြောချင်ပုံ ရတယ်။ ငါလည်း သူမုတ်ဆိတ် မရိတ် လာတာ တွေ့ပါတယ်ကွာ။ သူ့ရဲ့နှုတ်ခမ်းမွေးတွေက ကြွေပန်းကန်ပေါ်က အပ်သေးသေးလေးတွေ ထောင်ထ နေသလိုပဲ။ ဟောဒီပွဲပြီးသွားရင်တော့ သူနဲ့တွေ့ပြီး အဲဒီကိစ္စ ပြောရဦးမယ်။

ဂျို။ ။ ဘုန်းတော်ကြီးက အခုထိ ဆမ်ပရီရာရှေ့မှာ ရှိနေဆဲပဲ။ သူက ဘာလို့ ဆက်လျှောက် မလာတာပါလိမ့်။ ဆမ်က သူ့ဦးခေါင်းတွေ ခါနေတယ်။ ထရပ်စ်က အတန်းဘက်ကို လှမ်းကြည့်တယ်။ ကျွန်တော်နဲ့အကြည့်ချင်း ဆုံတော့ သူ့သွားတွေကို စေ့စေ့အံကြိတ်လိုက်တယ်ခင်ဗျ။

ထရပ်စ်။ ။ ဒီကောင် ရောက်နေပါလား။ မကောင်းဆိုးဝါး။ တာဝန်မဲ့တဲ့သူ၊ အသရေဖျက်သူ၊ ငါ့ကို သရော်တဲ့သူ။ ငါ နောက်တစ်ယောက်ဆီ ဝေဖါကို ဝေခဲ့တယ်။ ဟော နောက်တစ်ယောက် … အခု ပါးသိုင်းမွေးနဲ့ ဂျိုပါးလ်မားအလှည့် ရောက်လာပြီ။ သူက ငါ့ရှေ့မှာ လှောင်ပြောင်သရော်တော်တော်နဲ့။

ဂျို။ ။ သူက ကောင်းလည်းကောင်း ဆိုးလည်းဆိုးပါတယ်လို့ ကျွန်တော်ပြောခဲ့ပေမယ့်လို့လည်း

ဘုန်းတော်ကြီး အဆင်ပြေပြေနဲ့လုပ်လို့ရအောင် ကျွန်တော့်ပါးစပ်ကို ဖွင့်ထားပြီး မျက်စိတွေကို ပိတ်ထားတယ်။ စက္ကန့်အနည်းငယ် ကျော်လွန်ခဲ့ပြီ။ ဒါပေမယ့် ကျွန်တော် ဘာဝေဖာအရသာမှ မရပါလား။ ဒီတော့ ကျွန်တော်မျက်လုံးဖွင့်ပြီး မော့ကြည့်လိုက်တော့ ထရပ်စ်က ကျွန်တော့်ကို ကျော်သွားပါရော့လား။

ထရပ်စ်။ ။ လဲကျနေသောသူကို ပေးပါ။ ရှုံးနိမ့်နေသောသူကို ပေးပါတဲ့။ အခုအချိန်မှာ ငါဟာ ဟင်နရီ ထရပ်စ်ပဲ။ ဘုရားသခင်၏ဥပဒေသများကို ဟောကြားသူမဟုတ်။ အင်း … ပေအနည်းငယ်အကွာမှာတော့ တစ်ခုခု လှုပ်ရှားနေသလိုပဲ။

ဂျို။ ။ ဘုရားသခင်ဟာ ပြည့်တန်ဆာကိုလည်း ကြိုဆိုပါတယ်။ သူခိုးကိုလည်း ကြိုဆိုပါတယ်။ နေမကောင်းသူကိုလည်း ကြိုဆိုပါတယ်။ စွန့်ပစ်ခံရသူကိုလည်း ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ကျွန်တော့်ရဲ့ဘုရားရှိခိုးကျောင်းက မုတ်ဆိတ်မွေးရှိတဲ့ လူတစ်ယောက်အတွက် နေရာမရှိပါလား။ ငါ အခု ပင် ဘုရားစင်ရှိရာကို ကျော်လွှား၍ သွားလိုက်မယ်။

ထရပ်စ်။ ။ ၀တ်ပြုနေသောသူများ၏ ဂုဏ်ကျက်သရေအရ … ကျွနိုပ်သည် ၀ိုင်ထည့်ထားရာဆီသို့…

ဂျို။ ။ ငါ အကုန်လုံး သောက်ချလိုက်မယ် တစ်စက်တောင်မှ မကျန်စေရော့ လေဟယ် …

ထရပ်စ်။ ။ အထွတ်အမြတ်ထားသော အရာကို မလေးမစားပြုတယ် … ဒီကောင် …

(အသံ၊ ပုလင်းကျကွဲသံ)

ထရပ်စ်။ ။ စားပွဲပေါ်က ၀ိုင်ပုလင်းကို မင်းက … ချခွဲပစ်တယ် ?

သီချင်းဆိုသူ။ ။မင်း လုပ်ဝံ့သလား … မင်း သူများနဲ့ မတူအောင် လုပ်ဝံ့သလား

ဒါဆိုရင်ဖြင့် ကမ္ဘာကြီးက ဆိုးလိုက်တာ

မင်းသူငယ်ချင်းတွေ မင်းအနားက အခုချက်ချင်း ပျောက်သွားပေါ့

မင်းက မကောင်းဆိုးဝါးရဲ့ မျက်နှာဖုံးစွပ်ထားသပေါ့။

(ဂီတသံ။ သီချင်းသံက နောက်ဆုံးအချိုးအပြီးမှာ ပျောက်ကွယ်သွား)

အခန်း -၎

ရက်ဘက်ကာ။ ။ (အံ့သြတုန်လှုပ်စွာ) … အိုး ဂျိုးဇက် … ရှင်မလုပ်သင့်ဘူး။ ရှင် ပြဿနာ လုပ်တယ်။

ဂျို။ ။ ငါ့မှာ ရွေးစရာ မရှိဘူးကွယ်။

ရက်ဘက်ကာ။ ။ အဲဒါ ဘာ အဓိပ္ပါယ်လည်း ဆိုတာ ရှင်သိရဲ့လား။ ကျွန်မတို့က သူတို့တွေနဲ့ အတူတူ နေနေကြတာလေ။

ဂျို။ ။ သူတို့က ငါတို့နဲ့အတူတူနေဖို့ သင်ရမှာပေါ့။

ရက်ဘက်ကာ။ ။ ဂျိုးဇက် …

ဂျို။ ။ ဘက်ကီ … မင်း ငါ့ကို ဘာလုပ်စေချင်သလဲ။ ဖစ်ခ်ျဘတ်မြို့လည်ခေါင် လမ်းမမှာ မှောက်ပြီး နေရမှာလား။ ငါ့ကို တီဲကောင်အဖြစ်ကို ပြောင်းစေချင်သလား။

ရက်ဘက်ကာ။ ။ ဟောဒီပြဿနာရဲ့ အစက ဒီနှုတ်ခမ်းမွေးတွေပေါ့။ နောက် ၅ မိနှစ်အတွင်း ပြဿနာတွေ အဆုံးသတ်တော့မှာ။ ကျွန်မ ကပ်ကြေးကို တွေ့တာနဲ့တော့ …

ဂျို။ ။ ဘယ်သူမှ ငါ့ နှုတ်ခမ်းမွေး တစ်ပင်တောင် မထိရဘူး။ မင်းတောင် မထိရဘူး … ဘက်ကီ။

ရက်ဘက်ကာ။ ။ သူတို့က ရှင့်ကို ရန်စတယ်ဆိုတာ ကျွန်မ လက်ခံပါတယ်ရှင်။ ဒါပေမယ့် ရှင် မှတ်မိမှာပါ…။ ရှင် ဒီနေ့ မုတ်ဆိတ်ရိတ်သမားဆီ ကိုယ်တိုင်သွားဖို့ မဟုတ်လား။ ဒီတော့ အဲဒီအတွက် ခေါင်းမာမနေစမ်း ပါနဲ့။

ဂျို။ ။ ဒါမုတ်ဆိတ်ကြောင့် မဟုတ်ဘူး။

ရက်ဘက်ကာ။ ။ ဟုတ်ပြီ။ ဒါဆို ၅ မိနှစ်အတွင်း ရှင့်ကို ကျွန်မ …

ဂျို။ ။ သူ့အတိုင်း ထားလိုက်ပါကွယ်။

ရက်ဘက်ကာ။ ။ မထားနိုင်ဘူး ရှင်။

ဂျို။ ။ နိုရာ့လိုပဲ အရှည်ကြီး ဖြစ်သွားပါစေတော့။

ရက်ဘက်ကာ။ ။ ရှင့်ဖာသာ ရှင်မဖယ်ပစ်ရင် ကျွန်မ လုပ်မယ်။

ဂျို။ ။မလုပ်ရဘူး။

ရက်ဘက်ကာ။ ။ ကောင်းပြီ။ နောက်တစ်ချက်က အဲဒါက ရှင် ကျွန်မကို နမ်းတဲ့အခါ စူးတယ်ရှင့်။

ဂျို။ ။ ငါကြားခဲ့ရသမျှ အကြောင်းပြချက်တွေထဲမှာ ဒီအချက်က ပထမဦးဆုံး သာယာနာအပျော်ဆုံးပဲ။

ရက်ဘက်ကာ။ ။ ဒီတော့ ရှင် ထားထားဦးမှာလား။

ဂျို။ ။ မင်း ဒါကိုလည်း နောက်တော့ အသားကျသွားမှာပါကွယ်။ လူတွေက ဒီလိုပဲ နေသားကျသွားတာ တွေရှိတာပေါ့။

ရက်ဘက်ကာ။ ။ သူက အမှိုက်တွေလည်း သယ်လာနိုင်သေးတယ်။ ဘုရားသခင်က သိမှာပါ။

ဂျို။ ။ ငါ နေ့တိုင်း ဆေးကြောပါ့မယ်။ တနင်္ဂနွေနေ့ဆိုရင် နှစ်ခါလုပ်မယ်။

ရက်ဘက်ကာ။ ။ အို … ကျွန်မ သဘောမတူဘူး။

ဂျို။ ။ ထားမှာပဲ။

ရက်ဘက်ကာ။ ။ ရှင် အိပ်နေတုန်း ကျွန်မ ရိတ်ပစ်မယ်။

ဂျို။ ။ ငါစပါးကျီမှာ သွားအိပ်ပြီင်္း အခန်းတခါး သော့ခတ်ထားမယ်။

ရက်ဘက်ကာ။ ။ (အသံဝင်သွား) ဂျိုးဇက် … တောင်းပန်ပါတယ်ရှင်။

ဂျို။ ။အိုး … ဘက်ကီရယ် … မငိုပါနဲ့ကွယ်။ ကိုယ် ဘာလို့ ဒီလိုလုပ်ရတယ်ဆိုတာ မင်းသိမယ်လို့ တွေးမိလို့ပါကွယ်။ ဒါ ဒါက ဥပဒေသ ပေါ့ကွယ်။

ရက်ဘက်ကာ။ ။ အဲဒီလိုဖြစ်ပြီး ရှင့်မိသားစုကို စတေးခိုင်းမလို့လားရှင်။

ဂျို။ ။ မင်းက အစ ပြန်ရောက်သွားပြန်ပြီ။ အဲဒါက…

ရက်ဘက်ကာ။ ။ ရှင့်သားသမီးတွေအတွက်…ရှင် သူတို့ကို မချစ်ဘူးလားရှင်။

ဂျို။ ။ သူတို့က ဘယ့်နှယ့်ကြောင့် ပါလာရတာလဲ။

ရက်ဘက်ကာ။ ။ဒီမြို့ထဲက သူတွေက သူတို့ကို စနောက်ကြရင် သူတို့ဘယ်လိုခံစားရမလဲ။ သူတို့ နဲ့ မကစားတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ကလေးတွေအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ကြရင် ဘယ်လောက်ဆိုးမလဲ ဆိုတာ …

ဂျို။ ။ ဒီတော့ ငါတို့ရဲ့ကလေးတွေဟာ မြန်မြန်ဆန်ဆန်ပဲ ရင့်ကျက်သွားမှာပေါ့ကွယ်။ မင်း ပျော်စရာဆိုတာကို ဘယ်လိုပြောမှာလဲ ဘက်ကီ။ အချင်းချင်း နားလည်တယ် ရိုသေလေးစားတယ် ဆိုတာဟာ တစ်ဦးကို တစ်ဦးကျေနပ်စေတယ်လို့ ဆိုလိုတာလား။ ရိုသေလေးစားမူ … အဲဒီစကားလုံးလေးကို သေချာ မှတ်ထားစမ်း။ မင်းစဉ်းစားတာ လွဲနေတယ်။ ဒါပေမယ့် အဲဒီလို အမြင်သေးသိမ် ဥာဏ်မရှိ …

ရက်ဘက်ကာ။ ။ ရှင်က ကျွန်မကို အထင်သေးတယ်လို့ ဆိုလိုတာလားရှင့်။ အကယ်၍ အဲဒီလိုဆိုရင်တော့… ကျွန်မဟာ အိမ်တအိမ်ထဲမှာ လူစိမ်းတယောက်နဲ့ ဝေမျှပြီး နေနေရတဲ့ သဘောဖြစ်သွားပြီ။

ဂျို။ ။ အခုလို စဉ်းစားကြည့်ရအောင်… မနက်ဖြန်ကျရင် မင်းကို အင်္ကျီအပြာရောင် မ၀တ်ရဘူးလို့ ဘယ်တော့မှ အပြာမ၀တ်ရဘူးလို့ ပြောမယ် ဆိုပါတော့။ အကယ်၍ မင်းက ၀တ်ရင် မင်းကို လှောင်ပြောင် မယ်၊ စတိုးဆိုင်ကလည်း မင်းကို ဘာမှ မရောင်းတော့ဘူး၊ စကားလည်း မပြောတော့ဘူး၊ မင်းရဲ့ဘုရားရှိခိုး ကျောင်းကလည်း မင်းကို လက်မခံတော့ဘူး … ဆိုရင်

ရက်ဘက်ကာ။ ။ အို..အဲသည်လို မဖြစ်ပါဘူး။

ဂျို။ ။ မဖြစ်ဘူး ဟုတ်သလား။ ဒီနေ့ မဖြစ်ဖူးပေါ့။ စဉ်းစားပါဦး ဘက်ကီ ရယ်။ မုတ်ဆိတ်မွေးထားတယ် အကျီဝတ်တယ် .. မင်းဝတ်တဲ့ ဖိနပ်က … မင်း လမ်းလျှောက်တဲ့ ပုံစံက … မင်းရဲ့ နားရွက် ပုံစံက … အဲဒီလို

ရက်ဘက်ကာ။ ။ ရှင် ဒါ တကယ်ပဲ ဆိုချင်တာလား။

ဂျို။ ။ အဲဒါ ဥပဒေသပေါ့ကွယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်က လွတ်လပ်ရေး မရသေးဘူးကွယ့်။ အင်း… တွက်ကြည့်ရင် … နှစ်ပေါင်း ၅၀ အောက် လောက် ရှိမှာပေါ့ကွယ်။ အကယ်၍ ဘုရင်တစ်ပါးက ဘယ် ယောင်္ကျားမှ မုတ်ဆိတ်မွေးမထားရဘူးလို့ ဆိုတယ်ထားလိုက်ရအောင် … ဘာလို့လဲ … ဒါက… ငါ စဉ်းစားမိတယ် … ငါတို့ စစ်ပွဲတစ်ပွဲ ပြန်ဖြစ်ကောင်း ဖြစ်နိုင်တယ်။

ရက်ဘက်ကာ။ ။ ဒါပေမယ့် ရှင် နားမလည်သေးတာက …

ကိုးရပ်စ်။ ။ ဝေး ဟေးဟေး

ညစ်ပတ်တဲ့ အဘိုးကြီး

ဝေး ဟေးဟေး

ညစ်ပတ်တဲ့ အဘိုးကြီး

(နောက်ခံတွင်ကိုးရပ်စ်သံပေါ်နေ)

ရက်ဘက်ကာ။ ။ ဘာသံပါလိမ့်။ ရှင် ကြားလား။

ဂျို။ ။ ကြည့်ရတာ ဒါဗီပရီရာကလေးနဲ့ သူ့သူငယ်ချင်းတွေ ထင်ပါ့။ သူတို့က ငါက ညစ်ပတ်တဲ့ အဘိုး ကြီးဖြစ်တယ်၊ မကောင်းဆိုးဝါးရဲ့ မျက်နှာဖုံးလို့ ဆိုနေကြသကွဲ့။

ရက်ဘက်ကာ။ ။ ကျွန်မ သွားပြီး တံပြက်စီးနဲ့ သွားရိုက် မောင်းထုတ်လိုက်မယ်။

ဂျို။ ။ မလုပ်နဲ့ ဘက်ကီ၊ မလုပ်ပါနဲ့ကွယ်။ သူတို့က မင်းအခုလို အပြင်ပြေးထွက် လာစေချင်တာ။ သူတို့က မင်းစိတ်အနှောက်အယှက် ဖြစ်စေချင်ကြတာ။ သူတို့ဆိုပြီး ထွက်သွားတဲ့အထိ မင်း ဒီမှာထိုင်စောင့် နေပေတော့။

ရက်ဘက်ကာ။ ။ သူတို့မိဘတွေကော သိကြရဲ့လားရှင်။

ဂျို။ ။ သိတာပေါ့။

ရက်ဘက်ကာ။ ။ သူတို့ဒီလို မလုပ်သင့်ဘူးရှင်။

ဂျို။ ။ ဟုတ်တာပေါ့ကွယ်။ ငါတို့ဟာ အိပ်မက်တစ်ခုကို အတူတူမက်ကြတာပေါ့ကွယ်။

ရက်ဘက်ကာ။ ။ ဂျိုးဇက် …

ဂျို။ ။ ဟေ…

ရက်ဘက်ကာ။ ။ ကျွန်မက ဦးနှောက်မရှိတဲ့ မိန်းမ..

ဂျို။ ။မင်းကိုအဲသည်လိုဘယ်သူကိုမှပြောခွင့်မပြုဘူး။မင်းကိုယ်မင်းတောင်မပြောရဘူး.

ရက်ဘက်ကာ။ ။ ကျွန်မ? ကျွန်မက? ကျွန်မကိုယ် ကျွန်မတော့ စဉ်းစားလာခဲ့တာပဲရှင့်။ ရှင်သာ ကျွန်မ စကားကို နားထောင်ခဲ့တယ်ဆိုရင် ရှင်ဟာ လူ့ထက်တောင် အဆင့်အတန်းနိမ့်သူဖြစ်သွားပြီ။ ကျွန်မ က ကိုယ့်ခေါင်းကိုတောင် ကောင်းအောင် မထိမ်းကွပ်နင်္ိုင်သူပဲ။ (တတွပ်တွပ်ပြောနေ) အို … ဒီကိစ္စနဲ့ပတ်သက်လို့ ဘာပဲဖြစ်ဖြစ် ရှင် သိထားဖို့က ရှင့်မိသားစုဟာ ရှင်လျှောက်တဲ့ လမ်းကို အတူတူလျှောက်မယ်။ တလှမ်း ချင်း တစ်လှမ်းချင်းကို ရှင်နဲ့အတူတကွ လျှောက်သွားမယ် ဆိုတာပဲ။

ဂျို။ ။ (အံ့သြစွာ) … အင်း … ဒီလောက်နဲ့ မင်း သဘောပေါက်သွားပြီ။ နောက်ဆုံးတော့ မင်းသိပြီပေါ့။

ရက်ဘက်ကာ။ ။မနက်ခင်းလေးမှာ နေမင်းကြီး ထွက်လာတော့မယ်။ တောက်ပစွာ ဂုဏ်ယူစွာနဲ့ပေါ့။

ဂျို။ ။ ဟုတ်တာပေါ့ကွယ်။ အခုကိုပဲ နေမင်းကြီး တောက်ပလာသလားလို့ ခံစားမိတယ်။

ရက်ဘက်ကာ။ ။ ဟောဒီ ညမှာတဲ့လား။

ဂျို။ ။ အပြင်မှာ မမှောင်သေးပါဘူးကွယ်။ ကြည့်စမ်းပါ့။ ကောင်းကင်ရံမှာ နေလုံးကြီးက တိမ်တိုက်တွေထဲ ခုန်ပေါက်နေတာ … အိုး … တောက်ပနေလိုက်တာများ၊

ရက်ဘက်ကာ။ ။ ဂျိုးဇက်ပါးလ်မားရေ..ကျွန်မ ရှင့်ကို နမ်းချင်ပါတယ်။

ဂျို။ ။ အင်း … ဒါ သဘာဝပါပဲကွယ်။

ရက်ဘက်ကာ။ ။ ဟုတ်ပါတယ်ရှင်။

ဂျို။ ။ ဒါနဲ့..

ရက်ဘက်ကာ။ ။ ဘာဖြစ်လို့လဲရှင့်။

ဂျို။ ။ မင်းပြောတော့ … မုတ်ဆိတ်မွေးတွေက စူးတယ်ဆို။

ရက်ဘက်ကာ။ ။ ထားလိုက်စမ်းပါ။ ဟောဒီမုတ်ဆိတ်မွေးဟာ ကမ္ဘာပေါ်မှာ အနူးညံ့ဆုံးနဲ့ အလှဆုံးပါရှင်။

ဒါနဲ့တူတာတောင် မရှိပါဘူး။

ဂျို။ ။အိုး..

ရက်ဘက်ကာ။ ။ (ရယ်မောနေ)

ဂျို။ ။ မင်း ဘာတွေ စဉ်းစားနေပြန်တာတုန်း။

ရက်ဘက်ကာ။ ။ ကျွန်မလည်း မုတ်ဆိတ်မွေးထားချင်လိုက်တာရှင်။ (ရယ်လျက်) ကျွန်မတို့နှစ်ယောက်သားလေ … ဂျိုးဇက် … အိုး … ပြောစရာတွေ တွေ့လာပြန်ပြီ။

ဂျို+ရက်ဘက်ကာ။ ။ (နှစ်ဦးသား ရယ်မောနေလိုက်ကြ၊ အသံ တဖြေးဖြေးတိမ်ဝင်သွား)

(ခိုးရပ်စ်။ အသံက အရင်ကထက်တော့ ပိုကျယ်သော်လည်းတိမ်ဝင်သွား)

(ရှေ့အပတ် ဆက်ဖတ်ပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်