fbpx

Maung Too – Articles

July 28, 2013

သက်ရှိပန်းချီ – အပိုင်း (၇)
မောင်တူး
ဇူလိုင် ၂၈၊ ၂၀၁၃

ကျောင်းသားတပ်မတော် ၅ နှစ်မြောက် ဒေါင်းခွင် ဗဟိုစစ်ရေးပြအခမ်းအနား

မြစ်ကမ်းတလျှောက် လမ်းကျဉ်းလေး။ မိုးမျှော်ငရုပ်သီးခင်း၊ ရုံးပတီနဲ့ခရမ်းသီးခင်းတွေ တွေ့ ရမယ်။ ဒီကကျော်ရင် ဘားတိုက်ကိုမြင်မယ်။ ဒီနေရာက သံလွင်မြစ်ဘေးပေါ့။ အနားက သစ်ပင်ကြီးတွေကို ခုတ်လှဲ။ ပြီးတော့ ဘားတိုက်တွေဆောက်ခဲ့ပြီးပြီ။ ကျောင်းသားတပ်မတော် တပ်ရင်း ၂၀၄-၂၀၅ ဖြစ်ပါတယ်။ ကျနော်တို့နောက်တန်းပြန် နားနေချိန်။ ၁၉၉၄ ခုနှစ်မှာပါ။
ပည်တွင်းစစ်
…….
ရှားပါးပွင့်ပေါက် 
တောပိတောက်ကို 
ဘားတိုက်ဆောက်ဖို့ ခုတ်လိုက်ပြီ။ ။

ညိုထက် (လမ်းသစ်ဦး)
ဘားတိုက်ဘေးမှာ သခွားစင်။ စင်က လက်ခုပ်တဖေါင်ကျော် မြင့်တယ်။ ဒီစင်ကို ထွန်းထွန်းဦး ဆောက် ထားတာ။ သူက အရပ်တော်တော် ရှည်တယ်။ အရပ်ရှည်သူက ဆောက်ထားတဲ့ စင်ဆိုတော့ မြင့်သပါ့။  ထွန်းထွန်းဦးက ကျနော်တို့ တပ်ရင်းမှာ ဆေးမှူး။ နောက် ဗဟိုရောက် သွားတယ်။ သူက မန္တလေးက။ မှတ်မှတ်ရရ သခွားပင်က တပင်တည်း။ ဒါပေမယ့် ပင်စည်ကတော့ ကြီးတယ်။ သခွားသီးကြီးတွေက တပေ လောက်ရှည်သလို တုပ်တုပ်ကြီးတွေ။ အလုံး ရာနဲ့ချီသီးနေတယ်။ နောက်ထပ် အကင်းတွေလဲ အများကြီး။ စင်ကလဲ အကျယ်ကြီးဘဲ။ သ ခွားညွန့်တွေက အများကြီးဆိုတော့ စင်ကို ထပ်ချဲ့ ပြီးရင်း ချဲ့နေရတာ။ ရဲဘော်တွေ ထမင်းစားတိုင်း ငါးပိရည်ချက်နဲ့သခွားသီးအမြဲပါတယ်။ အသီးတွေကလဲ ကုန်ကို မကုန်ဘူး။ ပြောခဲ့ပြီး ပါပကော။ သခွားစင်ကလဲ လမ်းဘေးမှာ။ ကျနော်တို့ရဲ့ နောက်ဘက် တောင်ပေါ်မှာရှိတဲ့ တပ်ရင်း ၆၀၁ က ဖထီးတို့၊ ကိုတိုက်မောင်းတို့၊ ကိုအောင်ဒင်တို့၊ ကိုခင်ဇော်တို့ ဆင်းလာကြရင်လဲ ခူးစားကြတယ်။ မကုန်ဘူး။ ဘေးဘက် တပ်ရင်း ၂၁၆ က ကိုထွန်းလှတို့ ဦးမှတ်ကြီးတို့၊ ကိုဥာဏ်ထွန်းတို့အားလုံးပါဘဲ ဖြတ်သွားဖြတ်လာ ရဲဘော်အားလုံး ခူးစားကြတယ်။ မကုန် ဘူး။ ဗဟိုဌာနချုပ်က ကိုမောင်မောင်ကြီးတို့၊ ဆရာတင်လှတို့ဗလတ ဗဟိုလုံခြုံရေးတပ်က ရဲဘော်လေးတွေလဲ လာခူးစားကြတယ်။ သခွါး ပင် တပင်က ကျောင်းသားတပ်မတော်တခုလုံး စားမကုန်ဆိုသလို။
မှတ်မှတ်ရရ။ ဒီသခွားပင်ဟာ စိုက်ထားတာ မဟုတ်ဘူး။ ကျနော်တို့ကျောင်းသား တပ်ရင်း ၂၀၄-၂၀၅ စိုက်ခင်းက တပ်ရင်းနဲ့ခပ်ဝေးဝေးမှာ ထားတာ။ အဲ့ဒီမှာ စိုက်ဘို့မျိုးစေ့တွေလှမ်းရင်းက ဘားတိုက်ဘေးမှာ အစေ့ကျပေါက်လာတာ။ တပင်တည်း။ ပေါက်စကတည်းက အလွန် သန်တယ်။ ၀ါးကပ်ကာ လိုက်တယ်။ အညွှန့်တွေ အများကြီးထွက်။ စင်ထိုးပေးလိုက်ရ၊ နောက်ပိုင်း အညွှန့် တွေ တဖွေးဖွေး ပိုထွက်လာ၊ စင် ချဲ့ ရင်း ချဲ့ရင်းက အကြီးကြီး ဖြစ်သွားတာ။ သခွားတပင်ထဲနဲ့စင်တစင်ပြည့်သွားပြီး အလုံးရေ ထောင်ချီသီးသွားတာ။ ၁၉၉၄ ခုနှစ် ဒေါင်း ခွင်က ကျနော်တို့တပ်ရင်း ၂၀၄- ၂၀၅ မှာပါ။
သခွားစင်ကိုကြည့်ရင်း အိမ်ကိုသတိရလာဘူးတယ်။ အိမ်ဆိုတာက မေ့ထားတာပါ။ ရည်းစားကိုလဲ မေ့ထားခဲ့။ ငါတို့ကျောင်းသားတွေ၊ ရဟန်းသံဃာတွေနဲ့လယ်သမား အလုပ်သမားပြည်သူတွေကို မဆလဦးနေ၀င်းစစ်တပ်က ၈၈၈၈ အရေးတော်ပုံကြီးမှာ လမ်းတွေပေါ်မှာ ပစ်ခတ်ခဲ့တာပဲ။ ဒါကို ငါတို့ လက်စားချေရမယ်ဆိုတဲ့ စိတ်က တကိုယ်လုံး အပြည့်ရှိနေချိန်။ ကျနော်မှ မဟုတ်ပါဘူး။ ကျနော်တို့ တပ်ရင်းက ကျောင်းသားရဲဘော်အားလုံး။ ABSDF ကျောင်းသားတပ်မတော်က ရဲဘော် အားလုံး။ အမေ အဖေနဲ့ ညီအကိုမောင်နှမတွေ အားလုံးနဲ့ အဆက်အသွယ်မရှိခဲ့တာ ၁၉၉၄ ခုနှစ်ကဆို ၆ နှစ်ကြာခဲ့ပြီပေါ့။ အခုဆိုရင်တော့ ကျနော့်အဖေလဲ ဆုံးပါပြီ။ မေမေက ဒေါ်မြသန်းပါ။ မေ မေလဲ လေဖြတ်ပြီး လမ်းမလျှောက်နိုင်တော့ပါ။ အမ အကို ညီမတွေ မတွေ့ ရတာ အခု ၂၅ နှစ် ရှိပါပြီ။
ဒါပေမယ့် အိပ်မက်မက်ရင်တော့ သူတို့ပေါ်လာကြပါတယ်။ အိပ်မက်ထဲမှာ အဖေနဲ့တွေ့တာ ခနခန။ ကျနော် သူငယ်တန်းကစပြီး ရန်ကုန် တိုင်း သုံးခွမြို့ မှာနေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာအထိပေါ့။ ကျနော့်အဖေက စပါးဒိုင်မှူး။ ကုန်သွယ်ရေး ၁ မှာလုပ်တယ်။ ရာထူး တက် အလုပ်ပြောင်းရတော့ ရန်ကုန် ငမိုးရိပ်၊ သံလျှင် (တညင်) ကျောက်တန်း၊ ခရမ်းနဲ့သုံးခွမြို့ တွေမှာ ပြောင်းနေရတယ်။ ကျနော့်ကို သံလျှင်မြို့၊ ဦးဖိုးသိန်းလမ်းမှာမွေးတယ်။ ၁၉၆၆ ခုနှစ် သြဂုတ် ၃၁ ဗုဒ္ဓဟူးနေ့ (၁၃၂၈ ခုနှစ် ၀ါခေါင်လပြည့်နေ့ ) မွေးပါတယ်။ နောက်ခရမ်းမြို့ကို ပြောင်း။ ကျနော် ငါးနှစ်သား ကျောင်းနေတော့ သုံးခွပြန်ရောက်ပေါ့။ ကျနော်တို့အိမ်မှာ သစ်ပင်မျိုးစုံစိုက်တယ်။ သခွားစင်လဲရှိတော့ တပ်ရင်းမှာ ငှက်ဖျားမိလို့ နားနေရချိန်မျိုးဆိုရင် တပ်ရင်းက သခွားပင်ကိုကြည့်လိုက် အိမ်ကသခွားပင်ကို သတိရလိုက်ပေါ့။
● ငှက်ဖျား
ငှက်ဖျားဟာလဲ ကျောင်းသားတွေအဖို့ ကြုံရတဲ့ ရန်သူကြီးပါဘဲ။ ကျောင်းသားတွေကို သတ်ခဲ့ ဖမ်းခဲ့ ထောင်ချ နှိပ်စက်မျိုးစုံနဲ့နှိပ်စက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ သန်းရွှေ၊ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့် နဲ့ဗိုလ်ချုပ်တွေဟာ ရန်သူကြီးတွေ ဖြစ်သလို၊ ငှက်ဖျားဟာလဲ ရန်သူကြီးပါဘဲ။
ကျောင်းသားတပ်မတော် ဗဟို ဆေးရုံမှာ ဗဟိုကော်မတီ အတွင်းရေးမှူး တဦးဖြစ်တဲ့ ဒေါက်တာ မြင့်ချိုက အသံတိုးတိုးနဲ့ငှက်ဖျားအကြောင်း ရှင်းပြဘူးတယ်။ “ကိုမောင်တူးရေ။ ငှက်ဖျားဟာ ခြင်ကလာတယ်။ ခြင်ကိုက်မခံနဲ့ ခြင်ထောင်ထောင် အိပ်။ အားမနည်းစေနဲ့အိပ်ရေးဝပါစေ။ ၀မ်း မချုပ် စေနဲ့ပုံမှန်စား အိပ်ရေးဝအောင်အိပ်ပါ။”လို့  ဆိုတယ်။ ရေကို ကြိုသောက်ရမယ် ဆိုတာလဲ ပါသေး။ ဘယ်ရမလဲ တောထဲတောင်ထဲ ခြင်ထောင်က ဘယ်ရှိမလဲ။ ခြင်တွေကိုက်။ ရေကိုကြိုသောက်ဘို့လဲ အမြဲတမ်းမလွယ်ဘူး။ ပြောခဲ့ပါပြီကော။ တခါတလေ တိုက်ပွဲကြာရှည် နေရင် စမ်းချောင်းရေတောင် သွားခပ်လို့မရ။ ရတဲ့ရေတွေ သောက်ကြရတာမျိုးလေ။ ဖြစ်ပါပြီ။ ငှက်ဖျား။ ကျောင်းသားတပ်မတော်ရဲ့ ရန်သူတော် ငှက်ဖျား။ ချမ်းပြီးတုန်နေပြီ။ ကိုယ်ပူရှိန်ကလဲ အမြင့်ဆုံး။ ဘာမှလဲ စားမရ။ စားသမျှ အန်တယ်။ ရေပဲ သောက်လို့ရတယ်။ စောင်အထပ်ထပ် ခြုံထားတာတောင်မှ ဘားတိုက်ဒေါင့်မှာ အိပ်ရင်းက ဟီးဟီးထ ချမ်းနေတယ်။ ဆေးမှူးက ကွီနင်း ၂ လုံး၊ ပါရာစီတမော့ ၂ လုံး၊  တက်ထရာ ဆိုက်ကလင်း ၂ လုံး တပြိုင်ထဲသောက်ခိုင်းတယ်။ ဒါမျိုး တနေ့ ၃ ကြိမ်သောက်ရတယ်။ ဆေးတကြိမ်သောက်ပြီးတာနဲ့ ပြင်း လိုက်တဲ့ဆေး။ နားထဲမှာ ၀ီခေါ်နေတဲ့ အသံက ၂၄ နာရီမြည်နေတယ်။ ဆေးရဲ့ အရှိန်ကြောင့် နားထဲမှာ အဲသည်လို မြည်နေတာပါ။ မှိန်း လိုက်၊ အိပ်ပျော်လိုက်။ နိုးလိုက်။ ဒီမှာ အိပ်မက်မက်ပြီ။
အမေက ကျနော့်ကို ၀က်အသည်းဟင်းနဲ့ကျွေးနေတယ်။ အိမ်ကထမင်းဝိုင်းမှာ။ ကျနော်က စားတယ်။ အငမ်းမရ။ ပျော်နေတယ်။ အမေ နဲ့ပြန်တွေ့ နေတယ်။ တအောင့်နေတော့ ကျနော့်အိမ်ကို ရဲတွေဝိုင်းပြီ။ ကျနော်က လက်တောင်မဆေးပဲ အိမ်အောက်ကိုပြေးဆင်းတယ်။ ကျနော် အိမ်နောက်ဖေး မြောင်းထဲမှာဝပ်နေတယ်။ ရဲတွေက အိမ်ထဲဝင်တယ်။ ကျနော် ထွက်ပြေးပြီ။ သပိတ်မှောက်ကျောင်းသားတွေကို လိုက်ဖမ်းနေတာလေ။ ပြေး။ ပြေး။ ပြေး။
ဒီမှာပဲ အိပ်နေရာက လန့်နိုးတယ်။ ကျနော် ကျောင်းသားတပ်မတော် စစ်ဘားတိုက်မှာ ပြန်ရောက်နေပြီ။ မဟုတ်တော့ပါလား။ အိမ်မှာ မဟုတ်တော့ဘူး။ ဘယ်မှာလဲ အမေ။ အော် အိပ်မက် မက်နေတာပဲ။ ကယောင်ချောက်ခြားတွေပါ။ အိပ်မက်ထဲမှာ သုံးခွမြို့ ကို ပြန်ရောက် လိုက်။ မော်လမြိုင်။ မုဒုံမှာ ပုန်းခဲ့တာတွေ။ နောက် တောလမ်းခရီးဖြတ်ပြီး မွန်နယ်မြေကို ရောက်သွားလိုက်။ ကရင်နယ်မြေ ရောက်လိုက်။ တိုက်ပွဲတွေလဲ အိပ်မက်ထဲမှာ ဖြစ်လိုက်ပေါ့။ ဖြစ်ပြီးခဲ့တဲ့ တိုက်ပွဲတွေကို ပြန်မက်တာပါ။ တနေ့ တော့ ၁၉၉၁ ခုနှစ် ကေအင်န်ယူ တပ်မဟာ ၆ နယ်မြေထဲ တိုက်ပွဲတခုကို ပြန်ရောက်သွားတယ်။
အချိန်က ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်း၊ ရန်သူတွေလာနေတယ်။ ကျနော်တို့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ နယ်၊ ကျိုက်ဒုံမြို့ နယ်ခွဲမှာ ရှိတဲ့ အဇင်းရွာအ၀မှာ ပစ်ကျင်းတွေ အရှည်ကြီးတူးပြီး စောင့်နေကြတယ်။ ကျနော်တို့ဘက်က ကေအင်န်ယူ၊ ပြည်သူ့ ပြည်ချစ်တပ်၊ မွတ်စ လင်တပ်နဲ့ ကျောင်းသားတပ်။ ၂၀၄၊ ၂၀၅၊ ၂၀၆ နဲ့၂၁၆ တို့ပါတယ်။ ကျနော်တို့ တပ် ၂၀၄-၂၀၅ ကို တပ်ရင်းမှူး ကိုကြည်ဝင်း၊ ဒုတပ်ရင်းမှူး ဆရာကျော်ဆွေ၊ ကိုထွန်းထွန်းတို့ ကွပ်ကဲတယ်။ လာပါပြီ။ ရန်သူတွေ။ တောတိုးသံကြားရတယ်။ နေ့လည် မွန်းတည့်မှာပဲ။ နောက်မှ သိရ တာက ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ ၃၂ ရေးနဲ့မုဒုံ အခြေစိုက် ခလရ ၆၁ နဲ့၆၂ တပ်တွေတဲ့။ သုံးရင်းပေါင်းပေါ့။ သူတို့လာတာ အင်အားများတယ်။
● ဒိုင်း ဒက်ဒက်ဒက် … ဒိုင်းဒိုင်းဒိုင်း ဒက်ဒက်ဒက်
(ပရော်ဟဲလီး) ဆိုတဲ့ ကရင်ဘာသာနဲ့အော်သံကြီး ကြားလိုက်ရတယ်။ ပရော်ဆိုတာ ဗမာလူမျိုးလို့  အဓိပ္ပါယ်ရပါတယ်။ ဟဲ = လာတယ်။ ပရော်ဟဲလီးဆိုတော့ ဗမာတွေလာပြီပေါ့။ ကရင်စစ်သားတွေက အစိုးရတပ်တွေကို ဗမာတပ်လို့ခေါ်ပြီး အစိုးရတပ်သားတွေ လာရင်လဲ ပရော်ဟဲလီး။ ပရော်ထော့လီးဆိုပြီး အော်ကြပါတယ်။ သေနပ်တွေ ပစ်ကုန်ကျပြီ။
အဲ့ဒီအချိန်မှာဘဲ ရှေ့ ကင်းကနေ ရန်သူဆိုတဲ့ အော်သံကြီးနဲ့အတူ ဒိုင်းဒိုင်း ဒက်ဒက်အသံတွေ ကျနော်တို့ဘက်မှာ ညံကုန်ပါတယ်။ ကျောင်း သားတပ်တွေ ရှေ့ကိုလဲ အစိုးရ စစ်ကြောင်း တိုးဝင်လာကုန်ပြီ။ သေနပ်သံတွေ ညံကုန်ပြီ။ တိုက်ပွဲတော့ စပါပြီ။ ကျနော်တို့က နေရာယူ ပစ်ကျင်းထဲက ပစ်တော့ ပိုပြီးသက်သာတယ်။ ရန်သူကတော့ ကျလိုက်တာ အတုန်းအရုန်း။ သစ်ပင်ကျိုးကျ နေတဲ့ပေါ် မှောက်ခုံကြီး ဖြစ်နေ သူတွေလဲ ၂ ဦးလောက်တွေ့ ရတယ်။ မြေပြင်ပေါ်မှာတော့ တပုံကြီး။ ခန ငြိမ်သွားတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့စပစ်လာတယ်။ လက်နက်ကြီးတွေဟာ ကျနော်တို့ရှေ့ မှာလဲ ကျ တယ်။ နောက်ကို ကျော်ပြီးတော့လဲကျတယ်။ လူတွေ တည့်တည့်ကိုတော့မကျ။ ဒါကလဲ ရန်သူ အထိနာနေတာမို့ ပစ်ချက်တွေ လွဲတယ်လို့ မှတ်ပါတယ်။ သူတို့ သွေးအေးအေးနဲ့သာပစ်ရင် ကျနော်တို့မလွယ်ဘူး။ အစိုးရ စစ် သားတွေဟာ နောက်တကြိမ် တက်လာပြန်တယ်။ လည်စီး အပြာတွေနဲ့ ကျနော်တို့ပစ်ကြပြန်ပြီ။ သေကုန်ကြပြန်ပြီ။ နောက်တသုတ် လည် စည်းအ၀ါနဲ့တက်လာပြန်ပြီ။ ကျနော်တို့ပစ်ကြပြန်ပြီ။
ကျောင်းသားတပ်မတော်ကွ ….
ကေအင်န်ယူကွ ….
ပြည်သူ့ ပြည်ချစ်တပ်က …..
မွတ်ဆလင်တပ်ကွ ….
အစိုးရစစ်သားတွေဟာ ဘာကမျှ ပြန်မအော်နိုင်တော့။ နောက်ဆုံးပိတ် လည်စီးအနီနဲ့အဖွဲ့ တွေ တက်လာ၊ ကျနော်တို့ကလဲ လက်နက်ငယ် လက်နက်ကြီးတွေနဲ့ပစ်ချ။ ဒီအဖွဲ့ လဲ လန်ထွက်ကုန်ပြီး အတုန်းအရုန်း ကျကုန်ပြန်။ နောက်ဆုံး ကျနော်တို့တက်ရှင်းတော့ သူတို့အလောင်း တွေကို တွင်းကြီးတွေထဲမှာ မြှုပ်သွားပါတယ်။ သေနတ်တွေကိုတော့ ပြန်သယ်သွားကြပုံပဲ။ နောက်ပိုင်း ကျနော်တို့ဆက်လိုက်တော့ တောင်ကြားတွေထဲမှာ ၀ှက်ထားတဲ့ သေနတ်တွေကို နေရာတော်တော်များများမှာ သိမ်းဆည်းရမိလိုက်တယ်။
တိုက်ပွဲပြီးခါနီး ရန်သူက ဆုတ်ပစ် ပစ်တယ်။ သူတို့ပစ်တဲ့ ခွင်းဗုံးတွေဟာ ကျနော်တို့အပေါ် တည့်တည့်နီးပါးကျတာတွေ ရှိလာတယ်။ သူတို့နောက်နည်းနည်းဆုတ်လိုက်မှာ ပစ်မှတ်က ကျနော်တို့အပေါ် တည့်သွားပုံဘဲ။ ၂၁၆ က ရဲဘော်နိုင်ဦးကို လက်နက်ကြီးစ မှန်သွားတယ်။ ခေါင်းနဲ့ လက်မှာ သူ ဒါဏ်ရာရသွားပြီ။ သိလိုက်ချိန်မှာပဲ။ ကျနော့်နောက်က ပိတောက်ပင်ကိုလဲ ခွင်းဗုံးသီး လာထိတယ်။ အဲသည်မှာ လက် နက်ကြီး ကွဲပြီး အစတွေဟာ ကျနော်တို့အပေါ် ကျလာတယ်။ ငုံ့ပြီး ၀ပ်ပြီး ရှောင်လိုက်တယ်။ ဒါပေမယ့် အစတစကတော့ ကျနော့် လက် မောင်းကို ဖေါက်သွားတယ်။
ပထမ လက်မောင်းကြီးလေးလာပြီး နောက်ပိုင်း လှုပ်မရတော့ဘူး။ ဒါပေမဲ့ တိုက်ပွဲ ငြိမ်တဲ့အထိ စောင့်ပြီးမှ ဆေးရဲဘော်က လာကြည့်တယ်။ ခဲ အစတစဟာ ညာလက်မောင်းရှေ့ က၀င် ဘေးဘက်ဖေါက်ပြီး မထွက်ဘဲ လက်မောင်းအ၀မှာ တစ်နေတယ်။ အဲဒါနဲ့ညှပ်နဲ့ဆွဲထုတ်။ ပတ်တီးစကို ဆေးစိမ်ပြီး ထိုးထည့် ကုသပေးတယ်။ ခဲဆိပ်ဖြေဆေး ယမ်းဆိပ်ဖြေဆေး သဘော ဆေးတွေ ထိုးပြီး အိပ်ပျော်သွားခဲ့တယ်။ ဒါဟာ ကျောင်းသားသူပုန်ဘ၀ ပထမဆုံးနဲ့နောက်ဆုံး ရခဲ့တဲ့ ဒါဏ်ရာပါ။ နောက်တပတ်ကြာ ကျနော့်  လက်မောင်း ဒါဏ်ရာ ချုပ်ရိုးဖြည်တော့ ရှေ့ တန်း အထူးကုဆေးအဖွဲ့  လာကြည့်တယ်။ ဒေါက်တာ စင်သီယာမောင် ဦးဆောင်တယ်။ ဆရာမ ဒေါက်တာစင်သီယာက ကျနော့် လက်မောင်းက ချုပ်ရိုးကို ကပ်ကြေးနဲ့ညှပ်ဖြတ်ပေးခဲ့တယ်။
အဇင်းတိုက်ပွဲ (၁၉၉၁) မှာ ကျောင်းသားတပ်က ကျနော် အပါအ၀င် ၂ ဦးဒါဏ်ရာ ရတယ်ပေါ့။ အကျအဆုံးတော့ မရှိပါဘူး။ ဒါပေမယ့် မယ်လ၊ ၀မ်ခ၊ မာနယ်ပလောတိုက်ပွဲတွေမှာ ကျောင်းသားတွေ ကျဆုံးခဲ့ ပါတယ်။ သူ့ မတိုင်မီ စောထတိုက်ပွဲ၊ နောက် ဒါးခွင်တိုက်ပွဲ၊ ကရင်နီနယ်မြေ နောင်လုံ တောင်ကုန်း တိုက်ပွဲ၊ ၂၀၁၂ -၁၃ မှာဆိုရင်လဲ ကချင်နယ်မြေ တိုက်ပွဲတွေမှာ ကျောင်းသားတွေ ကျဆုံးခဲ့ကြပါတယ်။
အခုဆိုရင် ကျောင်းသားတပ်မတော် ဖွဲ့ စည်းခဲ့တာ ၂၅ နှစ်တာ ရှိပါပြီ။ ဒီကာလအတွင်း ကျဆုံး၊ သေဆုံး၊ ထိခိုက် ဒဏ်ရာရ ကျောင်းသားဦးရေ ၁၀၀၀ ကျော်ရှိပြီး။ ဒါဏ်ရာရသူ ၄၀၀ လောက်နဲ့ ကျဆုံးသေဆုံးခဲ့သူ ၆၀၀ ကျော် ရှိခဲ့ပါတယ်။ ဒီနေ့ ၈၈၈၈ အရေးတော်ပုံ ၂၅ နှစ်ပြည့် လွမ်းဆွတ် အောက်မေ့ဘွယ် အချိန်မှာ ကျောင်းသားထု အခွင့်အရေး၊ ဒီမိုကရေစီ ပညာရေးနဲ့လူအခွင့်အရေး တို့ အတွက် တိုက်ပွဲဝင်ရင်း တောတောင်တွေထဲမှာ ကျဆုံးခဲ့သူ ကျောင်းသား ရဲဘော် အပေါင်းကို အလေးပြုလိုက်ပါတယ်။
“ဒီမိုကရေစီရရှိရေးအတွက် ရှေ့ တန်းတနေရာ  အသက်ပေးသွားတဲ့  သူငယ်ချင်းတို့ရယ်။ ဦးညွှတ်လို့  ဂုဏ်ပြုလိုက်ပါတယ်။
ဒီမိုကရေစီ ဒို့ များရလို့ အိမ်ယာမြေကိုပြန်ကြတဲ့အခါ ဆီးကြိုနေမယ် မင်းတို့မိဘမောင်နှမတွေ။ ဒို့များ ဘယ်လိုရှင်းပြရမယ်။

ဒို့များ ဘယ်လို ပြောပြရမယ်။ တွေးရင်းနဲ့ဆွေးရင်း မျက်ရည်ဝဲ” ဆိုတဲ့ ကျောင်းသားတပ်မတော် အဆိုတော် စမ်းစမ်းမြင့်ရဲ့ သီချင်းလေးကို ရွတ်ဆိုနေမိပါတော့တယ်။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်တူး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)