>မောင်ရစ် – မိုးမခ ၅ိံစြ် ကောင်းမြ

April 16, 2008

>

မိုးမခ ၅ နှစ် ကောင်းမှု

မောင်ရစ်
ဧပြီ ၁၅၊ ၂၀၀၈

နိဒါန်း

အို … ဘယ့်နှယ့် နာရေးတွေနဲ့ မောင်ရစ် တယောက်ဖိစီးပြီး “သွားရှာပြန်ပြီပေါ့ … မိုးမခ” လို့ ထင်ကြမယ်ထင်ရဲ့။ မြန်မာတွေကလည်း ဆရာတင်မိုးပြောသလို မွေးကတည်းက အကွဲကလေးနဲ့၊ “ငါတို့ လျောက်သောလမ်းမှာ ကွဲကြမယ် မတားနဲ့ …” ဆိုတော့ – “အင်း … မိုးမခလည်း သွားရှာပြန်ပေါ့” လို့ ထုံးစံအတိုင်း ကျွတ်ထိုးသံလေး မစောလိုက်ပါနဲ့ဗျာ။ မိုးမခ ဆိုတဲ့ အိမ်တွင်းပုန်း အင်တာနက်နံရံကပ် မဏ္ဍိုင်လေး ဖွတ်ချက် ဖွတ်ချက်နဲ့ ခရီးသွားနေတာ အခုဆို ၅ နှစ်ပြည့်လို့ ခေါင်းစဉ်တပ်ပေးလိုက်တာပါ။

ဟာ … ဒီကောင်၅နှစ်ပြည့်တဲ့နေ့က မောင်ရစ်တယောက် ဖုန်းတွေ၊ အီးမေးတွေ၊ စာတိုက်ပုန်းတွေနားမှာ ထိုင်စောင့်နေတာဗျ။ နိုင်ငံတကာ ကမ္ဘာအရပ်ရပ်က မိုးမခ၀ိုင်းတော်သားတွေ၊ မဟာမိတ်တွေ၊ ရဲဘော်တွေနဲ့ သန်းနဲ့ချီသော ပရိသတ်ကြီးဆီက လာမယ့် မွေးနေ့ဆုတောင်းတွေကို ဖြေလိုက်မယ်ဟဲ့ လို့ ခါးတောင်းကျိုက်ပြီး စောင့်နေတာ။ ဟဲဟဲ။

သူများတွေရဲ့ မွေးနေ့တွေမှာ မသိလိုက်ဖာသာနေပြီး၊ သူများတွေ သေတော့မှ မျက်ရည်လည်ရွှဲနဲ့ ၀မ်းနည်းခြင်းတို့၊ အမှတ်ရခြင်းတို့ ကြေကွဲခြင်းတို့ စသည်ဖြင့်တွေ “လုပ်တတ်” တဲ့ မိုးမခခင်ဗျာ အချိန်က မကျသေးတော့ ဘယ်က ၀မ်းသာမှတ်တမ်း လာလိမ့်မှာလဲ။ သည်တော့ ကိုယ့်ဖာသာပဲ – မိုးမခ အသက် ၅ နှစ် ကောင်းမှု ဆိုတဲ့ မှတ်တိုင်လေး စိုက်ပြီး ငိုချင်းလေး ဟဲ ပြရမှာပေါ့။

အားလုံးသော ၀ိုင်းတော်သားများ၊ အမှုဆောင်လူကြီးများနဲ့ ပရိသတ်ကြီးက ၀ိုင်းဝန်း စောင့်ရှောက် အားပေးကူညီကြလို့ “မျက်နှာမွဲကလေး မိုးမခ” အခုလို သက်ဆိုးရှည်နေရတာဖြစ်ကြောင်း ကျေးဇူးမှတ်တမ်း ရေးလိုက်ပါရစေ ခင်ဗျာ။ မိုးမခကို ၀ိုင်းဝန်း ပြုစုစောင့်ရှောက်ခဲ့ကြတဲ့ အဆင့်ဆင့်သော လက်ဆင့်ကမ်းကြသူများ အားလုံးကိုလည်း ဒီကနေ ၀မ်းသာစကားပြောလိုက်ပါရစေ။

၂၀၀၃ ဧပြီက အစ

ကျနော်တို့ ၂၀၀၃ ဧပြီမှာ အင်တာနက် ရေဒီယိုနဲ့ စတင်ပါတယ်။ မိုးမခ ပထမမျိုးဆက်တွေက ရေဒီယိုသမားတွေဖြစ်ပါတယ်။ “နိုင်ငံတကာရောက် မြန်မာတွေအတွက် မြန်မာမှု၊ မြန်မာ့အသံတွေနဲ့ မိုးမခရေဒီယို” အဖြစ် ကျနော်တို့လာခဲ့ကြပါတယ်။ အဲဒီတုန်းက ကျနော်တို့က ပရိသတ်ကြီးကို မ၀ံ့မရဲလေးနဲ့ပေါ့ဗျာ။ ပြည်ပရောက် မြန်မာတွေရဲ့ သာရေး၊ နာရေး သတင်း၊ သီချင်းနဲ့ ယဉ်ကျေးမှု အနုပညာကို ဇောင်းပေးလို့ ပရိသတ်ကို ဆွဲဆောင်ခဲ့ရပါတယ်။ မြန်မာပြည်တွင်းရေးကလေး နိုင်ငံရေးကလေးများ တိုက်ရိုက်ပြောမိလိုက်လျှင် ပရိသတ်ကြီးများ ငြိုငြင်သွားလေမှာလားလို့ပေါ့။

သို့ပေမယ့် ကျနော်တို့တတွေ မနေနိုင်ပါဘူးခင်ဗျာ။ ၂၀၀၃ မေမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ အဲင်အယ်ဒီပါတီဝင်တွေကို စစ်အစိုးရလက်ကိုင်တုတ်တွေ ၀ိုင်းရိုက်သတ်ကြိုးစားတဲ့ လုပ်ကြံမှုကြီးဖြစ်ကတည်းက မိုးမခရေဒီယိုလည်း ပြောရဲ ဆိုရဲ အော်ဟစ်ရဲပြီး ဒီမိုကရေစီရေး ဆိုတဲ့ ဇာတိရုပ်ကြီး လုံးလုံးပေါ်ခဲ့ရတော့သကိုး။

ကျနော်တို့ကို ဆရာ ဦးတင်မိုး၊ ဆရာ မောင်စွမ်းရည်တို့က လက်ဆွဲပြီး ပွဲခင်းထဲခေါ်ခဲ့တာပါခင်ဗျာ။ နောက်တော့ ဂီတအနုပညာရှင် မာမာအေး၊ ဒါရိုက်တာ ၀င်းဖေနဲ့ ဆရာကြီး ကြေးမုံဦးသောင်းတို့က ဂရုတစိုက်နဲ့ အကြံတွေပေး၊ အကူအညီတွေပေး၊ စာတွေ ရေးပေးခဲ့ကြလို့ “လူရာဝင်” ခဲ့ရတာပါ။ အရေးတယူနဲ့ ကြိုဆိုတဲ့ မိတ်ဆွေ ၂ ဦးကတော့ ယူအက်စ်ကင်ပိန်းက ကိုအောင်ဒင်နဲ့ အင်္ဂလိပ် မြန်မာ ၂ ဘာသာနဲ့ စာနယ်ဇင်းသမားကျော် ကိုမင်းဇင်တို့လည်း ၀ိုင်းခဲ့ကြပါသေးတယ်။ သူတို့တွေ မေးထူးခေါ်ပြောလေးလုပ်လို့ အိုအက်စ်အိုင် ဘားမားပရောဂျက်က အလှူငွေလေးတွေလည်း ရခဲ့လို့ ကွန်ပျူတာလေးတွေ၊ အင်တာနက်ထုတ်စရာ ဖြန့်ချိစရာလေးတွေ တတ်နိုင်ခဲ့ရတာ ဖြစ်ပါတယ်။

မိုးမခဆိုတာက ရသလောက်အလှူငွေ၊ စေတနာဝန်ထမ်း လုပ်အား၊ လိုသမျှ အိတ်စိုက်နဲ့ စာပေနဲ့ အနုပညာလေး တတ်စွမ်းသမျှကို အရင်းပြုလို့ ပရိသတ်ကြီးရဲ့ ခံစားချက်နဲ့အသံကို ကိုယ်စားပြုနိုင်ဖို့ ပြီးတော့ ပရိသတ်ကြီးရဲ့ အနာဂတ်အတွက် ဆန္ဒရှိတာနဲ့ ကိုက်ညီမယ့် အဟာရကို ပေးနိုင်ဖို့ ကြိုးစားကြတာပဲ ဖြစ်ပါတယ်။ ကျနော်တို့တတွေ ရူးသွပ်လို့၊ မိုက်မဲလို့ ပြီးတော့ ပျော်ရွှင်လို့ လုပ်တဲ့ အလုပ်တခုလို့ ယူဆလိုက်ပါတယ်။ အဲဒီ စေတနာ၊ ၀ါသနာ နဲ့ အနစ်နာ (ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ဝေဒနာ လို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။) အဲဒီ အနာတွေနဲ့ ကျနော်တို့ အသင်းအဖွဲ့အလုပ်ကို လုပ်ကြ၊ လေ့ကျင့်ကြတာပါ။ မရူးချင်တော့တဲ့တနေ့၊ မမိုက်တော့တဲ့တနေ့၊ မပျော်တော့တဲ့တနေ့ နောက်ကလူတွေလက်ထဲ လွှဲပြောင်းပေးခဲ့လိုက်ဖို့ပဲ လိုတာပေါ့လေ။ ကိုယ့်နောက်ကအနာတွေနဲ့လူတွေ ဆက်လုပ်နိုင်ကြအောင် ထိမ်းသိမ်းပြီး လက်ဆင့်ကမ်း ချီတက်ခဲ့ကြလို့ မိုးမခလည်း အရိုးနဲ့ အရေနဲ့ (တသွေးတမွေး) သက်ဆိုးရှည်နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။

၂၀၀၄ ဒုတိယ မျိုးဆက်

မိုးမခ ဒုတိယ မျိုးဆက်က စာပေသမားတွေဖြစ်ပါတယ်။ စာပေနဲ့ သတင်းသမားတွေလို့ ပြောရင် ရမယ်ထင်ပါရဲ့။ ၂၀၀၄ နှစ်လယ်က စပြီး အင်တာနက် သတင်းစာမျက်နှာအဖြစ်ကို ပြောင်းလဲထူထောင်ကြပါတယ်။ အပတ်စဉ်ရေဒီယိုကို ခေတ္တနား၊ နေ့စဉ် စာပဒေသာတွေ တင်နိုင်အောင် ကြိုးစား၊ သတင်းတိုထွာလေးတွေလည်း စုနိုင်သလောက် စုဆောင်းလို့ မိုးမခကို သူတို့ ပုံဖော်ကြရတာ ဖြစ်ပါတယ်။ ပြည်တွင်းစာစောင်တွေက စာတွေကို ပြန်လည်ဖော်ပြ၊ ပြည်ပက စာတွေကိုလည်း ကူးယူဖော်ပြ၊ ပြီးတော့ ပြည်တွင်း ပြည်ပက သတင်းသမား၊ စာသမားတွေဆီက စာမူလေးတွေ တောင်းပန်စုဆောင်းလို့ မိုးမခ အင်တာနက်စာမျက်နှာကို ဖြည့်စွမ်းခဲ့ကြရတာ ဖြစ်ပါတယ်။

၂၀၀၅ မှာတော့ မိုးမခ ဆောင်ပုဒ်က ဒီလိုဖြစ်သွားပါတယ်။ “စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ လွတ်လပ်တဲ့ လူဘောင်သစ်” တဲ့ခင်ဗျ။ မိုးမခမှာ ပြည်ပက စေတနာရှင် အထောက်တော်တွေ၊ စာရေးသူတွေ အတော်အသင့်တော့ ရရှိလာခဲ့ပါတယ်။

ကျနော်တို့ဆီမှာ ဟာသလေးတွေ ရှိတယ်ခင်ဗျ။ ဥပမာ – “ကျနော်က ခေတ်ပြိုင်ကပါ” လို့ ဆိုရင် လူတွေက ဘာမှန်းမသိရင်တောင်မှ နည်းနည်းတော့ ဟန်လေးနဲ့ “အော် … အော် … ဟုတ်ကဲ့ ဟုတ်ကဲ့” လို့ ပြန်ပြောလေ့ရှိပါတယ်။

အဲ – “ကျနော်က ဧရာဝတီ ကပါ” လို့ ပြောရင်တော့ အလှူတို့ မင်္ဂလာဆောင်တို့မှာ ပရိသတ်တုံ့ပြန်ချက်က အားရစရာကောင်းပါတယ်။ “ဟာ ဦးကလည်း ၀ါးခယ်မ က ..” တို့၊ ” အမတို့က ပုသိမ်က” စသည်ဖြင့် ဇာတိရပ်ရွာကို ဖော်ကြတော့တာပါပဲ။ ဧရာဝတီ စာနယ်ဇင်းအဖွဲ့ကလူတွေကို မလေးမစားလုပ်တာ မဟုတ်ကြောင်းပါခင်ဗျ။ ရယ်စရာ ပြောတာပါနော်။ အဖြစ်မှန်ပါ။

အဲ … ကျနော်တို့ “မိုးမခ” ကတော့ “ကျနော်တို့ မိုးမခကပါ” လို့ အဲသည်တုန်းက ပြောကို မပြောရဲဘူးတာပါခင်ဗျာ။ လူတွေက “ဟင် … ဘာလဲ မိုးမခ …။ ဆူရှီဆိုင်လား၊ ထမင်းဆိုင်လား” လို့ ပြန်မေးတတ်ကြတော့ ကျနော်တို့ စာနယ်ဇင်းအဖွဲ့ဆိုတာ နံမည်ကြီးလို့ ဂုဏ်လုပ်ပြီး မပြောဝံ့ကြောင်း စကားချပ်ပြရတာဖြစ်ပါတယ်။

မှတ်တိုင်များ

၂၀၀၆ မှာတော့ ကျနော်တို့ ဒုတိယမျိုးဆက်တွေ အလုပ်ဖြစ်တဲ့ နှစ်တွေပါပဲ။ လစဉ် ပုံနှိပ်နဲ့ အင်တာနက်ပီဒီအက်ဖ် သတင်းလွှာကို ထုတ်နိုင်ပါတယ်။ ဦးဦးဖျားဖျား မိုးမခ ၃ နှစ်ပြည့် မိတ်ဆုံပွဲ လုပ်နိုင်ခဲ့ပါတယ်။ အင်တာနက်နံရံကပ်မဏ္ဍိုင်မှာပဲ စာချင်းဆုံရတဲ့ ၀ိုင်းတော်သားတွေ မျက်နှာချင်းဆိုင် ဆုံကြရပါတယ်။ ဆရာကြီးတွေထဲက ဆရာတင်မိုးနဲ့ ဆရာ မောင်စွမ်းရည်တို့ လာရောက် ချီးမြှင့်ကြပါတယ်။ အဲသည်မှာ မိုးမခ တတိယမျိုးဆက်တွေ ပြည်တွင်းပြည်ပ မိတ်ဆွေသစ် လမ်းပွင့်ခဲ့ရတာပေါ့ခင်ဗျာ။

၂၀၀၅ နဲ့ ၂၀၀၆ နေ့ရက်များကို အမှတ်တရဆိုရမယ်ဖြင့် ကြည့်မှန်တွေ အများကြီးထောင်ထားရသော နေ့ရက်များပါပဲ။ စေတနာ့ဝန်ထမ်းတွေကလည်း ၀င်လိုက်ထွက်လိုက်နဲ့ဆိုတော့ အထောက်တော် နံပါတ်တခု ထုတ်ပေးလိုက်၊ လူရင်းတွေကပဲ ပြန်သိမ်းပြီး အသက်ဆက်ထားလိုက်ရ။ နောက်လူသစ်လည်း နေရာဒေသလိုက်ပြီး နံပါတ်ထုတ်ပေးလိုက်၊ ပြီးတော့ ကိုယ့်လူတွေပဲ ဒီနံပါတ်ကို ဆောင်ပြီး ဆက်ရေးနေလိုက်ရနဲ့ပေါ့ခင်ဗျာ။ တက်ကျမ်းတွေမှာတော့ ဦးထုပ် ၆ လုံးတို့ ၇ လုံးတို့ တပြိုင်နက်တည်း ဆောင်းတဲ့ ထူးချွန်တဲ့ ပုဂ္ဂိုလ်တို့ဘာတို့ ကြားဖူးပါရဲ့။ မိုးမခမှာတော့ အင်အားတွေ များသည်ထက်များလို့ အားရှိအောင် မှန်တွေထောင်ထားရ၊ ဦးထုပ်တွေ မျိုးစုံ ဆောင်းထားရတာမို့လို့ အထောက်တော်နံပါတ်တွေကို ထုတ်လိုက် ပြန်သိမ်းလိုက် ကိုယ်ပဲ ပြန်ကိုင်ပြီးရေးလိုက်နဲ့ ရယ်လည်းရယ်၊ မောလည်းမောတဲ့ နေ့ရက်များပါပဲ။

ဗြဟ္မာဦးခေါင်းကြီးလိုပါပဲ မိုးမခဆိုတာလည်း ဆီမလာ ပျားမလာဆိုတော့ လေးတာပေါ့ခင်ဗျာ။ လေးတဲ့ကြားထဲက လက်ပြောင်းမယ့်လူမလာမခြင်း အံခဲပြီး စောင့်ရတာပေါ့။ “ကြော်ငြာရမယ် ကြော်ငြာမရဘူး” ဆိုပြီး လူတွေကိုလည်း ညာ မရောင်းရက်ပါဘူးလေ။ ဒီအလုပ်ကြီးက “ဟာ – ဟိုသူငယ် … ဟိုသူငယ် … အိုဘဲ့ နှုတ်ခမ်းကွဲလေးနဲ့ ဟိုသူငယ် …” လို့ လူတွေကြားထဲ သူများကို အော်ခေါ်ရတဲ့ အလုပ်ဆိုတော့ လူချစ်လူခင် များတဲ့အလုပ်မဟုတ်ဘူးလေ။

၂၀၀၇ တတိယမျိုးဆက်

ဒီလိုနဲ့ ၂၀၀၇ မှာ တတိယမျိုးဆက်တွေရဲ့ အင်အားတွေ ဖြည့်နိုင်တယ်လို့ ဆို၇ပါမယ်။ အဓိက လည်ပတ်မှုတွေကတော့ လက်တဖက်တည်းနဲ့ ချိုးရေတွက်လို့ရတဲ့သူတွေက ဆောင်ရွက်နေကြတဲ့ဆီမှာ အဝေးရောက် ၀ိုင်းတော်သားတွေက အရုပ်တွေ၊ အသံတွေ၊ သတင်းတွေ၊ ဓာတ်ပုံတွေ စာတွေနဲ့ အားဖြည့် ပန့်ပိုးလာခဲ့ကြပါတယ်။ တတိယမျိုးဆက်တွေကတော့ သတင်းနဲ့ မျက်မှောက်ရေးရာကို စိတ်ဝင်စားကြတဲ့သူတွေ ဖြစ်လာပါတယ်။

အရင်က မိုးမခကို တလကိုးသီတင်းနေမှ ကဗျာလေး စာလေး လာဖတ်တဲ့သူတွေက အခုတော့ မိုးမခကို တပတ်တခါလောက်တော့ ဖတ်လာကြပြီလို့ဆိုပါတယ်။ မိုးမခ ၀ိုင်းတော်သားတွေ အသည်းအသန် ၀မ်းသာကြရတာပေါ့ခင်ဗျာ။

ဗီစီဒီတို့၊ ကာရာအိုကေတို့၊ သီချင်းတွေ များများတင်ပြီး ပရိသတ်ဆွဲဆောင်ဖို့ ပြောတဲ့လူတွေကို မလိုက်လျောနိုင်တဲ့အကြောင်း၊ ပြည်တွင်းက စစ်အစိုးရ လောင်းရိပ်နဲ့ ဆင်ဆာဘုတ် ရွှံ့နွံတောထဲမှာ အနုပညာပန်းပွင့်နေရသူတွေကို လည်ပင်းထပ်ညှစ်ပြီး ထမင်းငတ်သေကြစေရန် အားပေးတဲ့ ခိုးကူး၊ ခိုးဖြန့်ကိစ္စတွေကို ဗြောင်မလုပ်လိုကြောင်း ဓာတ်ပြားဟောင်းကြီး ဖွင့်ပြနေရာက အခုလို စာမူခများ မပေးနိုင်သေးသော်လည်း စေတနာချင်း ရင်ခုန်သံခြင်း တူသူ အနုပညာရှင်တွေနဲ့ ပရိသတ်ကြီးက မိုးမခကို အားပေးလာနေကြပြီ ဖြစ်ကြောင်း ကြွားလုံးထုတ်နိုင်လာတာပေါ့ခင်ဗျာ။

နေ့စဉ် သတင်းတွေ၊ ဓာတ်ပုံတွေ တင်လာနိုင်ပါတယ်။ အပတ်စဉ် အင်တာနက်ရေဒီယိုလည်း ပြန်လွှင့်လာပါတယ်။ အကူအညီ လိုအပ်နေတဲ့ စာနယ်ဇင်းသမားတွေကို တတ်နိုင်သလောက်တော့ အကူအညီပေးနိုင်ပါတယ်။ စာမူတွေကို လှူတော့ ကျနော်တို့ဖက်က အခုလို အင်တာနက်နံရံကပ် မဏ္ဍိုင်လေးကို ရေရှည် ရပ်တည်နိုင်အောင် ကြာကြာခံအောင် မိုးမခ ဇရပ်အမိုးလေးပေါ်က ဓနိတွေနေရာမှာ ကတ္တရာပြားလေးတွေ မိုးတာတို့၊ ပေါက်နေတဲ့ နံရံတွေကို ဖျာကြမ်းအသစ်လေးတွေ ၀ယ်ကာတာတို့ လုပ်နိုင်တာပေါ့ဗျာ။

စေတနာရှင် စာဖတ်သူများက “ကန်တော့ဆွမ်း”တွေ လှူကြ၊ စေတနာရှင် စာမူရှင်တွေက အပြေးအလွှား၊ အရှောင်အတိမ်းတွေနဲ့ ရုန်းကန်ရင်း “သတင်းတွေ၊ စာမူတွေ” လှူကြတော့ မိုးမခဇရပ်ကလေးဟာ အများပြည်သူအားလုံး ကောင်းမှုနဲ့ နားခိုချင်စရာ အေးရိပ်သာ ဇရပ်ကလေး ရုပ်လုံးပေါ်လာရသပေါ့။

ဇရပ်ပေါ်မှာ

စေတနာ့ဝန်ထမ်းအလုပ်က ဗိုက်တော့ ဖြည့်လို့မရဘူးခင်ဗျ။ အလုပ်အတွက် လိုအပ်သမျှကိုတော့ ၀ိုင်းပြီး ဖြည့်စွက်ကြတာကတော့ ၀မ်းသာကြည်နူးစရာပါ။ မိုးမခမှာကလည်း ငွေ၊ ရာထူး စည်းစိမ်နဲ့ အာဏာက လွဲလို့ ( ဟင် … တခြားအဖိုးတန်တာ ဘာကျန်သေးလဲ။ ဟဲဟဲ) ကျန်တာကို စိုက်ထုတ်ပြီး အချိန်၊ ကာယနဲ့ ဥာဏကို လှူရတာဖြစ်လို့ အဲဒါတွေကို အမှတ်ပေးတဲ့ သိကြားမင်းတို့၊ ဘုရားသခင်တို့များ ရှိခဲ့လို့ သူတို့တွေနဲ့ တွေ့ရင် နည်းနည်းတော့ မျက်နှာလေး ဘာလေး ရကောင်းပါရဲ့ပေါ့လေ။

၂၀၀၇ မှာ ကွယ်လွန်သူ ဆရာတင်မိုးအတွက် သူ့ကိုချစ်တဲ့ စာပေပရိသတ်ကြီးကိုယ်စား အမှတ်တရ စာအုပ် ၂ အုပ် ထုတ်ဝေတဲ့ဆီမှာ ဝေယျာဝစ္စကူညီနိုင်ခဲ့ပါတယ်။

၂၀၀၇ ဇူလိုင်မှာ ဆရာကြီးကြေးမုံဦးသောင်း အပါအ၀င် အမေရိကန် မဲဇာရောက် မိုးမခအတိုင်ပင်ခံ စာရေးဆရာကြီးများနဲ့ စာပေဟောပြောပွဲကို သူတို့ချစ်တဲ့ ပရိသတ်များ ကိုယ်စား တောက်တိုမယ်ရ ၀င်လုပ်ပေးနိုင်ခဲ့ပါတယ်။

၂၀၀၇ သြဂုတ်လ လောင်စာဆီသပိတ်နဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး သံဃာသပိတ်မှာ ထိခိုက်ကျဆုံး ဒဏ်ရာရ ဖမ်းဆီးထိမ်းသိမ်းခံရသူများကို တတ်နိုင်သလောက် အကူညီပေးဖို့ မြန်မာပြည်ဒီမိုကရေစီရေး ကူညီမှု ရန်ပုံငွေကို ထူထောင်နိုင်ခဲ့ပါတယ်။

၂၀၀၇ စက်တင်ဘာတုန်းက ပြည်တွင်းက စွန့်စားသူတွေ ပေးပို့တဲ့ ဓာတ်ပုံတွေကို မိုးမခကတဆင့် သတင်းဌာနနဲ့ အင်တာနက်ပရိသတ်ကို ပို့ပေးနိုင်ခဲ့ပါတယ်ခင်ဗျာ။ သူများနည်းတူ အင်တာနက်လမ်းလေးခွဆုံမှာ သံဃာတွေကို စစ်တပ်က နင်းချေနေပြီဖြစ်ကြောင်း အသံကုန် ဟစ်အော် သတင်းပို့ခဲ့ကြတာပါ။ ကျနော်တို့ မြန်မာတွေဟာ အဲဒီတုန်းက တရားမျှတမှုနဲ့ အမှန်တရားအတွက် ဘယ်လောက်တောင်မှ မခံမရပ်နိုင်အောင် အသားတွေ တဆတ်ဆတ်တုန်လို့ ရဲရင့်တက်ကြွကြ၊ ကြေကွဲဝမ်းနည်းခဲ့ကြရသလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရပါတယ်။

၂၀၀၈ မှသည်

ခုတော့ ၂၀၀၈ ဧပြီ ရောက်ခဲ့ပြီ။

မိုးမခဆိုတဲ့ စာနယ်ဇင်း စာမျက်နှာ အင်တာနက် နံရံကပ် မဏ္ဍိုင်လေး က ၅ နှစ် ပြည့်ခဲ့ပြီ။

၁၉၈၈ ကစခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီး မြန်မာပြည်မှာ မင်းမူနေတာ အနှစ် ၂၀ ပြည့်တော့မည်။

၁၉၄၈ မှာ ရခဲ့တဲ့ တိုင်းတပါးအောက်က လွတ်မြောက်ခဲ့တဲ့ ပထမလွတ်လပ်ရေးတိုက်ပွဲကြီးအပြီး၊ ၁၉၄၈ က စလို့ ဆက်တိုက်နေခဲ့ရတဲ့ ဖက်ဆစ်များလက်အောက်က၊ အာဏာရှင်များ လက်အောက်က လွတ်မြောက်ရေးအတွက် မြန်မာပြည်ရဲ့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကြီးကလည်း အနှစ် ၆၀ ပြည့်တော့မည်။

လူတဦးရဲ့ သက်တမ်းနဲ့ ကြည့်လိုက်လျင် ဒီနိုင်ငံအသက်နဲ့ ထပ်တူတဲ့ အသက် ၆၀ အရွယ် လူသည် အရွယ် ၃ ပါးကို ကျော်ဖြတ်သန်းလို့ လူ့ဘ၀ နေ၀င်ချိန်တောင် ရောက်တော့မည်။ သေရင်တောင် သေလို့ရနေပြီ။ ကျနော်တို့ မြန်မာပြည်ကြီးအတွက် သေခဲ့ရသူတွေ အရိုး တောင်လို ပုံခဲ့ရပြီဖြစ်သည်။ ဆက်ပြီးလည်း သေကြရအုံးမည်။

၂၀၀၇ စက်တင်ဘာအပြီး လေးသံမြှားသံ စဲသောအခါ၊ သေနတ်သံ ဗုံးသံများ ပြယ်သောအခါ မြန်မာပြည် စစ်တလင်းကြီးမှာ ကျောင်းသားလူငယ်လေးများ၊ မိဘနဲ့ သားသမီးများ၊ ရဟန်းသံဃာများတို့၏ သွေးတို့ဖြင့် ရဲရဲနီလျက် အလောင်းများ၊ ဒဏ်ရာရ လဲကျနေသူများနဲ့ အရုပ်ဆိုး အကျည်းတန်လျက် ရှိနေပါပြီ။

လက်နက်ကိုင်စွဲထားသော စစ်သားများ၊ ဖက်ဆစ်များ၊ စစ်တပ်အလိုတော်ရိများကတော့ အလောင်းပုံ၊ လူနာပုံများ ပေါ်တွင် ဟိုမှ ဒီမှ လျှောက်ရင်း လူသေ လူနာတို့ဆီမှ အဖိုးတန်တို့ကို ဖြုတ်ခွာ လုယက်ယူပြီး အောင်သေအောင်သား စားသည့်နှယ် ပြုကျင့်နေကြလေသည်။ အသက်မသေဘဲ ကျန်ရစ်သူ စစ်သုံ့ပန်းများဖြစ်သည့် မြန်မာပြည်သူများကိုလည်း ကြက်ကလေး ငှက်ကလေးများသဖွယ် နင်းချေပစ်လိုက်မည်ဟူသော မင်းမဲ့စရိုက်တို့ဖြင့် ဘီလူးသဘက်သဖွယ် ကျင့်ကြံနေကြလေပြီ။

ငြိမ်းချမ်းရေး ကင်းမဲ့နေသည့် မြန်မာပြည် စစ်တလင်းမှာ အလောင်းတွေအပေါ်၊ လူနာတွေအပေါ်၊ အကျဉ်းသားတွေအပေါ်မှာ ကျနော်တို့ မိုးမခကလူတွေကတော့ ၅ နှစ်ပြည့်ပြီဆိုတဲ့ မွေးနေ့ကိတ်လည်း ပျော်ပျော်ကြီး ခွဲမစားလိုပါ။ ပြည်တွင်းစစ်မီးတောက်ကြီးကို ဘေးထားပြီး မွေးနေ့ဖယောင်းတိုင်ကိုလည်း တဖူးဖူးနဲ့ ကုန်းမမှုတ်လိုပါ။ ဘုန်းကြီးမရှိသည့် ကျောင်းတွေ၊ တန်ဆောင်းတွေ ပရ၀ုဏ်တွေမှာ သည်နှစ်အတာရေအေးကလေးဖြင့် ဘယ်သူကိုမှ အပူတွေ ငြိမ်းအောင် လောင်းဖို့လည်း ခွန်အားလည်း မရှိ။

စစ်မီးလျှံတွေထဲမှာ၊ စစ်တလင်းပြင်တွေထဲမှာ အလောင်းတွေကောက်၊ လူနာတွေ စောင့်ရှောက်ရင်း၊ ဒုက္ခသည်တွေဆီ ထမင်းထုတ်ကလေးပို့ရင်းနှင့်သာ ကျနော်တို့ကတော့ ဇရပ်ကလေးတွေ၊ ရေချမ်းစင်လေးတွေ များသည်ထက် များအောင်သာ ဆောက်နေချင်ပါတော့တယ်။ ကျနော်တို့ လက်နဲ့ နှလုံးသားနဲ့ ဆောက်ရတဲ့ ဇရပ်ကလေးတွေ၊ ရေချမ်းစင်လေးတွေကို ခြေနဲ့ဖျက်လည်း ဖျက်ပေါ့ဗျာ။ ကျနော်တို့ ဇရပ်လေးတွေ၊ ရေချမ်းစင်တွေ ကျဆုံးကုန်လျင်လည်း နောက် ဇရပ်တွေ၊ ရေချမ်းစင်တွေ လာကြပါလိမ့်အုံးမည်။

မိုးမခ အင်တာနက်နံရံကပ်မဏ္ဍိုင် ဇရပ်ကလေးတော့ ၅ နှစ် ပြည့်ပြီ။

ဇရပ်တွေ၊ ရေချမ်းစင်တွေ ဒီခေတ်ကြီးမှာ မလိုဘူး၊ ငါတို့က ဟိုတယ်မှာတည်းပြီး သောက်ရေသန့်သောက်နေကြပြီလို့ ဆိုရင်လည်း မြန်မာပြည် စစ်တလင်း နွေခေါင်ခေါင်အောက်က ဇရပ်ထဲမှာ မောင်ရစ်နဲ့ မိုးမခကို ထားခဲ့ပါ။

နိဂုံး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်