Naing Zaw (Lazy Club) – Saw Bwe Hmu

July 24, 2013

ကျွန်တော် နှင့် ဂစ်တာ မှော်ဆရာကြီး
နိုင်ဇော် (Lazy Club)
(နံနက်ခင်း သတင်းဂျာနယ် (၃၁၊ ဒီဇင်ဘာ၊ ၂၀၀၈) တွင် မူရင်း ပုံနှိပ်သည်။  မိုမခ က ဂီတပညာရှင် စောဘွဲ့မှူး ကွယ်လွန်ခြင်း (၁၉) နှစ်ပြည့် (၂၄၊ ဇူလိုင်၊ ၂၀၁၃) အထိမ်းအမှတ် အဖြစ် အမှတ်တရ ပြန်လည် တင်ဆက်သည်။)
 ဓာတ်ပုံ မျှဝေသူ – IC
ဒီ တပတ်တော့ ဂစ်တာကို မှော်စွမ်းအားတွေနဲ့ ဖန်ဆင်းပြီး ပြသလား ထင်ရအောင် ထူးဆန်းအံ့သြ လက်သံတွေနဲ့ သူမတူအောင် ကျွမ်းကျင်စွာ တီးခတ်ပြနိုင်ခဲ့သူ၊ ဂီတအရိန့်ခ်ျမင့် (Musicl Arragement) ဆိုတာ ဘယ်လို လုပ်ရသလဲ သိစေခဲ့သူ၊ ကျွန်တော့် အတွက် သူတီးတဲ့ သီချင်း နားထောင်တိုင်း သူရဲ့ ဂီတအရိန့်ခ်ျမင့် ပညာရပ်တွေကို အတုခိုးပြီး ဆရာ အဖြစ်ထား သင်ယူခဲ့ရတဲ့ ဗမာနိုင်ငံက ဂစ်တာသမား အတော်များများရဲ့ သင်ဆရာကြီး၊ ဂစ်တာမှော်ဆရာကြီးလို့ တင်စားချင်တဲ့ ဆရာ စောဘွဲ့မှူး (ကွယ်လွန်) အကြောင်း ကျွန်တော် သိရသမျှ၊ စုံးစမ်းလို့ ရသမျှ ပရိသတ်တွေ ဗဟုသုတ ရအောင် ရေးပြချင်ပါတယ်။
တခါက (လွန်ခဲ့တဲ့ ၈ နှစ်လောက်ကပါ) လသာလမ်းပေါ်မှာ ကျွန်တော် ကိစ္စတခု နဲ့ လမ်းလျှောက်နေတုန်း လူငယ် သုံး၊လေးယောက် က ကျွန်တော်ကို လာပြီး မိတ်ဆက်ပါတယ်။
“အစ်ကို ဂစ်တာ တီးတာ ကျွန်တော်တို့ ကြိုက်လို့၊ ခင်မင်လို့ မိတ်ဆက်တာပါ” လို့ ပြောလာတော့ ကျွန်တော်လည်း ဝမ်းသာပြီး သူတို့ ကျေနပ်အောင် သူတို့ သိလိုသမျှ ဂီတ ကိစ္စတွေ ပြန်ဖြေပါတယ်။  ရှင်းပြပါတယ်။  သူတို့လည်း မေးစရာတွေ ကုန်ပြီဆိုမှ ကျွန်တော့်ကို နှုတ်ဆက် လမ်းခွဲဖို့ ဒီလို ပြောပါတော့တယ်။
“အခုလို အစ်ကို နဲ့ ဆုံတွေ့ခွင့်ရတာ ဝမ်းသာပါတယ်။  ကျွန်တော်တို့က စောဘွဲ့မှူး သားတွေထဲမှာ အစ်ကို့ ကို အကြိုက်ဆုံးပဲ” ဆိုတော့မှ ဒီကောင်တွေ”D’Blade” အဖွဲ့က စောဘွဲ့မှူး ရဲ့ သားအကြီး ဘွဲ့လေး (သူကလည်း ဂစ်တာသမား ပါပဲ) နဲ့ လူမှားပြီဆိုတာ သိရပြီး ရှက်ကိုးရှက်ကန်းနဲ့ နှုတ်ဆက် ပြန်ခဲ့ရပါတယ်။  ကလေးတွေကတော့ လူမှားတာ မသိပါဘူး။
အဲဒီခေတ်တုန်းက ဗွီစီဒီ လိုက်ဖ်ရှိုး မပေါ်သေးချိန်၊ ဂျာနယ်မှာ ဓာတ်ပုံ မြင်ရရုံနဲ့ ရမ်းပြီး နှုတ်ဆက်တာကို မသိလိုက်တော့ ကိုယ်က အလကားနေရင်း စောဘွဲ့မှူး မိသားစုဝင် ဖြစ်တော့မလို့။
ကျွန်တောက ဦးဘွဲ့ကြီးကို လူချင်း မရင်းနှီး၊ တခါမှ စကားမပြောဖူးပေမယ့် သူ့ရဲ့ လက်စွမ်းပြ ဂစ်တာသံတွေကို စိုးလွင်လွင် သီချင်းခွေတွေ၊ လွှမ်းမိုး သီချင်းခွေတွေ၊ ကိုင်ဇာရဲ့ သီချင်းခွေတွေ နားထောင်ရင်း ကြိုက် နှစ်သက် ခဲ့ရသူပါ။
ဦးဘွဲ့ကြီးရဲ့ လက်သံမှာ ထူးခြားချက်တခုက ကြမ်းတမ်းတဲ့ Rock သီချင်းတွေ တီးရင်လည်း မိုက်သလို၊ Country သီချင်းတွေ ဆိုရင်လည်း လှလှပပ တီးပြနိုင်ပါတယ်။  တခါ နိုင်ငံခြားမှာ Tapping လို့ ခေါ်တဲ့ လက်ချောင်းတွေနဲ့ ဂစ်တာကြိုးကို စန္ဒရားတီးသလို နှိပ်ပြီး တီးတဲ့ နည်းစနစ် စပေါ်ချိန် အဆိုတော် ဖိုးချိုရဲ့ “ချစ်သူကို” သီချင်းမှာ ဦးဘွဲ့ကြီးက တီထွင်ပြီး တီးလိုက်ပါတယ်။
တနိုင်ငံလုံးက ဂစ်တာသမားတွေ စတိတ်ရှိုး တီးကြပြီဆိုရင် “ချစ်သူကို” သီချင်းမှာ Tapping မတီးနိုင်လို့ကတော့ ရှေ့ပိုင်းမှာ ဘယ်လောက် ကောင်းအောင် တီးထား တီထား၊ ပရိသတ်က အဲဒီ ဂစ်တာသမားကို အထင် မကြီးပါဘူး။  အဲဒီခေတ်က Tapping နည်းစနစ်ကို လူတိုင်း စိတ်ဝင်စားအောင် လုပ်ပြခဲ့တာလည်း ဦးဘွဲ့ကြီးကြောင့်လို့ ထင်ပါတယ်။  (မှားခဲ့ရင် ခွင့်လွှတ်ပါ။)
ဂစ်တာသမားဘဝ အစမှာ ကျွန်တော်လည်း အဲဒီ Tapping နည်းစနစ်ကို အပိုင်ကျင့်ထားပြီး သုဝဏ္ဏ သင်္ဃန်းကျွန်း မှာ လုပ်တဲ့ ရပ်ကွက် စတိတ်ရှိုးတခုမှာ လက်စွမ်းပြမိပါတယ်။  ပရိသတ်ထဲက လူငယ် တယောက်က သူ့ ဘေးက သူငယ်ချင်းကို ပြောလိုက်တာတခု ကျွန်တော့် သူငယ်ချင်းက ကြားလိုက်ပြီး ပွဲပြီးတော့ ကျွန်တော့်ကို ပြန် လာပြောပြပါတယ်။
သူတို့ ပြောတာက “’ဒီ ဂစ်တာသမားက ဆရာကြီးကွ။  ဂစ်တာကို ရိုးရိုးမတီးဘဲ တံတွေးဆွတ်ပြီး တီးတယ်” တဲ့။  တကယ်တော့ ညာလက်ထဲက လက်ခတ်ပြားကို ကျွန်တော်က ပါးစပ်မှာ ကိုက်ပြီး ညာဘက်လက်နဲ့ Tapping တီးပြတာကို အဝေးက မြင်ရတဲ့ အဲဒီ လူငယ်က လက်ခတ်ပြား ပါးစပ်မှာ ကိုက်လိုက်တာ မသိဘဲ လက်ကို တံတွေးဆွတ်လိုက်တယ် ထင်ပြီး ကျွန်တော့်ကို သူများ ဂစ်တာသမားတွေထက် ပိုလက်မြန်အောင် တံတွေးဆွတ်ပြီး ဂစ်တာတီးသူလို့ ကြံကြံဖန်ဖန် ထင်သွားတော့ ကျွန်တော့်မှာ အလကားနေရင်း တံတွေးဆွတ်တဲ့ ပညာ ပိုတိုးခဲ့ရပါတယ်။
ဦးဘွဲ့ကြီးရဲ့ ဂစ်တာသံတွေ မကဘဲ ဦးဘွဲ့ကြီးရဲ့ သီချင်းရေးတဲ့ စကားလုံးတွေ၊ သံစဉ်တွေကိုလည်း ကျွန်တော် အရမ်းကြိုက်ခဲ့ရပါတယ်။  အဲဒီ သီချင်းတွေ အများကြီးထဲက ကျွန်တော် မမေ့နိုင်တဲ့ ဦးဘွဲ့ရဲ့ တင်စားမှုလေး တခုတော့ ရေးပြချင်ပါတယ်။  အဲဒီ သီချင်းလေးကတော့ စိုးလွင်လွင် သီဆိုထားတဲ့ “ရောဂါ” သီချင်းပါ။  နောက်ပိုင်း IC တဖွဲ့လုံး ပြန်ဆိုကြပါတယ်။
(စီစဉ်တင်ဆက်သူ မှတ်ချက်။  ။ “ရောဂါ” သီချင်းကို ၁၉၈၀ ခုနှစ်များတွင် စောဘွဲ့မှူး ကိုယ်တိုင် မူရင်း သီဆိုခဲ့သည်။  နောက်ပိုင်းတွင် စိုးလွင်လွင် (၁၉၉၁)၊ အငဲ (၁၉၉၇) နှင့် IC အဖွဲ့ (၂၀၀၄) တို့ အသီးသီး ပြန်ဆိုကြခြင်း ဖြစ်သည်။)
ရောဂါ ၊ သံစဉ်/စာသား/ဖွဲ့ဆို – စောဘွဲ့မှူး၊ တေးစု – သီချင်းပြောသောပုံပြင်များ (၁၉၈၀ ခုနှစ်များ)
Music Video URL: http://youtu.be/g1unKih5YSs
အဲဒီ သီချင်းရဲ့ စာသား တခုဟာ ကျွန်တော် နားထောင်မိတိုင်း ခံစားရပါတယ်။  ကြေကြေကွဲကွဲ ဝမ်းနည်းလာမိပါတယ်။  အဲဒီ စာသားကတော့ “မီးပွင့်နားက အရူးမ ငိုနေတာ ကြည့်ရင်းက ဝမ်းနည်းတတ်တဲ့ မင်းအကြောင်း သတိရလာ.. ရောဂါ” ဆိုတဲ့ စာသားလေးပါပဲ။
ကိုယ့်ရည်းစားကို မီးပွိုင့် ဘေးက အရူးမ နဲ့ နှိုင်းယှဉ်တာဟာ တကယ်တော့ ရက်စက်လွန်းပါတယ်။  ဒါပေမယ့် ကိုယ့်ရည်းစား ကောင်မလေးရဲ့ ဝမ်းနည်းတတ်တဲ့ စိတ်ဓာတ်လေးကို မီးပွိုင့်နားက အခြေအနေမဲ့တဲ့ စိတ်ဝေဒနာရှင် တယောက် ငိုယိုနေတာ မြင်လိုက်တာနဲ့ ဖျတ်ခနဲ သွားသတိရတတ်တဲ့ ကျွန်တော်တို့ ယောက်ျားလေးတွေရဲ့ ကိုယ့် ချစ်သူကို စွဲလမ်း စိတ်၊ သတိတရ ဖြစ်တတ်တဲ့ စိတ်ကို ရောဂါ တခုလို့ ရေးပြထားတဲ့ ဦးဘွဲ့ရဲ့ အလွန်အကျူး တင်စားပြီး ရေးပြတတ်တဲ့ သီချင်းရေး ပညာ ကိုလည်း လေးစားမိပါတယ်။
လွန်ခဲ့တဲ့ နှစ် အတော်ကြာချိန်က ကျွန်တော်တို့ Lazy Club တေးဂီတ အဖွဲ့ မူဆယ်မြို့ကို ပထမဆုံး စင်မြင့် ဖျော်ဖြေပွဲ သွားတီးချိန် ဆရာ စောဘွဲ့မှူး ရဲ့ ဇနီး လိုက်လာပါတယ်။  သမီးဖြစ်တဲ့ အဆိုတော် ကဗျာဘွဲ့မှူး ကို စောင့်ရှောက်ဖို့ လိုက်လာတာပါ။
မန္တလေးက မနက် (၅) နာရီ လောက် ထွက်ခဲ့တဲ့ Town Ace ကားထဲမှာ ကျွန်တော် သိလိုသမျှ ဦးဘွဲ့ အကြောင်းတွေကို ဦးဘွဲ့ရဲ့ ဇနီးဖြစ်သူက ပြန်ဖြေပေးပါတယ်။  မှတ်မိတာက တအားကို ချမ်းနေတဲ့ ဆောင်းတွင်း။
အဲဒီအချိန်တုန်းကတော့ အခုလို စာရေးဖို့ မရည်ရွယ်ပေမယ့် ကိုယ် ကြိုက်နှစ်သက်တဲ့ ဂစ်တာ ဆရာကြီး ရဲ့ ဘဝကို သလိုသမျှ မေးနေမိတာပါ။  ထူးခြားတာ တခု သိခွင့်ရခဲ့တာက ဦးဘွဲ့ကြီးရဲ့ ဇနီးသည်ဟာ အဆိုတော်ကြီး သွှအောင် ရဲ့ တေးစီးရီးတွေ တီးတဲ့ တီးဝိုင်းမှာ ကီးဘုတ် ပညာရှင် အမျိုးသမီး တယောက် (ရှားရှားပါးပါး) ဖြစ်နေတာပါပဲ။
(တင်ဆင်သူ မှတ်ချက်။  ။ စောဘွဲ့မှူး ၏ ဇနီး ဖြစ်သူ နော်ဖေါ်ဝါး သည် စောဘွဲ့မှူး နှင့် အတူ သွှအောင်၊ ဂျွန်သင်ဇမ်း၊ သျှမ်းလျန် တို့ အဖွဲ့ ၏  “Crossroad Station (၁၉၇၉)” နှင့် “Christ-Stone Family (၁၉၈၀)” တီးဝိုင်းများတွင် ဝိုင်းတော်သား တဦး ဖြစ်ခဲ့သည်။)
 
စောဘွဲ့မှူး နှင့် ဇနီးဖြစ်သူ နော်ဖေါ်ဝါး (၁၉၉၃)
ဓာတ်ပုံ မျှဝေသူ – IC
အဲဒီလို ကီးဘုတ်သမား ဘဝကနေ ဂစ်တာသမား ဦးဘွဲကြီး နဲ့ လက်ထပ်လိုက်တာလို့ သိရတော့ အန်တီကြီး ကို ရိုးရိုးတန်းတန်း ဂစ်တာသမား တယောက် ရဲ့ ဇနီးလို့ပဲ ထင်ထားမိတဲ့ ကျွန်တော့် အတွက်တော့ ပို လေးစား မိပါတယ်။  သူကိုယ်တိုင်ကတော့ ဘယ်သူ့ကိုမှ ကြွားဝါပြီး သူ ကီးဘုတ် တီးခဲ့ကြောင်း ပြောပြတာ မတွေ့ရဘဲ၊ အင်တာဗျူး လုပ်တဲ့ ကျွန်တော့် ကြောင့်သာ ပြောခဲ့တာပါ။
 သမီးဖြစ်သူ အဆိုတော မီးမီးခဲ ကလည်း သူ့ အဖေ အကြောင်း စတိတ်ရှိုး သွားကြရင်း အဝေးပြေးကားပေါ်မှာ ကျွန်တော့်ကို အခုလို ပြောပြဖူးပါတယ်။
“အဖေ က မီးမီးခဲ တို့ကို ချစ်တာက အနုပညာသမား တယောက် ချစ်သလို ချစ်တာ။  သူများ အဖေတွေလို စာကြည့်၊ ကျောင်းတက်၊ အတင်း မလုပ်ခိုင်းဘဲ သမီးတွေကို ကျောင်းမှာ ပျော်အောင် ထားတယ်။  တခါ တခါ သူ ပိုက်ဆံ ရလာပြီ (တီးခတ်လို့ရတဲ့ ငွေကြေး)၊ များများ ရလာပြီဆိုရင် ကျောင်းအုပ် ဆရာမကြီးဆီ ဝင်တွေ့ခွင့်တောင်းပြီး ကလေးတွေကို စာသင်ခန်းထဲက လာခေါ်၊ ပြီးတော့မှ တိရစ္ဆာန်ရုံ ခေါ်သွား၊ မုန့်တွေ ဝယ်ကျွေး နဲ့ မီးခဲ တို့ ကျောင်းလွှတ်အောင် မစောင့်ဘဲ ကလေးတွေကို မထင်မှတ်တဲ့ အချိန်မှာ ပျော်ရွှင်တဲ့ ရသလေးတွေ ရအောင်၊ လွပ်လပ်စွာ ကစားခွင့်ရအောင် လုပ်ပေးသလို၊ နောက်ရက်တွေမှာတော့ စည်းကမ်းအတိုင်း ကျောင်းပြန်တက်ခိုင်းတယ်။”
အနုပညာ သမား ပီပီ ကလေးတွေရဲ့ ဘဝကို ငယ်စဉ်ကတည်းက လွတ်လွတ်လပ်လပ် လမ်းဖွင့်ပေးတဲ့ စိတ်ဓာတ်ကလည်း တကယ်တော့ မှတ်တမ်း တင်လောက်ပါတယ်။  ပြီးတော့လည်းမီးမီခဲက ဆက်ပြောပါသေးတယ်။
“အဲဒီလို ကလေးတွေ နဲ့ တိရစ္ဆာန်ရုံ သွား၊ မုန့်တွေ ဝယ်ကျွေးပြီး အရိပ်အောက်မှာ ကလေးတွေ ဆော့ကြပြီ ဆိုရင် အဖေ က သီချင်း ရေးတော့တာပဲ။  သူ ရေးချင်တဲ့ အချိန်မှာ စာအုပ် မလိုပါဘူး။ အင်္ကျီထဲက ဘောလ်ပင်ထုတ်၊ ပုဆိုးကို ခြေသလုံးပေါ်အောင် လှန်ပြီး သူ့ရဲ့ ခြေသလုံးသား အကြီးကြီး ပေါ်မှာ သူ ရေးချင်တဲ့၊ ခံစားရတဲ့ စာသားတွေကို ချက်ချင်း ချရေးလိုက်တယ်။”  လို့ ပြောပြတော့ ကျွန်တော့်မှာ ဦးဘွဲ့ကြီး ရဲ့ ပကာသန မရှိမှု၊ လက်တွေ့ဆန်မှုတွေ အတွက် အံ့သြ မိရပါတယ်။
စင်ပေါ်မှာလည်း မှော်အတတ်နဲ့ ဖန်ဆင်းသလို၊ ထူးဆန်းတဲ့ အံ့သြဖွယ်ရာ လက်အနေအထားမျိုးစုံ နဲ့ တီးပြနိုင်သူ ဦးဘွဲ့ တယောက် တခါတုန်းက ရပ်ကွက် စတိတ်ရှိုး တခုမှာ စင်အောင်က ရပ်ကြည့်နေရင်း မနေနိုင်တော့ဘဲ အဲဒီ အချိန် က ရပ်ကွက်ထဲ အပျော်တမ်း ဘေ့စ်သမား အဖြစ် တီးနေသူ ကိုဘိုမြင့် (ယခင် Emperor) ကို စင်အောင်ကနေ  “ဘိုမြင့်.. ငါ သီချင်း သုံးပုဒ်လောက် တက် တီးချင်လို့” ဆိုပြီး လက်သုံးချောင်း ထောင်ပြပါတယ်။  ကိုဘိုမြင့်လည်း စင်ပေါ်ကနေ တီးနေရင်း “မရဘူး ဦးဘွဲ့၊ ဒီ စတိတ်ရှိုးမှာ ဂစ်တာတီးဖို့ ပိုက်ဆံ စိုက်ပြီး တီးကြရတော့ ဂစ်တာသမားက ပေးတီးမှာ မဟုတ်ဘူး” ဆိုပြီး ငြင်းလိုက်ပါတယ်။ 
အဲဒီမှာ “ဒါဆို တပုဒ်ပဲ တီးမယ်ကွာ” ဆိုပြီး လက်တချောင်း စင်အောက်ကနေ ထောင်ပြပါတယ်။  ကိုဘိုမြင့်လည်း “တပုဒ်လည်း တီးလို့ မရဘူး ဦးဘွဲ့။  ဂစ်တာသမားက မတီးတတ်၊ တီးတတ်နဲ့ လေ့ကျင့်ပြီး ဂစ်တာ အလုံးလောက်ပဲ နှေးနှေး တီးနိုင်တာ။  ဦးဘွဲ့က စင်ပေါ်တင်ပြီး မတရား လက်စွမ်းတွေပြ ‘Van Hallen’ လို ‘Tapping’ တွေ တီးပြရင် အဲဒီ ဂစ်တာသမား စင်ပေါ် ပြန်တက်ရဲမှာ မဟုတ်ဘူး”  လို့ စင်အောင်က ဦးဘွဲ့ကို တော်လွန်းလို့ ဂစ်တာ ပေးမတီးရဲဘူး ဆိုပြီး ရှင်းပြပါတယ်။  အဲဒီတုန်းက စင်အောင်မှာ မျက်နှာငယ် နဲ့ ရပ်ကြည့်နေတဲ့ ဦးဘွဲ့အကြောင်းကို အဝေးပြေးကားနဲ့ သထုံကို ညကြီး အဖြတ် ကိုဘိုမြင့်က ဝမ်းနည်း သတိတရ နဲ့ ကျွန်တော့်ကို ပြောပြခဲ့ဖူးပါတယ်။
ကျွန်တော့် ဘဝမှာ ဦးဘွဲ့နဲ့ ပတ်သက်ပြီး မှတ်မှတ်ရရကတော့ တခါပဲ လူချင်းဆုံဖြစ်ခဲ့တာပါ။  အဲဒီ တခါကတော့ “ဦးဘွဲ့ အခြေအနေ မကောင်းလို့ အင်းစိန် ဆေးရုံမှာ တင်ထားရတယ်။  ဒါကြောင့် လူမမာ သွားကြည့်၊ သတင်းမေးမယ်၊ မင်း လိုက်ခဲ့” ဆိုပြီး ရွှေသံစဉ် တီးဝိုင်းခေါင်းဆောင် ကိုဝင်းမော်က ခေါ်လို့ ကျွန်တော်လည်း ဦးဘွဲ့ကို လူချင်း စကားပြောချင်တာကြောင့် လိုက်သွားခဲ့ပါတယ်။  ဂစ်တာ ဆရာကြီးကို စကားသိပ် ပြောရဲမှာ မဟုတ်ပေမယ့် တွေ့ဖူးရင် တော်ပြီ ဆိုပြီး လိုက်ဖြစ်ခဲ့တာပါ။
ဆေးရုံလည်း ရောက်ရော အခန်းထဲက ခုတက်ပေါ်မှာ ပက်လက်ကြီးနဲ့ သတိ လုံးဝ မရတော့တာ တွေ့ရပါတယ်။  ကိုယ်က စကားပြောချင်ပေမယ့် သူက သတိမရတဲ့ အခြေအနေမှာ ဘေးကနေ ရပ်ကြည့်နေရင်း လူနာ အခြေအနေ မကောင်းကြောင်း ပြောသံ ကြားလိုက်ရတော့ အခုလည်း ဦးဘွဲ့ နဲ့ စကားပြောခွင့်မရ၊ နောက် တရက် လာဖြစ်ခဲ့ရင်လည်း အခြေအနေက မကောင်းတော့ ပြန် သတိရဖို့က မဖြစ်နိုင်။  ဒီအတိုင်းတော့ ဂစ်တာ မှော်ဆရာကြီး စောဘွဲ့မှူး နဲ့ မှတ်မှတ်ရရ မဖြစ်ရဘဲ မပြန်ဘူးဆိုပြီး စိတ်ထဲက တွေးနေမိပါတယ်။
ဒါကြောင့် ဦးဘွဲ့ရဲ့ (သီချင်းရေးတဲ့) ခြေသလုံး ကြွက်သား အကြီးကြီးကို သေသေချာချာ (ဘေးလူတွေ မမြင်ခင်) လက်နဲ့ ထိကြည့်ပါတယ်။  ဦးဘွဲ့ကတော့ သတိ မရပါဘူး။
ပြီးတော့ ကိုယ့် ကိုယ် ကို ပြန် အားပေးလိုက်ပါတယ်။  “ငါ ဂစ်တာမှော်ဆရာကြီး စောဘွဲ့မှူး နဲ့ စကားမပြောလိုက်ရပေမယ့် သူ့ ခြေသလုံးကိုတော့ ထိခွင့်ရလိုက်ပြီ။  သူ့ရဲ့ ခြေသုံး ကြွက်သားတွေကန သူ့ရဲ့ အနုပညာ စွမ်းအားတွေ ရလိုက်ပြီ” ဆိုတဲ့ အတွေးနဲ့ ကိုယ့်ဘာသာ ကိုယ် ဝမ်းသာပြီး ဦးဘွဲ့ရဲ့ ဇနီးကို နှုတ်ဆက် ဆေးရုံက ပြန်ခဲ့ပါတယ်။  နောက်ရက်မှာပဲ ဦးဘွဲ့ကွယ်လွန်တဲ့ သတင်းကို ဝမ်းနည်းစွာ ကြားသိခဲ့ရပါတယ်။
ကျွန်တော်က ဦးဘွဲ့ရဲ့ ဂီတ တပည့်တွေ များစွာထဲမှာ မပါဝင်ခဲ့ဘဲ ဦးဘွဲ့ရဲ့ ခြေသလုံးကိုသာ သတိမရတော့ အချိန် ကိုင်ခွင့်ရလိုက်တဲ့ “ဝေလေလေ” တပည့်တယောက်လို့ပဲ ကိုယ့် ကိုယ် ကို အမြဲတမ်း ထင်နေမိပါတော့တယ်။
ဦးဘွဲ့အကြောင်း သိလိုသမျှ များကို စိတ်ရှည်စွာ ပြောပြပေးသော မိသားစုဝင်များ နှင့် ကိုဘိုမြင့် (ဘေ့စ်) တို့ အား ကျေးဇူးတင်လျက်။
နိုင်ဇော် (Lazy Club)
မိုးမခ မှတ်ချက်။    ဤဆောင်းပါးအတွက် ဆောင်းပါးရှင် နိုင်ဇော် (Lazy Club) နှင့် မူရင်း ပုံနှိပ် ဖော်ပြခဲ့သည့် နံနက်ခင်း သတင်းဂျာနယ် တို့ ကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Memories, Portraits

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်