>Hennery by Padoh Mahn Sha

July 14, 2008

>

(မှတ်ချက် – သနူထူးဂျာနယ် ဂန္တ၀င်သူရဲကောင်းများကဏ္ဍတွင် ဖော်ပြခဲ့သော ကရင်တိုင်းရင်းသားခေါင်းဆောင် ပဒိုမန်းရှာလားဖန်း (၁၉၅၃-၂၀၀၈) ၏ ဆောင်းပါးဖြစ်သည်။ ယနေ့သည် ပဒိုမန်းရှာ ကျဆုံးသည့် ၅ လပြည့်နေ့ဖြစ်သည်။ “လေ့လာသူတဦး”ကလောင်အမည်ဖြင့် ရေးသားခဲ့သော သူ၏လက်ရာတခုကို ကူးယူဖော်ပြလိုက်ပါသည်။)

ဗိုလ်ဟင်နရီ (စောအယ်တာတော)
လေ့လာသူတဦး

ဇူလိုင် ၁၄၊ ၂၀၀၈

၁၉၆၇ ခုနှစ်၊ စက်တင်ဘာလ ပထမအပတ်တွင် ဟင်နရီနှင့် ပဲခူးရိုးမ အခြေခံဒေသ တနေရာတွင် တွေ့ဆုံပြီး စတင် သိကျွမ်းခဲ့ခြင်းဖြစ်သည်။ သူသည် အရပ် ၅ ပေ၊ ၁၀ လက်မခန့်ရှိပြီး အရပ်မြင့်မြင့် အသားဖြူဖြူ ရုပ်ရည်ခန့်ညားသူဖြစ်သည်။ သူသည် စကားနည်းပြီး အေးဆေးစွာနေတတ်သူဖြစ်သည်။ စကားပြောလျှင် ဖော်ရွေသည့်အပြုံးနှင့် ပြောတတ်သည်။ စာရေးသူထက် ၂ နှစ်ခန့် ပိုကြီးပြီး ရန်ကုန်တက္ကသိုလ်သို့ ၁ နှစ်စော၍ ၁၉၆၁ စာသင်နှစ်တွင် ရောက်ရှိခဲ့သည်။ သိပ္ပံဘာသာတွဲကို လေ့လာသင်ယူပြီး ပညာထူးချွန်သူဖြစ်သည်။ ထို့အပြင် အားကစားဘက်တွင် ပြေးခုန်ပစ် အားကစား နှင့် ဘော်လီဘောကို ၀ါသနာပါသူဖြစ်ကာ အားကစားထူးချွန်သူလည်း ဖြစ်သည်။

၁၉၆၂ ဇူလိုင် ၇ ရက်နေ့ အရေးတော်ပုံတွင် ရန်သူ၏ပစ်ခတ်မှုကြောင့် ပေါင်တဖက် ကျိုးကြေခဲ့ပြီး တိုက်ဖော်တိုက်ဖက်များက ပစ်ခတ်မှုအတွင်း အတင်းဆွဲပြေး၍သာ အသက်ချမ်းသာရာ ရခဲ့သူဖြစ်သည်။ ဆေးရုံမှ ပြန်ဆင်းလာသည့်အခါ ထိုခြေတဖက် ဖြတ်ပစ်ခြင်း မပြုခဲ့ရသော်လည်း ၃ လက်မခန့် တိုသွားပြီး အနည်းငယ် သိမ်သွားသည်။ လမ်းလျှောက်သည့်အခါ ထော့နဲ့ထော့နဲ့ ဖြစ်ရုံမက နိမ့်တုံမြင့်တုံ ဖြစ်နေသဖြင့် လမ်းသွားသည့်အခါ ထိန်း၍သွားရသည်။ အတက် အဆင်း ဆိုလျှင် သတိထား၍ ထိန်းရသည်။

ဇူလိုင် ၇ ရက်နေ့ အရေးတော်ပုံတွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရုံမက ရာသက်ပန်ကျောင်းထုတ်ခံရသဖြင့် ဟင်နရီသည် စစ်အုပ်စုအပေါ် များစွာ နာကျည်း မုန်းတီးခဲ့သည်။ ကျောင်းထုတ်ခံရသဖြင့် ဇာတိရပ်မြေ ဟင်္သာတမြို့တွင် မိဘများနှင့်အတူ ခေတ္တအနားယူခဲ့ပြီး ၁၉၆၅ တွင် ကရင့်တော်လှန်ရေးအတွင်းသို့ ၀င်ရောက်ခဲ့သည်။ တော်လှန်ရေးသို့ ရောက်ရှိပြီးနောက် ၎င်း၏အမည်ကို စောအယ်တာတော (မှန်ကန်ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးသူ)ဟု အမည်ပြောင်းခဲ့သည်။ သို့သော် သူနှင့်ရင်းနှီးသူများက ဟင်နရီဟုသာ ဆက်၍ခေါ်ကြသည်။

ဟင်နရီသည် တော်လှန်ရေးနယ်မြေသို့ ရောက်ခဲ့ပြီးနောက် ၎င်း၏ ခြေတဖက် မသန်စွမ်းမှုကြောင့် နောက်တန်းရုံးတွင်သာ ခေါင်းဆောင်များနှင့်အတူ တာဝန်ပေးအပ်ခံရသော်လည်း သူ့အနေနှင့် နောက်တန်းရုံးများတွင် နေလိုသည့်ဆန္ဒ မရှိချေ။ ထို့ကြောင့် အခြေအနေ ပေးအပ်လျှင် ရှေ့တန်းသို့သာထွက်၍ စစ်တိုက်လေ့ရှိသည်။ ဤသို့ဖြင့် တိုတောင်းသောကာလအတွင်း တိုက်ပွဲအတွေ့အကြုံ ရှိလာသည်။ အထူးသဖြင့် မိမိကိုယ်တိုင် သုံးလေးပွဲခန့် တိုက်ပွဲကို ဦးစီးပြီး တိုက်ခိုက်ပြီးနောက်တွင် မိမိကိုယ်ကို ယုံကြည်စိတ် ပို၍ပို၍ မြင့်မားခိုင်မာလာသည်။ သူသည် စစ်တိုက်ရင်း တိုက်ပွဲပညာကိုသာမက ပြောက်ကျားစစ်ပွဲ၏ သေနင်္ဂဗျူဟာ ပြဿနာများ၊ ရေရှည်စစ် နှင့် အခြား စစ်ကျမ်းများကို တက်ကြွစွာ လေ့လာဆည်းပူးခဲ့သည်။ ထို့အပြင် ဆိုက်ဖာ (Cypher) ပညာရပ်ကိုလည်း စိတ်ပါဝင်စားစွာ လေ့လာဆည်းပူးသည်။

စာရေးသူသည် ဟင်နရီနှင့် ၁၉၆၇ စက်တင်ဘာလတွင် ခဏတွေ့ပြီးနောက် လူချင်းကွဲသွားကြသည်။ ၎င်းနောက် ၅ နှစ်ခန့်အကြာ ၁၉၇၂ ဇန်န၀ါရီ ၁၂ ရက်နေ့တွင်မှ ပြန်လည်တွေ့ဆုံခဲ့သည်။ ၎င်းနှင့် ပြန်လည်တွေ့ဆုံစက ၎င်းအနေနှင့် ခရီးပမ်းနေသဖြင့် အတော် ပင်ပန်း နွမ်းနယ်နေပြီး အနည်းငယ်ပိန်သွားရုံမက ၎င်း၏ဆံပင်များပင် ပါးပါးသာ ရှိတော့သည်ကို တွေ့ရသည်။ သူသည် တပ်ပေါင်းစုလုပ်ငန်းများကို ပါဝင်လုပ်ဆောင်ရန် အဖွဲ့တဖွဲ့နှင့်အတူ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

၁၉၇၂ ခုနှစ်အတွင်း စာရေးသူသည် ဟင်နရီနှင့်အတူ ကရင်နီနှင့် ရှမ်းပြည်တခွင် သွားလာကြရင်း တပ်ပေါင်းစု လုပ်ငန်းကိုလည်း လုပ်ကြသည်။ တနေရာမှ တနေရာသို့၊ တဖွဲ့မှ တဖွဲ့သို့ သွားရောက်ရင်း အခွင့်သာလျှင် ရန်သူကို တိုက်ပွဲပြုလုပ်ကြသည်။ ထိုစဉ်က ရှမ်းပြည်နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများအကြား ဆက်စပ်မှု ကောင်းမွန်ခိုင်မာခြင်း မရှိသေးချေ။ တနေရာမှ တနေရာသို့ သွားလာဖြတ်သန်းရာတွင် ရန်သူဆက်သွယ်ရေးလမ်းကြောင်းများ၊ ရန်သူဒေသများ၊ တောတောင်များကို လျှပ်တပြက် ခရီးဝေး ထိုးဖောက်ကျော်ဖြတ်ရခြင်း၊ ညခရီးများပြားခြင်း၊ မိုးရာသီဖြစ်နေခြင်းတို့ကြောင့် အလွန် ပင်ပန်း ဆင်းရဲလှသည်။

ထိုလမ်းခရီးကို သွားလာရာတွင် အချိန်မရွေး၊ ရှောင်တခင် တိုက်ပွဲဖြစ်နိုင်သည်။တခါတရံ ထမင်းချက်စားချိန်မရကြ။ ပါလာသည့်ဆန်ကိုစားပြီး ရေသောက်ချကြရသည်။ သို့မှသာ တပ်နှင့်အတူလိုက်နိုင်သည်၊ အများနည်းတူ တောင်တက်နိုင်သည်။ အထူးသဖြင့် မိုးရာသီ ညလုံးပေါက်စစ်ချီရသည့်အခါ အလွန်ပင်ပန်းသည်။ မိုးရာသီ တောင်အတက် အဆင်းနှင့် ညခရီးများတွင် ဟင်နီရသည် မိမိကိုယ်ကို မထိန်းနိုင်ခြင်း၊ ခလုတ်တိုက်ခြင်းတို့ကြောင့် မကြာခဏ အရှိန်နှင့် ပစ်လဲလေ့ရှိသဖြင့် ပြန်ပြန် ထူမပေးရသည်။ တကိုယ်လုံး ချွေးစိုနေပြီး မကြာခဏ အနာတရ ရှိတတ်သဖြင့် လွန်စွာမှပင် သနားဖွယ် စိတ်ထိခိုက်ဖွယ် ကောင်းလှသည်။ သို့ရာတွင် ဟင်နရီသည် ဘယ်သောအခါမှ စိတ်တိုခြင်း၊ ညီးညူခြင်း မရှိချေ။ တော်လှန်ရေးခရီးလမ်းကို ဖြတ်သန်း ရရှိလာသည့် ဆင်းရဲပင်ပန်းမှုနှင့် နာကျင်မှုဝေဒနာများအပေါ် ကြေနပ်ကြည်ဖြူစွာ ခံယူနိုင်စွမ်းသူဖြစ်သည်။ ၎င်း၏ကာဘိုင်သေနတ်၊ ကျောပိုးအိတ်များကို ဆွဲယူထမ်းခြင်းအား ဘယ်သောအခါမျှ လက်မခံချေ။ ဖျားနာမှသာ လက်ခံသည်။

ဟင်နရီသည် မောက်မာ ထောင်လွှားမှု ကင်းရှင်း၍ စိတ်ထား နိမ့်ချတတ်သူ၊ စိတ်ဓာတ်နှင့် နိုင်ငံရေးရပ်တည်ချက် အလွန်ခိုင်မာ ပြတ်သားသူ၊ ရိုးရိုးအေးအေး နေထိုင်၍ အဆင်းရဲ အပင်ပန်းခံ ကြိုးစားသူ၊ ဇွဲသတ္တိကြီးမားသူ၊ ရဲဘော်နှင့် ပြည်သူများအပေါ် လေးစားချစ်ခင်မှု ကြီးမားသူ၊ အခွင့်ထူး မခံဘဲ အနစ်နာခံမှုရှိသူ၊ အပတ်တကုတ် လေ့လာဆည်းပူးသူ၊ လုပ်ငန်းကို ဝေဖန်ဆန်းစစ်လေ့ရှိသူဖြစ်ကြောင်း ၎င်းနှင့် အတူတကွ တာဝန်ယူစဉ် အထင်အရှား တွေ့ရှိရသည်။ သူ၏အခွင့်ထူးမခံမှု၊ လူထုဆန့်ကျင်ရေး နှင့် ကိုယ်ကျိုးရှာမှုအား စက်ဆုပ်ရွံရှာမှုများသည် ဟင်နရီ၏ စစ်မှန်သော တော်လှန်ရေးသမားဖြစ်ကြောင်း အထူးပြောဖွယ်ရာမရှိချေ။ သူသည် ပြည်သူက ထမ်းပိုးထားရသူ အလျင်းမဟုတ်၊ ပြည်သူကို ထမ်းပိုးထားသူ ပြည်သူ့အကျိုးကို ရွက်ဆောင်သူဖြစ်သည်။

၁၉၇၂ အောက်တိုဘာ ၂၇ ရက်နေ့က စာရေးသူတို့၏ တပ်ဖွဲ့သည် ရပ်စောက်မြို့နယ် အရှေ့ခြမ်း ဆင်တောင်(လွယ်စန့်)ခြေရင်းရှိ ကျိုင်းခမ်းရွာအနီးသို့ ရောက်ရှိသွားစဉ် လဲခြားမြို့နယ်ရှိ ဗိုလ်မှူးထွန်းလွင် ဦးစီးသည့် ခလရ ၁၆ စစ်ကြောင်းက ထိုး၍ အရူးအမူးလိုက်လာသည်။ ရန်သူအင်အားက ၁၅၀ ခန့် ရှိပြီး မိမိတို့ဘက်မှ ၇၀ ခန့်သာရှိသည်။ သို့ရာတွင် ရန်သူ၏ နယ်မြေမကျွမ်းကျင်မှု၊ ပင်ပန်းမှု၊ မိမိတို့လှုပ်ရှားမှု သတင်းကို လုံးဝ မသိရှိနိုင်မှုကြောင့် ရန်သူကို အလစ်အငိုက်ယူ၍ တိုက်ရန် မိမိတို့ဘက်မှ ဆုံးဖြတ်လိုက်ပြီး ၂၈ ရက်နေ့တွင် ခြုံခိုတိုက်ပွဲဆင်ရန်ဖြစ်သည်။ ၂၈ ရက်နေ့ ဝေလီဝေလင်းတိုက်ပွဲစသည်နှင့် ရန်သူက လက်နက်ကြီးငယ်တို့နှင့် တရကြမ်း သွန်၍ပစ်ခတ်သည်။ ရန်သူ၏ပစ်အားကြီးမှုကြောင့် ပထမပိုင်းတွင် ရန်သူကို အထိနာအောင် ထင်သလောက် မပြုလုပ်နိုင်ချေ။ သို့ရာတွင် ၅ မိနစ်ခန့်အကြာတွင် ဟင်နရီဦးစီးသည့် တပ်ဖွဲ့သည် ရန်သူ၏တောင်ပံတဘက်ကို အတင်းပစ် အတင်းတက်ထိုးရာ ရန်သူများ ထွက်ပြေးဆုတ်ခွာသွားပြီး ခပ်လှမ်းလှမ်းတွင် ထပ်၍ နေရာယူ ပစ်ခတ်ပြန်သည်။ ထိုအခါ မူလနေရာအနီး ခြုံတခုအတွင်းရှိ ခြတောင်ပို့ဘေးကပ်၍ ကျန်နေသည့် လက်ဖြောင့်တပ်ကြပ်တဦးက ဟင်နရီကိုမြင်ရပြီး ကာဘိုင်ဖြင့် တချက်ခြင်း ပစ်ရာ ပထမတွင် ဟင်နရီ၏မျက်နှာကို ဖြတ်မှန်သွားပြီး သတိလစ်သွားသည်။ နောက်တချက် ရင်အုံတွင် ထပ်မံ ထိမှန်ပြန်ရာ ဟင်နရီ လုံးဝ သတိမရတော့ဘဲ ထိမှန်ပြီး၂နာရီခန့်အကြာတွင် ကျဆုံးသွားခဲ့သည်။ ထိုလက်ဖြောင့်တပ်သားကြောင့်ပင် ထိုတိုက်ပွဲတွင် ရဲဘော်ပဒေးဖိုး၊ တပ်ကြပ်ကြီးပါစကား (စောအယ်ကော်) စသည့် ရဲဘော်တို့သည် ဟင်နရီနှင့်အတူ ပြိုင်တူ ကျဆုံးခဲ့ရသည်။ ရန်သူဘက်တွင်မူ စစ်ကြောင်းမှူး ဗိုလ်မှူးထွန်းလွင် အပါအ၀င် ၇ ဦးကျဆုံးပြီး ၁၃ ဦး ဒဏ်ရာရှိခဲ့သည်။ ထိုတိုက်ပွဲတွင် ကျွန်းဆွယ်အားကစားပွဲအတွင်း ဖမ်းဆီးထောင်ချခံရပြီး တောခိုလာသူ ရန်ကုန်ပင်မတက္ကသိုလ် ဘူမိဗေဒကျောင်းသား ပဒေးဖိုးသည် အသက်ထွက်အံ့ဆဲဆဲတိုင် ရန်သူကို မကျေမချမ်းနိုင်သည့်စိတ်နှင့် အော်ဟစ် အံကြိတ်ရင်း နာကျည်းကြေကွဲဖွယ်ရာ ကျဆုံးခဲ့ရသည်။

ဟင်နရီနှင့် ရဲဘော်ရဲဘက်များ ကျဆုံးခဲ့ကြရသည်မှာ ၂၇ နှစ် ရှိပြီဖြစ်သည်။ သို့ရာတွင် ၎င်းတို့၏ သူရဲကောင်းရုပ်လွှာတို့သည်ကား စာရေးသူ၏ မျက်ဝန်းတွင် ရှင်းလင်းစွာ ထင်နေဆဲ၊ သူတို့၏ ၀ိဉာဉ်များ ရှင်သန်ဆဲပင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)