Maung Too – Essay

July 22, 2013

သက်ရှိပန်းချီ – အပိုင်း (၅) 
မောင်တူး
ဇူလိုင် ၂၂၊ ၂၀၁၃




ကြက်ကောင်လုံးကြော် ဖဲ့ဖဲ့စားနေတယ် …။
အရက်ပုလင်း ငှဲ့ငှဲ့သောက်နေတယ် …။
သူက ကိုဇာ ….
“အရှင်ကြီး အရှင်လေးတို့ ဘုရား။ ကယ်တော်မူပါဘုရား။ ကူတော်မူပါဘုရား။ ဟောဒီတိုင်းရင်းသူ နှမတော်ကြီးမှာဖြင့် ကျွဲပျောက်ရှာနေပါ တယ် ဘုရား။ သနားသဖြင့် ပြန်ရအောင် မစတော်မူပါဘုရား”
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရွာတရွာ။ အချိန်က ၁၉၉၁ ခုနှစ်။ ကျောင်းသားတပ်မတော် စစ်ကြောင်း ရွာအ၀င် နေမကောင်း သူတွေကို ဆေးကုပေးလေ့ရှိတယ်။ ဆရာဝန်မရှိ၊ ဆေးခန်းမရှိ၊ ဆေးလုပ်သားတွေမရှိတဲ့ ဒီရွာတွေရောက်ရင် ကျောင်းသားဆေးမှူးတွေ အလုပ်ရှုပ်ကြတယ်။ ဆေးကုရင်း စန်းပွင့်ကြတယ်။ အစားအသောက် အူစိုကြတယ်။ ဆော်လည်း ကြည်ကြတယ်ပေါ့။
ရဲဘော်ဇာဇာ ခေါ် ကိုဇာကြတော့ နတ်ဝင်ပူးတာ။ နတ်ပူးပြီး ဟောတာပေါ့။ ရွာကြီးတရွာမှာ ကရင်ဈေးဆိုင်တဆိုင် ဈေးရောင်းမကောင်းလို့ တဲ့။ ကိုဇာက ခေါင်းမှာပုဝါစီးပြီး။ ယူနီဖေါင်းချွတ် ထမီဝတ်၊ လက်ဝါးပေါ် ဆေးဘဲဥတလုံးကို လှိမ့်ထောင်ပြီး မမနှဲလေး ၀င်ပူးပြလိုက်တယ်။ ဟဲ့ ဈေးရောင်းကောင်းချင်ရင် ဒီပ၀ါဆောင်ထား၊ ပြီးတော့ ပျဉ်းမညွှန့်တွေ ညောင်ရေးအိုးထိုး၊ မမနှဲလေးပုံကိုလဲ မှန်ဘောင်သွင်းချိတ်ရမယ် ဆိုပြီး ဟောလိုက်တာ။ ဗမာနတ်မကိုးကွယ်ခဲ့ဘူးတဲ့ ကရင်ကုန်စုံဆိုင်ကြီးဟာ တော်တော်ကို ဈေးရောင်းကောင်းသွားတယ်။ ပစ္စည်းတွေ ရောင်းမလောက် ဖြစ်သွားတယ်။ တကယ်တော့ ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး လှေလမ်းကြောင်းပိတ်လိုက်တာကိုး။ အစိုးရဘက်က ပိတ်တာ။ ပစ္စည်းတွေသယ်ရခက်တော့ ၀ယ်သူတွေများပြီး ရောင်းကောင်းသွားတာပါ။ ဒါပေမယ့် ကျောင်းသားတပ်က မိန်းမလျာ နတ်က တော် ကိုဇာဇာက နတ်ဟောတာမှန်သဟေ့ဆိုတဲ့သတင်းက ဒီနယ်တခုလုံး ပျံ့သွားတယ်။
ကျောင်းသားတပ်တွေ စစ်တိုက်ရင်းက ကရင်ရွာတွေရောက်ရင် ဗေဒင်တွက်သူတွေရှိတယ်။ ကျောင်းသားသူပုန်တွေ အချင်းချင်း ဘယ် တော့ ဘာဖြစ်မယ်။ ယုတ်စွအဆုံး ဘယ်တော့မိန်းမရမယ်။ ဟောကြတဲ့အခါ ကရင်ရွာသားတွေကပါ ဗေဒင်ဆရာရှိပါသလားလို့မေးပြီး လာတွက်ကြပါတယ်။ ဗေဒင်တွက်တတ်သူလဲ စစ်ကြောင်းမှာ စမ်းပွင့်တတ်တယ်။ ခုကတော့ ဇာဇာမှ ဇာဇာဖြစ်နေပြီ။ ဗမာစကားမတတ်တဲ့ ကရင်အမျိုးသမီးတွေတောင် ဇာဇာဆိုတဲ့နာမည် သိနေကြတယ်။ နတ်ကတော် ဇာဇာပါလား။ (နတ်ကသော် ဂျာဂျာ တအို့ဘား) ကရင်လို ဇာဇာရှိသလားလို့ မေးကြတယ်။ ဇာဇာမှ ဇာဇာ။
အခုလဲ ကျွဲပျောက်ရှာဖို့ နတ်မေးနေပြန်ပြီ။ ဇာဇာတို့က အကွက်ပဲ။ ကြက်ကြော်နဲ့အရက် တောင်းလိုက်တယ်။ ပြီးတော့ ခေါင်းမှာပုဝါစီးပြီး ဟောလိုက်တယ်။ နေရာဟောင်းမှာ ပြန်ရှာပါတဲ့။ ဟုတ်တယ်။ ကရင်တွေက အစိုးရထိုးစစ်တွေကြောင့် ရွာတွေ ခဏ ခဏ ပြောင်းရတယ်။ ကျွဲကလည်း ချည်တိုင်ဟောင်းသတိရတယ်။ ပြန်သွားတတ်တယ်။ တခါတလေလဲ ကျွဲမိုင်းထိ သေတယ်။ ဒါပေမယ့် ကရင်တွေက ရွာ ဟောင်းမှာ ပြန်ရှာပြီးပြီ။ မတွေ့ဘူး။ ဇာဇာကတော့ အတတ်ဟောတယ်။ ထပ်သွားပြီး ပြန်ရှာပါတဲ့။ ရှာလို့ရရင် နောက်ထပ် ကြက် အရက် ဆက်ရမယ်တဲ့။ ကရင်တွေကလဲ ဆက်မယ်ပေါ့။ ဟုတ်တယ်ဗျာ။ ရွာဟောင်းမှာ ကျွဲပြန်တွေ့တယ်။ ဇာဇာမှ ဇာဇာဖြစ်လာတယ်။ ကျောင်း သားတပ်တွေလာရင် နတ်မေးဖို့ မျှော်သူတွေက မျှော်လို့ …။  
ဇာဇာ ဟာ ပဲခူးမြို့သားပါ။ အဲလေ ပဲခူးမြို့သူပါ။ မဟုတ်ပါဘူး။ ပဲခူးက မိန်းမလျာပါ။ ၁၉၈၈ ခုနှစ်မတိုင်မီက ပဲခူးရုပ်ရှင်ရုံမှာ ရန်ဖြစ်ပြီဆိုရင် ဇာဇာတို့အဖွဲ့ဘဲ။ ဟေ့ ဘယ်ရမလဲ … ငါက ဒေါက်မြင့်ဖိနပ်နဲ့ ချွတ်ရိုက်တာ။ ပဲခူးမိန်းမလျာအဖွဲ့မှာ ဇာဇာဟာ နာမည်ကြီး။ ပဲခူး အလှဖန် တီးရှင်များဆိုပြီး အရေးတော်ပုံမှာဝင်ခဲ့တာ။ ဇာဇာ ၈၈၈၈ မှာတောခိုတော့ အသက် ၄၀ လောက်ရှိနေပြီ်။ ကျနော်ထင်တာနော်။ သူနဲ့ ကျနော် တပ်ရင်း တရင်းထဲဖြစ်တော့ သူပြောပြတာ။ သူက သိပ်ဆိုးတာတဲ့။ အမေကြီးရှိတယ်။ သူနတ်ဟောလို့ရတဲ့ဟာတွေ အမေ့ဆီပေး တာ သိပ်နည်းတယ်တဲ့။ အရက်သောက်တယ်။ ကောင်လေးတွေပေးတာနဲ့ ကုန်တာ။ အခု ရွေးကောက်ပွဲ ၁၉၉၀ ပြီးသွားတော့ ဒေါ်အောင် ဆန်းစုကြည်ကို အာဏာလွှဲပေးရင် သိပ်ကောင်းမယ် တဲ့။ တော်လှန်ရေး အမြန်ပြီး ပဲခူးပြန်ရင်တော့ နတ်ဟောပြီး အမေ့ကို လုပ်ကျွေးမယ်တဲ့။ ဒါပေမယ့် ကိုဇာ့ဆန္ဒ မပြည့်ခဲ့ပါဘူး။ အမေ့ဆီ မပြန်ရတော့ပါဘူး။ မပြန်နိုင်တော့ပါဘူး။
သူဟာ ရှေ့ တန်းတိုက်ပွဲတွေကြား ရဲဝင့်စွာ စစ်တိုက်ခဲ့တယ်။ ရန်သူကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စွန့်စွန့်စားစား ပစ်ခတ် ချေမှုန်း ခဲ့သူပါ။ နောက်တန်းရောက်ရင်တော့ ထိန်းမရတတ်ဘူး။ မမူးသေးတဲ့အချိန်အထိ ကောင်းတယ်။ မူးပြီးရင်တော့ အရင်းနှီးဆုံးသူတွေ ဓါတ် သိတွေက ထိမ်းမှရတယ်။  သူက မူးရင် ရန်စလေ့ ရန်ဖြစ်လေ့ရှိတယ်။ ဒါက သူ့ဆိုးကွက်ပါ။ ဒါကြောင့်ပဲ သူ ပဲခူးမပြန်နိုင်၊ တွေ့ ချင်တဲ့ အမေ နဲ့ မတွေ့ ရတော့တာပါ။
စောထတိုက်ပွဲနဲ့ ဇာဇာ့အကြောင်း သတိရမိတယ်။ ၁၉၉၁ နှစ် အကုန်၊ ၁၉၉၂ ခုနှစ်လောက်လို့ထင်တယ်။ ကရင် ကယားနယ်စပ်၊ ဖါပွန်နယ် ထဲက စောထတောင်ကုန်းကို နအဖစစ်အစိုးရတပ်တွေ တက်လာနေပြီ။ တညလုံးတိုက်ပွဲလဲ ဖြစ်ခဲ့ပြီးပြီ။ ဒါပေမယ့် အဲသည်နေ့ကတော့ ရန်သူနအဖတပ်တွေ မနက်စောစောမှာ ငြိမ်နေတယ်။ မနက် ၁၀ လောက်မှာ နအဖတပ်သားတွေ တက်လာပြီ။ အေကေ ဖိုတီဆဲဗင်း၊ အေ အာရ် အော်တိုမစ်တစ်ရိုင်ဖယ်သံတွေ ဆူညံသွားတယ်။ မနေ့က ကျောင်းသားတပ်မတော်က ရဲဘော်မြင့်သိန်း ကျသွားတယ်။ အစိုးရ လက် ဖြောင့်တပ်သားက ကာဘိုင်နဲ့ပစ်လို့ တချက်ထဲထိ ကျဆုံးခဲ့တာ။ ကေအင်န်ယူက ရဲဘော်တယောက်လဲ လက်ဖြောင့်နဲ့မိပြီး ကျသွားတယ်။ ကျနော်တို့စစ်ကြောင်းက ၂ ယောက်ကျသွားပြီ။ ငုံ့နေရတယ်။ ခေါင်းထောင်လိုက်တာနဲ့ ကျည်ဆံက ရွှတ်ကနဲဖြတ်လာတာတာ။ ရန်သူရှာရင် ငုံပြီး ကာပြီး ကွယ်ပြီး မျက်လုံးကလေး လှန်ကြည့်ရတယ်။ ခေါင်းမထောင်ရဲ။ ရပ်ဖို့မပြောနဲ့။ ဒူးတောင် မထောက်ရဲဘူး။ ရွတ်ကနဲ ရွှတ်က နဲ့ကျည်ဆံတွေ ဖြတ်နေတာ။
ကျသွားတဲ့ ရဲဘော်မြင့်သိန်းက အစိုးရတပ်ထွက်။ မော်လမြိုင်က ၈၈၈၈ သပိတ်မှာပါပြီး တောခိုလာတာ။ တပ်ရင်း ၂၁၆ ကျောင်းသားအဖွဲ့ က။ ကိုမြင့်သိန်းကျသွားပြီးကတဲက ဇာဇာလဲစိတ်တိုနေတာ။ ပြေးတက်ပြီး ပစ်မယ်ချည်းဘဲလုပ်နေတာ။ မနဲပြောထားရတယ်။ နေ့လည် လောက်မှာတော့။ “ဟေ့ကောင်ဇာဇာ မထနဲ့ အတင့်မရဲနဲ့ အဲဒီကျွန်းပင်ဘက်မှာ ရန်သူရှိတယ် သတိထား”။ ဆိုတဲ့ အော်သံကြားလိုက်တယ်။ သနပ်ခါး ဘဲကြားနဲ့ “မိန်းမလျာ” ရဲဘော်ဇာဇာ အာပီဂျီ ထိပ်ဖူးတပ် လက်နက်ကြီးကိုင်ပြီး ပြေးလာတယ်။ အနားရှိနေတဲ့ ဦးမောင်မောင်တိတ် က တားတယ်။ “ဟေ့ကောင် ဇာဇာ ကျည်လမ်းကြောင်းနိမ့်တယ်နော်”
ဦးမောင်မောင်တိတ်ဟာ တပ်ရင်း ၂၀၉ က ရဲဘော်။ ပြီးတော့ ဗဟိုကော်မတီဝင်။ စစ်ကြောင်းဦးစီးလဲ ဖြစ်တယ်။  ရဲဘော်တွေနဲ့တသားထဲ အမြဲနေပြီး နိုင်ငံရေးသမိုင်းကြောင်းတွေနဲ့ ဆုံးမတတ်သူ။ ဒီလို ရှေ့တန်းမကြောက်သူတွေ အများကြီးရှိတယ်။ နာမည်ကျော် ကိုခင်ကျော် ဆိုတာလဲ ရှိတယ်။ သူက မာနယ်ပလောတိုက်ပွဲမှာ မျက်လုံးတဖက်ထွက်သွားတယ်။ မျက်နှာကွယ်ထားပြီး တိုက်ပွဲပြီးတဲ့အထိ ဆက်တိုက် ခဲ့တာ။ ဗိုလ်ခင်ကျော်ပေါ့။ ဒုဗိုလ်မှူးကြီးအေးမြင့်ရဲ့ တပည့်။ တပ်ရင်းမှူး ကိုသိန်းဆန်းတို့၊ ဒုရင်းမှူး ကိုမောင်ဦးတို့ဆိုလဲ တကယ့်ရဲဘော် တယောက်လို ရှေ့ကတက် ထမင်းကြမ်း အတူစားခဲ့ကြတာ။ ကိုထက်ခိုင်ကိုလဲ သတိရတယ်။ သူက ၂၁၂ တပ်ရင်းကပဲ။ ဗဟိုပြန်ကြားရေး တာဝန်ယူရင်း ကင်မရာသမားလုပ်သူ။ ကင်မရာတဖက်။ ရိုင်ဖယ်တဖက်နဲ့တိုက်ပွဲကြား သေနပ်တွေပစ် ဓါတ်ပုံတွေရိုက် လုပ်ခဲ့သူ။ ဒီတိုက်ပွဲ တွေမှာ ကိုခင်မောင်ဝင်းကိုလဲ သတိရတယ်။ သူက ဒီဗွီဘီမှာ လူကြီး။ ကျောင်းသားတပ်မတော် ဗဟိုဦးဆောင်ကော်မတီ ပြန်ကြားရေး တာ ၀န်ခံ။ ဒါပေမယ့် နောက်တန်း ထမင်းပို့အဖွဲ့ထဲ ၀င်တယ်။ ကျနော့် ပြန်ကြားရေးအလုပ်တွေ ခဏနားတုန်း ထမင်းနဲ့ဟင်းထုပ်တွေ လိုက်ထမ်းပို့ ပါရစေတဲ့။ မလိုက်ပါနဲ့ပြောတော့ ကျနော် သေနတ်မပစ်တတ်ဘူး။ ဒါပေမယ့် သေနတ်ပစ်တတ်သူတွေစားဖို့ ထမင်းထုပ်တော့ ထမ်း ပါရ စေတဲ့။ ကိုခင်မောင်ဝင်းတို ၊ ဒေါက်တာနိုင်အောင်တို့ ဟာ ဗဟိုရိက္ခာရုံမှာ တတင်းခွဲ ဆန်အိတ်တွေကို ရဲဘော်တွေနဲ့အတူတူ အခေါက်ခေါက် အခါခါ ၀င်ထမ်းတာလဲ တွေ့ဖူးတယ်။
ဦးမောင်မောင်တိတ် အော်တယ်။ ဇာဇာရေ ရန်သူတွေ ရမ်းပစ်နေတယ်။ မတက်နဲ့တဲ့။ “သိတယ် ဖယ် ဖယ်”    ဇာဇာက ဇွတ်ပဲ။ သေမင်းနှုတ် ခမ်းကို ၀င်တယ်။ ရုတ်တရက်ဒူးထောက်လိုက်ပြီး ရန်သူ လက်ဖြောင့်သမားရှိတဲ့ ကျွန်းပင်ကို အာပီဂျေနဲ့ပစ်လိုက်တယ်။ အာရ်ပီဂျေ ထိပ်ဖူး လွင့်ထက်သွားပြီး ကျွန်းပင်ကိုထိ။ အပင်ပြတ်ထွက်သွားတယ်။ အနီးအနားက ခြုံပုတ်တွေလဲ လွင့်ထွက်သွားတယ်။ “ဇာဇာ” လှိမ့်ချလိုက်ပြီး နောက်တလုံးတပ်ပြီးတော့ ဒီနေရာကိုပဲ ထုလိုက်သည်။ ရဲဘော်မြင့်သိန်းကိုပစ်သတ်ခဲ့သူ နအဖတပ်သား လက်ဖြောင့်သမား ကျသွားပြီ။
ဝိုင်းအော်ကြတယ်။ ကိုဇာကွ။ ဇာဇာကွ။ အသံတွေဆူညံလာတယ်။ အားတက်လာကြတယ်။ ဒီမှာ ရန်သူထိုးစစ် ဦးကျိုးသွားတယ်။ နောက် တော့ သူတို့ဆုတ်သွားကြတယ်။ ဒီစစ်ကြောင်းက ပြန်အဆုပ် ဇာဇာပဲဟင်းချက်တယ်။ ဟင်းချက်လဲ မိန်းမလျာချက်။ သိပ်ကောင်းတယ်။
“ခွေးကောင်တွေ ငါ့ကိုညာညာ ခိုင်းတယ်။ ငါတယောက်ထဲတော့ မချက်ဘူး။ ၀ိုင်းကူကြ။ သူတောင်းစားတွေ” ဆိုပြီး ခပ်တည်တည်နဲ့ ဇာဇာ ဟင်းချက်တယ်။ မိန်းမလျာစိတ်က ဘယ်အချိန်ပေါ်မလဲ ကိုဇာဆိုပြီး တယောက်ကမေးတယ်။ ကိုဇာက မူးမှပေါ်တာဟေ့ဆိုပြီး ကန်စွန်းရွက် တွေ ကြော်နေတယ်။
ဒါက စောထစခန်းတိုက်ပွဲက ဇာဇာရဲ့အစွမ်း။ သူ့အရင်တိုက်ပွဲ တပွဲမှာလဲ ဇာဇာအစွမ်းပြခဲ့သေးတယ်။ ဝမ်းခါစခန်းတိုက်ပွဲမှာ ဖြစ်တယ်။ အဲသည်တုန်းက န၀တစစ်သားတွေနဲ့တိုက်တာ။ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ န၀တတပ်သားတွေက ထိုးစစ်တွေ တအားဖိထိုးနေတော့ ကရင်တပ်မှူး  ဗိုလ်မှူးရောဘဇံက စစ်သားတွေ စုဖွဲ့တယ်။ ကျနော်ပြောခဲ့ပြီးသား ဗိုလ်မှူးရောဘဇံဟာ ကရင့်ခေါင်းဆောင်ကြီး မန်းဘဇံရဲ့ သား။ သူက စည်းရုံးရေးကောင်းတယ်။ ဗမာစကား၊ အင်္ဂလိပ်စကားတွေကို မွှတ်နေအောင်ပြောတယ်။ သမိုင်းကျေတယ်။ စာတော်တော် ဖတ်ထားသူ။ ခေတ်မီတယ်။ သူက စစ်ကြောင်းဖွဲ့ရင် ကရင်တွေရော၊ ရခိုင်တွေရော၊ ကျောင်းသားတပ်ရော၊ ပြည်ချစ်တပ်တွေရော၊ မွတ်ဆ လင်တပ်တွေရော အကုန်ခေါ်တယ်။ အသုံးမကျရင် စစ်ကြောင်းကနေနှင်ထုတ်တယ်။ တချို့အသုံးမကျတဲ့ကျောင်းသားတွေဆိုရင် ဒေါင်း နီတွေက ဒေါင်းဖြူတွေဖြစ်ကုန်ပလားလို့တောင် ပြောဖူးတယ်။ ကျောင်းသားတပ်ရင်းမှာ ဇာဇာ့ကို ထိမ်းမရဖြစ်နေချိန် ဗိုလ်မှူးရောဘဇံဆီ သွားအပ်လိုက်တယ်။  
ဝမ်းခါစခန်းက ကရင်နယ်စပ်မှာ။ နေရာကောင်းတယ်။ ၀င်ပေါက်တပေါက်ပဲ ရှိတယ်။ ဘန်ကာကတုတ်ကျင်းကြီးတွေကို စိတ်ကြိုက် အင်္ဂ တေနဲ့ဆောက်ထားတယ်။ အထဲကနေ  စိန်ပြေနပြေ ကျည်ပုံးဖင်ခုပြီး ပစ်လို့ရတယ်။ န၀တ စစ်သားတွေ တော်တော်သေတယ်။ ခံစစ်နေရာ ယူ စစ်ပေါ့။ ဒီနေရာမှာ ခံစစ် ပစ်ခတ်တာဝန်ယူရတာက ဇာဇာ။ ရန်သူ န၀တတပ်သားတွေလဲ တက်လာလိုက်တာ အများအပြား၊ ဒါပေမယ့် စိတ်ပြေနပြေ ပစ်ခတ်သူတွေရဲ့ လက်ချက်နဲ့အလောင်းချင်း ထပ်နေပါတယ်။ အလောင်းတွေ ပြန်မသယ်နိုင်တော့ အနံ့တွေကလဲ ဆိုးလှ တယ်။ နောက်ပိုင်းမှာ အရေးပေါ် ကျင်းတူးတက်လာတဲ့ အစိုးရတပ်သားတွေက လှမ်းဆဲပါတယ်။ စစ်သားအဆဲဆိုတော့ တော်တော် ယုတ် မာသပေါ့။ ဒီတော့ ဇာဇာလည်းဒေါကန်ပြီး မိန်းမလျာပီပီ ပြစ်ပြစ်နှစ်နှစ် ပြန်ဆဲရာက ခံကတုတ်ကျင်းပေါ်တက်ပြီး မင်းတို့ထက်မိုက်လို့ ကျောင်းသားတပ်မှာ ၀င်တိုက်နေတာဟေ့လို့ ပြောရင်း ထပ်ဆဲနေတယ်။ ဒီမှာတင်ပဲ ကိုဇာပြန်ဆင်း။ သေနတ်နဲ့အပစ်ခံရမယ်လို့ ဝိုင်းအော် နေတာကို ဇာဇာက မကြားသလိုနေတယ်။ ရန်သူက ပွိုင့်ဖိုက်သေနတ်တွေ ၈၄ မမ တွေနဲ့ပစ်နေတဲ့ကြားက ဇာဇာတို့ ဒီလိုလုပ်တာပါ။ “ မသာကောင်တွေ ဟော့ဒီထဲတည့်တည့်ပစ်၊ ထိအောင်ပစ်” ဆိုပြီး တင်ပါးလှန်ပြတယ်။ ရန်သူက ၈၄ မီလီမီတာ လက်နက်ကြီး အလုံးကြီးနဲ့ ပစ်တဲ့အခါ ခံကတုပ်ကျင်း အောက်ခြေကိုလာထိပြီး တုန်သွားတယ်။ မီးခိုးတွေနဲ့မှောင်သွားတယ်။ ဇာဇာ့ကိုတော့ မထိဘူး။ သူဟာ လုံးဝ မကြောက်ပါဘူး။ ကိုဇာရေ ခင်ဗျားကိုမှန်သွားမယ်ဆိုပြီး ၀ိုင်းအော်ကြ အတင်းဆင်းခိုင်းတော့မှ ဖြေးဖြေးချင်းဆင်းလာတယ်။ သူ့ တင်ပါးမှာ သွေးစွန်းသွားတယ်။ လက်နက်ကြီ တစမှန်လို့ ။
ထွီဖါဝီကျိုးတိုက်ပွဲတွင်း ဇာဇာနဲ့ကြုံခဲ့ရပုံကို စစ်ကြောင်းမှူး ဗိုလ်မှူးရောဘဇံက ခွေးအိပ်တောင် ထွီဖါဝီကျိုး သို့မဟုတ် ပွိုင့် ၄၀၄၄ တိုက်ပွဲ ဆောင်းပါး အပိုင်း ၆ မှာ အခုလို ရေးဘူးတယ်။ (တစ်နေ့ မိမိ သေဘောဘိုး ကျောင်းသားတပ်မတော် တပ်ရင်း (၁) (၂) (၃) မှ ရွေးချယ် စေလွှတ်လိုက်သော လက်ရွေးစင်များကို (ဒီမို) စခန်းတွင် သင်တန်းပေးနေသည်။ သင်တန်းသားကြား၌ “ဇာဇာ” ဆိုသော (အချောက်၊ မိန်းမရှာ၊ မိန်းမစိတ် ပေါက်နေသူ) “ပဲခူးအလှဖန်တီးရှင်များအဖွဲ့” မှ ခေါင်းဆောင်တစ်ဦး ပါလာသည်။ စကားပြောရင် မိန်းမပုံပေါက်နေပြီး (ဖင်လှုပ်၊ ခေါင်းလှုပ်) ပြောတတ်သည်။ မိမိစိတ်တွင်း “သြ….ငါ့နှယ် တွေ့မှ တွေ့တတ်တယ်။ ဒီလိုလူတွေနဲ့ ဘယ်လိုလုပ်ပြီး စစ်တိုက်ရမလဲ” လို့ ပထမထင်မိသည်။ ကြာလာတော့ သူ့အစွမ်းအစတွေ တွေ့လာရသည်။ အရက်သောက်လာရင် သွေးဆိုးသည်၊ ပြဿနာရှာသည်။ ပေး သည့်အပြစ် ခံရဲသည်။ သတ္တိရှိသည်၊ ဘဝကပေးလာတဲ့ မိန်းမစိတ်ပေါက်နေသည်မှလွဲ၍ ကျန်ရဲဘော်ကောင်း၊ စစ်သားကောင်း တစ် ယောက် ဖြစ်သည်။ မိမိအစိုးရိမ်ဆုံး တစ်ခုကတော့ (လိင်တူ) ဆက်ဆံမှုကြောင့် ဖြစ်လာမည့် ဆိုးကျိုးများသာ ဖြစ်သည်။
ပွိုင့် (၄ဝ၄၄) (ထွီဖါးဝီး) စစ်ဝန်းကျင် တစ်ခုလုံးလိုလို တိုက်ပွဲများ ဆက်တိုက်ဆင်နွှဲနေရသည်။ (နော်တ) မှ (မယ်ပ) အထိ ဖြစ်သည်။ လက်နက်ငယ်များနှင့် ပစ်နေသည့်တိုင် (ကျား) တက်ထိုးနေသည့် ရန်သူ့စစ်သည်များ အတက်မရပ်။ (အာရ်ပီဂျီ) ပစ်ထည့်လိုက်မှ တုံး လုံးပက်လက်နှင့် ငြိမ်သွားတော့သည်။ ထို့ကြောင့် မိမိရဲဘော်များ (အာရ်ပီဂျီ) ကို နှစ်သက်ကြသည်။ ထိုအခိုက် ရဲဘော်ဇာဇာ ရောက် လာသည်။ ဒေါက်ဖိနပ်၊ မိန်းမဂါဝန်နှင့် ဖြစ်သည်။ “ဖြစ်မှဖြစ်ရပလေ ဇာဇာရယ်၊ ဒါစစ်မြေပြင်ကွ၊ နတ်ကနေတာ မဟုတ်ဘူး” ဟု ပြောပြီး သူ့ ကို အာရ်ပီဂျေ ထမ်းပစ်လက်နက် ပစ်ခိုင်းလိုက်သည်။  တဆက်ထဲ စစ်ကြောင်းရုံးရှိ ရဲဘော်များကို “ဒီနေ့ကစ သူ့နာမည် (ဇာဇာ) မဟုတ် တော့ဘူး၊ (ရဲဇာနည်) လို့ခေါ်ကြရန် ညွှန်ကြားလိုက်သည်။ တစ်နေ့ မိမိစစ်ကြောင်းရှေ့သို့ ရန်သူထိုးလာသည်။ လက်နက်ကြီးမျိုးစုံ၊ လက် နက်ပေါင်းစုံပစ်ခတ်ပြီး ထိုးလာသည်။ ရဲဇာနည်အား လက်တွေ့ပစ်ခိုင်းလိုက်သည်။ ခြုံတောထဲမှတိုးဝင်လာသောရန်သူကို ပစ်ထည့်လိုက် သည်။ “ဝုံး” ကနဲအသံနှင့်အတူ တိုးလာသော ရန်သူသုံးလေးယောက် လဲသွားသည်။ ရန်သူများ အော်ဆဲကြသည်။ “ငါ (-ိုး) မ ငပွေး၊ ဘာသေနတ်နဲ့ ပစ်မှန်းမသိဘူး” တဲ့။ ထိုနေရာကို ရန်သူများ ကျည်စုပစ်သည်။ ခွင်းဗုံး၊ လက်ပစ်ဗုံး၊ (M-79) ပါမကျန် အကုန်ပစ်ထည့်ကြသည်။ ထိပါပြီ။ မိမိဘက်မှ တစ်ယောက်။ အခြားသူမဟုတ်၊ ကံဆိုးသူမောင်ရှင် ရဲဇာနည် ဖြစ်နေသည်။ ထိသည့်နေရာမှာ ရှားရှားပါးပါး ဘယ် ဘက်တင်ပါး (ဖင်) ၌ ဖြစ်သည်။ ၄င်းကို ချစ်မြတ်နိုးသည့် ရဲဘော်များမှ “ထိမှာပေါ့၊ ဖင်ဆော့တာကိုး” တဲ့။)
ဒါကတော့ ဇာဇာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းရဲ့ အကြီးအမှူး ဗိုလ်မှူးရောဘဇန် ရေးသားချက်ပါ။ နောက်ပိုင်းမှာ ကျောင်းသားတပ်ဖွဲ့ ၀င်တွေ နိုင်ငံခြား ထွက်သွားခဲ့ကြပါတယ်။ ဒါပေမယ့် ဇာဇာကတော့ မသွားခဲ့။ နယ်စပ်တလျှောက် မဲဆောက်၊  မယ်လ၊ မယ်တော် စတဲ့ နေရာတွေ ကျောင်းသားတပ်မတော်နဲ့နီးနီးမှာဘဲ နေခဲ့ပါတယ်။ လက်ရှိ ကျောင်းသားတပ်မတော်ကိုတောင် သူက အားမရတော့ပါ။ အခု ထက် စစ်ပိုတိုက်သူများ စုစည်းပြီး တိုက်ဘို့တောင် ဇာဇာက ပြောခဲ့ဘူးပါတယ်။ ကချင်နယ်မြေ ကျောင်းသားတပ်မတော် မြောက်ပိုင်းမှာ စစ်တိုက်နေချိန် သူရှိရင် အဲ့သည်ကို သွားရောက်ပူးပေါင်း ဦးမည်လားမသိ။

တနေ့မှာ မယ်လ ခေါ် ဘဲကလော်ဒုက္ခသည်စခန်းအနီး ဇာဇာ့ကို ထိုင်းစစ်သားတွေနဲ့တာဝန်ရှိသူတွေက ခေါ်သွားတယ်လို့ဘဲ သိလိုက်ရပါ တယ်။ နောက်ပိုင်းဇာဇာကို မတွေ့ ရတော့တာ အခုအထိပါ။ သေချာပါတယ်။ ဇာဇာ မရှိတော့ပါဘူး။ ပဲခူးက နတ်ကတော် ဇာဇာဟာ ၈၈၈၈ မှာ ပါဝင်ခဲ့တယ်။ ကျောင်းသား တပ်မတော်မှာ ရဲရင့်စွာတိုက်ပွဲဝင်ခဲ့တယ်။ ဇာဇာ ခေါ် ကိုဇာခေါ် ရဲဇာနည်ဟာ ကျောင်းသားတပ်မတော် ရဲဘော်တဦး ဖြစ်ခဲ့တယ်။ ရန်သူကို မုန်းတယ်။ ရန်သူအပေါ် ပြတ်သားတယ်။ ကဗျာဆရာ ရဲဘော်တိုက်မောင်းရဲ့ (အညစ်စရိုက် မသွင်းလေနဲ့ စစ်တိုက်ခြင်းတွေနဲ့ပျော်ရအောင်။) ဆိုတာကို လက်တွေ့လိုက်နာခဲ့သူ။ ဗမာပြည် ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရေစီအာဇာနည် သူရဲကောင်း စာရင်းဝင် “ဇာဇာ” ကို ရှစ်လေးလုံး ငွေရတုကာလမှာ၊ ကျောင်းသားတပ်မတော် တည်ထောင်ခြင်း ၂၅ နှစ်ပြည့်ကာလမျိုးမှာ သတိတရ ရှိနေပါတယ်။ ဇာဇာ ကောင်းရာသုဂတိလားပါစေ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်တူး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်