>Ashin Nanika – Excused Lives

August 5, 2008

>

ဆင်ခြေများနဲ့ လူ
အရှင်ဉာဏိက

သြဂုတ် ၄၊ ၂၀၀၈

ဒီဃာ ဇာဂရတော ရတ္တိ ၊ ဒီဃံ သန္တဿ ယောဇနံ ။
ဒီဃော ဗာလာနံ သံသာရော ၊ သဒ္ဓမ္မံ အဝိဇာနတံ ။
အိပ်မပျော်သူအတွက် ညတာရှည်တယ်။ ခရီးပမ်းနေသူအတွက် ယူဇနာခရီးဟာ ရှည်လျားတယ်။ လူမိုက်တွေအတွက် သံသရာဟာ ရှည်လျားတယ်။

ဓမ္မပဒလာ ဒီဂါထာလေးနဲ့စပ်ပြီး “မျှော်တလင့်လင့်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ်ရေးခဲ့ဘူးတယ်။ မကြီးရင့်သေးပေမယ့် အသီးပွင့် လေးတွေနဲ့ ဝေဆာနေခဲ့သူ ဆိုပြီး စာအုပ်နာမည်ပေးကာ အရှင်ဥာဏိကာဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်) ဆိုတဲ့ ကလောင်နာမည်နဲ့ ထုတ်ဝေခဲ့တဲ့အထဲမှာ ဖော်ပြဖူးခဲ့ပြီ။ ဒီဆောင်းပါးကို အင်တာနက် ဝက်ဆိုက်များပေါ်မှာလည်း တင်ထား ဖူးခဲ့ပါပြီ။ စာအုပ်ထဲမှာတော့ သိတဲ့အတိုင်း စာပေကင်ပေတိုင်ရုံးကို ဖြတ်ရတာမို့ ကိုယ်ဆိုလိုချင်တဲ့အဓိပ္ပါယ် ပျက်ယွင်းသွားတဲ့ အထိ ဖြတ်တောက်တာခံလိုက်ရတာမို့ ဆောင်းပါးရဲ့ မူရင်းအလှ မပေါ်လွင်ခဲ့ပါဘူး။

အဲဒီဆောင်းပါးထဲမှာပဲ “ဘာကြောင့်ရယ်မသိ၊ တခါတရံ အိပ်မပျော်ညတွေ ရှိတတ်တယ် …” ဆိုတဲ့အကြောင်း ထည့်ရေးဖြစ်ခဲ့ တယ်။ အိပ်မပျော်သူအတွက် ညတာရှည်တော့တာပေါ့။ အဲဒီဆောင်းပါးထဲမှာ ဘဝမှာ စောင့်ခဲ့ရတာတွေများခဲ့ပြီ၊ များရုံတင် မက စောင့်ရတဲ့အရာကလည်း အလွန် ကြာရှည်လွန်းလှပြီ ဆိုတဲ့အကြောင်း ရေးဖြစ်ခဲ့တယ်။ ဒီညလည်း အိပ်မပျော်နိုင် ဖြစ်နေ ပါတယ်။ ဒါပေမယ့် ကံကောင်းတာက အိပ်မပျော်နိုင်ဖြစ်တယ်ဆိုပေမယ့် လုံးဝအိပ်လို့မရနိုင်တာ မဟုတ်ပဲ မြန်မြန်အိပ်ပျော်၊ မြန်မြန်နိုးပြီး ပြန်အိပ်လို့ မရနိုင်ဖြစ်တာမျိုးပါ။

ဘာပဲဖြစ်ဖြစ် အိပ်ချင်ပေမယ့် အိပ်မပျော်နိုင် ဖြစ်နေသူအဖို့ ဒီညမျိုးဟာ ညတာက ရှည်မှာ အမှန်ပါပဲ။ သို့ပေမယ့် အိပ်မပျော် နိုင်ဖြစ်နေခဲ့တဲ့ ဒီညမှာတော့ ညတာရှည်တော့မယ် မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုလျင်ဖြင့် ခုပဲ ဒီစာကို ရေးနေတာက အိပ်မပျော်နိုင် ဖြစ်နေတာကြောင့်ပဲလေ။ ခုဆို နံနက် ၂ နာရီ ၃ဝ။ ဒီစာ အပြီးသတ်ဖို့အထိဆိုလျင် နောက်အနည်းဆုံးတော့ နှစ်နာရီလောက် ကြာဦးမှာဆိုတော့ နံနက် ၄ နာရီခွဲ။ ၅ နာရီမှာ ဘုရားဝတ်တက်၊ တရားထိုင်ဖို့ အိပ်ရာထနေကျဆိုတော့ ညတာရှည်စရာ အချိန်ကျန်တော့မယ် မဟုတ်ပါဘူး။

ခုရက်ပိုင်းက မေတ္တာနန္ဒဝိဟာရဓမ္မရိပ်သာမှာ နွေရာသီဗုဒ္ဓယဉ်ကျေးမှုသင်တန်းများ ကျင်းပနေချိန်လေ။ သင်တန်းမှာ စာရင်း ပေးထားသူ ၇ဝ ရှိတယ်။ မနေ့က ဖွင့်ပွဲနေ့မှာ ၆၃ ယောက် တက်ရောက်ပါတယ်။ စာရင်းပေးထားသူထဲက ၃ ယောက်က ဒီ နေ့မှ လာနိုင်မှာဆိုတော့ ဒီနှစ်သင်တန်းမှာ ၆၆ ယောက်တက်ရောက်မယ်ပေါ့။ သင်တန်းက (ဂ) ရက်ကြာမှာ၊ နေထွက် နေဝင်၊ တစ်နေ့တာလုံး။

ဒီနှစ်က ၁ဝ ကြိမ်မြောက်သင်တန်း။ နှစ်စဉ် သင်တန်းသား ၅ဝ ကျော်နဲ့ ၇ဝ ကျော်အတွင်း တက်ရောက်ခဲ့ကြတာဆိုတော့ ဒီသင်တန်းဆင်း သင်တန်းသား ၆ဝဝ ကျော် ၇ဝဝ နီးပါးရှိခဲ့ပြီ။ ၁ဝ ကြိမ်မြောက်မို့ အမှတ်တရအနေနဲ့ စာရေးပါဦးလို့ မိုးမခ ဝက်ဘဆိုက် စီစဉ်သူ ကိုမောင်ရစ်က တိုက်တွန်းတယ်။ အချိန်ရလျင် ရေးဦးမယ်လို့ တာဝန်ခံလိုက်တယ်။ သူကတော့ ဓာတ် ပုံသတင်း တင်မယ်တဲ့။ သူပြောတဲ့အတိုင်း ဓာတ်ပုံသတင်းကို မိုးမခမှာ ခုဆိုတွေ့နေရပြီ။

ကိုယ်လည်း အိပ်မပျော်နိုင်အတူတူ စာတစ်ပုဒ်ရေးမှဆိုပြီး ခုဒီစာကို ရေးဖြစ်နေတယ်။ ဒီနေ့ညနေ ၆ နာရီ ၃ဝ မှာလည်း လူရွယ်လူကြီးများအတွက် သင်တန်း တစ်ခု ပို့ချပေးရဦးမှာ။ ဒီသင်တန်းမှာလည်း ကိုယ်က “ဓမ္မပဒ အလှကဗျာ မြတ်ရွှေစာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓမ္မပဒကို တာဝန်ယူ သင်ပေးနေတာပါ။

ဒီနေ့သင်ပေးဖို့စိတ်ကူးထားတာက ယမကဝဂ်မှာလာတဲ့ သာရိပုတ္တတ္ထေရဝတ္ထု။ ဒီဝတ္ထုရဲ့ဆိုလိုရင်းက ဒအကြံအစည် အတွေး အခေါ်မှားရှိသူဟာ တန်ဖိုးရှိတဲ့အရာတွေနဲ့ လွဲချော်တတ်ကြောင်း၊ ဝါဒတစ်ခုကို ယုံကြည်ထားသူတစ်ယောက်အဖို့ အ ကြောင်းကြောင်းကြောင့် သူယုံကြည်ရာကို စွန့်လွှတ်ဖို့ ခက်ခဲကြောင်းကို ဗုဒ္ဓြွက ဟောထားတာ။ စဉ်းစားဆင်ခြင်စရာ အလွန် ကောင်းပါတယ်။

ယဉ်ကျေးမှုသင်တန်းအကြောင်း ရေးမယ်ဆိုတော့ ခဏရပ်ကာ စဉ်းစားမိတယ်။ ၁ဝ နှစ်တာဖြတ်သန်းလာခဲ့တဲ့ သင်တန်းမှာ ဘာတွေတွေ့ခဲ့သလဲလို့။ စဉ်းစားမိတော့ ကလေးငယ်တွေရဲ့ ဆင်ခြေလေးတွေအကြောင်း သွားသတိရမိလိုက်တယ်။ ဒါကြောင့် သူတို့ကို စာရေးသူက “You have so many excuse …” လို့ ပြောလေ့ ရှိခဲ့တယ်။

ဥပမာအနေပြောရလျင် သင်တန်းချိန် တစ်ချိန်နဲ့တစ်ချိန်ကြားမှာ အပေါ့အပါးသွားဖို့၊ ရေသောက်ဖို့ အချိန်ပေးထားတာ။ အဲဒီ အချိန်များမှာဆို ရေသောက်ဖို့၊ အပေါ့အပါးသွားဖို့ စိတ်မကူးဘူး။ အတန်းတက်ဖို့ အချိန်ရောက်ပြီဆိုမှ၊ ဒါမှ မဟုတ်လည်း အတန်းထဲမှာထိုင်ပြီးလို့ ငါးမိနစ် ဆယ်မိနစ်ခန့်ရှိပါမှ ရေသောက်သွားချင်တယ်၊ အိမ်သာသွားချင်တယ်လို့ အကြောင်းပြဆင် ခြေပေးတာမျိုး။ အတန်းနောက်ကျနေလျင်လည်း ဟိုဟာဖြစ်နေလို့၊ ဒီဟာဖြစ်နေလို့လို့ ဆင်ခြေပေးတတ်တာမျိုး။ အဲဒီလို ဆင်ခြေပေးလေ့ရှိတာကလည်း ဆင်ခြေအမြဲပေးတတ်တဲ့ ကျောင်းသားအနည်းငယ်ကသာ ထပ်ကာထပ်ကာပေးတတ်တာပါ။ အများစုက ပေးလေ့မရှိပါဘူး။

ကျောင်းပေါ်မှာ ပြေးလွှားနေလို့ ဟေ့ ဟေ့ မပြေးရဘူးလေလို့ ပြောတဲ့အခါမျိုးမှာ သူပြေးချင်လို့ ပြေးတာ မဟုတ်ဘူး။ နောက်က ဟိုကောင်လိုက်လို့ ပြေးရတာလို့ ဆင်ခြေပေးတတ်တာမျိုး။ စာသင်ခန်းထဲ စက္ကူစုတ်တွေပစ်ချ လို့ မပစ်ရဘူးလို့ သတိပေးတဲ့အခါမျိုးမှာဆိုလျင်လည်း အတန်းပြီးတဲ့အခါ သူပြန်ကောက်သွားမှာပါလို့ အကြောင်းပြတာမျိုး စသဖြင့်ပေါ့။ ပြန်ကောက်မယ်လို့သာ ပြောပေမယ့် အတန်းပြီးလို့ သူများတွေ အတန်းကထွက်တာနဲ့ သူပစ်ထားတဲ့စက္ကူစုတ် မပြောနဲ့၊ သူ့မှာပါလာတဲ့ စာအုပ်တွေ၊ ခဲတန်တွေ၊ အကျီစတာမျိုးတွေကိုတောင်မှပဲ ကောက်ရမှန်းမသိပဲ အလျင်ဦးအောင် ထပြေးတတ်တာမျိုးကိုပင် တွေ့ရတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ။ ကလေးတွေပြုလုပ်တတ်တဲ့ excuse လေးတွေကတော့ သိပ်ပြီး အပြစ်တင်ဖွယ် မဟုတ်ပါဘူး။ အများနဲ့ နေ ထိုင်ရာမှာ စည်းကမ်းတကျဖြစ်အောင်သာ ပြောပြရပေမယ့် သူတို့စိတ်ထဲမှာ မတရားလှည့်ဖြားလို၊ ကိုယ့်ကိုယ်ကိုရော သူတစ် ပါးကိုပါ ထိခိုက်နစ်နာစေလိုတဲ့ စေတနာဆိုးမျိုး ရှိလိမ့်မယ်လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အသက်အရွယ်တွေကြီးရင့်၊ အသိ ဥာဏ်တွေလည်း ကြီးရင့်၊ ပညာတွေလည်း ရှိလာချိန်မျိုးရောက်သူတွေရဲ့ excuse လုပ်တာမျိုး၊ ဆင်ခြေအမျိုးမျိုး ပေးနေတာ မျိုးကတော့ ဆင်ခြေပေးနေသူအတွက်လည်း မကောင်းသလို ပတ်ဝန်းကျင်အတွက်လည်း အလွန်ထိခိုက်ပါတယ်။

အသက်အရွယ်တွေကြီးရင့်၊ အသိဉာဏ်တွေလည်းရှိပါလျက်ကယ်နဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်မျိုးကို လုပ်လိုတဲ့အခါ၊ လုပ်သင့်လုပ်ရမည့် အလုပ်မျိုးကို မလုပ်လိုတဲ့အခါ စာရေးသူတို့က အကြောင်းအမျိုးမျိုး၊ ဆင်ခြေအမျိုးမျိုး ပြလေ့ရှိတတ်ပါ တယ်။

တချို့အလုပ်တွေက မလုပ်သင့်ဘူးလို့ ကိုယ့်ကိုယ်ကို သိနေတယ်။ ဒီလိုလုပ်ခြင်းဟာ မတရားဘူး၊ မမျှတဘူးရယ်လို့ ကိုယ်ကိုယ်တိုင်လည်း နားလည်တယ်။ ကိုယ့်အပေါ်ကို အခြားသူတစ်ဦးဦးက ဒီလိုလာလုပ်လျင် ကိုယ်ကိုယ်တိုင် ကြိုက်နိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း ကိုယ်သိနေတယ်။ ဒါပေမယ့် ဒီမလုပ်သင့်တဲ့အလုပ်ကို ကိုယ်လုပ်လိုက်လျင် ကိုယ့်အတွက် အကျိုး ရှိမှာပဲ၊ အမြတ်ရမှာပဲလို့ တစ်ဖက်မှာ ကိုယ်ကယုံကြည်နေတယ်။

ဒီအခါမျိုးမှာ ကိုယ်ရမည့်အကျိုးရလဒ်ကို မစွန့်လွှတ်ချင်တာ၊ ရယူပိုင်ဆိုင်ချင်တာကြောင့် ဒီလို မလုပ်သင့်တဲ့အလုပ်မျိုးကို လုပ်နိုင်ဖို့အတွက် သူတစ်ပါးတွေကို ဦးစွာ လှည့်စားရတယ်။ လှည့်စားရတာတွေထဲမှာ သူတစ်ပါးမသိစေဖို့ ဖုံးဖိတဲ့နည်းတွေ၊ လိန်ညာတဲ့နည်းစတာတွေကို သုံးရတယ်။

ဒီလောက်နဲ့ မပြည့်စုံဘူး၊ မလုံလောက်သေးဘူးဆိုလျင်လည်း ကိုယ့်ကိုယ်ကိုပါ ပြန်လည်လှည့်စားရတော့တယ်။ ကိုယ့်လုပ်ရပ် တွေအတွက် ကိုယ့်ကိုယ်ကို ပြန်လည် excuse လုပ်ရတော့တယ်။

ကိုယ့်ကိုယ်ကို လှည့်စားတာကို ကိုယ်ကသိနေလေတော့ ကိုယ့်လိပ်ပြာကို မလုံခြုံသလို ခံစားရတယ်။ ဒီတော့ အဲဒီလိပ်ပြာမလုံခြုံတဲ့ဒဏ်ကို ကာကွယ်ရအောင် နည်းအမျိုးမျိုးကြံဆရ တယ်။ အဲဒီအတွက် စိတ်ဓာတ်ခွန်အားတွေသုံးရတယ်။

ရိုးသားစွာလုပ်ရတဲ့ အလုပ်အတွက် သုံးရတဲ့စိတ်ဓာတ်ခွန်အားထက် မရိုးသားတာကို မရိုးသားမှန်းလို့သိပါလျက် လုပ်ရရာမှာ သုံးရတဲ့စိတ်ဓာတ်ခွန်အားက ပိုမိုအင်အားတွေ ကုန်ခန်းစေတယ်။ ကိုယ်ရောစိတ်ပါ ပိုမိုနွမ်းနယ်စေတယ်။ ကောင်းတာလုပ်ဖို့၊ မှန်တာလုပ်ဖို့ ခွန်အားတွေ မကျန်သည့်တိုင်အောင်တောင် ဖြစ် သွားတတ်ပါတယ်။

ကိုယ်လုပ်ချင်တာ လုပ်လိုက်ရတဲ့အတွက်၊ ကိုယ်လိုချင်တာ ရလိုက်တဲ့အတွက် အပေါ်ယံ ယာယီအခိုက်အတန့်မျှတော့ ငါ လုပ် နိုင်တာပဲ၊ ငါရလိုက်တာပဲဆိုပြီး ကျေနပ်သလို ပျော်ရွှင်ရသလို ခံစားကောင်း ခံစားနိုင်မယ်။ ကိုယ့်ကိုယ်လည်း စွမ်းနိုင်သူ၊ လုပ် နိုင်သူရယ်လို့ ထင်ကောင်းထင်နိုင်မယ်။

ဒါပေမယ့် ဒီပျော်ရွှင်မှု ၊ ဒီခံစားမှုဟာ ဘယ်နည်းနဲ့မှ အမြင့်ဆုံး ကြည်နူးကျေနပ်မှုနဲ့ ပျော်ရွှင်မှု မဖြစ်စေနိုင်ပါဘူး။ ဒီမတရားလုပ်လိုက်ရတဲ့အတွက် ရလာတဲ့အရာပေါ်မှာသာ အမြင့်ဆုံးပျော်ရွင်မှုကို မရတာလား ဆိုတော့ မဟုတ်ပါဘူး။ အခြားသော တရားသဖြင့် လုပ်ရာကနေ ရတာတွေနဲ့ ပတ်သက်ပြီးတော့လည်း အဆုံးစွန် ပျော်ရွင်မှု မျိုး၊ ကျေနပ်မှုမျိုးကို ဒီလိုသူတွေမှာ လုံးဝမရစေနိုင်တော့ပါဘူး။ ညစ်နွမ်းတဲ့ စိတ်ဓာတ်တွေ၊ လုပ်ရပ်တွေကနေ ကူးယှက်လိုက် တဲ့ ဒဏ်ချက်တွေဟာ ဆိုးရွားလွန်းလှပါတယ်။ ဒီအခြေအနေမျိုးကို ကိုယ့်ကိုယ်ကို ပြန်လည်သတိထားသုံးသပ်ကြည့်လျင် တွေ့ နိုင်ပါတယ်။

မသန့်ရှင်းတဲ့ စိတ်ဓာတ်ကိုအခြေခံပြီး ရလာတဲ့ ဘယ်ရလဒ်မှ အဆုံးတိုင်သော ပျော်ရွှင်မှုကို မဖြစ်စေနိုင်ဘူးဆိုတာ ဗုဒ္ဓြွက လည်း ဆုံးမထားတယ်။ ဒါဟာ ဗုဒ္ဓစကား ဖြစ်လို့ ဘာသာရေးအဆုံးအမကို လက်မခံနိုင်သူ ရှိကောင်းရှိနိုင်မယ်။ ဒီလို ဘာသာ ရေး လက်မခံလိုသူတွေအတွက် ပြောရလျင် ဒီအယူအဆဟာ ဗုဒ္နသာလျင်မဟုတ်၊ ယနေ့ကမ္ဘာာက အသိအမှတ်ပြုလက်ခံထား တဲ့ စိတ်ပညာရှင်ကြီးတွေကိုယ်တိုင်လည်း ဒီအယူအဆကို လက်ခံကြပါတယ် ဆိုတာကိုပါ။

လုပ်သင့်တာကို မလုပ်လိုလို့ ကိုယ့်ကိုယ်ကို excuse လုပ်ရာမှာလည်း အလားတူပါပဲ။ ကိုယ်ဘာကြောင့် ဒီအလုပ်ကို မလုပ်ထိုက်ကြောင်း ဆင်ခြေအမျိုးမျိုး၊ အကြောင်းအမျိုးပေးကာ ရှောင်ရှားတတ်ပါတယ်။

ကိုယ့်ရှောင်ရှားမှုဟာ လူမှုရေး၊ ဘာသာရေးစတဲ့ ရှုထောင့်တွေကနေကြည့်လျင်လည်း သင့်တင့်တယ်။ ယုတ္တိရှိတယ်လို့ ကိုယ့်ဆင်ခြေနဲ့ကို ပြန်ပြီး သက်သေ ထူတတ်တယ်။ ကိုယ်နဲ့ သဘောထားတူသူ၊ ကိုယ့်အယူအဆကို ထောက်ခံပံ့ပိုးပေးမည့်သူမျိုးကိုလည်း ရှာဖွေတယ်။ ဘယ် လို ပင် ဆင်ခြေပေးပေး၊ သက်သေရှာရှာ။ ကိုယ့်မှာလုပ်သင့်တဲ့ တာဝန်ရှိနေတယ်ဆိုတာကိုတော့ အတွင်းစိတ်က ကိုယ့်ကိုယ်ကို သိနေတယ်။ ဒါကြောင့် ယာယီအခိုက်အတန့်ဖြစ်ဖြစ်၊ သက်သာရာရစေဖို့ လှည့်စားဖုံးကွယ်စရာ တစ်နည်းနည်းကို အသုံးပြု ရတယ်။

အဲဒီလို သူတစ်ပါးတွေကိုလှည့်စားဖုံးကွယ်ခြင်း၊ ကိုယ့်ကိုယ်ကို လှည့်စားဖုံးကွယ်ခြင်းတွေဟာ အလေ့ကနေ အကျင့်၊ အကျင့် ကနေ အထုံဝါသနာအထိဖြစ်လာကာ စွန့်လွှတ်ဖို့ ခက်ခဲတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်က မရိုးသားမှု၊ မတရား လုပ်မှုနဲ့ ယဉ်ပါးလာတာကြောင့် ပိုမိုဆိုးတဲ့ အကုသိုလ်မျိုး၊ မတရားမှုမျိုးကိုလည်း တိုးတိုးပြီးတော့ လုပ်လာနိုင်ပါတယ်။

ဒီနေ့သင်ကြားပေးမည့်သင်တန်းမှာ သိဉ္စည်းဆရာကြီးနဲ့ ပတ်သက်ပြီး အကြံအစည်မှားကို အခြေခံလို့ အနှစ်သာရရှိတဲ့ အမှန်တရားကို ဘယ်သောအခါမှ မရနိုင်ဘူးဆိုတဲ့ သာရိပုတ္တတ္ထေရအကြောင်းကို ပြောပြဖို့စိတ်ကူးထားတယ်။

အတွေးအခေါ်အယူ အဆမှား၊ အကြံအစည်မှားတွေဟာ အလွန်မှ ကြောက်စရာကောင်းပါတယ်။ ဒါကြောင့် အကြံအစည်မှား၊ အတွေးအခေါ်မှား တွေရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကိုယ့်ကိုယ်ကို လှည့်စားရခြင်း၊ ကိုယ့်ကိုယ်ကိုပဲဖြစ်ဖြစ်၊ အများကိုပဲဖြစ်ဖြစ် မမှန်ကန်တဲ့ excuse လုပ်ရခြင်းတွေ မများစေဖို့၊ ဖြစ်နိုင်ပါလျင် လုံးဝမရှိစေဖို့ နေထိုင်သွားသင့်ကြောင်း ပြောပြချင်ပါတယ်။

၁ဝ ကြိမ်မြောက် ယဉ်ကျေးမှုသင်တန်းနဲ့ ဒီဆောင်းပါး တိုက်ရိုက် သက်ဆိုင်တယ်၊ မသက်ဆိုင်ဘူးဆိုတာ ရေးသူကိုယ်တိုင်ကတော့ ဘာမှ မဆုံး ဖြတ်ချင်ပါဘူး။ ရေးဖို့တောင်းဆိုတဲ့ ဒကာကိုမောင်ရစ်သာ ဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်။ နာရီကလည်း နံနက် ၄ နာရီ ၄ဝ ရှိပြီ။ ဘုရားဝတ်တက်ဖို့အတွက် ကိုယ်လက်သန့်စင်ရတော့မှာမို့ ဒီစာကို ဒီမှာပဲ အဆုံးသတ်ပါရစေတော့။ ။

သြဂုတ်လ ၃ ရက်၊ နံနက် ၄း၄၂ ၊၂ဝဝ၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်