>Htoo Eain Tin by Kyi Lin Aye

August 14, 2008

>

ထူးအိမ်သင် (၁၉၆၃-၂၀၀၄)

ဝေးကွာသော အရပ်မှ ဝေးကွာသော အရပ်သို့

ကြည်လင်အေး
သြဂုတ် ၁၂၊ ၂၀၀၈

၁၉၈၇ မှာ ‘နာရီပေါ်က မျက်ရည်စက်များ’ သီချင်း အယ်လ်ဘမ် ထွက်ပေါ်လာပါတယ်။ သီချင်းတွေက ဆိုလို့၊ တီးလို့ကောင်းတယ်။ တေးသွားလေးတွေက မြူးကြွတယ်၊ ဆန်းသစ်တယ်။ ၁၉၈၇ဟာ လူငယ်တွေ ဆိုကြ၊ တီးကြ၊ ပျော်ကြ၊ ရွှင်ကြတဲ့ ပွဲလမ်းတွေ နိုင်ငံအနှံ့က တက္ကသိုလ်၊ ကောလိပ်တွေမှာ မောင်မယ်သစ်လွင် ကြိုဆိုပွဲ fresher welcome ဆိုပြီး ပွဲတပွဲ၊ ဆရာကန်တော့ပွဲ ဒါမှမဟုတ် နောက်ဆုံးနှစ် ကျောင်းသားတွေကို နှုတ်ဆက်ပွဲ farewell ဆိုပြီး ပွဲတပွဲ ကျင်းပနေကြတာပါ။ ပွဲတွေတိုင်းလည်း ကျောင်းသူကျောင်းသားတွေ ကိုယ်တိုင် ပါဝင်သီဆို တီးခတ်မှုတွေနဲ့ ဝေေ၀ဆာဆာ စည်စည်ကားကားပါ။

ဒီလို ပျော်ရွှင်စည်ကား သာယာတဲ့ ပွဲတွေအပေါ် ‘နာရီပေါ်က မျက်ရည်စက်များ’ သီချင်းခွေက သိမ်းပိုက်သွားတယ်လို့ ပြောရလောက်အောင် ကျောင်းသား ဂီတပွဲတိုင်း ‘မေ့လိုက်တော့’ ကို ဆိုချင်သူ သုံးဦး၊ ငါးဦး၊ ‘သူပန်ထားတဲ့ ပန်းနီနီ’ကို ဆိုမယ့်သူက နှစ်ဦး၊ သုံးဦး ဖြစ်သွားခဲ့တော့တာပါ။ ဒါမျိုးက နေရာ တနေရာတည်းမှာ မဟုတ်ဘူး။ တောင်ကြီးကောလိပ်မှာ၊ မြစ်ကြီးနားနဲ့ မော်လမြိုင်ကောလိပ်တွေမှာ၊ မန္တလေးနဲ့ မော်လမြိုင် တက္ကသိုလ်တွေမှာ ကျောင်းပွဲတွေလုပ်တိုင်း ကျောင်းသားတွေက ထူးအိမ်သင်ရဲ့ သီချင်းတွေချည်းပဲ ဆိုချင်ကြတာပါ။

၁၉၈၈ မှာ ‘မှော်ဆရာအိပ်မက်’အယ်လ်ဘမ် ထွက်ပါတယ်။ ဂီတမှာ အာရုံစူးစိုက်လွန်းသူတွေရဲ့ လမ်းကို ထူးအိမ်သင်လည်း လိုက်ခဲ့တယ် ပြောရမှာပါ။ ပထမ သီချင်းခွေ အောင်မြင်သွားကြရင် ဒုတိယ သီချင်းခွေဟာ ဂီတပညာရပ်ပိုင်းအရ ပညာသားပါတဲ့ တေးသွားတွေ၊ သီချင်းတွေကိုပဲ ဆိုပြကြတာက မြန်မာဂီတနယ်မှာ ခပ်များများပါ။ အခု ‘မှော်ဆရာအိပ်မက်’မှာလည်း ပထမထွက်ခဲ့တဲ့ သီချင်းအယ်လဘမ်လို လိုက်ဆိုလို့၊ တီးလို့ လွယ်ကူတဲ့ သီချင်းတွေ သိပ်မပါတော့ဘဲ တီးခတ်မှုအပိုင်းရော၊ သီဆိုမှအပိုင်းပါ ပညာပါတဲ့ သီချင်းလေးတွေ ပါဝင်လာခဲ့ပါတယ်။ ဥပမာ ‘နတ်မိမယ်’ သီချင်းဆိုရင် ဒီကနေ့အထိ အဆိုပညာလေ့လာထားသူတွေ ပြန်ဆိုကြတာတောင် လွန်ခဲ့တဲ့ ၁၅ နှစ်က ထူးအိမ်သင် ဆိုထားတဲ့ jazz စတိုင် တိုင်မင်အ၀င်အထွက် အရသာတွေကို မမီခဲ့တာ တွေ့နေရပါတယ်။ သီချင်းအယ်လ်ဘမ်တွေ ၁၉၈၇မှာ စပြီး ရေးစပ် သီဆို ထွက်ပေါ်လာတဲ့ ထူးအိမ်သင်ဟာ ဖော့စ်ထရော့၊ ချာချာ၊ ဂိုးဂိုး၊ ဘော့စနိုဗာတို့ စနစ်မကျတကျနဲ့ ဒဿနတွေ၊ စကားလုံးတွေဘက် ပိုပြီး အားပြုကြရင်း ဂီတသစ်ကို ပျိုးထောင်နေကြတဲ့ မြန်မာ ကိုယ်ပိုင်တေးသွား လှုပ်ရှားမှုထဲမှာ တေးဂီတဖွဲ့စည်းမှု စနစ်တကျနဲ့ ကိုယ်တိုင်လည်းရေး၊ ကိုယ်တိုင်လည်း ဆိုသူတယောက် အနေနဲ့ ထူးခြား တောက်ပစွာ ပေါ်ထွက်လာခဲ့တာလို့ ဆိုရမှာပါ။ ဒါပေမယ့် ဂီတကို စနစ်ကျချင်လွန်းအားကြီးလေတော့ ကိုယ်ပိုင်ဟန် မရခင် ကာလ တလျှောက်လုံး အနောက်ကRock & Rollခေတ်ဦးဟန်တွေ လွှမ်းခဲ့တာ သူ့သီချင်းတွေမှာ တွေ့ရတာပါပဲ။

၁၉၈၉-၉၀ တွေမှာ ‘သက်ငြိမ်’သီချင်းအယ်လ်ဘမ် ထွက်ခဲ့ပါတယ်။ ‘သက်ငြိမ်’ရဲ့နောက် ‘အတ္တပုံဆောင်ခဲများ’၊ ‘အကြင်နာအိပ်မက်’၊ ‘အရင်အတိုင်း’ စတာတွေ တနှစ်ကိုတခွေ ဆိုရမလို ၁၉၉၃ အထိ သီချင်းအယ်လ်ဘမ်တွေ သီဆိုဖြတ်သန်းလာပါတယ်။ ၁၉၉၄ – – – ။

အဲဒီ ၁၉၉၄ မှာတော့ ‘စကားလုံးမရှိတဲ့ကောင်းကင်’ဆိုတဲ့ အယ်လ်ဘမ် ထွက်လာပါတယ်။ ဒီသီချင်းအယ်လ်ဘမ်နဲ့အတူ သူ့ရဲ့ ပုသိမ်က သူငယ်ချင်း ပန်းချီသမား၊ ကဗျာသမား မြင့်မိုးအောင်ဟာ သီချင်းရေးသူအဖြစ် ပေါ်ထွက်လာခဲ့စေပါတယ်။

ထူးအိမ်သင်ရဲ့ သီချင်းတွေထဲက ‘ရာဇ၀င်များရဲ့ သတို့သမီး’ ဆိုပြီး ဧရာဝတီမြစ်ကြီးအကြောင်း ရေးတဲ့သီချင်းမှာတော့ သူဖန်တီးချင်တဲ့ ဂီတမျိုး သူ့အတွက် ရောက်မရောက် မသိပေမယ့် ကိုယ့်အတွက် သူ့ကို နားလည်လို့ ရသွားခဲ့ပါပြီ။ ထူးအိမ်သင်ကို ကိုယ်ပိုင်တေးသွား၊ ကိုယ်ပိုင် သီချင်းစာသား၊ ကိုယ်ပိုင် ဒဿန ပီပီပြင်ပြင် ရှိသူပါလားလို့ ကောင်းကောင်း နားလည်ခွင့် ရလိုက်ပါတယ်။

တဖြည်းဖြည်း နားလည်ခွင့်ရတာတွေထဲမှာ သူဟာ ဂီတနယ်ထဲမှာနေ၊ ဂီတနဲ့ ရေရှည်ခရီးဆက်နိုင်ဖို့၊ ခေတ်နဲ့ ဝေးမသွားဖို့၊ ခေတ်ကို မခွဲခွာဖို့၊ လူငယ်တွေရဲ့ ရှေ့နား မနီးမဝေးကနေ လူငယ်တွေ လိုက်ပါလာဖို့ (အချိန်ပေးစောင့်ဆိုင်း စုယူရတဲ့ ကိုယ်ပိုင်တေးသွား ကိုယ်ပိုင်စာသားတွေ ဖန်တီးရမှာ ဖြစ်သလို) ကော်ပီလို့ ခေါ်တဲ့ နိုင်ငံတကာတေးသွားထဲကို ခေတ်ရဲ့ ရင်ခုန်သံ စာသား ရေးဖွဲ့ထည့်သွင်းတဲ့ သီချင်းအမျိုးးအစားတွေနဲ့လည်း ဖြတ်သန်းရဦးမယ်လို့ သူ ခံယူသွားတဲ့အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။

သူနဲ့ မြင့်မိုးအောင်တို့ရဲ့ ‘စကားလုံးမရှိတဲ့ကောင်းကင်’ အရမ်းအောင်မြင်ခဲ့ပါတယ်။ အဲဒီတုန်းက ထိသမျှ ရွှေဖြစ်နေတဲ့ နှင်းဆီလှိုင်း တေးထုတ်လုပ်ရေးရဲ့ တပွင့်ပြီးတပွင့် ဖူးပွင့်ကြတဲ့ နှင်းဆီတွေထဲမှာ ‘စကားလုံးမရှိတဲ့ကောင်းကင်’အယ်လ်ဘမ်ဟာ အထင်ကရတခု ဖြစ်ခဲ့ပါတယ်။ ကော်ပီလို့ ခေါ်နေကြတဲ့ သီချင်းတွေထဲမှာ မြင့်မိုးအောင်ရဲ့ အတွေးနဲ့ အရေးက မာမာတင်းတင်းနဲ့ ခပ်နက်နက်ရှိုင်းရှိုင်း ဖြစ်အောင် ရေးဖွဲ့ခဲ့တာတွေက တဘာသာ ကွဲနေခဲ့တာကြောင့်လို့ ဆိုရပါမယ်။ ထူးအိမ်သင်က မြင့်မိုးအောင်ဆီမှာရှိနေတဲ့ အတွေး အတွင်းသားကို နားလည်ပါးနပ်စွာ သူ့အနုပညာနဲ့ ပေါင်းပြီး တင်ဆက်တတ်တာကလည်း တကြောင်းလို့ ပြောရပါမယ်။

၁၉၉၄-၉၅ ကျတော့ ကျနော် ရန်ကုန်ရောက်ပါပြီ၊ ရန်ကုန်ပါး နည်းနည်းဝပါပြီ။ ထူးအိမ်သင်ကို မြင်ဖူးနေပါပြီ။ ထူးအိမ်သင်ဆိုတာ လူတမျိုးဖြစ်ကြောင်း ကြားဖူးနေပါပြီ။

ရန်ကုန် အောင်ဆန်းကွင်းက သူ့ရဲ့ Unplugged Live။ သူ့ဒေါသ၊ သူ့ရဲ့ တဖက်စွန်းတွေ ကြားသိနေခဲ့ရပါပြီ။ သူ တကယ့်လူပါလား။

လေ့လာဆည်းပူးအား ကြီးလွန်းသူတွေတိုင်းလိုလို အစွန်းတဖက်ကို ရောက်သွားတတ်ကြတာဟာ လောကရဲ့ ဓမ္မတာ။ ထူးအိမ်သင်ဟာ စာရေးတဲ့လင်းထက်၊ ကဗျာရေးတဲ့ သျှပ်မှူးကျော်ကနေ ဂီတသမား ထူးအိမ်သင်အဖြစ် ပေါက်မြောက်သွားတဲ့အခါ ဂီတရဲ့ နက်ရှိုင်း ညှို့ငင်မှုထဲ သူ တကယ်ပဲ ကျရောက်ပြီလား။ ဘယ်အရာမဆို လိပ်ပတ်လည် ဘ၀င်ကျ၊ ဆုံးခန်းတိုင်တဲ့အထိ သိနားလည်ရမှ ဆိုတဲ့ သူ့စရိုက် သဘာဝဟာ အဆုံးဘယ်မှာ မဆိုနိုင်တဲ့ ဂီတ ဟင်းလင်းပြင်ကြီးထဲ မပြီးနိုင် မဆုံးနိုင် အမောတကော ရှာဖွေ စမ်းသပ်ခြင်းတွေနဲ့ လုံးထွေးခဲ့ပြီလား။

သူနဲ့ မြင့်မိုးအောင် ‘မြို့ပြလရောင်တမ်းခြင်း’အယ်လ်ဘမ်ကို သီချင်း ၆ ပုဒ်လောက်နဲ့ ထုတ်ဖြစ်ခဲ့ပါသေးတယ်။ ၁၉၉၆ နောက်ပိုင်းတော့ သီချင်းခွေ ကျဲသွားခဲ့တယ်။ အတွဲခွေထဲမှာ တပုဒ်စ နှစ်ပုဒ်စ ၀င်ဆိုခဲ့တယ်။ တကိုယ်တော် ထွက်ပြန်တော့လည်း သူ တကယ်ဖြစ်ချင်တဲ့ ဂီတဖွဲ့စည်းပုံမျိုး ထုတ်ပြတာ မဟုတ်။ လေ့ကျင့်ခန်းဆင်းတာမျိုး ဆန်ဆန်သာ။ အယ်လ်ဘမ်နာမည်တွေကတော့ ထားပါတော့။ တကယ်အားထည့်ပြီး မကြိုက်မချင်း ပြင်ဆို၊ ပြင်တီးနေတဲ့ ‘နှစ်ချို့ဝိုင်’ထွက်မလာတာကလည်း သူဖြစ်ချင်နေတဲ့ ဂီတ အနုပညာနဲ့ သူနဲ့ အနီးအဝေးပဲလားတော့ မသိ။

ဘာသာရေး အတွေးဒဿနပါတဲ့ သီချင်း နှစ်ပုဒ်သုံးပုဒ်လည်း သူဆိုလိုက်သေး။ မဇ္ဈိမ၊ မဟာဝီရ ဗုဒ္ဓ။

နောက်ပိုင်းမှာ သူ လူရင်းထားပြီး ပေါင်းသင်းတဲ့ သူတွေရဲ့ ၀န်းကျင်ကို ကျနော်ရောက်နေလို့ သူ့စရိုက်သဘာဝ၊ သူ့အကြောင်း နားရည်ဝ ရင်းနှီးခွင့်ရ ဖြစ်နေပြီ။

၂၀၀၂ ခုနှစ်ကျတော့ ရုသ်ပက်ဒယ် ဆိုတဲ့ အင်္ဂလိပ် ကဗျာဆရာမတယောက် အလည်အပတ်ခရီး၊ စာပေခရီးလာရာကနေ ရန်ကုန်မှာ ဇေယျာလင်း၊ မင်းထက်မောင်၊ ငြိဏ်းဝေ၊ မြင့်မိုးအောင်၊ စောဝေ၊ စန်းဦးတို့ အဓိက ပင်တိုင်အဖြစ် စုပြောဖြစ်ကြတဲ့ ကဗျာဝိုင်းကလေး ထွက်ပေါ်ခဲ့ပါတယ်။ တလတခါ လတလရဲ့ ပထမဆုံး သောကြာနေ့ ညနေတွေမှာ ဆုံဖြစ်ခဲ့ကြတာပါ။ အံ့သြဖွယ်ရာ တိတ်ဆိတ် စူးစိုက်စွာ သူ လာနားထောင်ပါတယ်။ အင်မတန် နည်းပါးတဲ့ ဆွေးနွေးမှုလေး တချို့ပဲ သူ လုပ်တတ်ပါတယ်။

ဂီတရဲ့ နက်ရှိုင်းမှုတွေထဲ တိုးဝင်ရှာဖွေကာ ကြယ်ရောင် ပြိုးပြက်တဲ့ ဂီတရပ်ဝန်း မျက်နှာစာကို ပုန်းခဲ့သူဟာ ကဗျာအကြောင်း အထူးသဖြင့် လွတ်လပ်တဲ့ ခေတ်ပေါ်ကဗျာအကြောင်း ငြင်းခုံမှုကင်းတဲ့ စကားဝိုင်းကိုတော့ ကြိုးကြားကြိုးကြား ရောက်လာ ပါဝင်ခဲ့ရင်း သူ အာရုံစူးစိုက်ထားတဲ့ မြန်မာ့ဂီတ ခရီးကာလ အရှည်ကြီးထဲက ကဗျာနဲ့ နွယ်တဲ့ သဘောတရား တစွန်းတစကိုလည်း ပြောတတ်ဆိုတတ် သုံးသပ်ကြည့်နေတတ်တာလည်း ကြုံဆုံခဲ့ရပါတယ်။

ကျနော်က ကဗျာဝိုင်းမှာ နားထောင်သူ၊ မှတ်တမ်း သဘောလေးတွေ ပြုစုပေးသူ၊ ဒီစကားဝိုင်းကို လာတဲ့အခါ သူက သူ့ပင်ကိုစရိုက်နဲ့ ကွဲပြားစွာ စူးစူးစိုက်စိုက် ငြိမ်ငြိမ်အေးအေး နေထိုင်တတ်တာကြောင့် ကျနော် သူနဲ့ နီးသွားပြီလို့ ထင်မှတ်ခဲ့တယ်။

စကားဝိုင်းကာလတွေ ပြီးရင်တော့ ထမင်း စုစားကြတယ်။ တခါတရံ ယမကာလည်း ပါတတ်တယ်။ ကဗျာဝိုင်းက ထမင်းဝိုင်းကို ကူးရင်တော့ သူ့အသံ နည်းနည်းပြန်ကြားရတတ်တယ်။

၂၀၀၂ ထဲမှာ အနုပညာပေါင်းကူး ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာအောင် နိုင်ငံရပ်ခြားက လာရောက် ၀ိုင်းဝန်းတဲ့ NICA အဖွဲ့က ကျနော်တို့ ကဗျာဝိုင်း အပါအ၀င် ကဗျာမြတ်နိုးသူတွေကို ဖိတ်ကြားပြီး ခေတ်ပေါ်ကဗျာ အခမ်းအနားလေး လုပ်တော့ ကဗျာဖတ်သူ ရှုထောင့်ကနေ ရေးထားတဲ့ ကျနော့် စာတိုလေးတပုဒ်ကို အခမ်းအနားထဲမှာ ဖတ်ကြားသူက ‘ထူးအိမ်သင်’ပါ။ (ကျနော်က အဲဒီပွဲကို မတက်ဖြစ်လိုက်ပါ။)

အဲဒီလို ကြုံဆုံမှုတွေနဲ့ နီးလာပြီလို့ ထင်မှတ်ထားခဲ့တယ်။ ရှေ့ဆက်ပြီး အဓိပ္ပာယ်ရှိတဲ့ အနုပညာအ၀န်းအ၀ိုင်းတွေမှာ ရင်းရင်းနှီးနှီး ဆုံကြလိမ့်မယ်။ သူ ဖန်တီးတဲ့ ဂီတတွေကို ခံစားရင်း သူ့အနုပညာ ရမ္မက်ဇောကို မှန်းဆကြည့်ခွင့် ကြုံလိမ့်မယ်လို့ စိတ်ထဲမှာ ရှိနေတုန်းမှာပဲ ကျနော်တို့လို သာမန်လူတွေနဲ့ တော်တော်ဝေးတဲ့ အရပ်ကို သူ ထွက်ခွာသွားလိုက်ပြန်ပါပြီ။

ထူးအိမ်သင်ရဲ့ ငယ်ပေါင်း သူငယ်ချင်း မြင့်မိုးအောင်ကတော့ ပုသိမ်မှာ ပန်းချီ၊ ကဗျာ စတာတွေနဲ့ ၀ါသနာပါရာ စူးစူးစိုက်စိုက် လုပ်ကိုင်သူ ‘အနုပညာပိုး’ ဘ၀ကနေ တကယ့် ပရော်ဖက်ရှင်နယ် ခေတ်ပေါ်သီချင်းရေးသူဖြစ်အောင် သူ့ကို ဆွဲခေါ်ခဲ့တဲ့ သူ့ရဲဘော် ထူးအိမ်သင်ဟာ သီချင်းတွေကနေ လူနေမှုဘ၀ ပီပီပြင်ပြင် တည်ဆောက်ဖို့ကျပြန်တော့လည်း ‘အမေ(သို့မဟုတ်)မေတ္တာတော်ဘွဲ့’ အယ်လ်ဘမ်နဲ့ သူ့ကို ကူညီခဲ့ပြန်တဲ့အကြောင်း၊ အခု လတ်တလော မြင့်မိုးအောင်ရဲ့ ငယ်လက်ရာ ၀တ္ထုတိုတိုလေးတွေ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ စီစဉ်နေရာမှာ အင်္ဂလိပ်ဘာသာပြန်ကို ရေးပေးတဲ့ ပုသိမ်က ကိုတူးကို ထူးအိမ်သင်ဆုံးပါးတာကို ကြားပြီး ရောက်လာတာကြောင့် စာအကျအပေါက်မရှိအောင် စစ်ဆေးပေးခွင့် ကြုံသွားလို့ ကွယ်လွန်တာတောင် သူ့ကို အကျိုးပြုဖို့ဖြစ်နေသေးတယ်ရယ်လို့ မြင့်မိုးအောင်က ကြေကွဲစွာ ဆိုနေပါသေးတယ်။

ကျနော်တို့တတွေရဲ့ ၀န်းကျင်မှာ တန်ဖိုးကြီးတဲ့ အနုပညာတွေကို မွေးဖွားဖန်တီးခဲ့ကြတဲ့ အနုပညာရှင်တွေ လောကထဲကနေ ထွက်ခွာသွားတိုင်း ထိုက်တန်တဲ့ မှတ်မှတ်သားသား မော်ကွန်းထိုး ဂုဏ်ပြုနိုင်မှု အတော်နည်းပါးနေခဲ့တာ ကြာပါပြီ။ လုပ်သင့်မှန်း အသိထဲမှာသာ ရှိကြပေမယ့် လက်တွေ့စွမ်းဆောင်ဖို့တော့လည်း နှေးကွေးနေခဲ့ကြပါတယ်။ ဒီလို နှေးကွေးလျော့ရဲနေမှုတွေကို ရပ်တန့်စေပြီး လုပ်သင့်တာကို စလုပ်ဖြစ်ကြဖို့လည်း သူ့ရဲ့ အချိန်မတိုင်မီကြွေလွင့်မှုက ကျနော်တို့ကို နှိုးဆော်သလို ဖြစ်ခဲ့ရပါတယ်။

ထူးအိမ်သင်ရဲ့ ဂီတကို တန်ဖိုးထား သတိရစွာဖြင့်။

(မှတ်ချက် – ၂၀၀၄ အောက်တိုဘာလထုတ် သရဖူမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)