>Myint Moe Aung on Htoo Eain Thin

August 15, 2008

>

ထူးအိမ်သင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အမှတ်တရ

လွတ်လပ်သန့်စင်သော ချစ်ခြင်းအားဖြင့်
မြင့်မိုးအောင်
သြဂုတ် ၁၄၊ ၂၀၀၈

၁၃ ရက်နေ့ညနေ ဆေးရုံတက်ရကတည်းက စိတ်ထဲမှာ စိုးရိမ်နေခဲ့တာ။ သူရော ကျနော်ရော ၁၃ ဂဏန်းကို လုံးဝ မကြိုက်ကြ။ မှတ်မှတ်ရရ ကိုညီထွဋ်တို့နဲ့ ငွေဆောင်ကို လိုက်သွားဖြစ်တဲ့ Friday ၁၃ တရက်မှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ်တချို့က မမေ့စရာ။ အင်ပါယာတီးဝိုင်းရဲ့ Bass ဂစ်တာသမား ကိုဘိုမြင့် ရေနစ်လို့ မနည်း ကယ်ခဲ့ရတယ်။ ပြီးခဲ့တဲ့ညကတည်းက အိပ်နေတုန်း သူ့ခြေထောက်ကို ဆွဲချခံခဲ့ရသေးတယ် တဲ့။ နိုင်ငံခြားသားတယောက်ကတော့ မနက် ကော်ဖီတခွက် သောက်ပြီးကတည်းက ငါးမျှားထွက်လိုက်တာ သူ့စက်လှေပျက်နေလို့ ည ၁၀ နာရီလောက်မှ ငါးဖမ်းသင်္ဘောတစင်းနဲ့ ပြန်ရောက်လာခဲ့ရ။

စောပြန်သွားတဲ့ ကိုမီးပွားတို့လည်း ကားပျက်လို့ ဒါးကမှာ တညအိပ်လိုက်ရ။ ထူးအိမ်သင်နဲ့ ကျနော်နဲ့ကတော့ လူသေကောင်တွေပါတဲ့ ချောက်ချားစရာ အိပ်မက်တွေ ခဏခဏမက်။ ကိုရွှေနဲ့ ကျနော်လည်း ညဘက် အရိပ်စီးလို့ ဘုရားစာတွေ ရွတ်ကြရနဲ့။
ဒါပေမယ့် နောက်တရက် ပြန်လာခဲ့ချိန်လေးကတော့ ဘ၀မှာ ပျော်ရွှင်ကြည်နူးစရာပါ။ ကားပေါ်မှာ မြန်မာပုလွေသံကြားလို့ ကြည့်လိုက်တော့ သဘာဝတောတောင်တွေကို ငေးကြည့်ရင်း စိတ်လိုလက်ရမှုတ်နေတာ သူ။ ပြီးတော့ ကိုညီထွဋ်ရယ် ကိုမောင်မောင်လွင်ရယ် မြန်မာ့ဂီတအကြောင်းတွေ စိတ်ပါလက်ပါ ပြောဖြစ်ခဲ့ကြ။ ကျနော် သတိထားမိတာက သူ နောက်ဆုံး Album သွင်းမယ့် သီချင်းတွေမှာ အဲဒီ လူသုံးနည်းတဲ့ သဘာဝတူရိယာတွေကို အဓိက သူ သုံးခဲ့ချင်ပုံပါ။ နိုင်ငံခြားက ပြန်ရောက်လာတိုင်းလည်း ပုလွေအမျိုးမျိုး၊ ဟာမိုနီကာ၊ ဗုံလေးတွေ၊ ဂစ်တာသေးသေးလေးတွေ ၀ယ်လာပြီး တီးလိုက်၊ မှုတ်လိုက်၊ လေ့ကျင့်လိုက်။
သိပ်မကြာခင်မှာတော့ သူ့စိတ်ကို ရိပ်စားမိလာခဲ့ပါတယ်။ တကယ်ဆို သူဟာ နည်းပညာတိုးတက်မှုအရ ပြောင်းလဲပေါ်ပေါက်လာတဲ့ Computer Programming Music ကို တခြားသူတွေ လေ့လာလိုက်စားတာ အားပေးနှစ်သက်တဲ့လူတယောက်ပါ။ သူကိုယ်တိုင်လည်း မြန်မာပြည်ရဲ့ ပထမဆုံး Computer Music Programming လက်ရာအနေနဲ့ ‘မြို့ပြလရောင်တမ်းချင်း’ ဆိုတဲ့ Album တချပ်ကို မြတ်မြတ်နိုးနိုးနဲ့ ဖန်တီးခဲ့သူပါ။ ဒီအချိန်မှာတော့ အားလုံးက ဒီအပေါ်မှာပဲ အဓိက အားကိုးနေကြတော့ သူ တစုံတရာကို စိုးရိမ်သွားပုံရပါတယ်။ တူရိယာအသံအားလုံးကို Computerထဲမှာ ဖန်တီးရနေတော့ တူရိယာအစစ်တွေ၊ တူရီယာအစစ်တီးခတ်မှုတွေ တဖြည်းဖြည်းနဲ့ ကွယ်ပျောက်သွားမှာ သူ စိုးရိမ်နေခဲ့ပုံပါပဲ။ ဒါကြောင့် သူ နောက်ထပ်သွင်းမယ့် Albumကို အဲဒီလို တူရိယာအသစ်တွေနဲ့ ဖန်တီးကြည့်ဖို့ သူဆုံးဖြတ်လိုက်တာပါပဲ။
လက်ရှိခေတ်ကာလထဲမှာ အလုပ်ဖြစ်နေတဲ့ စီးပွားဖြစ်နေတဲ့ ခေတ်စားနေတဲ့ အရာတွေကို အဆင်သင့်လက်ခံပြီး အောင်မြင်မှုရအောင် လုပ်ဖို့ထက် တိမ်ကောပျောက်ကွယ်သွားနိုင်တဲ့ တခြားသူတွေ လှည့်မကြည့်လို့ နစ်နာဆုံးရှုံးသွားနိုင်တဲ့ ဂီတလောကရဲ့ ကွက်လပ်တွေကို ပင်ပန်းဆင်းရဲခံပြီး ဖြည့်စွက်ချင်တာ သူ့ရဲ့ ဂီတအပေါ် စစ်မှန်တဲ့ ချစ်မြတ်နိုးခြင်းပါ။ အဆိုတော်တယောက်အဖြစ် လွယ်လွယ်နဲ့ ပိုက်ဆံရမယ့် Stage Show တွေကိုလည်း အမြဲတမ်းလိုလို ငြင်းပယ်နေခဲ့ပြီး စင်နောက်ကနေ မထင်မရှားနဲ့ ဗုံလေးတီးလိုက်၊ ပုလွေလေးမှုတ်လိုက်၊ လိုအပ်တာကို ဖြည့်စွမ်းပေးချင်စိတ် အပြည့်အ၀ရှိတဲ့သူပါ။ ဂီတလောကရဲ့ အိမ်ဦးခန်းမှာထိုင်ပြီး စတိုင်ကျကျနဲ့ နေဖို့ထက် မီးဖိုချောင်တွေ၊ နောက်ဖေးခန်းတွေမှာ လိုအပ်နေတာတွေကို လိုက်လံရှာဖွေပြီး တာဝန်ယူ လုပ်ကိုင်ချင်တဲ့သူတယောက်ပါ။ ဂီတ ဆိုတဲ့ အိပ်မက်တခုကို စစ်စစ်မှန်မှန် ချစ်မြတ်နိုးခဲ့တော့ အဲဒီကနေ အကျိုးအမြတ် တစုံတရာ ရဖို့ထက် သပ်ရပ်လှပတဲ့ ဂီတအိမ်လေးဖြစ်ဖို့ လိုအပ်တဲ့ထောင့်ကနေ လွတ်လပ်သန့်စင်တဲ့ စိတ်ထားနဲ့ အသက်ရှင်နေထိုင်သွားခဲ့သူပါ။
ငွေဆောင်ခရီးကအပြန် ပိုပြီး ပျော်ရွှင်စရာကောင်းခဲ့တာကတော့ ပုသိမ်မှာ ကျနော်ရယ်၊ သူရယ်၊ ကိုရွှေရယ် ဆင်းကျန်ဖြစ်ခဲ့ကြတာပါပဲ။ ပုသိမ်ကို သူက သိပ်ပြီးသဘောကျပါတယ်။ အကြောင်းကတော့ ခပ်ညံ့ညံ့ ခပ်ဖျင်းဖျင်း မြို့ကလေး ဖြစ်နေလို့ပါပဲ။ ခရီးလမ်းဆုံးမြို့ဆိုတော့ စီးပွားရေးလည်း သိပ်မထွန်းကားဘူး။ ခေတ်နဲ့အမီလည်း လျင်လျင်မြန်မြန် လိုက်ပြီး မပြောင်းလဲနိုင်ဘူး။ မြို့သူမြို့သားတွေကလည်း အေးအေးဆေးဆေးပါပဲ။ အရေးတကြီး၊ အလောတကြီး၊ လုပ်ကိုင်စရာတွေလည်း ရန်ကုန်မြို့ကြီးမှာလို ဘာမှ သိပ်မရှိလှဘူး။ အေးအေးဆေးဆေး ပျင်းပျင်းရိရိ နေလို့ရလို့ ကျနော်တို့က ချစ်မြတ်နိုးရတဲ့ မြို့ကလေးပါ။ ကျနော်တို့ တက်ခဲ့ဖူးတဲ့ ကောလိပ်ဖက် လျှောက်သွားကြ၊ ညဘက် ကန်သုံးဆင့် ကန်လယ်က တံတားပေါ်မှာ ပက်လက်လှန်အိပ်ပြီး ကောင်းကင်ကိုကြည့်ကြ၊ ကိုရွှေကတော့ ကျနော်တို့ရဲ့ မြို့လေးဟာ ကောင်းကင်ရယ်၊ ကြက်တွေရယ်နဲ့ နည်းနည်းပိုနီးသလိုပဲလို့ မှတ်ချက်ချတယ်။ ကျနော်တို့ ရယ်ကြရသေးတယ်။ ဒီနေရာကို လွမ်းဆွတ်မိရတဲ့ အဓိက အကြောင်းကတော့ ဒီမှာ ကျနော်တို့ရှင်သန်ခဲ့ချိန်လေးတွေဟာ လွတ်လပ်သန့်စင်မှု အပြည့်အ၀ ရခဲ့ကြလို့ပါပဲ။ ကဗျာတွေ ရေးမယ်။ သီချင်းတွေ ရေးမယ်။ ဘယ်သူ့အကြိုက်မှလည်း လိုက်စရာမှ မလိုဘဲ။ ငွေကြေးကြောင့်ပဲ ဖြစ်ဖြစ်၊ အောင်မြင်ကျော်ကြားမှုအတွက်ပဲဖြစ်ဖြစ် ဘာအလျော်အစားမှ မရှိခဲ့တဲ့ တကယ်ချစ်မြတ်နိုးစရာ အတိတ်ကာလလေးကို သူရော ကျနော်ရော အဲဒီမြို့လေးမှာ ပိုင်ဆိုင်ဖူးခဲ့ကြတာကြောင့် ဘ၀ဟာ ပိုပြီး ကျေနပ်နှစ်သိမ့်စရာ ဖြစ်ခဲ့ရတယ်လို့ ထင်ပါတယ်။

အဲဒီနောက်တော့ ထုံးစံအတိုင်း ရန်ကုန်မြို့တော်ကြီးရဲ့ စက်ယန္တရားထဲမှာ ၀က်အူစတွေ၊ မူလီစတွေ အဖြစ်နဲ့ ကျနော်တို့တတွေ ပြန်လှုပ်ရှား လည်ပတ်ဖြစ်ခဲ့ရပြန်ပါတယ်။ သူနဲ့လည်း ကျနော်မတွေ့တာ တော်တော်ကြာသွားခဲ့ပါတယ်။ ခဏတဖြုတ်တွေ့တဲ့အချိန်မှာတော့ သူ့ကျန်းမာရေးကို နည်းနည်း သတိထားမိလိုက်ပါတယ်။ သူကတော့ ထုံးစံအတိုင်း ခေါင်းမာမာနဲ့ပဲ ဆေးခန်းမသွားဘူး။ ပိုက်ဆံရမယ့် အလွယ်တကူကိစ္စတွေကိုလည်း ခေါင်းမာမာနဲ့ ငြင်းပယ်မြဲ။ ကျနော်ကတော့ စိတ်ညစ်တယ်သာ ညည်းနေတယ်၊ အဲဒီအရှုပ်အထွေးတွေကြားထဲမှာပဲ ခေါင်းမဖော်နိုင်အောင် အလုပ်များနေဆဲ။ တနေ့မှာတော့ ပုသိမ်ကို သူတယောက်တည်း ပြန်သွားတယ် ဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ဒါ သူ့ရဲ့ ဘ၀မှာ နောက်ဆုံးအကြိမ် ပုသိမ်ကို ပြန်ခွင့်ရခြင်းပါပဲ။

သူဆုံးပြီး အတော်ကြာမှပဲ အဲဒီပုသိမ်ကို နောက်ဆုံးတခေါက် သူရောက်ခဲ့တုန်းက အကြောင်းတွေကို သူငယ်ချင်းတွေဆီက ပြန်သိလိုက်ရပါတယ်။ ညဦးပိုင်းမှာတော့ ဘီယာဆိုင်မှာ သူငယ်ချင်းတွေနဲ့ စားသောက် စကားပြောပြီး ညနက်ပိုင်းမှာ သူငယ်ချင်းတွေဆီကနေ ထွက်သွားခဲ့တယ်။ နောက်မှ ပြန်သိရတာက ပုသိမ်ကောလိပ် အဆောင်တွေနားက တာလမ်းမကြီးဆီ သူလျှောက်သွားခဲ့တယ်။ သူကျောင်းတက်တုန်းက သွားခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်တွေရှိတဲ့၊ သူ ညဘက် သူငယ်ချင်းတွေနဲ့ ဂစ်တာတီးခဲ့ဖူးတဲ့ နေရာတွေပေါ့။ အဆောင်တွေရှေ့နဲ့ လမ်းဘေးနားတွေမှာတော့ ဂစ်တာဝိုင်းလေးတွေ အများကြီး ရှိနေဆဲပါပဲ။ သူကတော့ အဲဒီည အမှောင်ထဲမှာ လျှောက်သွားရင်း ဂစ်တာဝိုင်းလေးတွေမှာ ရောထိုင်၊ သီချင်းတပုဒ်လောက် ဆိုခွင့်တောင်းပြီး ဂစ်တာတီး သီချင်းဆိုလိုက်၊ နောက်တ၀ိုင်းရောက် တခါဆိုလိုက်၊ တီးလိုက်နဲ့ တညလုံး အချိန်ကုန်သွားခဲ့ပါတယ်။ အရင်တုန်းက ဘ၀လေးကို ပြန်ရသွားပြီလို့များ မူးမူးနဲ့ သူကျေနပ်သွားသေးသလား။ ဒါမှမဟုတ် သူ လွတ်လပ်သန့်စင်စွာ ချစ်မြတ်နိုးခဲ့တဲ့ ဂီတနဲ့ ကမ္ဘာမြေကို လွတ်လပ်သန့်စင်စွာ နောက်ဆုံး နှုတ်ဆက်သွားတာများလား။ အဲဒီညလေးက ကျနော်တို့ကို သိခွင့်ပေးခဲ့ပါတယ်။

(မှတ်ချက်-၂၀၀၆ သြဂုတ်လထုတ် ချယ်ရီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)