>Burmese writing skills

August 17, 2008

>

( photo: niu.edu )

မြန်မာစကားပြေ အရေးအသားလေ့ကျင့်စာ

စောထွန်း
သြဂုတ် ၁၆၊ ၂၀၀၈

မြန်မာစကားပြေကို မြန်မာတွေ ထိထိမိမိ ရေးတတ်အောင် လေ့ကျင့်ပေးနိုင်မယ့် စာအုပ်စာတမ်း လိုအပ်နေပြီလို့ ထင်ပါတယ်။ အင်္ဂလိပ်စကားပြေကို နိုင်ငံတကာက အင်္ဂလိပ်စာနဲ့ မကင်းသူတွေ ထိထိမိမိ ရေးတတ်အောင်တော့ စာအုပ်စာတမ်းတွေ၊ ကွန်ပျူတာပရိုဂရမ်တွေ မနည်းလှပါဘူး။ အင်တာနက်မှာ English Writing Skillsလို့ ရိုက်ပြီး ရှာလိုက်တာနဲ့ အင်္ဂလိပ်စာရေးနည်း စာအုပ်စာတမ်းတွေ လမ်းညွှန်စာတွေ အလျှိုလျှို ထွက်လာတာ တွေ့နိုင်ပါလိမ့်မယ်။ စာမရေးခင် စဉ်းစားပုံကစပြီး ၀ါကျရေးပုံ၊ စာပိုဒ်ဖွဲ့ပုံ၊ စာတမ်းတစောင်ဖြစ်အောင် ရေးပုံအထိ အဆင့်ဆင့် လေ့ကျင့်ပေးသွားတဲ့ အစီအစဉ်တွေပါ။ တက္ကသိုလ် ကောလိပ်တွေကလည်း ထုတ်ဝေကြ၊ ပြင်ပ ပညာရှင်တွေကလည်း ပြုစုကြနဲ့ ၀ိုင်းဝန်းလုပ်ဆောင်နေတဲ့ မြင်ကွင်းကို တွေ့ရပါမယ်။ မြန်မာစကားပြေနဲ့ ပတ်သက်လို့တော့ စကားပြေသဘောတရား စာအုပ်စာတမ်းတွေ၊ စာစီစာကုံးကျမ်းတွေ အနည်းအကျဉ်း ထွက်ပေါ်ခဲ့ပေမယ့် စနစ်တကျ လေ့ကျင့်ပေးတဲ့ စာအုပ်စာတမ်းရယ်လို့တော့ မတွေ့မိသေးပါဘူး။ ဒါကြောင့် မြန်မာစာဖတ်သူတွေအတွက် မြန်မာတွေကိုယ်တိုင် ရေးတဲ့ မြန်မာစကားပြေမှာ စနစ်မကျ မထိမမိဖြစ်နေတာ မကြာမကြာ ကြုံရပါတယ်။ ကြုံရတဲ့ သာဓကတွေကို နောက်ပိုင်းမှာ လိုအပ်သလို ထုတ်ပြသွားမှာမို့ ဒီမှာ မပြလိုက်တော့ပါဘူး။

ကမ္ဘာရွာထဲကို မြန်မာတွေ ၀င်တဲ့အခါမှာ စကားပြေ အရေးအသား ပြဿနာက အတော်ကြီးပါတယ်။ မြန်မာစကားပြေ ရေးပုံစနစ်နဲ့ အများသုံး အင်္ဂလိပ်ဘာသာ စကားပြေ ရေးပုံစနစ်က ကွာခြားတော့ မြန်မာတွေရေးတဲ့ မြန်မာစကားပြေကိုဖြစ်ဖြစ်၊ အင်္ဂလိပ်စကားပြေကိုဖြစ်ဖြစ် မြန်မာဘာသာတတ် နိုင်ငံရပ်ခြားတွေ အပြည့်အ၀ မခံစားနိုင်ကြပါဘူး။ နားလည်ဖို့တောင် တခါတလေ အခက်အခဲ ရှိတတ်ပါတယ်။ မြန်မာစကားပြေကို အများသုံး အင်္ဂလိပ်စကားပြေရေးပုံရေးနည်းအတိုင်း စနစ်တကျ ရေးတတ်အောင် လေ့ကျင့်ပေးနိုင်ရင် မြန်မာလိုရေးတဲ့အခါမှာရော အင်္ဂလိပ်လို ရေးတဲ့အခါမှာပါ အရည်အသွေး ပိုကောင်းလာစရာအကြောင်း ရှိပါတယ်။

စနစ်မတူလို့ စာအရေးအသားမှာ ကြုံရတတ်တဲ့ ပြဿနာကိုရော ပြဿနာရဲ့ အရင်းအမြစ်ကိုရော သိမှတော့ အဖြေရှိရမှာပေါ့။ အလွယ်ဆုံးအဖြေက သူ့စကားပြောရင် ကိုယ်က သူ့နည်းသူ့ဟန် သူ့စနစ်နဲ့ပြော။ ကိုယ့်စကားပြောရင် သူကလည်း ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်စနစ်နဲ့ ပြောကြဖို့ပါပဲ။ ဒီလိုသာ ကျင့်လိုက်ရင် တစ်ဦးကိုတစ်ဦး အထင်လွဲစရာ၊ နားလည်ရခက်စရာရယ်လို့ မရှိနိုင်တော့ပါဘူး။ အဖြေက လွယ်လွန်းနေသလိုမို့ ဟုတ်ကော ဟုတ်ရဲ့လားလို့ သံသယဝင်စရာပါ။

အဖြေကလွယ်ပေမယ့် အဖြေထဲကအတိုင်း အကောင်အထည် ဖော်ဖို့ရာကတော့ ခက်ကောင်းခက်နိုင်ပါတယ်။ ကိုယ်က နိုင်ငံတကာစနစ်နဲ့ပြောဖို့ဆိုဖို့ရော၊ သူက ကိုယ့်စနစ်နဲ့ ပြောဖို့ဆိုဖိုရောက လွယ်တာမှမဟုတ်တာ။ အခုကာလမှာ စီဒီတွေ ဒီဗွီဒီတွေလည်း ပေါ်နေ၊ စာအုပ်စာတမ်းတွေဆိုတာလည်း စာအုပ်အဖြစ်နဲ့ရော အင်တာနက်အဖြစ်နဲ့ရော ဖတ်နိုင် အတုယူနိုင်ပေမယ့် အခက်အခဲတချို့ ရှိနေပါသေးတယ်။ ပထမအခက်က အတုယူတဲ့အခါ ဘာသာစကားရဲ့ စနစ်ကို ရှာတတ်ဖွေတတ် စူးစမ်းတတ်တဲ့ဉာဏ် လိုပါတယ်။ အဲဒီဉာဏ်မျိုး လူတိုင်းမှာရှိမယ်လို့ မမျှော်မှန်းနိုင်ပါဘူး။ အဲဒီ ဉာဏ်ရှိတဲ့ သူတွေမှာတောင် အနုအရင့် ကွာနိုင်ပါသေးတယ်။ အနုအရင့်ပေါ် မူတည်ပြီး ဘာသာစကားတတ်လွယ်မှု အနှေးအမြန်တော့ ကွာမှာပေါ့။ စူးစမ်းဉာဏ်မဲ့နေရင်တော့ တတ်ဖို့တောင် ခပ်ခက်ခက်ပါ။ စူးစမ်းဉာဏ် အခက်အခဲအပြင် နောက်တခက်က တတ်မြောက်မှု စစ်ဆေးရေးပါပဲ။ စကားတစ်ရပ်ရပ်ကို သင်ယူရင် ဘယ်လောက် မှန်မှန်ကန်ကန် တတ်မြောက်ပြီလဲ ဆိုတာ စစ်ဆေးကြည့်ဖို့လိုပါတယ်။ ရှိနေတဲ့ စာအုပ်စာတမ်းတွေ ဖတ်ရုံ လေ့လာရုံနဲ့ ကိုယ်တုကြည့်တာ ဘယ်လောက်တူမတူဆိုတာ စစ်ဆေးကြည့်ဖို့ မှတ်ကျောက်က မရှိပြန်ဘူး။ ဘာသာစကား အပြောအရေး တတ်ကျွမ်းမှု စစ်ဆေးတာလဲရှိမှ ဘယ်လောက်တတ်သလဲဆိုတာ ရေရာပါမယ်။ သဘောတရားတွေ ဖတ်ပြန်တော့လည်း စောစောက ပြောခဲ့သလို သဘောတရားကိုသာ သိရုံရှိမှာပါပဲ။ သူ့လို ပြောတတ် ရေးတတ်လာမယ် မဟုတ်ပါဘူး။

တစ်ဦးဘာသာစကား တစ်ဦး ပြောတတ်ရေးတတ်ဖို့ အရေးမှာ အလေ့အကျင့်ဟာ လိုကိုလိုပါတယ်။ သဘောတရားကို သိအောင်လုပ်၊ ကိုယ်တိုင် ပြောကြည့်၊ ရေးကြည့်။ ကိုယ်ပြောတာ ရေးတာနဲ့ သဘောတရားနဲ့ ဘယ်လိုကွာဟနေသလဲ အစစ်အဆေးခံ။ အမှားတွေ့တဲ့အခါ ဘာကြောင့်မှားသလဲ ဆင်ခြင်၊ နောက်တခါ ပြောတဲ့ရေးတဲ့အခါ ဒီအမှားမျိုး မကြုံရအောင် ဆင်ခြင်။ ဒီလို လေ့ကျင့်ပြုပြင်သွားရင် သူလို ပြောတတ် ရေးတတ်လာစရာ အကြောင်းရှိပါတယ်။

သိကြတဲ့အတိုင်း အခုခေတ်မှာ အသုံးအများဆုံးလို့ ပြောရမှာက အင်္ဂလိပ်စာပါ။ ဥရောပနိုင်ငံတွေမဆိုထားနဲ့၊ အာရှနိုင်ငံတွေမှာတောင် အင်္ဂလိပ်စာက တွင်ကျယ်နေပါပြီ။ အိန္ဒိယ၊ မြန်မာ၊ မလေးရှားတို့လို အင်္ဂလိပ်ကိုလိုနီဘဝရောက်ခဲ့တဲ့ နိုင်ငံတွေမှာတင် မဟုတ်တော့ဘူး။ တရုတ်တို့၊ ဗီယက်နမ်တို့ ထိုင်းတို့လို အင်္ဂလိပ်စာနဲ့ မပတ်သက်ခဲ့ဖူးတဲ့ နိုင်ငံတွေမှာ အင်္ဂလိပ်စာသင်ကြားရေး ရှေ့တန်းတင်လာကြပြီ။ အင်္ဂလိပ်စာရေးနည်း အလေ့အထနဲ့ ရင်းနှီးလာကြပြီ။

ဒီတော့ မြန်မာစကားပြေရေးနည်းလေ့ကျင့်ခန်း စာအုပ်တအုပ် ပြုစုရင်လည်း အင်္ဂလိပ်ရေးနည်းစနစ်ကို အခြေခံတဲ့ လေ့ကျင့်ခန်း စာအုပ်မျိုး ဖြစ်ရပါလိမ့်မယ်။ အင်္ဂလိပ်ရေးနည်းစနစ်ဆိုတာ ဝါကျ၊ စာပိုဒ်၊ စာတပုဒ် ဖွဲ့တဲ့အခါ ကိုယ်လိုရာ ထိထိမိမိ ရောက်အောင် အားထုတ်ပုံစနစ်ကို ဆိုလိုတာပါ။ ပုဒ်စုတွေ ဝါကျတွေဖွဲ့တဲ့ သဒ္ဒါစနစ်ကတော့ ကိုယ့်စနစ်ကိုယ်ရှိရမှာပါ။ “စာအုပ်နီ”ကို “နီစာအုပ်”လို့ ပြင်စရာမလိုပါဘူး။ မြန်မာမှာ ကတ္တား၊ ကံ၊ ဝါစက စဉ်ပြီး “သူစာအုပ်ဝယ်သည်” ရေးတတ်တာကို အင်္ဂလိပ်စနစ်အတိုင်း ကတ္တား၊ ကံ၊ ၀ါစက အစဉ်နဲ့ “သူ ဝယ် စာအုပ်သည်”လို့ လုပ်ဖို့ မဟုတ်ပါဘူး။ စာတစ်ပုဒ်ရေးတဲ့အခါ တွေးနည်း ရေးနည်းအစဉ်ကိုသာ ဆိုလိုပါတယ်။

လိုအပ်နေတဲ့ မြန်မာစကားပြေရေးနည်း လေ့ကျင့်ခန်းစာအုပ်မျိုးလိုနေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရင် ကောင်းပါ့မလဲ။ အခုလိုဆောင်းပါးမျိုး ထုံးစံအတိုင်း “မြန်မာစကားပြေရေးနည်း လေ့ကျင့်ခန်းစာအုပ် လိုအပ်နေရာ ပြုစုဖို့ တိုက်တွန်းအပ်ပေသည်”လို့ အဆုံးသတ်လိုက်ရင်တော့ ဖြစ်တာပေါ့။ ဒါပေမယ့် အဲဒါက ပြဿနာကို ဖြေရှင်းတာမဟုတ်ဘူး။ ခေါင်းရှောင်ခေါင်းလွှဲ လုပ်တာပဲ ဖြစ်မယ်။ ဒီတော့ “မြန်မာစကားပြေ အရေးအသား လေ့ကျင့်စာ” တစ်အုပ်ကို ကိုယ်တိုင်ပဲ ပြုစုဖို့ တာစူနေပါပြီ။

ဒီလို ပြုစုတဲ့အခါ သမားရိုးကျ ကိုယ်ထင်ရာကိုယ်ရေး ပြုစုတာထက် နိုင်ငံတကာစနစ်အတိုင်း စကားပြေရေးဖို့ အားထုတ်ချင်တဲ့ စာဖတ်ပရိသတ်တွေ ပါလာရင် အလွန့်အလွန် ကောင်းမှာပါပဲ။ စာဖတ်ပရိတ်သတ်တွေ ပါလာဖို့ စဉ်းစားတဲ့အခါ အလုပ်ဖြစ်နိုင်မယ့် အစီအစဉ်နှစ်မျိုးကို သတိထားမိပါတယ်။ တစ်မျိုးက အင်တာနက် စာမျက်နှာတွေပေါ်မှာ ပို့ချစာ လေ့ကျင့်စာတွေတင်ပြီး လေ့ကျင့်ချင်တဲ့ စာဖတ်သူတွေက လေ့ကျင့်စာတွေကို အင်တာနက်ကပဲ အီးမေးနဲ့ ပြန်ပို့ဖို့ပါ။ မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်မယ့်နည်းဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ အင်တာနက်သုံးနိုင် အီးမေးသုံးနိုင်မယ့်သူ ဦးရေက နည်းနေမှာဆိုတော့ ထိရောက်လှမယ်မထင်ပါဘူး။ နောက်တမျိုးကတော့ အခု ဒီစာကိုပုံနှိပ်တဲ့ စတိုင်သစ်မဂ္ဂဇင်းဆရာများကသာ သဘောတူမယ်ဆိုရင် မဂ္ဂဇင်းမှာ သင်စာ လေ့ကျင့်စာတွေ ဖော်ပြ၊ စိတ်ဝင်စားတဲ့သူက လေ့ကျင့်စာတွေကို မဂ္ဂဇင်းကတဆင့် ပြန်ပို့။ ဒီလို အပြန်အလှန် ပို့ချလေ့ကျင့်နည်းဟာလည်း ထိရောက်နိုင်ပါတယ်။ ဒါပေမယ့် လစဉ်ထုတ် မဂ္ဂဇင်းကြီးဘဝက ကျောင်းစာအုပ်ကြီးဘဝ ရောက်သွားမှာကိုလည်း စဉ်းစားရ အားနာရပါသေးတယ်။

ဒါကြောင့် အနောက်နိုင်ငံ နည်းစနစ်အတိုင်း မြန်မာစကားပြေအရေးအသား လေ့ကျင့်စာ တစောင်တဖွဲ့ လိုအပ်တာကို သိနေပေမယ့် ပြုစုလို့ ပြီးသလောက်လည်း ဖြစ်နေပေမယ့် အသုံးပြုမယ့် ပရိသတ်ဆီကို ဘယ်လိုပို့ရကောင်းပါ့မလဲဆိုတာ စဉ်းစားနေရဆဲဖြစ်ကြောင်းပါ။

(မှတ်ချက် – ၂၀၀၅ သြဂုတ်လထုတ် စတိုင်သစ်မဂ္ဂဇင်းတွင် ပါရှိသော ဆောင်းပါး၏ နိဒါန်းပိုင်းနှင့် နိဂုံးပိုင်းကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်