>olympic spirit

August 20, 2008

>

အိုလံပစ်စိတ်ဓာတ်
မောင်စွမ်းရည်

သြဂုတ် ၁၈၊ ၂၀၀၈

ကျနော် မူလတန်းကျောင်းသားဘ၀တုန်းက အိုလံပစ်ဆိုတာ ဘာလဲလို့ ကျောင်းသားကြီး တယောက်ကို မေးဖူးတယ်။ “အိုးကိုလှန်ပြီးပစ်တာပေါ့ကွ” လို့ ပြောလို့ တအံ့တသြ မှတ်သားခဲ့ရဖူးတယ်။ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားဘ၀ရောက်တော့ မန္တလေးမှာ အနေများတယ်။ မူလနေခဲ့တာက မြင်းခြံပါ။ မန္တလေး ရောက်တော့ မြို့မအသင်းကြီးရဲ့ တေးဂီတသံတွေနဲ့ ထုံမွှမ်းလာခဲ့ရတယ်။ မြို့မအသင်းဆိုတာ မြန်မာနိုင်ငံမှာ သက်သမ်းအရှည်ဆုံး တေးဂီတအသင်းကြီးပေါ့။ ၁၉၃၀ လောက်က စတင်တည်ထောင်ခဲ့တာကိုး။ အညာဒေသ မြို့တွေ၊ ရွာတွေမှာ မြို့မအသင်းဆိုတာတွေ ရှိနေတော့ မြို့မဆိုတာ မန္တလေးက မူလပဲဆိုတာတောင် မသိခဲ့မိဘူး။ မြင်းခြံမြို့မ၊ တောင်သာမြို့မ၊ ကန်မြဲမြို့မတဲ့။

မန္တလေးမှာ ကျောင်းသားကြီးဖြစ်လာတော့ မောင်သိင်္ဂါရ ကလောင်အမည် ခံထားတဲ့ မောင်သာနိုးနဲ့ ညီအစ်ကိုလိုချစ်ခင်ကြတဲ့ အပေါင်းအသင်းတွေ ဖြစ်လာခဲ့ပါတယ်။ ၀င်းဖေ၊ ပေါ်ဦးသက်၊ စန္ဒရား သိမ်းမောင် စတဲ့ မြို့မအသိုင်းအ၀န်းနဲ့လည်း ထိစပ်လာခဲ့ပါတယ်။ ပေါ်ဦးသက်က မြို့မညိမ်းရဲ့ သားသမက်ပါ။ ကျနော်နဲ့ မန္တလေး အထက (၁)မှာ တကျောင်းတည်းနေခဲ့ရဖူးပါတယ်။ ဒါပေမယ့် မြို့မသီချင်းတွေကို နေ့စဉ်လောက် ဆိုလေ့ရှိသူ နှစ်ဦးကတော့ မောင်သာနိုးနဲ့ တင်မိုးတို့ပါပဲ။ မောင်သာနိုးကတော့ စစ်ကိုင်းသားဖြစ်လို့ မန္တလေးနဲ့ အနေနီးတဲ့အတွက် မြို့မသီချင်းတွေ ပိုစုံ အောင်ရပါတယ်။ သူဆိုလေ့ရှိတဲ့ သီချင်းတွေထဲမှာ အိုလံပစ် သီချင်းဟာ ထိပ်တန်းကပါတယ်။ “ခေါမပြည်၊ ခရစ်တော်မပေါ်မီ အနှစ်တထောင်လောက်က အိုလံပစ်ပွဲကို ဆင်နွှဲကြသည်” ဆိုလို့ အစချီပြီး တခမ်းတနား ဆိုလေ့ရှိပါတယ်။ သီချင်းကလည်း အင်မတန့်ကို ခမ်းနားပါတယ်။ အိုလံပစ်ပွဲတော်ကို သမိုင်းစာအုပ်ထဲမှာရော၊ စာပေဗိမာန်ထုတ် စာအုပ်ထဲမှာရော ဖတ်ဖူးပါရဲ့။ ဒါပေမယ့် ခေါမပုံပြင်တွေဖတ်မိမှ ပိုပြီး သဘောပေါက်နားလည်လာခဲ့ပါတယ်။ ဂရိပုံပြင်ဆိုတာ နတ်သားတွေရဲ့အကြောင်းပါပဲ။ နတ်မင်းကြီးက ဇီးယုတဲ့။ အိုလံပစ်ပွဲဆိုတာ နတ်မင်းကြီး ဇီးယုကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပတဲ့ နတ်ပွဲကြီးပါပဲ။ မူလကတော့ တောင်ပြုန်းနတ်ပွဲလို ရှိမှာပေါ့။ ခေါမနတ်တွေဟာ ကောင်းကင်ထဲက ဂြိုဟ်တွေကို ကိုယ်စားပြုပါတယ်။ နေနတ်သား၊ လနတ်သားဆိုတာမျိုးတွေပေါ့။ နေနတ်သားရဲ့အမည်က လူသိများတယ်။ “အပေါ်လို” တဲ့။ အာကာသ ဒုံးယာဉ်တခုရဲ့ အမည် ဖြစ်ဖူးတာကိုး။ နတ်တွေရဲ့ အိုလံပစ်ပွဲမှာ ပထမဆုံးအောင်ပွဲရသူက နေနတ်သား “အပေါ်လို” ပါပဲ။

နေဆိုတာ အလင်းရောင်ပေးတာဆိုတော့ ကိုယ်ပိုင် အလင်းရောင် ရရှိလိုကြတဲ့ တခြားဂြိုဟ်တွေဟာ နေကိုဝန်းရံပြီး အလင်းရောင်ရရှိရေးအတွက် ပါရမီဖြည့်ကြရတယ်။ ကိုယ်စိတ်နှစ်ပါး သန့်စင်စေရပါတယ်။ နတ်ပွဲတွေ ကျင်းပတာ အတန်ကြာတော့ အားကျလာလို့ သူရဲကောင်းကြီးတွေက လည်း အိုလံပစ်ပွဲကို ကျင်းပကြတယ်။ ဟာကျူလီ အစရှိတဲ့ သူရဲကောင်း (၅) ဦးတို့ ပြိုင်ကြတယ်။ ခွန်အားကြီးတဲ့ ဟာကျူလီပေါ့။ ဗမာပြည်မှာတော့ စက်ဘီးအမည်အဖြစ် ထင်ရှားခဲ့ပါတယ်။ “ရာလေး”တဲ့၊ “ဟာကျူလီ” တဲ့။ ဟာကျူလီကို အတုယူပြီး “မောင်ဗမာ” ဆိုတာလည်း ပေါ်လာရော စက်ဘီးတွေနာမည်ပျက်တော့တာပါပဲ။ ထားပါတော့လေ။ အဲဒီနတ်တွေပြီးတော့မှ သာမန်လူသားတွေရဲ့ အိုလံပစ်ပွဲဆိုတာ ပေါ်လာခဲ့တာ။ အိုလံပီယာမှာ စိုက်တဲ့ ပထမဆုံး သံလွင်ပင်ဟာ လူသူ မရောက်ဖူးတဲ့ ဟို မြောက်ဖျားတိုင်းပြည်ကနေပြီး ဟာကျူလီ နုတ်ယူလာခဲ့တာတဲ့။ ဗမာဆန်ဆန် ပြောရရင် မြောက်ကျွန်းက သံလွင်ပင်ပေါ့။

ဂရိခေါ်တဲ့ ခေါမနိုင်ငံသားတွေဟာ စစ်တိုက်ဝါသနာပါတယ်။ မနားတမ်းစစ်ဖြစ်နေကြတော့ ဘုရင်တပါးက ရပ်နားလိုတယ်။ ဒါကြောင့် နတ်မင်းတွေကို ပန်ကြားပြီး အိုလံပစ်ပွဲတော်ကြီး ကျင်းပ တယ်။ အိုလံပစ်မှာ ပါဝင်ကြဖို့အားလုံး စစ်မက် ရပ်နားထားရတယ်။ ပွဲတော်ကာလမှာ လူတွေဟာ ဘေးမရှိ၊ ရန်မရှိဘဲ ခရီးသွားနိုင်ကြတယ်။

အိုလံပစ်ပွဲကို (၄) နှစ်တကြိမ် ကျင်းပတယ်။ ဆုရသူ ဟာကျူလီ စိုက်ခဲ့တဲ့ သံလွင်ပင်က သံလွင်ခက် အခွေလေးကို ဦးခေါင်းမှာ ဂုဏ်ပြုစွပ်ပေးတာ ခံရပါ တယ်။ ခုခေတ်မှာလို ရွှေ၊ ငွေ တံဆိပ်တွေ မဟုတ်ဘူး။ ဒါပေမယ့် သိပ်တန်ဖိုးထားတယ်။

ဒီခေတ်မှာ အိုလံပစ်ပွဲကို နိုင်ငံရေးနဲ့ မပတ်သက်ပါစေနဲ့၊ လူ့အခွင့်အရေးတိုက်ပွဲတွေနဲ့ မဆက်စပ် ပါစေနဲ့လို့ ပြောတာတွေ ကြားနေကြရပါတယ်။ မူလကတော့ လူ့အခွင့်အရေး ဘာညာဆိုတဲ့ ဝေါဟာရတွေ မရှိခဲ့ဘူးနဲ့ တူပါရဲ့။ ဒါပေမယ့် စစ်ပွဲဆိုတာရှိတော့၊ စစ်ရပ်စဲခဲ့တာလည်း ရှိတယ်။ အဲဒါကို “ငြိမ်းချမ်းရေး” လို့ခေါ်တယ်မဟုတ်လား။ စစ်ပွဲတွေရှိနေရင် အိုလံပစ်ပွဲလည်း ကျင်းပလို့ မရဘူး။ ရှေးခေတ်က ပြိုင်ပွဲတွေမှာ ကိုယ်ခန္ဓာကြံ့ခိုင်မှုသာမက စိတ်ဓာတ်သန့်စင်ကြံ့ခိုင်မှုလည်း ပါဝင်ပါ တယ်။ အတိုချုပ်ပြောရရင် ကာယဗလရော၊ စာရိတ္တဗလပါ ပြည့်ဝအောင် ဆည်းပူးလေ့ကျင့်ပြီး ပြိုင်ပွဲဝင်ရတာမို့ ဘာသာရေးပွဲကြီးလည်း ဖြစ်ပါသတဲ့။ နတ်တို့ကို ပူဇော်ပသပြီး ကျင်းပရတဲ့ ပွဲကြီးပေကိုး။ အိုလံပစ်စိတ်ဓာတ်ဆိုတာ ကိုယ်စိတ်နှစ်ပါး စင်ကြယ်ကြံ့ခိုင်မှုကို အလေးမူတဲ့ စိတ်ဓာတ်ပါ။ အများနဲ့ ဆိုင်တာကတော့ “ငြိမ်းချမ်းရေး” နဲ့ မိတ်ဆွေဖြစ်ရေးပါ။ စစ်တိုက်ရေးနဲ့ ရန်သူဖွဲ့ရေး မဟုတ်ပါဘူး။

အိုလံပစ်ပွဲဆိုတာ ခေါမ-ရောမတို့ရဲ့ နတ်ပွဲကနေ ကမ္ဘာ့အားကစားပြိုင်ပွဲကြီး ဖြစ်လာခဲ့ပါပြီ။ ငြိမ်းချမ်းရေးနဲ့ မိတ်ဆွေဖြစ်ရေးကိုဦးထိပ်ရွက်ပြီး လူသားအချင်းချင်း ကိုယ်ခန္ဓာအလှပြိုင်ပွဲ၊ စိတ်မနောအလှပြိုင်ပွဲကြီး ဖြစ်လာပါပြီ။ အိုလံပစ်စိတ်ဓာတ်ကို အိုလံပစ်မီးရှူးတိုင်နဲ့အတူ လူသားတွေ ဆက်လက် သယ်ဆောင်သွားကြပါလိမ့်မယ်။ ပေကျင်းအိုလံပစ်ပွဲပြီးရင် တရုတ်ပေါက်ဖော်ကြီးတွေ အနေနဲ့ ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးကိုလည်း ပြန်လည် သုံးသပ်နိုင်ပါစေသတည်း လို့ ဆုတောင်းလိုက်ရပါကြောင်း။ ။

(မှတ်ချက် – ယမန်နေ့က ခေတ်ပြိုင်ဂျာနယ်တွင် ပါရှိသောဆောင်းပါးဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်