Nyein Chan Aye – Elitism in Burma

July 20, 2013

အခွင့်ထူးခံ ဓလေ့

ငြိမ်းချမ်းအေး

ဇူလိုင် ၊ ၂၁ ၊ ၂၀၁၃

(၈၈) မျိုးဆက် ထဲက ကျောင်းသားခေါင်းဆောင် တယောက် က မျိုးစောင့်ဥပဒေ ကိစ္စ သူတို့ တဘက်ဘက်က ရပ်လိုက်ရင် သူတို့ ရပ်တဲ့ဘက်က ပြတ်ပြတ်သားသား အသာရသွားမယ်ဆိုတဲ့ သဘောမျိုး ဆိုလိုက်တာ သတိပြုမိလိုက်တယ်။

သူရဲ့ ပြောဆိုချက်၊ ဆိုလိုရင်း တခုလုံးက ကြားချ ပြောတယ် လို့ လူတွေ ယူဆနိုင်စရာ ရှိတယ်။  ဒါပေမယ့် ပြဿနာ တိုင်း၊ ကိစ္စတိုင်းဟာ ကြားချ ပြောလို့ မပြီးပါ။  အမှန်၊ အမှား နဲ့ ရပ်တည်ချက်၊ ခံယူချက် တွေ ချမှတ်ရတာမျိုးတွေ ရှိတယ်။ 

မျိုးစောင့် နဲ့ ပတ်သက်လို့ စာရေးသူရဲ့ အဓိက သဘောထား ကို ဆွေးနွေးပြီး ဖြစ်လို့ ခု ထပ် မဆွေးနွေးလိုပါ။  အဆိုပါ ကျောင်းသား ခေါင်းဆောင် ရဲ့ အမြင်ကိုလည်း ပြန်လည် ဆွေးနွေးလိုစိတ် ခုလောလောဆယ် မရှိပါ။  ဒါပေမယ့် သူပြောသွားတဲ့ အထဲမှာ ပါတဲ့ “သူတို့ ရပ်တည်လိုက်တဲ့ ဘက်က သာသွားလိမ့်မယ်” သဘောထားကတော့ မျက်မှောက်ခေတ် ဗမာ့နိုင်ငံရေး ဓလေ့ မှာ သတိပြုစရာ ဖြစ်လို့ ဆွေးနွေးလိုတယ်။

အဆိုပါ ပုဂ္ဂိုလ် ဆိုခဲ့တဲ့ သဘောဟာ  အခွင့်ထူးခံ စိတ်နဲ့ ဆိုခြင်းဖြစ်တယ်။  ငါတို့ သြဇာရှိတယ်။  ငါတို့ သြဇာသာ လူအများ နာခံတယ်။  ငါတို့ဟာ လူတန်းစား တရပ်အနေနဲ့ လူ့အဖွဲ့အစည်းမှာ ရှေ့တန်း တနေရာ ရနေတယ်။  အသံကျယ်၊ အရာရောက်တယ်။  ဒါတွေ အားလုံးဟာ အခွင့်ထူးခံ စိတ် ပါ။

ဒီ စိတ် အတွက်လည်း တကယ်က အံ့သြစရာ မရှိပါ။  လူတွေ အသိအမှတ်ပြုမှု အားနည်းပေမယ့် ဗမာ့ ဓလေ့ မှာ အခွင့်ထူးခံ စိတ် နဲ့ ဓလေ့ က အရိုးစွဲနေခဲ့တာ ခေတ်အဆက်ဆက်ပါပဲ။  ဒီ အခွင့်ထူးခံ စိတ် ဟာ စာရေးသူ အခွင့်သင့်တိုင်း ထောက်ပြလေ့ရှိတဲ့ တိုင်းပြည် ပြဿနာ အတော်တော်များများ  ရဲ့ လက်ရင်း၊ တိုင်းပြည် ရောဂါပေါင်းစုံ ရဲ့ ဇစ်မြစ်၊ တိုင်းရေးပြည်ရာ အကြောင်း ဆိုလိုက်ရင် မပါ မဖြစ် ပါနေရတဲ့၊ အမြဲတမ်း ဆိုက်နေရတဲ့ ဘူတာဟောင်း စစ်အာဏာရှင် စနစ် ကြောင့် ရယ်လို့ ဒီ တခါ အပြည့်အဝ ဆိုလို့ မရပါ။  အကြွင်းမဲ့ အာဏာရှင် စနစ် ကြောင့် လို့တော့ ဆိုနိုင်တယ်။ 

နောက်ကြောင်း ပြန်လိုက်ရရင် ဗမာ့ ဓလေ့မှာ လူတန်းစား ဇာတ်စနစ်ဆိုတာ မရှိပါ။  နိုင်ငံစ တည်ထောင်ချိန်မှာ လူအများစု မွေးစားလိုက်တဲ့ ဘာသာ အယူဝါဒ ကြောင့် ဇာတ်ခွဲခြားမှု ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။  ဒါ့အပြင် အင်္ဂလိပ်စနစ်မှာလို သူကောင်းမျိုး ဆိုတာတွေ သတ်သတ်မှတ်မှတ် သားစဉ် မြေးဆက် ရာထူး၊ ရာခံ ဂုဏ်၊ ဘွဲ့ အမည်ကို အမွေ ဆက်ခံ၊ မျိုးဆက်အလိုက် စံစားခွင့်ရှိတဲ့ ဓလေ့လည်း မရှိဘူး။  ဆိုတော့ ဗမာ့ဓလေ့မှာ ယေဘုယျ ဆိုရရင် လူတန်းစား ခွဲခြားမှု၊ အခွင့်ထူးခံ လို မှု လုံးဝ မရှိ သလောက်ဘဲ လို့ ဓလေ့ အရ ယူဆ နိုင်စရာ ရှိတယ်။  မှားတယ်။

ဗမာ့ ဓလေ့ မှာ အခွင့်ထူးခံ ကို သူ့ နည်း သူ့ ဟန် နဲ့ သက်ဦးဆံပိုင် ပဒေသရာဇ် ခေတ်စနစ် ကတည်းက တည်ရှိ၊ ကျင့်သုံး အရိုးစွဲနေခဲ့တယ်။  ဗမာ့ဓလေ့မှာ မင်းအစိုးရကို ရန်သူမျိုး ငါးပါး ထဲမှာ ထည့်ထားပေမယ့် လူတိုင်းက မင်းမှုထမ်းတော့ ဖြစ်ချင်ကြတယ်။  ပဒေသရာဇ် ခေတ် ရှင်ဘုရင်ဟာ ရေမြေ့ရှင် ဖြစ်သလို မင်းမှုထမ်း၊ မှုးကြီး၊ မတ်ရာ တွေကလည်း အာဏာစက် ပြင်းတယ်။  ဒါကြောင့် ဗမာတွေဟာ အခွင့်ထူခံတွေကို မုန်းသလောက် ကိုယ်တိုင်တော့ ဘဝရပ်တည်ရေးအတွက် အခွင့်ထူးခံ ဖြစ်လိုကြတယ်။  ကိုယ်မဖြစ်နိုင်ရင်တောင် ကိုယ့်သားသမီးတော့ ဖြစ်စေချင်တယ်။

ဒီသဘောကို ကိုလိုနီခေတ် အထိ သယ်လာတယ်။  အင်္ဂလိပ် အရှင်သခင် များကလည်း “လစ်ဘရယ်လ်ဒီမိုကရေစီစနစ်” လို့ ကြွေးကြော်နေပေမယ့် ကမ္ဘာမှာ (အဲဒီခေတ်) လူတန်းစား အခွဲခြားဆုံး၊ လူမျိုးရေး အခွဲခြားဆုံး၊ လူ့အခွင့်အရေး ကို အချိုးဖောက်ဆုံး လူတွေပဲ။  ဒါကြောင့် အင်္ဂလိပ်တွေဟာ တိုင်းပြည်မှာ ကောင်းမွန်မျှတတယ်လို့ ယေဘုယျ ယူဆ နိုင်စရာရှိတဲ့ လစ်ဘရယ်လ် ဒီမိုကရေစီ အကျင့်၊ အကြံ၊ ဓလေ့ထုံး တရားဥပဒေ တွေနဲ့ ကောင်းမွန်တဲ့ တိုင်းပြည် အုပ်ချုပ်ရေးစနစ် ကို တည်ထောင်ပေး၊ သက်ဦးဆံပိုင် ပဒေသရာဇ် မင်းဆိုး လက်ထဲက လွတ်အောင် လုပ်ပေးခဲ့ပေမယ့် တဘက်မှာလည်း “ငါတို့သာ လူဖြူ အရှင်သခင်ကြီးများ” ဆိုပြီး ဘုရားထူး၊ လက်အုပ်ချီ အခွင့်ထူး ဆက်ခံတယ်။  ဒါကြောင့် အုပ်ချုပ်ရေးမှာ အရာရောက်တဲ့ မင်းမှုထမ်း ရဲ့ အခွင့်ထူးခံ ဓလေ့ က မပျောက်သွားဘဲ အရှင်သခင်ကြီး အင်္ဂလိပ်လူမျိုး မဟုတ်တဲ့ တိုင်းရင်းသား ဗမာတွေလည်း အချင်းချင်း ဆက် ဘုရားထူးခိုင်း၊ လက်အုပ်ချီ ခိုင်းနဲ့ အခွင့်ထူး ဆက်ခံတယ်။ 

စာရေးဆရာ သိန်းဖေမြင့် ကို သူ့ အဖေ က အင်္ဂလိပ်ကျောင်းထားတာ ဟာ သူ (ဖခင်) မြေတိုင်းစာရေး ဘဝ က လာသမျှ မြေတိုင်းဗိုလ် ဝန်ထောက်တွေကို လက်အုပ်ချီ၊ ဘုရားထူးခဲ့ရလို့ ငါ့သား ပညာတတ်၊ ဘွဲ့ရ၊ ဝန်ထောက်ဗိုလ် ဖြစ်ရင် ဘုရားထူး လွတ်မှာပဲ ဆိုပြီး အဲဒီ စိတ်၊ မျှော်မှန်းချက်နဲ့ အင်္ဂလိပ်ကျောင်းပို့ခဲ့တယ်။  ကိုလိုနီခေတ် သာမန် မိသားစု၊ အဖိနှိပ်ခံ နင်းပြား မိသားစု တိုင်းလိုလို မှာ ဒီသဘော ရှိတယ်။  မထူးဆန်းဘူး။  နားလည်နိုင်စရာပါပဲ။  အခွင့်ထူးခံစိတ်ကိုတော့ မနှစ်မြို့ဘူး။  ဒါပေမယ့် စနစ်ပျောက်အောင်လည်း မကြံစည်နိုင်ဘူး။  ဒါကြောင့် အခွင့်ထူးခံ ဖြစ်အောင်ပဲ လုပ် ဆိုတဲ့ သဘောပဲ ဖြစ်တယ်။

ဆိုချင်တာက ပဒေသရာဇ် ခေတ် က သန္ဓေတည် ခဲ့တဲ့ အခွင့်ထူးခံဓလေ့ဟာ ကိုလိုနီခေတ် လစ်ဘရယ်လ်ဒီမိုကရေစီ လို့ ဆိုသည့်တိုင်အောင် မပျောက်ခဲ့ဘူး။

ပြီးတော့ လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်ကြတယ်။ 

ကိုယ့်မင်းကိုယ့်ချင်း တပိုင်းတစ စဖြစ်တဲ့ ဂျပန်ခေတ် မှာ ယခင်“သခင်ပေါက်စ ထောင်ခြောက်လ” ဘဝ နဲ့  အနစ်နာခံ နိုင်ငံရေး၊ နယ်ချဲ့ဆန့် ကျင်ရေး လုပ်ခဲ့သူတွေ (ယနေ့ခေတ် ၈၈ မျိုးဆက် နဲ့ နိုင်ငံရေး မျိုးဆက်လိုဘဲ) အခွင့်ထူးခံ တန်းဖြစ်တယ်။  သခင်တွေ ဈေးကောင်းလာတယ်။  ဘီအိုင်အေ ဗိုလ်တွေ ဈေးကောင်းလာတယ်။  ခေါင်းပေါင်း ကို မြို့အုပ်ပေါင်း၊ ဘီအေ ပေါင်း ရှိခဲ့သလို၊ ပုဆိုး၊ အင်္ကျီ အဆင် ကို မြို့အုပ်၊ ဘီအေ အတွက် သီးသန့် ရှီခဲ့သလို ဘီအိုင်အေ စစ်ဗိုလ်တွေ အတွက် သီးသန့် ဝတ်စားဆင်ယင်မှု ဖက်ရှင်တောင် ဖြစ် ရေပန်းစားလာတယ်။  သမက်ဖမ်းခံ ရတယ်။  အဲဒီတုန်းက အဲဒီလို အခွင့်ထူးခံ သခင် နဲ့ ဘီအိုင်အေ ဗိုလ်တွေကို လိုက်နှိမ်နင်းရတာကိုက မနည်းဘူး။

ပြီးတော့ အင်္ဂလိပ် ပြန်ဝင်တယ်။  နိုင်ငံရေး နည်းနဲ့ပဲ လွတ်လပ်ရေး ရလာတယ်။  ပြည်တွင်း စစ်ဖြစ်တယ်။  လွတ်လပ်ရေး အရှိန် မသေသေးလို့ နိုင်ငံရေး သမား (သခင်ဟောင်း) သြဇာ ရှိလျက်ပဲ။  ကြောင့်လည်း စစ်ဗိုလ် က တိုင်းပြည်မှာ အခွင့်ထူးခံ ဖြစ်လျက်ပဲ။  ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လျက်ပဲ။  အထူးအခွင့်အရေး ပါမစ်ဆိုတာတွေကလည်း ရတာကိုး။

အခွင့်ထူး မခံ တဲ့ သခင်လေးမောင်၊ သခင် ဝတင်လို လူနည်းစု ပြည်သူ့နိုင်ငံရေး သမားတွေကျ သမိုင်းမှတ်ကျောက်တင် ခံနိုင်တယ်။ 

ဒါပေမယ့် တိုင်းပြည် ဓလေ့ အရတော့ အခွင့်ထူးခံ ဓလေ့ဟာ ဒီမိုကရေစီ အစိုးရခေတ်၊ ကိုယ်လူမျိုးချင်း အုပ်ချုပ်ရေး စနစ်မှာ ပျောက် မသွား၊ လျော့မသွားတဲ့ အပြင် ပိုတောင် တိုးလာ၊ အမြစ်တွယ်လာခဲ့တယ်။ 

နောက်ဆုံးတော့ သိတဲ့အတိုင်း စစ်အာဏာရှင် စနစ် ဖြစ်သွားတယ်။  နိုင်ငံရေးသမား အခွင့်ထူးခံ ပျောက်သွားတယ်။  စစ်ဗိုလ် အခွင့်ထူးခံသာ ကျန်ခဲ့ပြီး ထင်တိုင်းကြဲ ဗိုလ်ကျခဲ့တယ်။ 

ခု စစ်အာဏာရှင်စနစ် အသွင်ပြောင်းတဲ့ ဖားတပိုင်း၊ ငါးတပိုင်း ခေတ်ကျ နိုင်ငံရေးသမား အခွင့်ထူးခံ ပြန်ပေါ်လာတယ်။  စစ်အာဏာရှင် စနစ် ကို ဆန့်ကျင်ရာမှာ တပ်ဦးက ပါခဲ့သူ ကျောင်းသား၊ နိုင်ငံရေး သမား အားလုံးဟာ တိုင်းပြည်မှာ အခွင့်ထူးခံ ပြန်ဖြစ်သွားတယ်။  အရေးပါ၊ အရာ ရောက်လာတယ်။  အခွင့်အရေး ရလာတယ်။

ငါ့တို့ အသံ စူးရမယ်။  ငါတို့ လုပ်ရင် ဖြစ်ရမယ်။  ငါတို့ ပြောရင် ရရမယ်။  ဒီ အခွင့်ထူးခံ လူတန်းစား အလိ စိတ် (elitism) နဲ့ပဲ ပြဿနာ တရပ်ကို မြင်တယ်၊ ပြောတယ်။  ဒါကို လူထုကလည်း  ဆိုခဲ့သလို ရာဇဝင်နဲ့ချီ လက်ခံလာတဲ့၊ ဓလေ့မှာကို စွဲနေပြီ ဖြစ်တဲ့ အခွင့်ထူးခံ သဘောကို အပြစ်မမြင် ချစ်ခင်တယ်။ 

အခွင့်ထူးခံ သဘော ဟာ ဆိုခဲ့တဲ့ လူတန်းစား နှစ်ရပ် မင်းမှုထမ်း (စစ်သား) နဲ့ နိုင်ငံရေး သမား မှာချည်း ရှိတာ မဟုတ်ဘူး။

တိုင်းပြည်မှာ ရာစုနဲ့ ချီ အရိုးစွဲ ဘာသာရေး ကိုင်းရှိုင်းလာမှုကြောင့် ဘာသာရေးအဖွဲ့အစည်း ပုဂ္ဂိုလ်များကလည်း သြဇာကြီး၊ အရေးပါ၊ အရာရာ အခွင့်ထူးခံတွေပဲ ဖြစ်တယ်။  ဒါက ဘာသာရေး ကြောင့် အခွင့်ထူးခံ ဖြစ်တာမျိုး။

လူမှုရေး သဘောကြောင့် ဖြစ်တဲ့ အခွင့်ထူးခံတွေလည်း ရှိသေးတယ်။  ဗမာ့ဓလေ့မှာ သမားတော် ဆေးဆရာ ဟာ အသက် သခင် ကျေးဇူးရှင် ဖြစ်တဲ့အတွက် မိဘ၊ ဆရာ လိုပဲ ပူဇော်တယ်။  ဒါကြောင့် ဆရာဝန် လူတန်းစား ကလည်း လှုမှု အသိုင်းအဝန်း မှာ အခွင့်ထူးခံပဲ။  ဆရာဝန် အခွင့်ထူးခံ ဖြစ်စေဖို့ က တိုင်းပြည်ရဲ့ စနစ်တွေကြောင့်လည်း ပါတယ်။  (၁၀) တန်း အမှတ်အများဆုံး ရတဲ့ သူက ဆေးကျောင်းတက်တော့ အလိုလို စိတ်ထဲ ငါသာ အတော်ဆုံး ဆိုတဲ့ ဘဝင်က ရှိရော။  ကျန်တဲ့ သူတွေကလည်း ဟုတ်မှာပါပဲလေ ဆိုတဲ့ စိတ်နဲ့ နေရော။  ဆရာဝန် ဖြစ်တော့လည်း ဆိုခဲ့တဲ့ အတိုင်း ဓလေ့ အရ လူမှု အသိုင်းအဝန်း မှာ မြှောက်စား နေရာပေးခြင်း ခံရပြန်ရော။  ဒီလိုနဲ့ ဆရာဝန် အခွင့်ထူးခံ လူတန်းစား က လည်း အမြစ်တွယ် ပြန်ရော။ 

နောက်တမျိုးက စစ်အာဏာရှင် ခေတ်မှာ တလွဲဆံပင်ကောင်း ပေးတဲ့ ကျောင်းသား အခွင့်ထူးခံ ဆိုတာကလည်း ရှိသေးတယ်။  အဲဒီ စနက် က အခုခေတ်အထိလည်း မပျောက်သေးဘူး။  ကျောင်းသား ဆိုရင် ဆူဆူပူပူ အစိုးရ ဆန့်ကျင်မှာ စိုးတော့ တလွဲမြှောက်စား ပစားပေး ထားတယ်။

စာရေးသူ အနေနဲ့ ဆောင်းပါးတပုဒ်မှာ ဆိုခဲ့ဖူးပါတယ်။  စာရေးသူတို့ တက္ကသိုလ်တက်တော့ နယ်မြေခံ ထောက်လှမ်းရေးက လာပြီး “ညီလေးတို့ နိုင်ငံရေး မလုပ်နဲ့၊ လူမသတ်နဲ့ ကျန်တာတော့ ကြိုက်တာလုပ်၊ ပြဿနာ တက်ရင် အကိုကြီးတို့ ရှိတယ်” ဆိုပြီး လာညှိတယ်။  နိုင်ငံရေး မလုပ်ဖို့ ကို လူမသတ်ဖို့ ထက်ဦးစားပေး တားမြစ်၊ ကျန်တဲ့ အရာအားလုံးကို မတော်တရော် လွတ်လပ်ခွင့် အလွဲသုံးစားပေး ခွင့်ပြုပြီး ကျောင်းသားကို ဖျက်ဆီးခဲ့တယ်။

ဦးထုပ် မဆောင်းဘဲ ဆိုင်ကယ်စီးလို့ ရဲက တားရင် . “အကို ကျနော် ကျောင်းသားပါ” ဆိုလိုက် အားလုံး ငြိမ်းတယ်။  တက္ကသိုလ် ဝန်းကျင် (မန္တလေး နဲ့ ဆိုရရင် ၇၃ လမ်းမ ၃၅ လမ်းအထိ)  ဆိုရင် ဘယ် ယဉ်ထိန်းရဲမှ မလာဘူး။  မြို့ထဲသွားလို့ ပြဿနာ တက်ရင်လည်း ဆိုခဲ့သလို ကျောင်းသားသာ ဆိုလိုက်  ကိစ္စပြီးတယ်။  ပြဿနာ မပြီးဘဲ ရဲ က ဆက်ရှည်၊ ထပ်ရစ်နေရင်  “ခင်ဗျားက ယဉ်ယဉ်ကျေးကျေး ပြောနေလို့ ကျောင်းသားလို့ မထင်တာလား၊ မိုက်မိုက်ရိုင်းရိုင်း ပြောမှ ကျောင်းသားမှန်း ယုံမယ်ထင်တယ်” လို့ ဆိုပြီး မိုက်မိုက်ရိုင်းရိုင်း နှစ်ခွန်း၊ သုံးခွန်း ဆဲလိုက် တခါတည်း ချက်ချင်းလွှတ်ပေးမယ်။ 

စစ်အစိုးရခေတ် တက္ကသိုလ် အများစု စာမေးပွဲ စနစ်မှာ မဖြေတဲ့ လူနဲ့ သေတဲ့ လူပဲ စာမေးပွဲ ကျတယ်။  တခါတလေ အောင်စာရင်းမှာ နာမည် မဖျက်မိလို့ သေသွားတဲ့ ကျောင်းသား (ရှိခဲ့ရင်) ပါ နာမည် ပါနေတတ်သေးတယ်။

ဒါက ကျောင်းသား အခွင့်ထူးခံ ဓလေ့။

စာရေးသူ အနေနဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး စာတွေ ရေးမယ်၊ ရေးမယ် ဆိုပြီး စိတ်ထဲထားတယ်။  ရေးဖြစ်ရင် ပထမဆုံး ရေးမယ့် စာကြောင်းက ပညာရေး စနစ် မပြောင်းခင် ပြောင်းရမှာက ကျောင်းသားတွေရဲ့ ပျက်စီးနေတဲ့ စိတ်ဓာတ်ပဲ ဆိုတဲ့ စာကြောင်းပဲ ဖြစ်တယ်။  အလွဲသုံးစား အခွင့်အရေးပေး အခွင့်ထူးခံတလွဲ စိတ်ကြောင့် ပျက်စီးနေတဲ့ စာမတတ်ဘဲ စာမေးပွဲ အောင်ချင်နေတဲ့၊ လူ့မှုအသိုင်းအဝန်းမှာ ကျောင်းသား နာမည်ခံ အခွင့်အရေးယူ ရမ်းကာချင်နေတဲ့ မကောင်းတဲ့ ကျောင်းသားစိတ်ဓာတ်ကို အရင် ပြင်ဖို့က ပညာရေး စနစ်ပြောင်းဖို့ထက် ပို အရေးကြီးတယ်။

နောက်တမျိုး အခွင့်ထူးခံဓလေ့ကတော့ တိုင်းပြည်မှာ စီးပွားရေးအရ၊ ဓန အင်အားအရ၊ အာဏာပိုင် နဲ့ လမ်းကြောင်သင့် ပေါင်းဖက်နိုင်မှု အရ ခေတ်အဆက်ဆက် အခွင့်ထူးခံ ဖြစ်နေတဲ့ အားလုံးလည်းသိတဲ့ ပြည်သူ့မေတ္တာ ခံယူနေကျ ခရိုနီ အခွင့်ထူးခံ များပေါ့။

စာရေးသူ အနေနဲ့ ကဗျာတပုဒ် ဟိုတလောက မိုးမခမှာ ရေးဖူးတယ်။  ဗမာပြည်မှာ လူတန်းစား နှစ်မျိုးပဲ ရှိတယ်။  “ရှိသူများ” နဲ့ “မရှိသူများ” ဆိုပြီး ရေးခဲ့တယ်။။  အဲဒါကို ခြုံပြောရရင် “အခွင့်ထူးခံ နေသူများ” နဲ့ “အခွင့်ရေးမဲ့နေသူများ” ပဲ ဖြစ်တယ်။

ဆိုတော့ တိုင်းပြည်မှာ အခွင့်ထူးခံ ဓလေ့ ဘယ်လောက် အရိုးစွဲနေသလဲ ဆိုတာ ဆိုခဲ့တဲ့ သဘောကို ကြည့်ရင် မြင်နိုင်မှာပါ။ 

ဒါကြောင့် ၈၈ မျိုးဆက် ကလည်း အခွင့်ထူးခံလိုစိတ်နဲ့ “ငါ နဲ့ ငါ သာ နှိုင်းစရာ” ဆိုသလို ဆောင်းပါ အစက သဘောမျိုး ပြောချင်တာ အံ့သြစရာ မရှိပါ။

ဗမာ့ နိုင်ငံရေး အရွေ့လို့ စတင် ဆိုကြတဲ့ အချိန်တုန်းက လွှတ်တော် နိုင်ငံရေး ဆောင်းပါး တပုဒ်ရေးဖူးတယ်။  ဆောင်းပါးမှာ ပထမဆုံး ဘာဆိုခဲ့သလဲ ဆိုတော့ အနစ်နာခံနိုင်မှု နဲ့ နိုင်ငံရေး ဆက်လုပ်လို့ မရတော့ဘူး။  အရည်အသွေး၊ ပညာ၊ လုပ်ရည်ကိုင်ရည်၊ တွေးရည်ခေါ်ရည်၊ အမြော်အမြင်၊ Capacity ရှိမှုကသာ ရေရှည် တိုင်းပြည်မှာ အရာ ရောက်မယ် လို့ ဆိုခဲ့တယ်။  မှန်ကန်တဲ့ ခေါင်းဆောင်မှု၊ မှန်ကန်တဲ့ ဦးဆောင်မှု၊ မှန်ကန်တဲ့ လမ်းညွှန်မှု၊ အမှန်ကို သိမှု၊ အကြောင်း ကို သိမှု ပညာ နဲ့ သာ ရှေ့မှာ ဦးဆောင်ရမယ်။  ကိုယ့် အသံ စူးစေချင်ရင် ဆိုခဲ့တဲ့ အရည်အချင်းတွေ ပြ၊ မှန်ကန်တဲ့ ရပ်တည်မှု ပေး၊ မှားနေတာကို ရဲရဲဝံ့ဝံ့ ထောက်ပြ၊ လူထုကို ဦးဆေင်၊ လမ်းညွှန်၊ တဖြည်းဖြည်နဲ့ လူထုကလည်း သဘောပေါက် လက်ခံလာမယ်။ 

ခုလည်း တိုင်းပြည်မှာ အရေးပါ၊ အရာ ရောက်နေတဲ့ အခွင့်ထူးခံ အလိ (Elite) တွေပြောသမျှ လူထုက လက်ခံပါတယ်။  ဒါပေမယ့် ဒီအနေအထား၊ အရင်တုန်းက အလုပ်တွေ၊ အနစ်နာခံခဲ့မှုတွေကို အားနာပြီး၊ အသိအမှတ်ပြုပြီး အခု ဘာပြောပြော၊ ဘာဆိုဆို လက်ခံနေမှုမျိုးဟာ ရေရှည်မခံနိုင်ပါ။  လူထုဆိုတာ အချဉ်မဟုတ်ပါ။

“ငါတို့က သြဇာကြီး၊ အင်အားရှိတဲ့ လူတန်းစား တရပ်၊ ငါတို့ ရပ်တဲ့ ဘက်က နိုင်မှာပဲ” ဆိုခြင်းဟာ ဆိုခဲ့သလို အခွင့်ထူးခံ လူတန်းစား ငြင် နဲ့ “ဆင်သွားရင် လမ်း ဖြစ်တယ်” ဆိုချင်တာပါပဲ။  ခုအနေအထားအရ အခွင့်ထူးခံဖြစ်နေတဲ့ သူတွေ ရပ်တဲ့ဘက်က နိုင်ကောင်း နိုင် နိုင်ပေမယ့် နိုင်တဲ့ဘက်က မှန်တယ်လို့လည်း ဘယ်လိုမှ ပြောနိုင်မှာ မဟုတ်ပါ။  ဆိုတော့ အကြွင်းမဲအာဏာရှင် စနစ်၊ စစ်အာဏာရှင်စနစ် အမွေဆိုး ”အင်အားသည်သာ အမှန်တရား (Might is Right)” ပြဿနာ အဟောင်းကြီးက တိုင်းပြည်မှာ သက်ဆိုးရှည်နေမှာပဲ ဖြစ်တယ်။  ဒီဓလေ့ ကို တိုင်းပြည်မှာ ပျောက်အောင် ၈၈ မျိုးဆက်လို သမိုင်းကြောင်း ကောင်းခဲ့တဲ့၊ အဖွဲ့အစည်းက ဦးစီးပြီး တိုက်ရမှာပါ။  ကိုယ်တိုင် လိုက်လံ ကျင့်သုံး ရမှာမဟုတ်ပါ။  “အမှန်တရားသည်သာ အင်အား (Right is Might)” ဖြစ်ဖို့ကို အခွင့်ထူးခံဓလေ့၊ စိတ် နဲ့ လူတန်းစားအားလုံး တိုင်းပြည်မှာ ပျောက်အောင် အရင် ကြိုးစား ချေဖျက်ရမှာပါ။

အခွင့်ထူးခံချင်စိတ်၊ အသာစီးနဲ့ ငါတို့ ပြောသမျှ အောင်ရမယ်၊ လိုက်နာရမယ်ဆိုတဲ့ အာဏာရှင် အကျင့်အကြံ စရိုက်တွေကို ဒီမိုကရေစီ ဘက်တော်သား ဆိုသူတွေက ဦးဆောင် တိုက်ခိုက်ဖို့ပါ။  လိုက်လံ ကျင့်သုံးဖို့ မဟုတ်ပါ။

နိဂုံးချုပ်ရရင် မျက်မှောက်ခေတ် တိုင်းပြည်ရဲ့ ပြဿနာ အကြီးကြီးတိုင်းမှာ လူထု ခေါင်းဆောင် ဆိုသူများ နဲ့ လူထု နိုင်ငံရေး သမား ဆိုသူများ၊ တက်ကြွလှုပ်ရှားသူများ လူမုန်းမခံချင်တာ အပါအဝင် အကြောင်းကြောင်းတွေကြောင့် အာစေးမိ၊ နှာစေး ဝါးတားတား လုပ်နေတာဟာ ဒီကိစ္စ တခုတည်းမှ မဟုတ်ဘဲ ခေတ်သစ် နိုင်ငံရေး နည်းဗျူဟာသစ်အလား လတ်တလော ဖြစ်ရပ်တိုင်းလိုလိုမှာ မြင်နေရပြီး ဖြစ်လို့ ခုမျိုးစောင့်ဥပဒေ ကိစ္စမှာလည်း အဆိုပါ ပုဂ္ဂိုလ် တွေ ခေါင်းရှောင်ချင်တဲ့ သဘောဆိုတာကို ဒီမှာ အကျယ်ထည့်မပြောတော့ပါ။  ဗမာ့ အခွင့်ထူးခံဓလေ့ အကြောင်းသဘောကိုသာ မိုးမခ စာဖတ်သူတွေ သတိထား မြင်နိုင်အောင် ဆွေးနွေးတင်ပြလိုက်တယ်။

ငြိမ်းချမ်းအေး

၂၁ ၊ ဇူလိုင် ၊ ၂၀၁၃

(Photo – Ai Wei Wei, Photo of deconstruction)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Nyein Chan Aye, Op-Ed

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်