Than Win Hlaing – Articles

July 20, 2013

မြန်မာ့ပလ္လင်
သန်းဝင်းလှိုင်
ဇူလိုင် ၂၀၊၂၀၁၃


ရန်ကုန်တိုင်း ၊ ဒဂုံမြို့နယ် ၊ ပြည်လမ်းပေါ်ရှိ အမှတ် ၆၆/ ၇၄ ၌ တည်ဆောက်ထားသော အမျိုးသားပြတိုက်တွင် ဆင်ယင်ပြသထားသည့် ရွှေပလ္လင်သည် ရွှေခြင်္သေ့ရုပ်ခံသော ῾သီဟာသနရွှေပလ္လင်᾽ ဖြစ်သည်။ မြန်မာ့ရွှေနန်းနှင့်တကွ နိုင်ငံအဝန်းကို နယ်ချဲ့တို့ သိမ်းပိုက်ပြီးနောက် ၁၈၉၂ ခုနှစ်တွင် ῾ သီဟာသနရွှေပလ္လင် ᾽ကို အိန္ဒိယနိုင်ငံသို့ သယ်ဆောင်ကာ ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့ရှိ အိန္ဒိယပြတိုက်တွင် ခင်းကျင်းပြသခဲ့သည်။
မြန်မာတို့ လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၄၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာ့အကျိုးကိုလိုလားသော ῾အဂ္ဂမဟာသီရိသုဓမ္မ လော့ဒ်လူဝီ မောင့်ဘက်တန်က မြန်မာပြည်သူများအတွက် သီဟာသန ရွှေပုလ္လင် ကိုမြန်မာပြည်သို့ ပြန်လည်ပေးပို့ခဲ့သည်။ သီဟာသနပလ္လင်သည် မြန်မာ့လွတ်လပ်ရေး  အထိမ်းအမှတ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောအခါ သီဟာသနပလ္လင်ကို ဦးစွာ အလုံလမ်းရှိ နိုင်ငံတော် သမ္မတအိမ်တော်တွင် နေရာချထားခဲ့သည်။
၁၉၅၅ ခု စက်တင်ဘာလတွင် ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီဟော အဆောက်အအုံသို့ အမျိုးသား ပြတိုက် ပြောင်းရွှေ့ဖွင့်လှစ်သောအခါ သီဟာသနပလ္လင်ကြီးကို သမ္မတအိမ်တော်မှ အမျိုးသားပြတိုက်သို့ ပြောင်းရွှေ့ဆင်ယင်ပြသခဲ့သည်။ တစ်ဖန် အမျိုးသားပြတိုက်ကို ပန်းဆိုးတန်းလမ်းရှိ ယခင် ဂရင်းလေးဘဏ် ဟောင်း အဆောက်အအုံ (ယခု မြန်မာနိုင်ငံ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဘဏ် )သို့ ပြောင်းရွှေ့သောအခါ သီဟာသနပလ္လင်ကို ၁၉၆၈ ခုနှစ်တွင် ပန်းဆိုးတန်းလမ်းရှိ အမျိုးသားပြတိုက်သို့ သယ်ယူဆင်ယင်ခဲ့ပြီး ၁၉၇ဝ ပြည့်နှစ် ဖေဖော်ဝါရီလမှ စ၍ ဖွင့်လှစ်ပြသခဲ့ရာ ၁၉၉၄ ခုနှစ် နှစ်ကုန်ပိုင်းအထိဖြစ်သည်။
ထို့နောက် အမျိုးသားပြတိုက်ကို ရန်ကုန်တိုင်း ၊ ဒဂုံမြို့နယ် ၊ ပြည်လမ်းမပေါ်ရှိ အမှတ် ၆၆/ ၇၄ ၌ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉၉၀ ပြည့်နှစ်တွင် အုတ်မြစ်ချတည်ဆောက်ခဲ့ရာ ၁၉၉၆ စက်တင်ဘာလ ၁ဝရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ယင်းအသစ်တည်ဆောက်ထားသော အမျိုးသားပြ တိုက် အဆောက်အအုံကြီး၌ ပြခန်းပေါင်း ၁၃ခန်းကို ပြသထားရာ သီဟာသန ရွှေပုလ္လင်ကြီးကို ပြခန်းအမှတ် ၁ သီဟာသနပလ္လင်ပြခန်း၌ ခမ်းနားထည်ဝါစွာ ခင်းကျင်းပြသထားသည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။
အမျိုးသားပြတိုက် မြေညီထပ်ရှိ သီဟာသနပလ္လင် ပြခန်းရှိ သီဟာသနရွှေပလ္လင်သည် မြန်မာနိုင်ငံ နောက်ဆုံးမင်းဆက် ကုန်းဘောင် နှောင်းခေတ် ဧကရာဇ်မင်းတို့၏ ရာဇပလ္လင် ဖြစ်သည်။ နောက်ဆုံး ရွှေမြို့ တော်ဖြစ်သော ရတနာပုံ (မန္တလေး ) နန်းမြို့တွင်းရှိ ရွှေပလ္လင် (၈)ခုကိုလည်း ကုန်းဘောင်နောက်ဆုံးဘုရင် သီပေါမင်းတရားက ပိုင်ဆိုင်ခဲ့သည်။
ကုန်းဘောင်မင်းဆက် နောက်ဆုံးသီပေါမင်းတရား လက်ထက်တိုင်တည်ရှိခဲ့သော ရာဇလ္လင်များကို တည်ဆောက်ခဲ့သူမှာ ဗဒုံမင်း ( ဘိုးတော်မင်းတရား) ပင်ဖြစ်သည်။ ခရစ်နှစ် ၁၈၁ဝ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် အမရပူရ ရွှေနန်းတော်ကြီး မီးခခဲ့ရသောအခါ ရွှေနန်းတော်ကြီး ပြန်လည်တည်ဆောက်ခဲ့သည်။ ရွှေနန်းတော်ကြီး တည်ဆောက်နေချိန်မှာ နန်းအဆောင် အသီးသီးတွင် စံစားရန် ရာဇပလ္လင်တော်များ တည်ဆောက်ခဲ့ကြလေသည်။ ပလ္လင်တော်များ တည်ဆောက်စေရန် ဝန်ထောက်ရွှေတောင်နော်ရထာနှင့် (သား) ယွန်းစုဝန် ရွှေတောင်ရာဇသူတို့ကို ဆောက်လုပ်ရန် မိုးကောင်းမှ ယမနေသားနှင့် ကံ့ကော်သား၊ ပုသိမ်မှ တောင်ပိန္နဲသား ၊ ပုပ္ပားမှ စကားဝါသား၊ ကျော်စဉ်တိုက်အဝင် မတ္တရာနှင့် ရေနံ့သာမှ သရက်သားနှင့် ပေါက်သား၊ ဘုတ်ရွာမှ သဖန်းသားတို့ကို အသီးသီး ခုတ်ယူခဲ့ကြသည်။ သစ်များ စုံသည်နှင့် ခရစ်နှစ် ၁၈၁၅ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ပလ္လင်တော်များ စတင်ဆောက် လုပ်ခဲ့ကြလေသည်။
မင်းနေပြည်တော်ကို အမရပူရမှ ရတနာပုံ ( မန္တလေး) သို့ ပြောင်းရွှေ့သောအခါ မြို့နန်းတည် မင်းတုန်းမင်းတရားကြီးသည် မြန်မာသက္ကရာဇ်  ၁၂၂၀ ပြည့်နှစ် ကဆုန်လပြည့်ကျော် ၁၁ ၇က် ( ခရစ်နှစ် ၁၈၅၈ ခုနှစ် မေလ ၇ ရက်) သောကြာနေ့ တစ်ချက်တီးကျော် ၁၂ နာရီပတ် ၁၁ ဗီဇနာအချိန်အခါတော်အရ ရာဇပလ္လင်တော်များကို သူ့အဆောင်နှင့်သူ ထုံးတမ်းနှင့်အညီ တည်ထားတော်မူခဲ့သည်။
ရတနာပုံ ဟူသော ဝေါဟာရနှင့် အညီ နဝရတ်ကိုးပါး အမှူးပြုလျှက် ရတနာကျောက်မျက်တို့ဖြင့် ပေါကြွယ်သော ရွှေမြို့၊ ရွှေနန်း၊ ရွှေပြာသာဒ်တော်၊ ရွှေမင်းခမ်းတော်၊ ရွှေလှေ ၊ ရွှေလောင်း တို့အပြင် ရွှေပလ္လင်တော်များပါ ရှိခဲ့သည်။ မြန်မာ့ပဒေသရာဇ်မင်းဆက် အသီးသီးသည် ရွှေကိုခင်း၍ ရွှေကို ကာသည်။ ရွှေကို မိုး၍ ဖြိုးဖြိုးကြွယ်ခဲ့သည်ဟု ဆိုရပေမည်။ ရွှေနန်းတော်တွင်းမှ ရွှေပလ္လင်တို့သည်လည်း သူ့နေရာနှင့်သူ အထာတကျ ရှိခဲ့သည်။
● ပလ္လင်ကိုးခန်း
῾ပလ္လင် ᾽ ဟူသည်ကား ῾ ပလ္လင်္က᾽ ဟူသော မဂဓ ပါဠိမှ ပလ္လင်ဟူသော မြန်မာစကားဖြစ်၍လာလေသည်။ ပလ္လင်္ကသဒ္ဒါသည် အစောက်၊ အပြန့်နှင့် နေရာကို ဟောလေသည်။ ကျမ်းဂန်လာ ပလ္လင်တို့သည်ကား –
၁။ မြတ်စွာဘုရားရှင်တို့ စံတော်မူသော ပလ္လင်ကို ῾ အပရာဇိတပလ္လင် ᾽၊
၂။ ဗြဟ္မာမင်းတို့ စံတော်မူသော ပလ္လင်ကို ῾ ကမလာသနပလ္လင် ᾽၊
၃။ နတ်တို့  စံတော်မူသော ပလ္လင်ကို ῾ဒိဗ္ဗာသနပလ္လင် ᾽၊
၎။ လူမင်းတို့ စံတော်မူသော ပလ္လင်ကို ῾ ရာဇပလ္လင် ᾽
၅။ တရားဟော ဓမ္မကထိက ပုဂ္ဂိုလ်တို့ စံတော်မူသော ပလ္လင်ကို ῾ ဓမ္မသနပလ္လင် ᾽၊
၆။ တရားသူကြီးတို့  ထိုင်သော ῾ အဋ္ဋကရဏပလ္လင် ᾽ တို့ဖြစ်ကြ သည်။
ရာဇမင်းတို့ စံတော်မူသော ရာဇပလ္လင်ကို အရွယ်အစား သုံးမျိုးခွဲခြားထားပြန်သည်။
၁။ ၁၆ တောင်ရှိသော မဟာပလ္လင်
၂။ ၈ တောင်ရှိသော မဇ္ဈိမပလ္လင်
၃။ ၄ တောင်ရှိသော စူဠပလ္လင် တို့ဖြစ်သည်။
သီပေါမင်း ပိုင်ခဲ့သော ပလ္လင်တော် ၈ ခန်းကို သီမှီသူများက မှတ်တမ်းတင်ထးခဲ့ကြသည်။ မှတ်တမ်း တစ်ခုတွင် –
῾သီဟ ၊ အမရာ၊ မောရ ၊ သင်္ခ၊ ဟတ္တိ ၊ မိဂ၊ ပဒုမာ၊ ရှစ်မျိုးတွင် တစ်ဆယ့်ခြောက်တောင်ရှိသော မဟာပလ္လင်္က၊ ရှစ်တောင်ရှိသော မဇ္ဈိမပလ္လင်င်္က၊ လေးတောင်ရှိသော စူဠပလ္လင်္က လုပ်နည်းရှစ်မျိုး လုပ်ရိုး သုံးပါး ᾽ ဟူ၍ဖော်ပြထားသည်။
မြန်မာမင်းများ ထုံးတမ်းစဉ်လာအရ ပလ္လင် ၈ မျိုးတို နေရာဒေသ အခါအခွင့် ခွဲခြား၍ သုံးစွဲခဲ့သည်။ သို့သော် သီဟာနယပလ္လင်ကို ဆင်တူ ပြုလုပ်၍ သုံးစွဲသောကြောင့် ῾ ပလ္လင်ရှစ်ခန်း၊ ရွှေနန်းကိုးဆောင် ᾽ ဆိုကြသည်။
ပလ္လင် ၈ ခန်းကို ရွှေနန်း ၉ ဆောင်၌ ထားရှိပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ သီဟာသန  ( ခြင်္သေ့ခံ ပလ္လင် ) ကို ယမနေ ( Gmelina arboreal )  သားနှင့် လုပ်၍ မြေနန်းပြသာဒ် ခေါ် ညီလာခံကျင်းပရာ ခန်းမကြီး၌ ထားရှိသည်။
၂။ သီဟာသန ( ခြင်္သေ့ခံ ပလ္လင် ) ယမနေသားဖြင့် ပြုလုပ်၍ လွှတ်တော် ဇေတ၀န် (အောင်ပွဲခံ) တောင်၌ ထားရှိသည်။
၃။ ပဒုမ္မာသန ( ကြာပလ္လင်) တောင်ပိန်း ( Artocarpus Chaplasha ) နှင့် ပြုလုပ်၍ အနောက်ပွဲတက်ဆောင်၌ ထားရှိသည်။ ကုသပျို့ (အပိုဒ် ၁၁) ၌ ကရဝေး ( Cinnamonum Caudata) သစ်နှင့် ပြုလုပ်ရသည်ဟု ဆိုသည်။ မြ၀တီမင်းကြီးဦးစက ပလ္လင်ရှစ်ခန်း၌ သရက် (Mangifera inunctum ) သားဖြင့် ပြုလုပ်သည်ဟု ဆိုသည်။ ( ပဒုမ္မာကြာ ကိုဟောသည်။ )
၎။ မရူယာသန (ဥဒေါင်းပလ္လင် ) ကို ပေါက်သား ( Butea fuondosa ) နှင့် ပြုလုပ်၍ လက်ဝဲစမုတ်တောင်၌ ထားရှိသည်။ ကုသပျို့ ( အပိုဒ် ၁၁) ၌ သရက်သား ( Mangifera indica ) နှင့် ပြုလုပ်သည်ဟုဆို၏။ (မရုယသဒ္ဒါ ဥဒေါင်းကို ဆိုသည်။)
၅။ မိဂါသန ( သမင်ပလ္လင်) ကို သဖန်းသား ( Ficus glomerata)  နှင့် ပြုလုပ်၍ လက်ယာစမုတ်တောင်၌ ထားသည်။ ကုသပျို့ ( အပိုဒ် ၁၁) တောင်ပိန္နဲ ( Artocarpus chaplasha) နှင့် ပြုလုပ်သည်ဟုဆိုသည်။ (မိဂသဒ္ဒါ သမင်ကိုဟောသည်) ။
၆။ ဟံသာသန ( ဟင်္သာပလ္လင် ) ကို သင်္ကန်းသား ( Hopea Odorata) နှင့် ပြုလုပ်၍ အောင်ပွဲခံရာ ဇေတ၀န်တောင်၌ ထားရှိသည်။ (ဟံသ သဒ္ဒါ ဟင်္သာကို ဟောသည်။)
၇။ ဂဇာသန (ဆင်ပလ္လင်) ကို စကားသား ( Michelia Champaca ) နှင့် ပြုလုပ်၍ ဗြဲတိုက်ဆောင်၌ ထားရှိသည်။ မြ၀တီမင်းကြီး ဦးစကလည်း ῾ ဆက်စဉ်မည်ရှေး၊ ရဲတိုက်မှာ ဂဇာငွေသား၊ စကားသစ်မြတ်စွာ ᾽ ဟူ၍ စပ်ဆိုထားသည်။ ကုသပျို့ (အပိုဒ် ၁၁) ၌ သဖန်းသား ( Ficus glomerata )ဖြင့် ပြုလုပ်သည်ဟု ဆိုသည်။ (ဂဇသဒ္ဒါ ဆင်ကို ဟောသည်။)
၈။ သင်္ခါသန (ခရုသင်းပလ္လင်) ကို သရက်သား (Mangiferaindica) ဖြင့် ပြုလုပ်၍ လေသာဆောင်၌ ထားရှိသည်။ စကော့ ( J.G.Scott ) ရေးသည့် အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်ဂေဇက်တီးယား ( အပိုင်း ၁၊ တွဲ ၂၊ စာ ၈၈) ၌ ဗောင်းတော်ဆောင်၌ ထားသည်ဟုဆိုသည်။ ကုသပျို့ (အပိုဒ် ၁၁) ၌  ပရိတ်နာဆောင်၌ထား၍ တောင်ပိန္နဲသား (Artocarpus Chaplasha) ဖြင့် ပြုလုပ်သည်ဟုဆိုသည်။ ( သင်္ခသဒ္ဒါခရုကို ဟောသည်။)
ဤသည်ကို ရည်၍ မြ၀တီမင်းကြိးဦးစက မင်းခမ်းတော်ဘွဲ့၌ ပလ္လင်တော် ရှစ်ရပ်အကြောင်း ဖွဲ့ဆိုထားသည်မှာ –
ဥကင်ဘုံမြင့်၊ သီဟာဆွေ၊ စိန်ကြောင်ရောင်လင်း၊ သစ်မင်းတည့်ယမနေ၊ မှန်ရဝေငယ်မှာ ကြိုင်သင်းပျံ့မွှေး၊ အမရာသန တောက်ပ၀င် သ၀ဏ်ငယ်မှာ၊ မုနောတင့်လွန်၊ သစ်မွန် ကရဝေးငယ် နှင့် လေးဆက်စဉ်မည် ရှေးဗြဲတိုက်မှာ၊ ဂဇာငွေသား စကားသစ်မြတ်စွာ။ တောင်သေလာငယ်မှာ။ တောင်ပိန္နဲ ၊ သင်္ခါငယ် သင်္ခါလှည့်လက်ရာ၊ မြင့်ကြာတု လွတ်ကဲပါလို့လေး။     ။ မျက်မြွာပုလဲခြယ်စီကာ၊ ဇေတ၀န်နန်း သင်္ကန်းမြတ် ဟံသာ၊ ရွှေမိဂါငယ် လေ မြသဖန်း၊ စမုခ် ကယ်ဘုံမော်၊ လက်ျာတော် ရှူမျှော်အံ့မခန်းသည်နှင့်လေး။       ။ နောက်ဝေယံနန်း ၊ ဇေတ၀န် ပြဒုံကြာရွာ၊ သရက်မြတ်သစ်မွန်၊ မြောက်စံကွန်းဟာမှာ စမုခ်ဦး၊ ပေါက်သစ်ကယ်လျှံဝါ၊ မယုရာ၊ ရှစ်ဖြာထိန်ဝင်းဖြူပါလို့လေး ။     ။ စံပျံ့ပျူးသည်နှင့် ရှည်ကြူးငယ်သက်တော်၊ ရာကျော်ဖြိုးမျှလေး။     ။ ဆောင်တော်နန်းငယ်နှင့် လေးခန်းဒီပါ ချုပ်ကာစိုး၇လေ။
ဟူ၍ စပ်ဆိုထားလေသည်။
ပလ္လင်ရှစ်ခန်းနှင့် ပတ်သက်၍ အခြားမှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်မှာ –
῾ ရှစ်ဖြာပလ္လင်၊ ထုံးတ်းစဉ်မှ၊ သီဟာ ၊ ယမနေ၊ ဟံသေ သင်္ကန်း၊ ထီးနန်းမပျက်၊ သရက်၊ ခရု၊ တခုပီဒုံး၊ ကရဝေးသုံးသည်၊ နန်းကုံးချီမြှောက်၊ သို့ကလောက်မောက်မို၊ ပေါက်ကို ဥဒေါင်း၊ ထုံးဟောင်းမမှား၊ စကားဟတ္တိ၊ မည်ရှိမလွဲ၊ ပိန္နဲပဒုမာ၊ မိဂါရေသဖန်း၊ ဤရှစ်ခန်းသည်၊ စံမြန်းပလ္လင်နေရာတည်း ᾽ ဟူ၍ ရှိခဲ့သည်။
သီဟာနယရွှေပလ္လင်နှင့် စပ်လျဉ်း၍ အ၀မြို့ဝန် မဟာသီဟသူရ၏ ဣသိသိင်္ဂပျို့၌ –
῾ မာဃမပြောင်း၊ မင်းအပေါင်းတို့၊ ဥက္ခောင်းဆက်လက်၊ ရှိစုံယှက်၍ ဆောင်ရွက်ကော်ေ၇ာ်၊ ပြာသာဒ်တော်ဝယ်၊ ပူဇော်ရာလေ့၊ ခြင်္သေ့စံပေ၊ ယမနေသား၊ ကိုးပါးမှ်မြွာ၊ သီဟာသန ᾽။
ဟူ၍ ရှိခဲ့ရာ သီဟသန ရွှေပလ္လင်သည် မင်းတို့ အပူဇော်ခံရာ ရှိခိုးကော်ရောက် အကန်တော့ခံရာ၊ ပြာသာဒ်တော်ရှိ ခြင်္သေ့ရုပ်ခံ ၊ရွှေပလ္လင်ပင် ဖြစ်ပေသည်။ မြေနန်းပြာသာဒ်တော်ရှိ သီဟာသနရွှေပလ္လင်ပေါ်ဝယ် မင်းနှင့် မိဘုရားတို့ စံတော်မူလျက် တစ်နှစ်လျင် ငါးကြိမ် အကန်တော့ခံကြောင်းကိုလည်း ဖတ်ဖူးသည်။ နှစ်စဉ် နယုန်လဆန်း ၁ရက်နေ့၊ ၀ါဆိုလဆုတ် ၁ ရက်နေ့၊ သီတင်းကျွတ်လကွယ် ၁ ရက်၊ ၂ ရက်၊ ၃ ၇က်၊ နေ့များတွင် မင်းနှင့်တကွ မိဘုရားတိုပ အတူတကွ အပူဇော်ခံလေ့ရှိကြောင်း သိရသည်။
ယခုအမျိုးသားပြတိုက်ရှိ သီဟာသန ရွှေပလ္လင်သည် လွှတ်တော်၌ ထားရှိသော ရွှေပလ္လင်ဖြစ်သည်.။ ဇေယျသိင်္ခယာ၏ ရွှေဘုံနိဒါန်းတွင်- ῾ ခြင်္သေ့ ၊ ပျံချီ ၊ လောကနတ်၊ ဒေါင်းယဉ်၊ ဆင်နား၊ တံခါးတိုင် သိကြားကိန္နရာ၊ သမ္နာဒေ၀၊ ခြူးကြာ၊ ဦးဆောက်ပန်း တို့ဖြင့် လုပ်ဆောင်၍ ပြသာဒ်တော်၊ေ၇ွှလွှတ်တော်ဝယ် တည်ထားသည့် ရာဇပလ္လင်သည်…..᾽
ဟူ၍ ဖော်ပြထားရာ သီဟသန ရာဇပလ္လင်သည် မြေနန်းပြာသာဒ်တော်နှင့် ရွှေလွှတ်တော် နှစ်နေရာတွင် ထားရှိကြောင်း ပေါ်လွင်လှပေသည်။
တစ်ဖန် ၁၉၆၃ ခုနှစ် ရှေးဟောင်းသုတေသနဌာနမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ῾ မန္တလေးနန်းတော် ᾽ စာအုပ် စာမျက်နှာ ၁၉ တွင် လွှတ်တော်အကြောင်း ဖော်ပြရာ၌ လှပသောလက်ရန်း လေးခုကာလျက် ခြင်္သေ့ပလ္လင် (သီဟာသန) သည် လွှတ်တော်ထဲတွင် သီးသန့်ရှိသည်။ ထိုပလ္လင်သည် ညီလာခံရာ ခန်းမကြီးရှိ သီဟာသန ပလ္လင်၏ ပုံတူပွားဖြစ်သည်။ ထိုပလ္လင်သည် ညီလာခံရာခန်းမကြီး သီဟာသန ပုံတူပွားပင်ဖြစ်သည်။ လွှတ်တော်မှ ပလ္လင်ကို ကာလကတ္တားရှိ အိန္ဒိယ ပြတိုက်သို့ ပို့ခဲ့သည်ဟု ဖော်ပြထားလေသည်။ ဤဖော်ပြချက်နှင့် မောင့်ဘက်တန်သည် အိန္ဒိယရှိ  သီဟာသနပလ္လင်ကို ပြန်ပို့ပေးသည် ဟူသော အချက်တို့ကို ဆက်စပ်လိုက်လျှင် အမျိုးသားပြတိုက်၌ ပြသထားသော ဟူသော အချက်တို့ကို ဆက်စပ်လိုက်လျှင် အမျိုးသားပြတိုက်ရှိ ပြသထားသော ရွှေပလ္လင်သည် မြန်မာဘုရင်မင်း လက်ထက်လွှတ် တော်၌ ထားရှိသော သီဟာသနရွှေပလ္လင်ဖြစ်ကြောင်း ထင်ရှားပေသည်။
ယဉ်ကျေးမှုဝန်ကြီးဌနမှ ၂၀၀၅ ခုနှစ်က ထုတ်ဝေခဲ့သော ῾ ယဉ်ကျေးမှုစာစောင် ᾽ စာမျက်နှာ ၂၂၇ ၌ အမျိုးသားပြတိုက် သီဟာ သနပလ္လင်ပြခန်းတွင် ပြသထားသော သီဟာသနပလ္လင်သည် ရတနာပုံခေတ် မင်းတုန်းမင်းတရားကြီးလက်ထက် ခရစ်နှစ် ၁၈၅၆ ခုနှစ်မှ  ၁၈၅၇  ခုနှစ်အထိ ၂ နှစ်တိုင်အချိန်ယူ တည်ဆောက် ခဲ့ရပြိး ရတနာပုံမြို့တော် မြနန်းစံကျော် ရွှေနန်းတော်ကြီး လွှတ်တော်အဆောက်အုံတွင် ထားရှိ ကာ တရားစီရင်ရန် အသုံးပြုခဲ့သည့် ပလ္လင်ဖြစ်သည်ဟု ဖော်ပြထားသည်။
လွှတ်တော်ရှိ သီဟာသနပလ္လင်သည် ဘုရင်နှင့် ၀န်ကြီးလေးပါး အပါအ၀င် မှူးမတ်တို့သည် တိုင်းရေးပြည် မှုအစုစုသော အရေးအရာများကို သာ ဆွေးနွေးဆုံးဖြတ်ရာ ပလ္လင်ဖြစ်လေသည်။ ထို့ပြင် နိုင်ငံ ခြား သံတမန်ကြီးများအား တွေ့ဆုံဖူးမြော် ကန်တော့ခံရာ၌ လည်းကောင်း၊ ကျွန်တော်မျိုးတို့ကို သစ္စာရေတိုက် ရာ၌ လည်းကောင်း၊ ပဒေသရာဇ်မင်းများ၏ ကန်တော့လက်ဆောင် ခံယူရာ၌ လည်းကောင်း အသုံးပြုသည့် ပလ္လင်ဖြစ်သည်။ လွှတ်တော်သို့ ဘုရင်မင်းမြတ် မကြွချီနိုင်သောအခါ အဆင့်မြင့် မင်းသားကြီး တစ်ပါးပါးက ဘုရင့်ကိုယ်စား သတ်မှတ်ထားသော သီးသန့်နေရာတွင် နေလျက် ၀န်ကြီးများနှင့် ဆွေးနွေးခြင်းြ့ပုရလေသည်။ ပလ္လင်တော်ပေါ်သို့ကား မတက်ရချေ။
တော်စိန်ခို ရေးသားသော ῾ မန္တလေးဆိုင်ရာ ရှေးသုတေသနမှတ်စု ᾽ စာအုပ်၌ သီဟာသန ပလ္လင်သည် မှန်စီရွှေချဖြစ်သည့်အတွက် ရွှေရောင်မှန်ရောင်တ၀င်းဝင်းနှင့် ထည်ဝါခံ့ညား၍ ကပ္ပိလ၀တ်က ဆင်းသက်လာ သည့် လက်ရာနှင့်တူသည်။ ပလ္လင်၏ ဘေးတစ်ဖက်တစ်ချက် ၌ ရွှေချထားသည့် ခြင်္သေ့ရုပ်များရှိသည်။ ဒေလီ ( Delhi) ၊ မဂို ( Mogul ) ဘုရင်များ၏ ပလ္လင်ကဲ့သို့ နောက်ဘက် လှေကားနှင့်တက်ရသည်။ ဗုဒ္ဓဆင်းတုတော်အတွက် ပြုလုပ်ထားသည့် ပလ္လင်ကဲ့သို့ပင် ခါးသိမ်သည်။ တံခါးပေါ်ရှိ ထုတ်တန်းတွင် နဂါးနှစ်ကောင်နှင့် နတ်ရုပ် ၁၆ ပါးရှိသည်။
ပလ္လင်အတိုင်းအတာကို လက်သစ်တောင်တာနျင့် ဖော်ပြလေ့ရှိသည်။ တစ်တောင်ကို ၁၉ ဒသမ ၁၅ လက်မရှိသည်။
သီဟာသနပလ္လင် အတိုင်းအတာ
ပေ       လက်မ
၁။ သီဟာသနပလ္လင် ထိပ်မှ အောက်ခြေ မြေပြင်အထိ အမြင့်         ၃၄         ၆ ၁/၅
၂။ ပလ္လင်အေက်ခြေမှ မင်းထိုင်နေရာအထိ                                   ၅         ၁၁ ၄/၅
၃။ တံခါး                                                                            ၇          ၅ ၁/၂
၎။ ကြေးကွေး                                                                     ၃         ၁ဝ
၅။ တောရဏာ                                                                      ၈           ၂ ၂/၅
၆။ မှန်ကင်းတိုင်                                                                    ၆           ၈ ၉/၁၀
၇။ စိန်ပျံတိုင်                                                                        ၂           ၇ ၃/၎
၈။ ပလ္လင်အောက်ခြေ ခြင်္သေ့ရုပ်သွင်းများပါ အနံ                             ၁၂            ၁ ၁/၎
၉။ ပလ္လင် ခါးသိပ်ကြာတန်း                                                        ၈          ၁ဝ ၃/၎
၁၀။ ဥကင်တော်မုခ်ဝထုပ်                                                           ၄           ၄ ၃/၅
ပလ္လင်၌ ချိတ်ဆွဲထားသည့် အဆွယ်အပွားများ
ကျားရုပ်ငယ်                                                                          
တောင်ခြင်္သေ့                                                                           ၎
ခြင်္သေ့ဖိနပ်                                                                            ၃၆
ခြင်္သေ့ခါးစည်း                                                                          ၃၆    
ခြင်္သေ့ နဖူးစည်း                                                                        ၃၆
လောကနတ် ( ပလ္လင်ဝဲယာ ) စိန်ကျောက်ခြယ်                                     ၂
ဆင်ပျံ ခြင်္သေ့ပျံ  (၀ဲယာ)                                                                ၂
သမ္မာဒေ၀  (ဝဲ ၂၊ ယာ ၂ )                                                            ၎
နေ  လ (တံခါးတိုင် လယ်                                                            ၁
သမ္မာဒေ၀ ( ကြေးကွေးဝဲယာ )                                                      ၂
သမ္မာဒေ၀ ထုပ်ပေါ်တင်                                                             ၁၆
သိကြား   ( တောရဏာ အတွက် )                                                 ၁
သမ္မာ ဒေ၀ (၀ဲ ၇၊ ယာ ၇)                                                           ၁၄
ကိန္နရာ ( ပန်းတိုင် ၀ဲယာ ၁ စီ )                                                      ၂
ပလ္လင်မျာ သုံးဖို့ သတ္တုပစ္စည်း
ဥကင် သံတံခါးရွက် တမုတ်ကြိုးဆွဲသံကိုင်း
တမုတ်ကြိုး
မောင်းနင်းသံချောင်း
ဆည်းလည်းသီးသံချောင်း
တံခါးရွက်ကြေးစက်
တံခါးရွက်ခဲတုံး
ဆင်စွယ်ကွင်း ကျီးခြေ
မှန်ကင်း စိန်ပျံတိုင်
သီဟသပလ္လင်နှင် ဥကင်တို့၏ အမွမ်းအမံနှင့် ပတ်သက်၍လည်း အထူးတလည် စိတ်ဝင်စားဖွယ်ရာများလည်းရှိပေသည်။
ရွှေပလ္လင်နှင့် ဥကင်တို့၏ အလုပ်အဆောင် တင့်တယ်လိုက်ဖက်ပုံကို အင်းဝနန်းရတု၌ ဖွဲ့နွဲ့ထားသည်မှာ-
῾ ကြပုံညီညွတ် ၊ ရွှေပြာသာဒ်လည်း၊ ဘွေညွတ်ဥကင်၊ ရွှေပလ္လင်နှင့် စီရင်တတ်စွာ၊ ဗိသုကာတို့ ᾽ ဟူ၍ ဖော်ပြထားသည်။ေ၇ွှဥကင်၏ အထက်ပိုင်းရှိ ခိုင်တောင်၊ တော်ရနောာင်ဒုယင် စသည်တို့သည် တင့်တယ်ဖွယ် ရောသော အကွေးအညွတ် အပျော့အပျောင်းတို့ဖြင့် ရှူမငြီးအောင် စီမံထွင်းထုထားကြပေသည်။ ဥကင်၏ အဓိပ္ပာယ်သည်ပင်လျှင် ဥက္ကံသ သဒ္ဒါမှ ဆင်းသက်လျက် လွန်ကဲသောဂုဏ်ကျေးဇူ အထူးကို ဆောင်သည်ဟူ၍ဖြစ်သည်။ ရွှေဥကင်၏ လွန်ကဲသော ကျေးဇူးအထူးပြုမှုကြောင့်ပင် ရွှေပလ္လင်သည်လည်း ပိုမိုတင့်တယ်ရပေသည်။ ရွှေဥကင်၏ အပြောက်အမွှမ်းများသည် အလှသဘောသက်သက် မဟုတ်ချေ။ တစ်ခုချင်းရော ၊ လွှမ်းခြုံလျက်ပါ အဓိပ္ပာယ်ရှိသည်။
သုံးကျိပ် သုံးယောက်သော သိကြားနတ်တို့ အမြဲစောင့်ရှောက်သည့် သဘောကို ရည်၍ ဥကင်တော် ၀ဲယာ ပန်းများရှိ သိကြား နတ်ရုပ် ၇ ရုပ်စီပေါင်း ၁၄ ရုပ်နှင့် ဥကင်နတ်တောင် ၀ဲယာတွင် တစ်ရုပ်စီပေါင်း ၁၆ ရုပ်၊ နှစ်ရပ်ပေါင်း ၃၀ နှင့် မုတ်တိုင်ထိပ်ရှိ သမ္မာဒေ၀နတ် ၂ ရုပ်၊ ဒုယင်ဝမ်းရှိ သိကြားနတ်မင်းနှင့်တကွ တေတ္တိသ ၃၃ ယောက်သော နတ်သိကြားတို့ကို ဖော်ဆောင်လျက် ရှိပေသည်။ ရွှေဥကင် သိကြားနတ်ရုပ် ၃၃ပါးသာမက ဥကင်တိုင် နှစ်ခုတွင် စတုမဟာရာဇ်နတ်မင်းကြီး ၄ ပါးလည်းရှိပေသည်။ ဥကင်တစ်ဖက်စီ၏ အလယ်တွင် ကြာပန်းခံလျက် နေနှင့် လသရုပ်ဖော် ဒေါင်းရုပ်နှင့် ယုန်ရုပ်တို့လည်းရှိသည်။ သဘောမှာ စူဠ၀ံသ မဟာဝံသ နေ လ နှစ်ပါးမှ သက်ဆင်းပုံကို ဖော်ကျူးခြင်းဖြစ်သည်။
ဒုယင်ဝမ်းအောက်မှ သိကြားနတ်ရုပ် နဖူး၌ ရွှေမှန်တိုင် (တွဲရရွဲဆွဲ ) စိုက်သည်။ အဓိပ္ပာယ်မှာ ငါ၏ နဖူး၌ စိုက်အပ်သော ရွှေမှန်တိုင်ကဲ့သို့ မတိမ်းမစောင်း ဖြောင့်မတ်စွာ သင်မင်းကြီးတရားစီရင်ရမည်ဟူ၍ ဖြစ်ပေသည်။ ထို့ပြင် ခြူးပန်းခြူးနွယ်တို့ဖြင့် တန်ဆာဆင်သော ဥကင်တံခါးရွက် အလယ်၌လည်း လောကနတ်ရုပ်ကို အသားပေးထွင်းထုထားသည်။
လေကနတ်ရုပ်ကို ဥကင်တံခါးရွက်သာမက နေပလ္လင်ရှေ့တွင်ပါ တွေ့ရသည်။ စည်း၊ ခုပ်တီးလျက်က ရွှေသော လောကနတ်နှင့် တွဲလျက် ခြင်္သေ့နှင့် ဆင်ပျံ သဲကြီးမဲကြီး ရန်ပြုနေပုံ အရုပ်များပါ တွေ့နိုင်သည်။ မင်းနှင့်တကွ  သူတော်ကောင်းတို့သည် လောကနတ်သည် ရန်ကို ငြိမ်းစေနိုင်သော နတ်ဖြစ်သည်ဟု ယူဆကြသည်။ ယူပုံမှာ –
တိမ်ညွန့်ကို အစာအလို့ငှာ ရလိုကြသော ဆင်ပျံနှင့် ခြင်္သေ့တို့သည် အစာအတွက် ရန်ဖက်ကြသည်။ သဲသဲမဲမဲ ရန်ပွဲဆင်ခိုက် လောကနတ်၏ တေးဆို စည်တီး အကကြီး ကဟန် ကြားသိရသောအခါ ဆင်ပျံနှင့် ခြင်္သေ့တို့ ရန်ကို  စဲလျက် လောကနတ်သည် တေးကို သီ၏။ ရန်ကိုငြိမ်း၏။ ငြိမ်းချမ်းသော အတွေ့ကိုပေး၏။ သူကား ငြိမ်းချမ်းရေးနတ်၊ ရန်ကိုဖယ်ရှားသော နတ်တည်းဟု ယူလျက် မင်းနှင့်တကွ ပညာရှိတို့ အကောက်အယူ ရှိကြသဖြင့် ပလ္လင်ရှေ့တွင် ထားခဲ့ကြပေသည်။
ရာဇပလ္လင် ဥကင်တော်အတွင်းဘက် ῾ သည်မ ᾽ တိုင်၌ မင်းအဆက်ဆက် ပသခဲ့သော မဟာဂီရိနတ်ကွန်းကို အမိုးသုံးထပ် လက်ရန်းတပ် လျက် ကွန်းပြုထားသည်ဟု ဆိုသည်။ အမျိုးသားပြတိုက်ရှိ သီဟာသနပလ္လင်နှင့် ဥကင်တို့သည် မဟာဂီရိနတ်ကွန်း၊ ပလ္လင်အောက်ခြေ ၀ဲယာ နှစ်ဖက်ရှိ သူငယ်တော် ( ရှေ့တော်ပြေး) ရုပ်ကလေးများနှင့် ပလ္လင်ရှေ့ အမြင့် ၄ တောင်ရှိသော အရန်ခြင်္သေ့ ၂ ရုပ်မှ လွဲလျင် အခြား အင်္ဂါများဖြင့် ပြည့်စုံသည့် သီဟာသနပလ္လင်ဟု ဆိုရမည်။
တုရင်ဝမ်းတွင် န၀ရတ် ကိုးပါးခြံရံထားသည်မှာ ပုလဲ၊ သန္တာ၊ နီလာ၊ စိန်၊ ကြောင်၊ ဂေါ်မိတ်၊ ဥဿဖယား၊ မြ ကျောက် ကိုးပါးသည် ဘေးအန္တရာယ်ကို ပယ်စေတတ်သည်။ န၀ရတ်ကိုးပါးကို ချီးမွမ်းလိုသည်ဖြစ်၍ ဗေဒင်ကျမ်း ဟိတကာရီလင်္ကာတွင် –
῾ ပတ္တမြား ၊ စိန်ခဲ၊ ပုလဲ သန္တာ ၊ ဂေါ်မိတ်ဖြာသား၊ နီလာ ကြောင်ဟုတ်၊ ဥဿဖယား၊ မြကိုးပါးတွင် ပတ္တမြားလယ်ချက် ᾽ ᾽ ဟူ၍လည်းကောင်း  ၊ တစ်နည်းလည်း-
သန္တာဒိတျ၊ စန္ဒကား စိန်၊ ဖူးချိန်ပြည့်ခဲ၊ ပုလဲသောမ၊ ဗုဒ္ဓ ကြောင်မှာ၊ သော၇ာ ဂေါ်မိတ်၊ လျှံဖိတ်တောက်ပ ဂုရုမြနှင့် ဥဿဖရား၊ ရာဟုထားမှ ၊ ထူးခြားေ၇ာင်ဝါ၊ နီလာသောကြ၊ ထွန်းပချက်ဗွေ၊ လျှံဝေပတ္တမြား၊ ထွတ်ဖျားကေတု၊ မှန်ကင်းပြု၍၊ ဟူ၍လည်းကောင်း ၊ န၀ရတ်ကျောက် အကျိုးကိုလည်း –
῾ကြီးထွေရောဂါ ၊ ဖျားနာကင်းဝေး၊ ရန်ဘေးမလာ၊ ကျောသက်လွန်နေရမှန်သည် ၊ ကျမ်းဂန် ဤသို့ လာသတည်း ᾽ ဟူ၍ စပ်ဆိုလေသည်။
ရာဇပလ္လင် အောက်ခုံတွင် ကေသရာဇခြင်္သေ့ရုပ် ထားသည်မှာ ပဏ္ဍု၊ ကာဠ ၊ တိဏခြင်္သေ့ သုံးမျိုးထက် တန်ခိုးအာနုဘော် ကြီး၍ အရပ်ကိုးမျက်နှာကိုမြူးထုးခုန်လွှား ကြုံးဝါးလျက် ရန်ကို နှိမ်နှင်းနိုင်သည့် နမိတ်ကို ထောက်၍ ထုလုပ်ထားလေသည်။ ကေသရာဇာခြင်္သေ့မင်း ကြုံးဝါးခြင်း၊ သန်မြန်ခြင်းကိုလည်း ရှေးပညာရှိတို့ စပ်ဆိုသည်မှာ –
῾ရတနာဂူ၊ နန်းမဉ္ဖူက၊ ထွက်ပြူကွန့်ထူး၊ သံရှင်ကျူး၍၊ ရွှင်မြူးထွေသာ၊ ပျော်ရာရာ၌ ၊ ဘယ်ညာကြွားကြွား၊ ကြုံးသံလွှားသော်၊ နွားလားတတွန်၊ လျင်သန်မြန်၏ ။
῾တိုင်းမှန်သန်တောင် ၊ ထောင်လည်းမက၊ ကောင်းကင်ဝသို့၊ ခုန်ထမြောက်စွာ ᾽ ဟူ၍လည်းကောင်း ၊
῾မြေညီမှာမူ၊ လေးရာတထောက်၊ ခွန်းခွန်းရောက်လျက် ᾽ ဟူ၍ လည်းကောင်း၊
῾ကုန်းမြင့်ထက်မှ ဆင်းသက်စုတ်စုတ်၊ ပြေးအားထုတ်သော်၊ ဂါဝုတ်တိုင်အောင်၊ ဆောင်သား ဇ၀န၊ စွမ်းတာမဖြင့် ᾽ ဟူ၍လည်းကောင်း၊
῾ပေါက်ပြသုံးခါ၊ ဟောက်ကြားရာသို့၊ လိုက်နာမှီလျှင်၊ ကြောင့်မင်းလျှင်၊ ရန်ခွင်းတောလုံး၊ စိုးသောထုံးသို့ ᾽ ဟူ၍ လည်းကောင်း စပ်ဆိုလေသည်။
တစ်ကြောင်းကလည်း –
῾ခြိမ်းခြောက်လန့်ကြား၊ တောဝယ်သားကို ၊ ဖမ်းစားမြည်ရုတ်၊ သွေးသံထုတ်၍၊ တဖြုတ်မခံ၊ ပဲ့တင်သံပြင်း။ ခုန်ပျံနားဝဲ၊ နေရာမြဲသို့၊ မစဲမိခင်၊ ရောက်လာလျင်လျက်၊ စွမ်းအင်ထကြွ။ တက်အားလှသည်၊ သီဟရာဇာ၊ ကေသရာ ဟု ᾽ ဟူ၍ လည်းကောင်း စပ်ဆိုသည်များကို ထောက်သဖြင့် ကေသရာဇာ ခြင်္သေ့မင်း ဂုဏ်ကို သိရသည်။
ရာဇပလ္လင် ဥကင်မုခ်ထွတ် လက်ဝဲ လက်ယာ ῾ တံခါးတိုင် ᾽ တည်ထားသည်မှာ ဥကင်တံခါးဦးရှိသည် တစ်ကြောင်း၊ ၁၀၈ ကွက် စက်လက္ခဏာ တော်၌လည်း တံခါးတိုင်ပါသည် တစ်ကြောင်းကြောင်း ထားသည်။ တောရဏံ = တံခါးတိုင် ဟူ၍ ပါဠိရှိသည်။ ပါဒနက်သန်လင်္ကာတွင်လည်း –
῾ရောင်မောင်းပြာသာဒ်၊ အထွတ်မြင့်ခိုင်၊ တံခါးတိုင်နှင့် ᾽ ဟူ၍လည်းကောင်း စပ်ဆိုလေသည်။
ရာဇပလ္လင် ဥကင် လက်ဝဲလက်ယာ ῾ ဒေါင်းမြီးယပ် ᾽ ထည့်သည်မှာ ဟိမ၀န္တာ ၊ ဂန္ဓမာဒန အစရှိသော တောင်၌ မွေ့လျော်သောဥဒေါင်းငှက်သည် အမြီးသာတင့်တယ်ခြင်း ဖြစ်သည်။ ဥဒေါင်းမင်းကို မင်းခြောက်ဆက်လက်ထက် ညွတ်ဖြင့် ထောာင်သော်လည်း သစ္စာအာနုဘော်ကြောင့် မဖမ်းမိချေ။ ဘေးအန္တရာယ်ကင်းသည်။ မောရသုတ်တွင်လည်း ῾ စိရဿံ – ကြာမြင့်စွာ ၊ ၀ါယမန္တာပိ- လုံလပြုကုန်သော်လည်း၊ ဂဏှိတုံ – ဖမ်းအံ့သောငှာ ၊ နေ၀သက္ခိံသု- မတတ်နိုင်ကုန် ᾽ ပါဠိတော်ရှိသည်ဖြစ်ရာ ပညာရှိတို့ စပ်ဆိုသည်မှာ-
῾လိုက်ဝပျော်ညောင်း၊ ဖော်အပေါင်းသား၊ ဥဒေါင်းရွှေဝါ၊ နှစ်ခြောက်ရာအထိ၊ အလယစက် ᾽ ဟူ၍ ဆိုလေသည်။
ရာဇပလ္လင် ဥကင် လက်ဝဲ လက်ယာ ကိန္နရာကဟန် ထုလုပ်ထားသည့် အကြောင်းမှာ ကိန္နရာတို့သည် နူးညံ့သော အမူအရာ ပန်းဝတ်ဆံ ကိုသာ စားလေ့ရှိသည်။ ငါးပါးသော အဆင်းအင်္ဂါနှင့် ပြည့်စုံသည်။ ဘုရားပွင့်တော်မူသည့်နေ့ ၀မ်းမြောက်ဝမ်းသာ ကခုန်မြူးတူးခြင်း ပြုလေသည်။ ဘိသိက်ခံရာ ဥကင်မုခ်တံခါးဖွင့်ရာ ဖြစ်၍ ရှေးနိပါတ်ကို ထောက်သဖြင့် ကိန္နရာကဟန်ထုလေသည်။
ရာဇပလ္လင် ဥကင် လက်ဝဲ လက်ယာ ဆင်နားဇာပေါက် ထုလုပ်သည့် အကြောင်းမှာ ကာလ၀က ၊ ဂင်္ဂေယျ၊ ပဏ္ဍရ၊ တမ္ဗ၊ ပိင်္ဂလ၊ ဂန္ဓ ၊ မင်္ဂလ၊ ဟေမ၊ ဥပေါသထ ကိုးမျိုး ဆင်ထက် ဆဒ္ဒန်ဆင်မင်းသည် အမြတ်ဆုံးဖြစ်၍ ဆဒ္ဒန်ဆင်မင်း၏ နားနှင့် သဏ္ဌန်တူစွာ ထုလုပ်လေသည်။ ဇာပေါက်မှာ ῾ ဇာလ ᾽ သည် မာဂဓစကားဖြစ်သည်။ မြန်မာပြန်လျှင် ထွန်းပသည်ဆိုသည်ကို  ထောက်လျင် ထိုအပေါက်သည် ထွန်းပခြင်း ရှိသည့်အပေါက်ကိုဆိုလိုသည်။ ရွှေဇာ၊ ငွေဇာ၊ ခေါ်ဝေါ်သည်မှာလည်း အထည်အလိပ် အကွက်အကန့် တိုပသည် အရောင်အ၀ါ ရှိသည်ကို ထောက်၍ ခေါ်ဝေါ်သည်ပင်ဖြစ်သည်။
ရာဇပလ္လင် ဥကင် လက်ဝဲ လက်ယာ ခြူးပန်းခြူးနွယ် ထုလုပ်သည့် အကြောင်းမှာ ခြူးသူကို ဘီလူးတို့ကြောက်ရွံသည်။ ခြူးသူ အ၀တ်တန်ဆာလည်း အခွေအ၀ိုက်၊ အညွန့်အနွယ်ဖြစ်သည် ယူရန်ရှိသည်။ တင့်တယ်ဖွယ်ရသည်ဖြစ်၍ သင်္ခပတ္တမင်းသားသာ် ခြူးသူတန်ဆာကိုဆင်ဝတ်သည်။ ဘီလူးတို့ ကြောက်ရွံ့သည်ကို နိမိတ်ပြုသဖြင့် သမုဒ္ဒရာ ပင်လယ်ကို ကူးသွားရသော သင်္ဘောဦး၌ ခြူးသူ ခြူးရုပ် ထုလုပ်လေသည်။ ခြူးသူ၏ အ၀တ်အဆင်တန်ဆာကို ထောက်၍ ခြူးပန်း ခြူးနွယ်ကိုသိရသည်။ ခြူးပန်းခြူးနွယ်ကိုလည်း မင်းတို့သုံးဆောင်ရာ၌ ထုလုပ်ရေးသားသည်။ရှေးစာစောင်းတွင်လည်း –
῾မင်းတို့ အစဉ် ၊ ဆံလျဉ်မျက်မြွာ၊ ကုဏ္ဍလာဟု၊ ခြူးကြာပြောက်ကွင်း ᾽ ဟူ၍လည်းကောင်း စပ်ဆိုထားလေသည်။
ရာဇပလ္လင် ဥကင် လက်ယာ လက်ဝဲ ခြူးနွယ် အလယ် တစ်ပင် တစ်ခက်တွင် တစ်ပွင့် တစ်ပွင့်စီသာ ကြဲလျက်ပါသော ဦးဆောက်ပန်း ထုလုပ်သည်မှာ မင်္ဂလာပန်းဖြစ်၍ မင်းတို့စီးသည့် မင်းရထားဦးတွင် ဦးဆောက်ပန်း သဏ္ဌန် စိုက်ဆောက်သည်။ စက်တော်တွင် ပါသည်ဖြစ်၍ ῾၀ဋံသောစ၊ ဦးဆောက်ပန်း၎င်း ᾽ ပါဠိတော်၌ လာရှိသည်။ ပါဒနက်သန် လင်္ကာတွင်လည်း –
῾လည်ရေးသုံးဆင့် လှတင့်ရွှန်းရွှန်း ၊ ဦးဆောက်ပန်းက စသည်မလွဲ ᾽ ဟူ၍ စပ်ဆိုလေသည်။
ကိုးကား
၁။ ဇေယသင်္ခယာ၊ ရွှေဘုံနိဒါန်း ၊ ရန်ကုန် ဟံသာဝတီပုံနှိပ်တိုက်၊ ဒု ကြိမ် ၁၉၆၀။
၂။ ဦးမင်းနိုင် ၊ ῾ သိဟာသနပလ္လင် နှင့်သိမှတ်ဖွယ်ရာများ ᾽ ၊ ဒေါင်းမြန်မာဂျာနယ်၊ ( ၁၂ – ၈၈) ၊ စာ ၁၅၊ ၁၇ ။
၃။ ခင်မောင်ဖြူ ( ယဉ်ကျေးမှု) ၊ ῾ သီဟာသနရွှေပလ္လင် ᾽၊ ငွေတာရီမဂ္ဂဇင်း ၊ ( ၁၉၈၂ ၊ နိုဝင်ဘာ)၊ စာ ၅၅ ၊ ၅၉ ။

၎။  Yi Yi , ‘ The Thrones of the Burmese Kings ‘ , JBRS , XLIII, ii Dec 1960, PP. 97- 123.

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)