>meeting with Win Nyane and Mya Than Tint

September 16, 2008

>

ဝင်းငြိမ်း၊ မြသန်းတင့်နှင့် တွေ့ဆုံခြင်း
မောင်စွမ်းရည်

စက်တင်ဘာ ၁၆၊ ၂၀၀၈

“မြသန်းတင့်နှင့် တွေ့ဆုံခြင်း” ဆိုတဲ့ စာအုပ်ရဲ့ အမည် အပြည့်အစုံက “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူ သို့မဟုတ် မြသန်းတင့်နှင့် တွေ့ဆုံခြင်း”ဖြစ်ပါတယ်။ အရုဏ်ကောင်းကင်စာအုပ်တိုက်က မောင်လွင်ပြင်စီစဉ်ထုတ်ဝေတဲ့ စာအုပ်အမှတ်စဉ် ၃၇ ဖြစ်ပါတယ်။ စာမျက်နှာ ၁၁၆ မျက်နှာ၊ တန်ဖိုး ၃ဝဝ ကျပ်။

ဝင်းငြိမ်းဟာ စာပေအင်တာဗျူး (စာရေးဆရာ တွေ့ဆုံခန်းတွေ)ကို ပထမဆုံး ပြုလုပ်သူ ဟုတ်ကောင်းမှ ဟုတ်ပေမယ်။ ဒါပေမဲ့ ၈ဝ ခုနှစ်များအတွင်းမှာ အများဆုံးနဲ့ အကောင်းဆုံး လုပ်နိုင်ခဲ့သူဖြစ်ပါတယ်။ စာပေ ဆွေးနွေးမှုတွေထဲမှာ မြသန်းတင့်နဲ့ တွေ့ဆုံဆွေးနွေးခြင်းဟာဖြင့် အဟောင်းတွေထဲက အကောင်းဆုံးဖြစ်ပါတယ်။ ဝင်းငြိမ်းအနေနဲ့ရော မြသန်းတင့်အနေနဲ့ရော အကောင်းဆုံးမေးခဲ့ ဖြေခဲ့ကြပါတယ်လို့ ဆိုနိုင်ပါတယ်။

မြသန်းတင့်ဟာ ဒဂုန်တာရာဦးစီးထုတ်ဝေတဲ့ တာရာမဂ္ဂဇင်း(၁၉၄၆-၅ဝ)မှာ ကတည်းက စာပေလောကထဲကို သိသိသာသာ ဝင်ရောက်လာခဲ့ပြီး စာပေသစ် လှုပ်ရှားမှုမှာ ရှေ့တန်းက ပါဝင်ခဲ့သူ နိုင်ငံရေးသမား စာရေးဆရာတယောက် ဖြစ်တဲ့အတိုင်း စာပေကို နိုင်ငံရေးအမြင်နဲ့ ရေးသူတဦး အဖြစ် ထင်ရှားပါတယ်။ အထူးသဖြင့် ဆိုရှယ်လစ်အမြင်နဲ့ စာရေးသူတဦး ဖြစ်ပါတယ်။
စာပေသဘောတရားနဲ့ လုံးလားထွေးလားနေလာသူ ဖြစ်ပေမယ့် စာပေ သဘောတရားဆိုင်ရာ စာများကို အသေ အချာ ရေးဖူးတာဟာ နှစ်ခါပဲရှိသေးတယ်လို့ ကျနော် မှတ်မိနေပါတယ်။ ပထမတခုက သူရဲ့ ဝတ္ထုတိုပေါင်းချုပ် စာအုပ်မှာ ရှေ့က အမှာစာအဖြစ် စာပေ ခြေဆင်းရေးခဲ့ခြင်း ဖြစ်ပြီး၊ ဒုတိယတခုက တွေ့ဆုံခြင်းမှာ စာပေသဘောတရားများ ခင်းကျင်းပြီး ဖြေကြားခြင်းပဲဖြစ်ပါတယ်။
အဲဒီနှစ်ခုမှာလည်း ဝတ္ထုတိုပေါင်းချုပ်အမှာစာဟာ နိုင်ငံရေး ဆန်လွန်းပြီး ခုဝင်းငြိမ်းနဲ့ တွေ့ဆုံ ဖြေကြားရာမှာတော့ သူ့ဘဝတလျှောက် တွေ့ကြုံဖြတ်သန်းခဲ့တဲ့ စာပေအတွေ့အကြုံတွေကို ဖြန့်ကျင်းပြီး ဆုပ်ဆုပ်ကိုင်ကိုင် ဖြေကြားထားတာဖြစ်လို့ မြသန်းတင့်ရဲ့ စာပေနဲ့ အနုပညာသဘောတရား ကျမ်းငယ်တခုလို့တောင် ဆိုလိုက်ချင်ပါတယ်။

မေးသူကလည်း တတ်နိုင်သမျှ ထောင့်စုံအောင်မေးထားပြီး ဖြေသူကလည်း ထောင့်စုံအောင် ဖြေကြားတာဖြစ်လို့ မြသန်းတင့်ရဲ့ စာပေအအမြင်ကို လေ့လာရင် ဒီစာအုပ်ကို ချန်ထားလို့ဖြစ်မယ် မဟုတ်ပါဘူး။

ဝင်းငြိမ်းက “ဆရာ့စာပေဘဝကစပြီး ပြောလိုက်ကြရအောင်”လို့ စတင်ပါတယ်။ မြသန်းတင့်ကသူငယ်စဉ်က စာပေဆည်းပူးခဲ့ပုံ၊ စာရေးဆရာဖြစ်ဖို့ အားထုတ်ခဲ့ပုံတွေကို ပြန်လည် တင်ပြပါတယ်။ ဒါကြောင့် ဒီအဖြေတွေဟာ မြသန်းတင့် ကိုယ်ရေး အထ္တုပ္ပတ္တိ တစိတ်တဒေသ ဖြစ်တယ်လို့ ဆိုရပါမယ်။ ဆရာမြသန်းတင့် အထ္တုပ္ပတ္တိ ပြုစုရင် ဒီစာအုပ်ကိုလည်း သတိရမှ ဖြစ်ပါတော့မယ်။

“ကျနော်က စာရေးဆရာဘ၀ကို မတော်တဆ ရောက်လာတာ မဟုတ်ဘူး။ မထင်မှတ်ဘဲနဲ့ မမျှော်လင့်ဘဲနဲ့ ရောက်လာတာ မဟုတ်ဘူး။ ငယ်စဉ်ကတည်းက စာရေးဆရာဖြစ်ချင်နေတာ။ စာရူးပေရူး စာရေးဆရာရူးပေါ့ခင်ဗျာ။ စာရေးဆရာအလုပ်ဟာ ဂုဏ်အရှိဆုံးအလုပ်တခုလို့ ငယ်ငယ်ကတည်းက ထင်ခဲ့တာ။ ဂုဏ်ဆိုတာ ပကာသနကို ပြောတာ မဟုတ်ဘူး။ ရိုးသားမှန်ကန်တဲ့ ဂုဏ်သိက္ခာကိုပြောတာ။ စာရေးဆရာဘ၀ကို ဘာနဲ့မှ မလဲနိုင်ဘူး။ ခုလည်း မလဲနိုင်ဘူး။ နောင်လည်း မလဲနိုင်ဘူး။ စာရေးခြင်းအလုပ်ကို ယုံကြည်မှုတခု၊ ယုံကြည်ခြင်းတရားတခု အနေနဲ့ ကျနော်ယုံတာ” လို့ မြတ်မြတ်နိုးနိုးဖြေပါတယ်။

ဆက်လက်ပြီးတော့ ငယ်စဉ်က ဖတ်ခဲ့ရတဲ့ စာအုပ်စာပေတွေနဲ့ သူ့အတွေ့အကြုံတွေကို ဖော်ပြထားတာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ လယ်တီဆရာတော်၊ ဆရာတော်ဦးဗုဒ်၊ ကျီးသဲလေးထပ်ဆရာတော်တို့စာတွေ။ ပီမိုးနင်း၊ ရွှေဥဒေါင်း၊ တက်ထွန်း၊ ဒဂုန်ခင်ခင်လေးတို့စာတွေ။ မဟာဆွေ၊ ဇ၀န၊ ရဲထွတ်၊ မြမျိုးလွင်တို့ စာတွေကို ကြုံသလို ဖတ်ခဲ့တယ်။ ပြီးတော့ နဂါးနီတိုက်ထုတ် နိုင်ငံရေးစာအုပ်တွေ။ ဒီနောက်မှာတော့ ခေတ်စမ်းစာပေ။ သိန်းနေနွယ်(သိန်းဖေမြင့်)၊ ဒဂုန်တာရာ၊ ထင်ကြီး၊ မန်းတင်၊ စံဝင်းတို့စာတွေ … ။ ဂျပန်ခေတ်ရောက်တော့ စာကြည့်တိုက်ထောင်ကြတယ်၊ စာတွေ များများဖတ်ဖြစ်တယ်။ အဲသလို စာဖတ်တဲ အတွေ့အကြုံကို မဖြတ်သန်းဘဲ စာရေးဆရာမဖြစ်နိုင်ဘူး လို့လည်း ပြောပါတယ်။ စာရေးဆရာဆိုတာ ရာထူးခန့်ထားသလို ခန့်လို့လည်း မရဘူး၊ ကတ်ပြားကိုင်ခွင့်ရရုံနဲ့လည်း စာရေးဆရာမဖြစ်ဘူး စသဖြင့်လည်း ပြောပါတယ်။

နောက်တော့ တက္ကသိုလ်ကျောင်းသားဘ၀ စာရေးချင်တဲ့အချိန်မှာ တာရာမဂ္ဂဇင်းနဲ့တွေ့တယ်။ လင်းယုန်ဂျာနယ်နဲ့ ကြုံတယ်၊ “စာရေးဆရာဖြစ်လာတာဟာ ဖြတ်လမ်းမရှိဘူး” တဲ့၊ စာတွေဖတ်ရတယ်၊ ရေးရတယ်။ စာရေးဝါသနာပါရဲတယ်၊ အတွေ့အကြုံ ဖြတ်သန်းရတယ်၊ စာပေရေးသားတဲ့ အတတ်ပညာကိုလည်း ဆည်းပူးရတယ်၊ ဒီလိုအချက်တွေနဲ့ အနည်းဆုံး ပြည့်စုံမှ စာရေးဆရာဖြစ်အပ်တယ်လို့ ဆိုပါတယ်။ သူ စာရေးဆရာဖြစ်လာတော့ စာပေသစ်၊ ပြည်သူ့စာပေ၊ ဆိုရှယ်လစ်စာပေလှုပ်ရှားမှုနဲ့ ဆုံတယ်။ “တာရာမဂ္ဂဇင်းဟာ စာပေသစ်ရဲ့ သံတမန်ဖြစ်တယ်။ မြန်မာစာပေမှာ အရေးကြီးတဲ့အခန်းကပါတယ်” လို့လည်း မှတ်ချက်ပေးတယ်။ စာပေသစ်ဆိုတာ ဘာလဲ၊ ဘ၀သရုပ်ဖော်ဆိုတာ ဘာလဲ၊ ဆိုရှယ်လစ်သရုပ်မှန်ဆိုတာ ဘာလဲ စသဖြင့် စာပေသဘောတရားများကိုလည်း ရှင်းပြပါတယ်။

စာပေဝေဖန်ရေးအကြောင်းကို ၀င်းငြိမ်းက မေးလို့ အကျယ်တ၀င့်ဖြေတယ်။ ဝေဖန်ခံရသူဘက်ကရော ဝေဖန်သူဘက်ပါ ကြည့်ပြောတယ်။ “ကိုယ့်စာဟာ စာအုပ်အဖြစ် ထုတ်လုပ်လိုက်ပြီးကတည်းက ကိုယ် မပိုင်တော့ဘူး။ စာဖတ်ပရိသတ် ပိုင်သွားပြီ။ ကြိုက်ချင် ကြိုက်နိုင်တယ်။ မကြိုက်ချင်ရင်လည်း နေနိုင်တယ်။ ဝေဖန်ချင်ရင်လည်း ဝေဖန်နိုင်ခွင့်ရှိတယ်။ အဝေဖန်မခံချင်ရင် ကိုယ့်စာကို ဘာဖြစ်လို့ စာအုပ်အဖြစ် ထုတ်နေမှာလဲ”လို့လည်း ဆိုပါတယ်။ “ဝေဖန်ရေးဆရာတို့၊ စာဖတ်သူတို့က ကိုယ့်စာအုပ်ကို ဝေဖန်ခွင့်ရှိတယ်”လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ “ဓမ္မဓိဋ္ဌာန်ကျတဲ့ ဝေဖန်ရေးလား၊ ပုဂ္ဂလဓိဋ္ဌာန် ဝေဖန်ရေးလား” ချင့်ချိန်ဖို့တော့ လိုကြောင်းလည်း သတိပေးပါတယ်။

မြန်မာ ဝေဖန်ရေးဆရာတွေဟာ “စာဖတ်နည်းနေတယ်”လို့လည်း အပြစ်တင်တယ်။ “သူတို့ဆီက ဝေဖန်ရေးက ဓမ္မဓိဋ္ဌာန်ကျပြီး ကျနော်တို့ဆီက ဝေဖန်ရေးက ပုဂ္ဂလဓိဋ္ဌာန်ကျတယ်” လို့ ထင်ကြောင်းလည်း မှတ်ချက်ပေးပါတယ်။ မြန်မာဝေဖန်ရေးဆရာတွေက “ကောင်းတယ်ထင်ရင် မိုးရောက်အောင် အလွန်အမင်း ချီးမြှောက်ရေးသွားတယ်။ မကောင်ဘူးထင်ရင် သည်စာအုပ်မျိုးဟာဖြင့် မီးရှို့ဖို့ကောင်းတယ် ဆိုတဲ့ လက်လွတ်စပယ် ပြောတာမျိုးလည်း ရှိကြောင်း” ပြောပြီး နောက်ဆုံးတော့ “သူငယ်နာမစင်ဘူး”လို့ မှတ်ချက်ပေးပါတယ်။

ဘာသာပြန်အကြောင်းကိုလည်း ကိုဝင်းငြိမ်းက မေးတယ်။ ဒီအခါမှာလည်း အကျယ်တ၀င့်ဖြေပါတယ်။ “ရသစာပေကို ဘာသာပြန်တယ်ဆိုတာ အင်္ဂလိပ်စာတတ်ရုံ၊ မြန်မာစာကို ရေးတတ်ရုံ၊ အဘိဓာန်ကျမ်းတတ်ရုံနဲ့ ပြန်လို့မရဘူး။ ကိုယ်တိုင်က အနုပညာခံစားမှု ရှိရမယ်”လို့ ပြောပြီး သူ့အကြိုက် ဘာသာပြန်ခဲ့ပုံများကိုလည်း မူချပြီး ရှင်းပြဖြေဆိုပါတယ်။ သုတစာပေပြန်တာ၊ ရသစာပေပြန်တာ၊ ကဗျာကိုပြန်တာ … စသဖြင့် သူပြန်ဆိုခဲ့ တာတွေကို သဘောတရားများနဲ့တကွ အကျယ်တဝင့် ရှင်းပြထားပါတယ်။
ဒီနေ့ စာပေအခြေအနေတွေကိုလည်း မေးကြရာမှာ “ဒီနေ့ခေတ်ဟာ ကဗျာရဲ့ ရွှေခေတ်လို့တောင် ပြောနိုင်တယ်”လို့ဆိုပါတယ်။ ကဗျာသဘောတရား ငြင်းခုန်မှုတွေနဲ့ ကာရန်မဲ့ကဗျာအကြောင်းတွေကိုလည်း ဆွေးနွေးထားပါတယ်။
အထူးသဖြင့် “ရှေးဂန္ထဝင်ကဗျာတွေကို ကျေညက်ဖို့လိုတယ်” လို့ ဆိုတာကိုပါ ထည့်ပြောသွားတာ တွေ့ရပါတယ်။ အခု ၂ဝဝဝပြည့်နှစ်နဲ့ ဝင်းငြိမ်း၊ မြသန်းတင့် အမေးအဖြေလုပ်တဲ့ အချိန်ဟာ အတော်ကွာသွားပြီဆိုတော့ ဆရာမြသန်းတင့်က ကာရန်မဲ့ကဗျာ ပီပီသသ မရှိသေးတဲ့အချိန်၊ ဂန္ထဝင်နဲ့ မော်ဒန်ပြဿနာတွေ မဖြစ်သေးတဲ့အချိန် ဆိုတဲ့အချက်ကိုတော့ စာဖတ်သူများက ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

ကိုဝင်းငြိမ်းက ရိုးရာပုံပြင်တွေ စုဆောင်း ဖော်ထုတ်တဲ့ ကိစ္စကိုလည်း မေးပါတယ်။ ဆရာမြသန်းတင့်က လူထုဦးလှ၊ ဒေါက်တာမောင်ဖြူး၊ ကာတွန်းဦးဘဂျမ်းတို့ရဲ့ လုပ်ဆောင်ချက်တွေကို သာဓကပြပြီး ရုပ်ပြတွေထိအောင် အကျယ်တဝင့် ဆွေးနွေးပါတယ်။ “ရုပ်ပြတွေဘက်ကလည်း ကာကွယ်ချင်တယ်” လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ဆွေးနွေးတာကတော့ “အက်ဆေး” အကြောင်း ဖြစ်ပါတယ်။ ဆရာမြသန်းတင့်က အက်ဆေးတွေကိုလည်း အများကြီး ဘာသာပြန်တဲ့အပြင် ကိုယ်တိုင်လည်း အက်ဆေးတွေ ရေးနေတာဆိုတော့ အက်ဆေးဆိုင်ရာ ပြောစရာတွေလည်း တဝကြီး ပြောသွားပါတယ်။ ဝင်းငြိမ်းက ပြဇာတ်အကြောင်းကိုလည်း ထည့်မေးပါသေးတယ်။ ခရီးသွားစာပေအကြောင်းလည်း မကျန်ပါဘူး။ ဆရာမြသန်းတင့်ကလည်း အကျယ်တဝင့် ဖြေပါတယ်။ ကျနော့်အနေနဲ့ ပြောရရင် ဘယ်အကြာင်းရာကိုပဲဖြေဖြေ အကြောင်းသာဓကတွေ ပြသင့်တယ်လို့ ထင်ပါတယ်။ တချို့ကိစ္စတွေမှာ သာဓကတွေ မပြတာပါ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ဟာ ဆရာမြသန်းတင့်ရဲ့ စာပေသဘောတရား ကျမ်းစာအုပ်ငယ်တခုပါပဲလို့ ဆိုချင်ပါတယ်။ စာပေအတ္ထုပ္ပတ္တိလို့ဆိုရင်လည်း မမှားနိုင်ပါ။ စာပေသမားများ လက်စွဲပြုရမယ့် စာတစ်အုပ်ဖြစ်တယ်လို့ ဆိုချင်ပါကြောင်း။

(မူရင်း-Beauty မဂ္ဂဇင်း၊ ၂၀၀၂ ဇန်န၀ါရီ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်